ကျမရဲ့ ပြူတင်းပေါက်လေး
September 18, 2013 at 12:19am
ကျမ အိပ်ယာကနိုးနိုးခြင်း အခန်းထဲက ပြူတင်းပေါက်ကလေးကနေ အပြင်ကိုလှမ်းကြည့်လိုက်မိတယ်။ နားရက်ဆိုဒါကလုပ်နေကျပုံမှန်တခုပဲပေါ့။
ပြူတင်းပေါက်ကနေ တဘက်ခြံက အုံးပင်ကြီးနဲ့ တခြားသစ်ပင်တွေလေအတိုက်မှာ ယိမ်းနွဲ့နေကြတယ်။ ခပ်လှမ်းလှမ်းက ဘုန်းကြီးကျောင်းအမိုးရယ်၊ အဲဒီကနေကျော်ကြည့်လိုက်ရင် အဝေးက ကားလမ်းပေါ်မှာ ကားတွေသွားနေတာလှမ်းမြင်ရတယ်။
ကျမရဲ့အခန်းလေးထဲမှာ ဒီပြူတင်းပေါက်လေးက ကျမရဲ့ စိတ်ထွက်ပေါက်တခုဖြစ်ခဲ့ရတယ်။ ကျမ တယောက်ထဲနေချင်တဲ့အခါ ပြူတင်းပေါက်နားမှာပဲနေပြီးငေးရတာ စိတ်ပေါ့ပါးမူဖြစ်စေခဲ့တယ်လေ။
ကျမ မိသားစုနဲ့ခွဲပြီးတယောက်ထဲ သွားနေတုန်းကလည်း နေခဲ့တဲ့ အခန်းတွေက ပြူတင်းပေါက်လေးတွေက အဖော်ဖြစ်ခဲ့ပါတယ်။
ပျော်တဲ့အခါ ... စိတ်ညစ်တဲ့အခါ ... စိတ်တိုတဲ့အခါ ...
လွမ်းတဲ့အခါ ... အတင်းပြောချင်တဲ့အခါ ... ငိုချင်တဲ့အခါ
တခါတရံလည်း ငြီးငွေ့တဲ့အခါ
ပြူတင်းပေါက်လေးကိုမှီပြီး အဝေးကိုလှမ်းကြည့်မိခဲ့တယ်။
ကျမရဲ့ စိတ်ထဲက စကားလုံးတွေ အတွေးတွေကို သူသိလိမ့်မယ်နဲ့တူပါရဲ့...
ကျမအခန်းထဲက စာကြည့်စားပွဲလေးရှေ့က ပြူတင်းပေါက်လေးကနေ မြင်နေရတဲ့ ထင်းရူးပင်ကြီးနဲ့ မေပယ်လ်ပင်လေးတွေရယ် ဘုရားကျောင်းကြီးရယ်က ကျမနဲ့ ရင်းနှီးနေတဲ့ သူငယ်ချင်းတွေလိုပဲ။ တခါတလေ ပြူတင်းပေါက်လေးကနေတယောက်ထဲ တခုခုပြောနေမိတယ်။ အရွက်တွေအရောင်ပြောင်းပြန်ပြီ၊ အရွက်တွေကြွေကျကုန်ပြီ၊ ပန်းတွေပွင့်လာပြီ စသဖြင့် မြင်ရတာ၊ မနက်ဆို နေရောင်ခြည်နွေးနွေးလေးဝင်လာတာ ကအစ ပြူတင်းပေါက်လေးကို ကျေးဇူးတင်မိတယ်။
နှင်းကျချိန်ဆို ကျမပြူတင်းပေါက်လေးဆီကို အပြေးသွားပြီး ကျလာတဲ့နှင်းဖတ်လေးတွေကို ငေးကြည့်ရတာ သိပ်သဘောကျမိတယ်။ အဝေးကတယောက်ယောက်ကိုလည်းပြချင်မိတယ်။ နှင်းတွေကျနေပြီသိလားလို့ပြောချင်မိတယ်။ အဲဒီကနေမှတဆင့် တခုခုကိုတွေးမိတယ်။ အဲဒါက နှင်းကျချိန်မှမဟုတ်ဘူး ပြူတင်းပေါက်နားရပ်လိုက်တိုင်း တွေးမိတာ။ အတွေးက အကျယ်ကြီးပဲ...
ဟိုဘက် အိမ်က အ၀တ်တွေလှမ်းထားတာတွေ့ရင်၊ တစုံတယောက်က ဟင်းချက်နေတာ လှမ်းမြင်လိုက်ရင်၊ စကားသံကျယ်ကျယ်ကြားရရင်၊ သီချင်းသံ၊ ဈေးသည်ကြီး ဈေးအော်ရောင်းသံ အဲဒါတွေမြင်ရကြားရရင် စိတ်ထဲက ပြန်ပြောမိသလို ကိုယ်တိုင် တခုခုသတိပေးမိသလိုလို အတွေးတွေက ရောက်လာတယ်။
ဘာပဲဖြစ်ဖြစ်ကျမကိုအဖော်ပြုပေးတဲ့ကျမရဲ့ပြူတင်းပေါက်လေးကို ကျမချစ်တယ်။
ကျမတို့တွေရဲ့ အိမ်တိုင်းမှာ ပြူတင်းပေါက်လေးတွေရှိကြပါတယ်။ ပြူတင်းပေါက်လေးတွေတိုင်းဟာ လှပတဲ့အရာကို မြင်နိုင်သလို ဆိုးသွမ်းလှတဲ့မြင်ကွင်းကိုလည်းမြင်တွေ့နိုင်ပါတယ်။ သို့သော်လည်း ကြည့်သူရဲ့ အမြင်အတွေးတွေက ကွားခြားလွန်းလှတယ်။ အနီးကိုသာကြည့်ပြီး မြင်ရတာကို တခုခုမှတ်ချက်ချမိသလို၊ အနီးကိုမကြည့်ပဲ အဝေးကို လှမ်းကြည့်ရင်း မြင်ရတဲ့မြင်ကွင်းကို တခုခုတွေးထင်လိုက်မိသလို၊ ပြူတင်းပေါက်ကတဆင့် ဟိုးအဝေးကမမြင်နိုင်တဲ့အရာတွေကို မျှော်ကြည့်ရင်း စိတ်ကူးမိသလို ကြည့်သူတွေရဲ့ စိတ်အမျိုးမျိုးကိုပြသနေပါတယ်။ ပြူတင်းပေါက် တစ်ခုရှေ့မှာ ရပ်နေသူတွေမှာ မျှော်နေတဲ့သူ၊ စိတ်ပျက်နေတဲ့သူ၊ မျှော်လင့်ချက် ခွန်းအားတွေနဲ့ ပြည့်နေတဲ့သူ၊ ပျော်နေတဲ့သူ စသဖြင့် ပြူတင်းပေါက် နောက်ကွယ်က ခံစားချက်တွေ မတူသလို ကြည့်သူတွေ အမြင်တွေဟာလည်း ကွာခြားပါတယ်။
ဘာပဲဖြစ်ဖြစ်...
ပြူတင်းပေါက်လေးတွေဟာ ကျမတို့ရဲ့ စိတ်တွေအတွေးအမြင်တွေကို ပြင်ပကမ္ဘာထိ ဆွဲထုတ်ခေါ်ယူနိုင်တဲ့ မိတ်ဆွေတွေပဲဖြစ်တယ်လို့ ကျမမြင်မိပါတော့တယ်။
အင်ကြင်း
1:45 pm
18 Sep. 2013

0 comments:
Post a Comment