Author: lubo601 |
11:24 AM |
|
တစ်ခါတုန်းကတဲ့... မန္တလေး ရွှေမြို့တော်ကြီးက ဆေးတက္ကသိုလ်ကြီး ဆီကို ပညာသင်ဖို့ ရောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပါသတဲ့။ အဲ့ဒီတက္ကသိုလ်ကြီးမှာပဲ ပညာသင်ကြားဖို့ အတွက်ကျောင်းသားများစွာထဲမှာ ကောင်မလေးနဲ့ ရေစက်ဆုံမယ့် ချစ်သူကောင်လေးတစ်ယောက်လည်း ရှိနေခဲ့ပါသတဲ့ကွယ်။
မြောက်များလှစွာသော မောင်မယ်သစ်လွင် ကျောင်းသူကျောင်းသားတွေထဲမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိ
ုတစ်ယောက် သတိမထားမိခဲ့ကြပါဘူးတဲ့ကွယ်။ ဒီလိုနဲ့ ပထမနှစ်ဝက် ကုန်ဆုံးပြီး ဒုတိယနှစ်ဝက်ကို ပြန်လည်တက်ရောက်လာတဲ့ အချိန်ပေါ့ကွယ်။တစ်ရက်မှာတော့
ကောင်မလေးနဲ့ သူငယ်ချင်းနှစ်ယောက်က ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့
ခရီးစဉ်တစ်ခုကို စိတ်ဝင်စားတာနဲ့ လိုက်ပါဖို့စာရင်းပေး ခဲ့ပါသတဲ့ကွယ်။
ကောင်လေးကလည်း အဲ့ဒီခရီးစဉ်အတွက် စာရင်းပေးထားတဲ့
ကျောင်းသားအနည်းငယ်ထဲမှာ ပါဝင်ပါသတဲ့ကွယ်။ဒီလိုနဲ့ ခရီးစဉ်စတင်တဲ့
နေ့မှာတော့ သတ်မှတ်နေရာဖြစ်တဲ့ ဆေးတက္ကသိုလ်ကျောင်းရဲ့ အပြင်ဘက်ဝင်းပေါက်ကို
ကောင်မလေးတို့သူငယ်ချင်း သုံးယောက်လည်း ယောင်ချာချာနဲ့
ရောက်သွားချိန်မှာတော့ တခြားသော တက္ကသိုလ်ပေါင်းစုံက
ကျောင်းသူကျောင်းသားပေါင်း ၈၀ကျော်ကိုပါ တွေ့လိုက်ရသတဲ့ကွယ်။
တက္ကသိုလ်တွေအလိုက် လူစုတွေခွဲပြီးတန်းစီခိုင်းတဲ့အခါမှာတော့ ဆေးတက္ကသိုလ်အုပ်စုတန်းစီလူစာရင်းထဲက ကျောင်းသားဆယ်ယောက်ခန့်ရှိပြီး အချင်းချင်း အပြန်အလှန် မိတ်ဆက်ကြရာကနေ ကောင်လေးနဲ့ ကောင်မလေးလည်း ခင်မင်သွားကြ ပါလေရောတဲ့ကွယ်။သူတို့တစ်တွေဟာ
ခရီးသည်တင်ယာဉ် ခပ်ဟောင်းဟောင်းကြီး နှစ်စင်းကို ခပ်ကျပ်ကျပ်စီးပြီး
မြန်မာနိုင်ငံ အလယ်ဗဟိုက ကူမဲမြို့လေးဆီကို ခရီးနှင်ခဲ့ကြတယ်တဲ့။မနက်အစောခုနှစ်နာရီ
ခန့်မှာပဲ ကူမဲမြို့လေးဆီကို ရောက်သွားပြီး ကင်းတားဆည်သို့
ဆိုပြီးညွှန်ပြထားတဲ့ ဆိုင်းဘုတ်ကြီးရှိရာ မြေသားလမ်းကျယ်လေးအတိုင်း
စတင်ပြီး ခြေလျှင်လျှောက်ကြရပါသတဲ့ကွယ်။
ဟိုးးးအဝေးဆီမှာ မှုန်ပြပြနဲ့ မြင်နေရတဲ့
တောင်တန်းငယ်တစ်ခုဟာ ကောင်မလေးတို့ သွားရာလမ်းကို ဆီးကာထားသယောင်ယောင်
ထင်မြင်ရပါတယ်တဲ့ကွယ်။ကောင်မလေးကလည်း အဲ့ဒီတောင်တန်းငယ်လေးထိများ လမ်းလျှောက်ရရင်တော့ သေဖို့သာရှိတော့မှာပဲလို့ တွေးပြီးဘုရားတနေရှာသတဲ့ကွယ်။
ဒီလိုနဲ့ လျှောက်နေလိုက်ကြတာ နံနက်ဆယ်နာရီလောက်မှာပဲ
မိုးသားတွေပျောက်ပြီး နေမင်းကြီးက အညှာအတာမရှိ ပူပြင်းစွာ
ထွက်ပေါ်လာပါရောတဲ့။ လမ်းတစ်လျှောက်မှာလည်း မိုးနှောင်းကာလရဲ့
မိုးတွေကြောင့် ဗွက်တောတွေ ဖြစ်နေလိုက်တာဟာ ရှောင်မရဘဲ ဗွက်ထဲဆင်းရလေတော့
ရှိုးထုတ်ပြီးဝတ်လာမိတဲ့ ဝေါ့ကင်းရှုးလှလှလေးဟာ အရောင်အဆင်းပျောက်ပြီး
ရွှံ့ရောင်တွေတောက်နေရှာပါတယ်တဲ့ကွယ်။
လမ်းဘေးတစ်ဖက်တစ်ချက်က ရွာသူရွာသားတွေက သူတို့လူတန်းရှည် ကြီးကိုကြည့်ပြီး သနားကြင်နာစွာ စုတ်သတ်နေကြသတဲ့ကွယ်။"ထွေလာဂျီရှိတယ်လေ
စီးသွားကြပါလားးး" "ဒိုင်နာတွေပေါတာ တက်လိုက် သွားကြလေ..." "ကလေးတွေနဲ့
မိုက်တာကွယ် နေပူကြီးထဲကို ဗွက်တောထဲ လမ်းလျှောက်နေကြတယ်။ " "လာလာ
နားကြအုံးးးရေသောက်ကြ။ ဗူးတွေထဲ ဖြည့်သွားအုံးးး။ ပြဒါးလင်းဂူဆိုတာ
အဝေးကြီးပဲသွားရအုံးမှာ။ စက်လှေနဲ့လည်း ကူးရအုံးမှာ။" ကောင်မလေးရဲ့
သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဝေဝေက ခပ်တိုးတိုးကပ်ပြောခဲ့တယ်တဲ့..."ဒီလိုမှန်းသိရင်
မလိုက်ပါဘူးးး ငါ့ဘဝမှာ ရေစိမ်းတွေကို သူများတွေနဲ့ ခွက်တစ်ခုတည်း
အတူတူရောသောက်ရတာ ဒါပထမဆုံးပဲ။ တော်တော်စုတ်ပဲ့တဲ့ခရီးပဲ။
အခြေအနေကြိုပြောထားရင် ရေဘူးတွေချည်းပဲ ထည့်ခဲ့ပါတယ်။" မိုးမိုးကတော့
ဝေဝေ့ကို ခပ်မဲ့မဲ့နဲ့ မသိမသာမျက်စောင်းထိုးကြည့် လိုက်ပါတယ်တဲ့။
အဲ့ဒီလိုနဲ့ လမ်းဘေးက တဲအိမ်လေးတစ်ခုဘေးမှာ
ရေဝင်သောက်ရင်းထိုင်နေတဲ့ ကောင်လေးတို့အုပ်စုက ကောင်မလေးတို့ကို
လှမ်းခေါ်ခဲ့တယ်တဲ့ကွယ်။ "ဟေ့.... သူငယ်ချင်းတို့ လာကြလေဟာ နားကြအုံးးး
ဒီမှာဂလူးကို့စ်ရေ သောက်လှည့်ကြ။" ဝေဝေကနှစ်ခါအခေါ်မစောင့်ဘဲ
ရှေ့ကအရင်သွားပြီးတော့ ဂလူးကို့စ်ရေကို အငမ်းမရသောက်ချလိုက်ပါတယ်တဲ့။ "နင်တို့ဂလူးကို့စ်ရေကလည်း ရေမှော်နံ့ ရသလိုချည်းဘဲ။" "အော်...ဟိုရှေ့က ချောင်းရေနဲ့ ဖျော်လာတာလေ။ငါတို့သောက်နေတဲ့ ရေတွေလည်း ချောင်းရေတွေပဲ။ အရသာထူးတာပေါ့ ဟဲဟဲ။" "နင်တို့ဆေးကျောင်းသားတွေရော ဟုတ်ကြရဲ့လားးးရေညစ်ပတ်တွေလည်း
သောက်တာပဲလားးး " " အာာာ နင်ကလည်း ဇီဇာမကြောင်ပါနဲ့ဟ။
ကိုယ်ခံအားပိုကောင်းပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဒီလိုပဲ
ချောင်းရေမြောင်းရေတွေ သောက်ပေးရတယ်ဟ။ "ကောင်မလေးရဲ့ သူငယ်ချင်း
ဝေဝေတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း စိတ်ဓါတ်တွေကျကာ မျက်နှာငယ်လေးနဲ့
ဘာမှပြန်မပြောနိုင်အောင် ဖြစ်နေတာကို ကောင်မလေးတို့တစ်တွေက တဟားဟားနဲ့
သဘောတွေကျပြီး ရယ်ကြ စကြနဲ့ ပျော်စရာတွေ ဖြစ်နေခဲ့ကြပါသတဲ့ကွယ်။
ဒီလိုနဲ့ ကောင်မလေးမြင်တွေ့ခဲ့တဲ့ မှုန်ဝါးဝါးတောင်တန်းငယ်လေးဟာ
ကောင်မလေးတို့ ဖြတ်လျှောက်လာတဲ့ လမ်းဘေးမှာ တောင်တန်းလေးအဖြစ်
ကျန်ရစ်ခဲ့တာကို သတိပြုမိလိုက်ပါတယ်တဲ့။ နောက်ဆုံးမှာတော့ ကောင်လေးတို့
သူငယ်ချင်းတွေနဲ့ စက်မှုတက္ကသိုလ်က ကျောင်းသား၃ယောက်လောက်ပေါင်းပြီး ကောင်မလေးတို့ကိုခေါ်ကာ ဒိုင်နာယာဉ်တစ်စီးကို ပိုက်ဆံပေးပြီး လမ်းကြုံစီးနင်းကြပါတော့တယ်။ "ဒါက အဖွဲ့ရဲ့စည်းကမ်းနဲ့မညီဘူးလေဟာ သိရင် အရေးယူခံရလိမ့်မယ်။ နင်တို့တားမရလည်း သွားတော့ဟာ။ငါတော့လုံးဝမလိုက်ဘူးးး
သေပစေ ခြေလျှင်ပဲလျှောက်မယ်။ ဒီတစ်ခါ အမုန်းလျှောက်ပြီးရင် နောင်ဘယ်တော့မှ
ခြေလျှင်တောင်တက်ဆိုတာကို လည်ပြန်တောင်ပြန်မငေးတော့ဘူးးး။"
ဘယ်လိုမှ ခေါ်မရတဲ့ ကိုးလိုးကန့်လန့်နဲ့ ခေါင်းမာတဲ့ ဝေဝေ့ကြောင့်
ကောင်မလေးလည်း စိတ်ညစ်ညစ်နဲ့ တောကားကြီးပေါ် ပါသွားခဲ့တယ်တဲ့ကွယ်။
သူတို့တစ်တွေ တစ်နေကုန်အောင် လျှောက်ပြီး အီးဗနင်းစတား နတ်မိမယ်
ကောင်းကင်ကနေ တောက်ပစွာ ပေါ်ထွက်လာချိန်မှပဲ ကောင်မလေးတို့တွေလည်း
ကင်းတားဆည်ကြီးဘေးကို ရောက်သွားကြပြီး စက်လှေစီးဖို့
စောင့်ဆိုင်းကြရပါသတဲ့ကွယ်။ဆည်ပေါက်ဝက စစ်တပ်ရှေ့မှာရှိတဲ့ စိန်ပန်းပင်ကြီးအောက်မှာ နိုင်ငံခြား ဘာသာတက္ကသိုလ်က အကိုတစ်ယောက်နဲ့ ဆေးကျောင်းဖိုင်နယ်ပတ်ဝမ်းက
အမတစ်ယောက်တို့ ထိုင်နားနေတဲ့ဘေးကို ဝင်ထိုးလှဲရာက တကယ်အိပ်ပျော်သွားတဲ့
ဝေဝေ့ကို မနည်းနှိုးခေါ်လာပြီး သံပုရာသီး စိတ်လေးတွေကျွေးတော့....
"ဒီသံပုရာတွေက မချဉ်ဘူးနော်၊ ရေသောက်လိုက်တော့ တော်တော်ချိုတာပဲ" ဆိုပြီး
ကယောင်ကတမ်းတွေပြောလို့ ကောင်လေးနဲ့ ကောင်မလေးတို့ တစ်ဖွဲ့လုံးးး
ရယ်ကြရသတဲ့ကွယ်။ အဲ့ဒီကစလို့ သူမကို သံပုရာချို ဆိုပြီး ကောင်လေးက
နာမည်ပြောင်ပေးလိုက်ပါရောတဲ့ကွယ်။ ကောင်မလေးရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့
မိုးမိုးကတော့ ခုမှ သူနဲ့ကောင်မလေးတို့ကြားကို အသစ်ရောက်လာတဲ့ ဝေဝေကို
သံပုရာပါတဲ့ နာမည်မျိုးနဲ့ပဲ လိုက်ဖက်တယ်လို့ စိတ်ထဲကနေ
မှတ်ချက်ပြုခဲ့တယ်တဲ့ကွယ်
ဒီလိုနဲ့
စက်လှေကြီးနှစ်စင်းပေါ်ကို လူစုခွဲတက်ကြရတဲ့အခါမှာ စက်လှေရဲ့ နှုတ်ခမ်းက
ရေနဲ့လွတ်ရုံသာ ရှိတော့တာပေါ့ကွယ်။အားလုံးလည်း
ကြောက်ပြီး အသံမထွက်ရဲ...အသက် ပြင်းပြင်းမရှုရဲချိန်မှာ "ဦးလေးကြီးးးး
ဖြစ်ပါ့မလားဟင်... စက်လှေက လူတွေများလွန်းနေသလိုပဲ " ဆိုတဲ့ သံပုရာချိုက
လုံခြုံရေးတာဝန်အတွက် အတူတူပါလာတဲ့ တပ်ကြပ်ကြီးတစ်ဦးကို
မေးလိုက်သံကြားရပါတယ်တဲ့။ အားလုံးကလည်း အဖြေကို မျှော်လင့်နားစွင့်နေချိန်မှာ တပ်ကြပ်ကြီးကလည်း ပြန်လည်ဖြေကြားလိုက်ပါသတဲ့...."ရတယ်..
သမီးလေးးးမကြောက်နဲ့။ ဦးလည်း ဖိနပ်ချွတ်ထားပြီးပြီ " တဲ့။လှေပေါ်ပါတဲ့
ကျောင်းသားတစ်သိုက်က ရယ်လိုက်ကြတာ ထိန်းလို့မရတော့ဘူး တဲ့ကွယ်။
ဒီလိုကြမ်းတမ်းပင်ပန်းတဲ့ ခရီးကြမ်းကြီးမှာ ကောင်လေးဟာ
ကောင်မလေးအတွက် သူရဲကောင်းသဖွယ်ပါပဲတဲ့။ အတူတူ ပင်ပန်းဆင်းရဲနေချိန်မှာ
ကောင်လေးက ကောင်မလေးရဲ့ကျောပိုးအိတ်ကိုလည်း ကူလွယ်ပေးသလို ရေဗူးကိုလည်း ကူသယ်ပေးသတဲ့ကွယ်။ ဆည်ကိုဖြတ်ကူးနေချိန်မှာလည်း ကောင်မလေးကို မကြောက်ဖို့အားပေးရင် သူ့ရဲ့ ရေကူးကျွမ်းကျင်မှုတွေအကြောင်းကို ရှင်းပြရင်းးး ရောက်တတ်ရာရာစကားတွေ ပြောပေးနေခဲ့တာပေါ့ကွယ်။ကောင်လေးနဲ့ကောင်မလေးက
တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်နေစဉ် ကာလလေးမှာ နှစ်ယောက်စလုံးရဲ့
မျက်လုံးလေးတွေ လင်းလက်တောက်ပ သွားလိုက်တာ အီးဗနင်းစတားတောင်
အရောင်တွေမှိန်ကျသွားရှာတယ်တဲ့ကွယ်။
ချစ်ခင်မြတ်နိုးမှုတွေနဲ့ လင်းလက်တောက်ပနေတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့မျက်လုံးနှစ်စုံဟာ သလင်းကျောက်မြတ်ရတနာလေးတွေလိုပဲ ထွင်းဖောက်မြင်နေရတော့ တစ်ယောက်နှလုံးသားကို တစ်ယောက်က မြင်တွေ့ခဲ့ကြတယ်တဲ့ကွယ်။တည်ငြိမ်နေတဲ့
ကန်ရေပြင်ကို ထိုးခွဲထွက်လာတဲ့ စက်လှေရဲ့ အင်ဂျင်သံကို ကျော်လွန်ပြီး
ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ ရင်ခုန်သံတွေ မြည်ဟိန်းနေတာကို
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြားနေခဲ့ကြတယ်ပေါ့ကွယ်။
ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မိနစ်၃၀ခန့်စက်လှေစီးလိုက်ရတဲ့ ကြာချိန်လေးဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ချစ်ခင်မှုတွေ ရရှိဖို့ လုံလောက်ခဲ့ပါ တယ်တဲ့ကွယ်။
စက်လှေက ကမ်းကိုကပ်တော့ တောထဲက ညမှောင်မှောင်အောက်မှာ လမ်းဆက်လျှောက်ရပြန်ပါရောတဲ့။ သံပုရာချိုက ....."ဘာလို့လုံခြုံရေး၃ယောက်
ထည့်ပေးလိုက်တာလဲဟင်!!!" "ဒီနေရာက ရှမ်းပြည်၊ ကယားပြည်နဲ့ မန္တလေးတိုင်း
၃ပွင့်ဆိုင်စုံတဲ့နေရာမို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ထွက်သွားလာတာမျိုး
ရှိမှာစိုးရိမ်ရတယ်လေ ညီမလေးရဲ့" ဆိုပြီး အဖွဲ့ခွဲခေါင်းဆောင်အကိုတစ်ယောက်က
ရှင်းပြလိုက်ပါတယ်တဲ့။ "အဲ့ဒါမျိုးတွေနဲ့ တကယ်တွေ့ရရင်ရော
ဒီ၃ယောက်လောက်နဲ့ ဘာလုပ်လို့ရမှာလဲ အကိုရဲ့ " "တောကောင်တွေ ဓါးပြတွေ
အန္တရာယ်မျိုးလောက်တော့ အကာအကွယ်ရပါတယ် ညီမရယ် သိပ်လည်းစိတ်မပူပါနဲ့
ဟားဟားးးး" "သံပုရာချို... နင်ကအဓိပ္ပါယ်မရှိတဲ့ စကားတွေတော့
အတော်ပြောတတ်တာပဲ။" "ပညာရှင်တွေ အပြန်အလှန်ဆွေးနွေး မေးမြန်းနေတာကို
ဆေးရိုးလာရောင်းမနေနဲ့ မိုးမိုးးး" ဒါနဲ့ပဲ သူငယ်ချင်းနှစ်ယောက်ကြားကို ကောင်မလေးခမျာ အမြန်ဝင်ပြီး ပွဲထိန်းခဲ့ရပါသတဲ့ကွယ်။
နေထက်ထက်အောင်
0 comments:
Post a Comment