Wednesday, September 18, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၂)

September 14, 2013 at 9:16pm

 ဘာလိုလိုနဲ့ ကိုတင့်အောင်ဆုံးတာ တနှစ်လည်ခဲ့ပြီ၊ ကိုတင့်အောင်ကိုသိတာက ကိုရဲနဲ့၊ ကိုရဲတို့ အုပ်စုအတွက် လိုတာအကုန် သူဖန်တီးပေးခဲ့တယ်၊ အားလုံးနဲ့အတူ မကောင်းလဲ အတူ ကောင်းလဲ အတူပေါ့၊ ကိုတင့်အောင်က ပဲခူးမှာနေတယ်၊ ၁၉၈၂ ထင်တယ် ကျနော်နဲ့ကိုရဲ ကိုတင့်အောင်ဆီ သွားကြတယ်၊
သွားမှာက ပဲခူးသနပ္ပင်က ဝင်းဦးဆိုတဲ့ လူငယ်လေးတယောက်ဆီကို၊ ဝင်းဦးရဲ့မိဘတွေက ဆေးလိပ်ခုံပိုင်ရှင်တွေ၊ ဝင်းဦးက အဆိုတော်အရမ်းဖြစ်ချင်တာဆိုတော့ ကိုရဲတို့ဆီကသီချင်းတွေဝယ်ထားပြီး အသံသွင်း စီးရီးထုတ်ဖို့ လုံးပန်းနေတဲ့အချိန်ပေါ့၊ ကျနော်နဲ့ ကိုရဲ သားထွေးတို့ အိမ် (ကီလီလမ်း) ကနေ ပဲခူးကိုထွက်ခဲ့ကြတယ်၊ သားထွေးတို့အိမ်က ကျိုက်ထီးရိုးကားဂိတ်၊ သားထွေးတို့ ကားဂိတ်ကနေ နှစ်ယောက်သား ဘတ်စ်ကားနဲ့ ပဲခူးကို ညသန်းခေါင်ကျော်လောက်ထွက်ခဲ့ကြတယ်၊ ပဲခူးရောက်တော့ တော်တော်စောနေတယ်၊ ကိုတင့်အောင်အိမ်သွားပြီး တံခါးခေါက်တာ မနိုးကြဘူး၊ ဒါနဲ့ ပဲခူးရွှေမောဓော ဘုရားပေါ်တက်ကြတော့ ဘုရားရင်ပြင်တော် သံတခါးက မနက် ၅ နာရီမှ ဖွင့်မယ်ဆိုတော့ နှစ်ယောက်သား သံဘာဂျာတံခါးရှေ့မှာပဲ ထိုင်နေလိုက်ကြတယ်၊ အဲဒီအချိန် မြစ် ဟိုဘက်ကမ်းက အသံမစဲ ပဌာန်းပွဲက တရားသံတွေ ကြားနေရတယ်၊ မနက်အလင်းရောင်ထွက်လာတဲ့အချိန်ကျမှ ကိုရဲနဲ့ကျနော် ဘုရားဝတ်ပြုပြီး ရွှေမောဓောကနေ ကိုတင့်အောင်ဆီ ပြန်သွားကြတော့ သူနိုးနေပါပြီ၊ ကိုတင့်အောင်နဲ့ လ္ဘက်ရည်ဆိုင်မှာ မနက်စာ လ္ဘက်ရည်နဲ့ မုန့်တွေစားပြီး သနပ္ပင်က ဝင်းဦးတို့အိမ်သွားကြတယ်၊ ဝင်းဦးတို့အိမ်မှာပဲ ကိုရဲရဲ့ နဒီမင်္ဂလာ သီချင်း ရေးတယ်၊ ချက်ချင်းတော့ သီချင်းအပြီးမရေးနိုင်ခဲ့ပါဘူး၊ သူတို့ အိမ် လမ်းကလေး နဒီမင်္ဂလာလမ်းကိုအစွဲပြုပြီး နဒီမင်္ဂလာ လို့ ကိုရဲက သူ့သီချင်းခေါင်းစဉ်ပေးလိုက်တာ၊ သီချင်းက ရက်နဲနဲကြာမှ ပြီးခဲ့တာ။
ဝင်းဦး အတွက်သီချင်းတွေတိုက်ခဲ့ကြ၊ ကိုရဲကလည်းသူ့ကို သင်ပေးခဲ့တယ် ဆိုပုံဆိုနည်း၊ သူ့စီးရီးအတွက် အင်လျားကန်စောင်းမှာဓါတ်ပုံတွေရိုက်ကြ၊ ကျနော်ကလဲ တတ်သမျှမှတ်သမျှနဲ့ ဟိုပါဒီပါပေါ့၊ သူ့စီးရီးနာမည်တောင် ပေးထားပြီးသား လမင်းသာချိန် လို့၊ ဖြစ်ချင်တော့ သူ့စီးရီးလဲ မထွက်ဖြစ်ခဲ့ဘူး၊ ဝင်းဦးလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတယ်လို့ကြားရတော့ ကျနော်တကယ်စိတ်မကောင်းခဲ့ပါဘူး...။

ကိုတင့်အောင်နဲ့ ကျနော်နောက်ဆုံးပြန်ဆုံတာက မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မှာ၊ ၂ဝဝ၄ ခုနှစ် ကျနော် အမေရိကားကို မထွက်ခင်၊ မဲဆောက်မှာ မွန်းအောင်နဲ့အတူနေကြတဲ့အချိန် မွန်းအောင်က ပြောလာတယ်၊ မိုင်ကျော်ခင်း ကိုတင့်အောင်ဒီရက်ပိုင်းထဲ ငါ့အိမ်လာလိမ့်မယ်၊ မဖြူလဲပါလာလိမ့်မယ် ဆိုတော့ ကျနော်လဲ ကိုရဲတို့ ကိုတိုးတို့ အကြောင်းတွေ သူလာမှမေးရတော့မယ်၊ သိရတော့မယ်ဆိုပြီး မျှော်နေလိုက်တယ်၊ မဖြူဆိုတာက ကိုမောင်မောင် (အဉ္ဇလီ) ရဲ့ ဇနီးလေ...၊ ကျနော်သူ့ကိုတခါမှ မမြင်ဖူးသေးဘူး၊ အမှန်အတိုင်းပြောရရင် မွန်းအောင်နဲ့ ကျနော်နဲ့က ဟင်းကောင်းကောင်းကောင်းချက်တတ်ကြတာမဟုတ်ဘူး၊ နှစ်ယောက်စလုံးက ညဘက်တော်တော်နဲ့ မအိပ်ကြဘူး၊ မနက်စောစောထရမှာလဲ တော်တော်ပျင်းကြတဲ့ ကျနော်တို့နှစ်ယောက်၊ မဖြူလာမှ မဖြူကိုပဲ ဟင်းကောင်းကောင်းချက်ဖို့ ပြောကြမယ်ပေါ့...၊ မွန်းအောင်က မနက်သူအိပ်ယာကနိုးရင် ဆိုင်ကယ်နဲ့ မဲဆောက်ဈေးထဲသွားပြီး မုန့်ဟင်းခါး ဒါမှမဟုတ် အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုတ်၊ နန်းကြီးသုတ် တခုခု သူသွားဝယ်လာပြီးကျနော်တို့ စုစားကြတာပါ၊ ကိုတင့်အောင်နဲ့ မဖြူရောက်လာတော့ ကျနော် ကိုမောင့်ကိုတော်တော်သတိရမိတယ်၊ သူဆုံးသွားခဲ့ပြီးပြီလေ..၊ ကိုတင့်အောင်က မြန်မာပြည်က ယမကာတွေပါလာတယ်၊ ရွှေလိမ္မော်တို့၊ နောက် သံပုရာအရက်တဲ့ ကျနော်လဲ တခါမှ မတွေ့ဖူးတဲ့ ယမကာတွေ၊ နောက်တခုက မြန်မာပြည်ကအရက်ဆို ရှင်းရှင်းပြောရရင် သောက်ရမှာလန့်နေတယ်၊ အရက်မစစ်ဘူးတို့၊ ဟိုဟာရော ဒီဟာရောနဲ့ ကြားဖူးထားတာကိုး..၊ ဒါနဲ့ ကိုတင့်အောင်ကျေနပ်အောင် နဲနဲတော့ သောက်ပေးပြီး ကျနော်တို့ ထိုင်းနိုင်ငံက ယမကာနဲ့ပဲ ဒကာခံလိုက်ကြတယ်၊ ကိုတင့်အောင်ကလဲ သူကသာ ကျနော်တို့ အတွက်ဆိုပြီး မြန်မာပြည်က ယမကာယူလာတာ၊ သူကြိတ်သွားတာ ထိုင်းက ယမကာချည်းပဲ။

မဖြူနဲ့တွေ့မှ ကျနော်သိချင်တာတွေမေးရတော့တာ၊ မဖြူနဲ့ ကိုမောင့်သားသမီးတွေ အခြေအနေ၊ သားသမီးတွေလိမ္မာကြတယ်ကြားတော့လဲ ဝမ်းသာရတယ်လေ၊ နောက် ကျနော့ သူငယ်ချင်း ယဉ်ယဉ်ထွေး (ဂျီဂျီး) ကိုမောင့်ညီမရဲ့ ဖုန်းနံပါတ်ရတာနဲ့ ပြန်ဆက်မိကြတာ၊ ကျနော်တောင် လှမ်းနောက်လိုက်သေးတယ်၊ ဂျီဂျီးဆီဖုန်းလှမ်းဆက်ပြီး (မဖြူ ပြောပြလို့ ဂျီဂျီးက သူ့အကို ကိုမောင့်သီချင်းတွေ လိုချင်ရင်ဖြစ်ဖြစ် ဝယ်ချင်ရင်ဖြစ်ဖြစ် သူတာဝန်ယူထားတယ်ဆိုလို့) ကျနော် မယဉ်ယဉ်ထွေးနဲ့ စကားပြောချင်လို့ပါဆိုတော့ သူ့ သမီးကဖုန်းကိုင်တယ်၊ မေမေရေ မေမေ့ဖုန်း ဆိုပြီးအော်ပြောသံကြားနေရတယ်၊ မန္တလေးသူတွေရဲ့ လေသံအတိုင်း ကျနော်ယဉ်ယဉ်ထွေးပါ ပြောပါဆိုတော့ ကျနော်က သြော် ကျနော် ကိုမောင့်သီချင်းတွေဝယ်ချင်လို့ပါ၊ အဲဒါ သီချင်းတပုဒ်ကိုဘယ်လောက်နဲ့ရောင်းလဲ သိချင်ပါတယ် လို့မေးတော့ သူ ကျနော့အသံမမှတ်မိသေးဘူး၊ ဟုတ်ကဲ့ သူ့သီချင်းတပုဒ်ကို ငါးသောင်း သတ်မှတ်ထားပါတယ် (အဲဒါ ၂ဝဝ၄ တုန်းက ခုတော့ရမှာမဟုတ်တော့ဘူး)၊ ဒါပေမဲ့ ဘယ်သူဆိုမှာလဲ ဘယ်လိုဆိုမှာလဲ ဆိုတာတော့ သိပါရစေ ကိုမောင်ရဲ့ မူရင်းသံစဉ်ပုံစံအတိုင်းပဲ ဆိုရမှာလို့ပြောတယ်၊ ဒါနဲ့ ကျနော်က ဟုတ်ပါတယ် သူ့မူရင်းပုံစံအတိုင်းပဲဆိုမှာပါ၊ ဆိုမဲ့စတိုင်ကတော့ အင်ကြင်းဆောင်နောက်က ပုံစံနဲ့ဆိုမှာ ဆိုမဲ့သူကတော့ မင်းကျော်ခိုင်ပါ လို့ ပြောလိုက်တော့ မရွှေဂျီ၈ျီး ခဏ ငြိမ်သွားသေးတယ် ပြီးမှ သေချင်းဆိုး ခု နင်ဘယ်ရောက်နေလဲ ရန်ကုန်မှာပြန်ရောက်နေလားဆိုပြီးမေးတယ်၊ ကျနော်သူ့ကို အရင်ကျောင်းသားဘဝသူငယ်ချင်းအတိုင်းပြန် စ နေတာ သိသွားတယ်လေ၊ နင် ငါ့ဖုန်းနံပါတ်ဘယ်ကရလဲမေးတော့ ငါ မဖြူဆီကရတာလို့ပြောလိုက်ပြီး ငါအခု မဲဆောက်မှာ မွန်းအောင်နဲ့ အတူနေနေတာလို့ ပြောရင်း ကျနော်တို့ သူငယ်ချင်းချင်းပြန်အဆက်အသွယ်ရခဲ့ကြတာ၊ ၁၉၈၃ လောက် ကတည်းက အဆက်အသွယ်ပြတ်နေခဲ့ကြတာ...။
ကိုမောင်နဲ့ မဖြူတို့ရဲ့ သားသမီးတွေကို သူ တာဝန်ယူစောင့်ရှောက်ထားတဲ့အကြောင်းတွေပြောပြတော့ ကျနော် ကိုမောင့်ကိုယ်စား ကျေးဇူးတင်ဝမ်းသာရပါတယ်။

ကိုတင့်အောင်လာတာ သူ့ ယူဂျီ ကိစ္စလာတာပါ၊ သူ့ ကိစ္စတွေက ကျနော်နဲ့ရော မွန်းအောင်နဲ့ရော ဘာမှမပါတ်သက်ဘူး၊ သူက ရှင်းရှင်းပြောရရင် သံယောဇဉ်ကြောင့်မွန်းအောင်အိမ်မှာလာတည်းတာ၊ မဖြူက တပိုင်းကိစ္စ၊ သူ့ ကိစ္စ စီးပွားရေးအဆင်ပြေမလားဆိုပြီးစမ်းလာတာ၊ တကယ်တမ်းပြောရရင် ကိုတင့်အောင်သူ့ကိစ္စနဲ့သူလာတယ်ဆိုပေမဲ့ မွန်းအောင်ဆီမှာနေတာတော့ ထားပါ၊ ဘော်ဒါအရင်းတွေပဲဟာ၊ ဒါပေမဲ့ သူ့ ဆရာကြီးများတာဝန်မယူတဲ့အပိုင်းတွေအများကြီး၊ ဒါတွေကတော့ နောက်မှ ကျနော်ရေးပါမယ်၊ ဂီတသူရဲကောင်းများနဲ့ မပါတ်သက်လို့ပါ။ ကျနော်နဲ့ တောတွင်းခရီးကြမ်းဆိုပြီးရေးမှာပါ၊ စောင့်သာဖတ်ကြပါလို့ ပြောပါရစေ။
အဲဒီအခေါက်က ကိုတင့်အောင်နဲ့ ကျနော် နောက်ဆုံးတွေ့ခဲ့ကြတာပါပဲ။

ခု ကျနော်တို့က ဘိုတင့်လို့ခေါ်တဲ့ ရာပြည့်အကြောင်း စ ရပါတော့မယ်။

ကျနော်အမေရိကား နယူးယောက်ကိုရောက်တော့ ၂ဝဝ၄ အောက်တိုဘာ၊ ၂ဝဝ၉ နှစ်ဆန်းပိုင်းမှာ ကျနော်နယူးယောက်မှာရှိတယ်ဆိုတာ ဘိုတင့်သိပြီး ကျနော့ဆီဖုန်းဆက်လာလို့ အဆက်အသွယ်ပြန်ရခဲ့ကြတယ်၊ သူမကြာခင် လောကကြီးကိုစွန့်ခွါရတော့မယ်ဆိုတာမသိခင်လေး..ကျနော်နဲ့  ပြောဖြစ်ကြတယ်၊ (သူဆုံးတာ ဒီဇင်ဘာ ၉ရက် ၂ဝဝ၉ လို့ထင်တယ်) ဟိုးတုန်းကအကြောင်းတွေရော ခု ဘာလုပ်နေကြလဲပေါ့၊ သူ့ကို ကျနော်တို့က ဘိုတင့်လို့ပဲ ခေါ်ကြတာ၊ ဘိုတင့်ဘာလုပ်နေလဲဆိုတော့ ကိုယ် ပိုက်ဆံရတဲ့ အလုပ်ပဲလုပ်နေတာပေါ့ မိုင်ကျော်ခင်းရာ တွေ့ချင်တယ် စကားတွေလဲပြောချင်တယ် ဆိုပြီး ဖုန်းထဲ ငိုသံပါကြီးနဲ့ပြောလာတယ်၊ ဘိုတင့် သောက်တာနဲနဲလျှော့သောက်လို့ပြောတော့ မိုင်ကျော်ခင်းရာ ကိုယ်အလုပ်ပင်ပန်းပြီး တွေးစရာ ဆွေးစရာတွေအတွက်က ဒါပဲအဖေါ်ရှိတာလေ ဆိုပြီးပြောတယ်..။ မိုင်ကျော်ခင်းနဲ့ ပြောစရာတွေအများကြီးပဲကွာ..တဲ့ သူ့အသံကြားတော့ ကျနော်သိတယ်၊ သူ ဟိုးတုန်းကအကြောင်းတွေပြောဖို့ သူ ရင်းနှီးတဲ့သူမရှိဘူး သူ့ပါတ်ဝန်းကျင်မှာ...

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...