Wednesday, September 18, 2013

ဆိတ်ဖွားသည် ရဲထွဋ်ဖြစ်ကြောင်း ထောက်ပြထားသည့် ဆောင်းပါး

Photo: ဆိတ်ဖွားသည် ရဲထွဋ်ဖြစ်ကြောင်း ထောက်ပြထားသည့် ဆောင်းပါး
====================================

လောဂျစ်တွေ သတိထား (Beware of Logic)

(၁) လောဂျစ် (Logic)။ ကျွန်တော်တို့ မော်လမြိုင် ကောလိပ်တွင် ကျောင်းနေစဉ်က သင်ရသည်။

"ဗျိုင်းသည်ဖြူသည်။ ထုံးသည်ဖြူသည်။ ထို့ကြောင့် ထုံးသည် ဗျိုင်းဖြစ်သည်"

"ကျီးသည်မည်း၏။ မီးသွေးသည်မည်း၏။ ထို့ကြောင့် မီးသွေးသည် ကျီးဖြစ်၏"

ထိုလောဂျစ်များသည် မှားကြောင်းဆရာမက ထောက်ပြခဲ့သည်။

(၂) ပြင်သစ် လူဝီဘုရင်၏ မိဖုရား Marie Antoinette (၁၇၅၅-၁၇၉၃) သည် ပြင်သစ်တော် လှန်ရေး ဖြစ်နေစဉ် လမ်းပေါ်တွင် ဘာတွေအော်နေတာလဲဟု သူမ၏ အထိန်းတော် များကို မေးသည်။ "လူတွေက ပေါင်မုန့်တောင်းနေတာပါ။ ငတ်နေကြလို့" ဟု အထိန်းတော် က ပြောသောအခါ "အတော်အတဲ့ လူတွေပဲ။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့" ဟု ပြောဖူးသည်။

ထိုလောဂျစ်များကို အကန့်အသတ်ကြောင့်ဖြစ်သော လောဂျစ်မှားများဟု ဆိုသည်။ မိမိ သိသော ဘောင်အတွင်းမှ တွေးတောရရှိသော လောဂျစ်သာ ဖြစ်သည်။

(၃) ဗုဒ္ဓဘုရားရှင် လက်ထက်ကပါ။ သိဉ္စည်းဆရာကြီးကို တပည့်များက ပြောသည်။

"ဆရာကြီးဗုဒ္ဓရဲ့ တရားတွေဟာ အင်မတန် ကောင်းမွန်မှန်ကန် သင့်မြတ်တယ်။ ဒါကြောင့် လူလိမ္မာများစွာဟာ ဗုဒ္ဓဂေါတမနောက်ကို လိုက်သွားကုန်ကြပြီအရှင်၊ ဘယ်လိုလုပ်ကြမှာလဲ" ဒီလိုမေးတော့ ရဟန်းကြီးက ရယ်သတဲ့။

"တပည့်တို့ လောကမှာ လူမိုက်နဲ့ လူလိမ္မာ ဘယ်သူက များပါသလဲ"

"လူမိုက်က များပါတယ်"

"ဒါကြောင့် မင်းတို့မပူကြနဲ့။ ငါ့နောက်မှာလည်း တပည့်တွေများစွာ ရှိနေကြမှာပါပဲ"။ ၎င်းသည် လောဂျစ်ဖြစ်သည်။

(၄) မကြာသေးမီက ဒေါက်တာဆိတ်ဖွားကို ရှာဖွေသည်။ (ကျွန်တော်လည်း နေပြည်တော်တွင် သွားရောက်အစစ်ခံရ ပါသည်)

ဤတွင် အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးက "ကျွန်တော်မဟုတ်ပါ။ ကျွန်တော့်လက်အောက် ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ" ဟု ရဲရဲကြီး အာမခံသွားခဲ့သည်။

"ကျွန်တော်မဟုတ်ပါ" ဆိုသော စကားကို ဘယ်သူမဆို ပြောနိုင်ပါသည်။ ဒါပေမဲ့ "ကျွန်တော့် လက်အောက်က ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ" ဆိုတာကိုတော့ စဉ်းစားစရာ ဖြစ် လာပါသည်။ ဘယ်အကြီးအကဲမှ မိမိဝန်ထမ်းဘာ ဆိုတာကို အတိအကျ မပြောနိုင်ပါ။

အမေရိကန်တို့၏ လျှို့ဝှက်ချက်ကို နာဆာမှဝန်ထမ်း ကွန်ပျူတာကျွမ်းကျင်သူ Edward Snowden သည် စုဆောင်းရယူခဲ့သည်။ ပြီးတော့ နိုင်ငံခြားကို ထွက်ပြေးခဲ့သည်။ ဒါကို အမေရိကန်တို့ မသိပါ။

မန္တလေးမှ ရဲစခန်းက အဖြစ်ကို ကြည့်ပါ။ ဆရာသည် တပည့်ကို နေရာတကာမှာ တာဝန်မခံနိုင်ပါ။ ထိုပုဂ္ဂိုလ်က သူတို့ တစ်ယောက်မှ မဟုတ်ကြောင်း အတိအကျ ပြောနိုင်လျှင် ဆိတ်ဖွားသည် သူဖြစ်ရမည်ပေါ့။ ကျွန်တော်စွပ်စွဲသည် မဟုတ်ပါ။ လောဂျစ်ကို တင်ပြနေခြင်း ဖြစ်သည်။

(၅) တစ်ခုတော့ ပြောလိုပါသည်။

စက်တင်ဘာ ၁၂ ရက်ထုတ် Daily Eleven သတင်းစာပါ နိုင်ငံဘဏ္ဍာငွေ အလွဲသုံးသူများ ၏ နိုင်ငံခြားဘဏ် ငွေစာရင်း၊ အကောင့်ငါးခုနှင့်ပတ်သက်၍ မြန်မာအစိုးရ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က Facebook စာမျက်နှာတွင် ရှင်းလင်းထားရာ အစိုးရ အနေဖြင့် နိုင်ငံပိုင် ငွေများအား ပြည်ပတွင် လုံးဝအပ်နှံထားခြင်း မရှိကြောင်း ကမ္ဘာ့ဘဏ် ကလည်း ယင်းကိစ္စ မှန်ကန်မှု မရှိသည်ကို သတင်းထုတ်ပြန်ရန်ရှိကြောင်း ဖော်ပြထားသည်။

ထိုအချက်အလက်သည် သူ၏ တင်ပြချက်ဖြစ်၍ လောဂျစ်သဘောအရ လက်ခံရပေမည်။

သို့သော် "ဒီလောက်များတဲ့ငွေတွေ ပြည်ပဘဏ်တွေမှာ (အပ်ထားတာကို)မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးနဲ့ ငွေကြေးအရ အရေးယူပိတ်ဆို့ နှစ်ပေါင်းများစွာ လုပ်ဆောင်လာတဲ့ အမေရိကန် ပြည်ထောင်စုက မသိဘဲ နေပါ့မလား။ ဒီထက်နည်းတဲ့ ငွေစာရင်းတွေတောင် ရှာဖွေပြီး ပိတ်ဆို့နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ BIC လို NGO ကတောင် သိနိုင်ရင် အီးယူဘာကြောင့် မသိတာလည်း စဉ်းစားကြည့်ပေါ့" တဲ့။ ဤလောဂျစ်ကတော့ မှားပါသည်။

(၆) စကားစ သတ်ပါတော့မည်။

အတွေးများကို မိမိသိသော ဘောင်အတွင်းမှ တွေးကြသည်။ မိမိကို သင်ကြားပေးသောကျောင်း (Institution) မှ ရရှိသော လောဂျစ်များဖြင့် ဆင်ခြင်ကြသည်။ ထိုဆင်ခြင်မှုသည် နှစ်ပေါင်း ၅၀ ကျော်အထိ အမြစ်စွဲနေကြသည်။

"ငါနှင့်မတူ ငါ့ရန်သူ" ဟူသော အတွေးမျိုးသည် မင်းအစိုးရ အားလုံးတွင် ရှိတတ်ကြသည်။ အမှန်တော့ နိုင်ငံသားအားလုံးတွင် တူညီသော ရည်ရွယ်ချက် ရှိသည်။ နိုင်ငံတော် တိုးတက်ဖို့ပါ။

ကမ္ဘာသား အားလုံးတွင်လည်း တူညီသော ရည်ရွယ်ချက် ရှိသည်။ ကမ္ဘာကြီး တိုးတက်ဖို့ပါ။

"ငါခေါင်းဆောင်ဖြစ်လို့ ငါပြောတာ မှန်တယ်" ဆိုသည့်ခေတ်ကို ထားပစ်ခဲ့ပါ။

မှန်ကန်စွာ ဆင်ခြင်တတ်ပါစေ။

==============

ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...