Wednesday, September 18, 2013

အနာဂတ် အိပ်မက်တွေ ပီပြင်စွာမက်ခွင့်ရစေဖို့

September 18, 2013 at 7:38pm

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ညနေခင်း အားလပ်ချိန်မှာ အခပေး ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်တဲ့ အိန္ဒိယ ဇာတ်ကားလေး တစ်ကားကို အမှတ်မထင် ကြည့်ဖြစ်ခဲ့ပါတယ်။ 'Taare Zameen Par' လို့ အိန္ဒိယလို အမည်ပေးထားတဲ့၊ အင်္ဂလိပ်ဇာတ်ကား နာမည် 'every child is special' လို့ ပေးထားတဲ့ ဒီဇာတ်ကားရဲ့ အဖွင့်ဇာတ်ဝင်ခန်းက ဇာတ်ကားကို ဆက်လက်ကြည့်ဖြစ်စေဖို့ ဆွဲဆောင်မှု ဖြစ်စေခဲ့ပါတယ်။
ဒီဇာတ်ကားရဲ့ အဖွင့်မှာ အနည်းငယ် ဆိုးသွမ်းတယ်လို့ ယူဆစရာရှိတဲ့ ကလေးငယ် တစ်ယောက်ရဲ့ နေ့စဉ်ဖြတ်သန်းမှု ပုံစံကို အပီပြင်ဆုံး ပုံဖော်ထားတာပါ။ အီရှန်လို့ အမည်ရတဲ့ ဒီကလေးက ညီအစ်ကို နှစ်ယောက်ရှိပြီး အစ်ကိုက စာတော်လိမ္မာသလောက် အီရှန်ကတော့ ကစားမက်သလို ကျောင်းစာမှာလည်း ညံ့ဖျင်းတဲ့ ကလေးတစ်ယောက် အနေနဲ့ နှိုင်းယှဉ်ဖော်ပြ ထားပါတယ်။
ကျောင်းမှာရော အိမ်မှာပါ ပြဿနာပေါင်းစုံနဲ့ အီရှန်ကို အဖေဖြစ်သူက စိတ်တိုင်းမကျခဲ့ပါဘူး။ အီရှန်အနေနဲ့ကလည်း ကျောင်းစာတွေ ကြည့်တဲ့အခါ အက္ခရာစာလုံးတွေက ကခုန်နေသလို တွေ့မြင်ရပြီး မှတ်သားရ ခက်ခဲတာကြောင့် ကျောင်းစာတွေမှာ ညံ့ဖျင်းသလို ဆရာဆရာမ တွေကလည်း ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်အဖြစ် သတ်မှတ်ခံရပါတယ်။ တစ်ဆက်တည်းမှာပဲ အမြဲလိုလို အပြစ်ပေးခံနေရတဲ့ အီရှန်ကို ရွယ်တူအတန်းဖော် တွေကလည်း အမြဲလိုလို လှောင်ပြောင် နေကြတာပါ။ ပြဿနာပေါင်းစုံနဲ့ အီရှန်ကို အမေဖြစ်သူက ချစ်ခင်အလို လိုက်ပေမယ့် ဘယ်လိုဖြေရှင်း ပေးရမယ် ဆိုတာကိုတော့ နားမလည် နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဖခင်ဖြစ်သူရဲ့ အမိန့်အတိုင်း အီရှန်ကို ကျောင်းအိပ်ကျောင်းစား ပို့လိုက်ပါတော့တယ်။ မိသားစုနဲ့ ခွဲခွာပြီး တစ်ကိုယ်တော် ဖြတ်သန်းရမယ့် အီရှန်အတွက်တော့ ကျောင်းအိပ်ကျောင်းစား သွားနေရတာက ကိုးနှစ်အရွယ် ကလေးတစ်ယောက် အတွက် အကြီးမားဆုံး ပြစ်ဒဏ်တစ်ခုပါပဲ။ သူ့ရဲ့ဝမ်းနည်း အထီးကျန်စိတ်ကို ပိုမိုဆိုးရွားစေတာက ကျောင်းအိပ်ကျောင်းစား ကျောင်းမှာရှိတဲ့ ဆရာများရဲ့ ဆက်ဆံပုံပါပဲ။ ထစ်ခနဲရှိ ရိုက်နှက်အပြစ်ပေးချင်တဲ့ ဆရာတွေနဲ့၊ အမှားမှန်သမျှကို လှောင်ပြောင်ဟားတိုက် ချင်ကြတဲ့ အတန်းဖော်တွေကြောင့် အီရှန်နဲ့ ကျောင်းစာတွေက ဝေးသထက်ဝေးလာပြီး နောက်ဆုံးမှာတော့ ဘာသာရပ်တိုင်းရဲ့ အညံ့ဖျင်းဆုံး သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဘေးချင်းကပ် ထိုင်ရတဲ့ သူငယ်ချင်းက အီရှန်ကို ကူညီချင်ပေမယ့် ခြေထောက်မသန်စွမ်းသူ တစ်ယောက်ဖြစ်တဲ့အပြင် ကလေးတစ်ယောက်ပဲ ဖြစ်တဲ့အတွက် အီရှန်အတွက် ထိရောက်တဲ့ အကူအညီမျိုး မပေးနိုင်ခဲ့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ဘယ်သူ့ကိုမှ စကားမပြော တော့တဲ့အထိ အီရှန်ရဲ့ အားငယ်စိတ်နဲ့ စိတ်ဓာတ်ကျဆင်းမှုက ပိုမိုဆိုးရွား လာခဲ့ပါတယ်။
----------------------------------
ဒီအခြေအနေမှာပဲ ကယ်တင်ရှင်တစ်ယောက် ပေါ်လာတယ်လို့ ဆိုရမှာပါ။ သူကတော့ ပန်းချီပညာကို အချိန်ပိုင်းသင်ပေးတဲ့ ဆရာနီကွန်ပါပဲ။ ကိုယ်ခန္ဓာ မသန်စွမ်းတဲ့ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးတဲ့ ကျောင်းက ခေတ္တပြောင်းရွှေ့လာတဲ့ ဆရာနီကွန်က ဒီကျောင်းကို ရောက်တဲ့အခါမှာလည်း လွတ်လပ်ပျော်ရွှင်စွာနဲ့ သင်ကြားစေတဲ့ နည်းကိုသုံးပြီး ကလေးတွေကို လွတ်လပ်စွာ တွေးခေါ်ခွင့်ပေးလို့ သင်ကြားပေးပါတယ်။ ပန်းချီသင်တန်းမှာရှိတဲ့ ကလေးတွေ အားလုံးက တစ်မူကွဲပြားတဲ့ သင်ကြားမှု ပုံစံကြောင့် ပျော်ရွှင်တက်ကြွစွာ သင်ယူကြပေမယ့် အီရှန်တစ်ယောက်ကတော့ ထူးမခြားနား လိုက်ပါသင်ယူမှု မရှိတာကို တွေ့ရပါတယ်။ ဒီအခါ ဆရာနီကွန်က အီရှန်ရဲ့ အခက်အခဲကို အဖြေသိဖို့ တခြားဘာသာရပ် စာအုပ်တွေကိုပါ ကြည့်ရှုလေ့လာ ပါတော့တယ်။ အီရှန်ရဲ့ မှားတတ်တဲ့အမှား၊ ကြုံတတ်တဲ့ အခက်အခဲတွေကို သိသွားတဲ့ ဆရာနီကွန်က အီရှန်မိဘတွေဆီ သွားတွေ့ပြီး သူစိတ်ပါဝင်စားတဲ့ အကြောင်းအရာတွေနဲ့ ငယ်စဉ်ကတည်းက ကြုံတွေ့တတ်တဲ့ အဖြစ်အပျက်တွေကို မေးမြန်းစုံစမ်း ပါတော့တယ်။ ဒီမှာတင်ပဲ အီရှန်က အက္ခရာတွေကို မှတ်သားဖို့ ခက်ခဲတဲ့ စာဖတ်ခက်ရောဂါ ဝေဒနာရှင် တစ်ယောက်ဖြစ်မှန်း ရိပ်စားမိသွားတော့တာပါ။ ဆရာနီကွန် ငယ်စဉ်ကကိုက စာဖတ်ခက် ရောဂါဝေဒနာရှင် ဖြစ်တဲ့အပြင် အီရှန်ရဲ့ ဖခင်လိုပဲ သားသမီး အခက်အခဲကို သေချာမလေ့လာတဲ့ ဖခင်ဖြစ်သူမျိုးနဲ့ပဲ ကြုံတွေ့ခဲ့ရဖူးသူ တစ်ယောက် ဖြစ်တာကြောင့် အီရှန်ရဲ့ အခက်အခဲကို ကူညီဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ အီရှန်ကို ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုရှိလာဖို့ တည်ဆောက်ပေးရင်း၊ အီရှန်ရဲ့ စာဖတ်ခက်ရောဂါကို တတ်နိုင်သလောက် ကုစားပေးဖို့ ကြိုးစားရင်း အီရှန်က ဘာသာရပ်ဆိုင်ရာ တွေမှာ တိုးတက်မှု ရှိလာတဲ့ ကလေးတစ်ယောက် ဖြစ်လာပါတယ်။ နောက်ထပ် ထူးခြားမှု တစ်ခုက အီရှန်က ငယ်စဉ်ကလေး ဘ၀ကတည်းက ပန်းချီပညာမှာ ထူးချွန်ပြောင်မြောက်သူ တစ်ဦးပါ။ ဒီအားသာချက်ကိုသိတဲ့ ဆရာနီကွန်က ကျောင်းသူကျောင်းသား တွေနဲ့ ဆရာတွေအားလုံး ပါဝင်နိုင်တဲ့ ပန်းချီပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီပန်း ချီပြိုင်ပွဲမှာ အကောင်းဆုံး လက်ရာ နှစ်ခုအနေနဲ့ အီရှန်ရဲ့ပန်းချီလက်ရာနဲ့ ဆရာနီကွန်ရဲ့ ပန်းချီလက်ရာ တို့ကို ရွေးချယ်ခဲ့ပေမယ့် အကောင်းဆုံးဆု အဖြစ် ကျောင်းသားရဲ့ လက်ရာကိုသာ ရွေးချယ်ခဲ့တဲ့အတွက် အီရှန်က အကောင်းဆုံးဆုကို ရရှိသွားခဲ့ပါတယ်။
--------------
ဆရာနီကွန်ရဲ့ အားပေး ကူညီမှုနဲ့ မိမိကိုယ်ကို ယုံကြည်စိတ်တည်ဆောက်လို့ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ပြီဖြစ်တဲ့ အီရှန်တစ်ယောက် သူ့မိသားစုဆီကို သာမန် ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုမျိုးနဲ့ ပြန် သွားနိုင်ခဲ့တာနဲ့ ဇာတ်ကားကို အဆုံးသတ်ထားပါတယ်။
------------
ဒီဇာတ်ကားလေး အစအဆုံး ကြည့်ပြီးတဲ့အချိန်မှာ ကျွန်မရဲ့ငယ်ဘ၀ဖြစ်စဉ်၊ လက်ရှိအချိန်ထိလည်း ကလေး အများစု ကြုံတွေ့ရဆဲဖြစ်တဲ့ အခြေအနေတွေကို မြင်ယောင် ခံစားမိသွားပါတယ်။ အဲဒါကတော့ ကလေး တစ်ဦးချင်းရဲ့ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲကို သေချာအောင် မမေးဘဲ ကိုယ့်သားသမီးကို တခြား ကလေးတွေထက် သာစေချင်တဲ့ မိဘတွေရဲ့ အားနည်းချက်ပါပဲ။ ကျွန်မငယ်စဉ်ကလည်း တခြားသူတွေထက် အမှတ်မများရင်၊ အဆင့် ၁ မရရင် အရိုက်ခံရတတ် တာကြောင့် ရီပို့ကတ် ထွက်ခါနီးတိုင်း စိတ်ဖိစီးမှုခံစားရသလို မတော်တဆ အမှတ်နည်းခဲ့ရင် အဆင့် ၁ မရခဲ့ရင်လည်း ကြောက်စိတ် စိုးရိမ်စိတ် အပြည့်နဲ့ အိမ်ပြန်ခဲ့ရပါတယ်။ သင်္ချာဘာသာမှာ အနည်းငယ် ညံ့ဖျင်းတဲ့ ကျွန်မရဲ့ အခက်အခဲကို သေချာမမေးဘဲ အမှတ်ပြည့်ရမှ ကျေနပ်တဲ့ မိဘတွေကြောင့် သင်္ချာဘာသာကို သေချာနားမလည်ဘဲ အလွတ်ကျက်ပြီး ဖြေတဲ့အခြေအနေကို ရောက်ရှိခဲ့ဖူးပါတယ်။ တက္ကသိုလ်ဝင်တန်းအောင် ပြီးလို့ စာသင်ဂိုက်အဖြစ် လုပ်ဖြစ်တဲ့အခါမှာတော့ ကိုယ်တိုင် ကြုံရဖူးတဲ့ ဒီအခက်အခဲသင်ခန်းစာကြောင့် ကလေးတွေ နားမလည်တာ အခက်အခဲ ဖြစ်နေတာကို ဘယ်လိုပုံစံဖြေရှင်းရင် ရမလဲဆိုတာဘဲ စဉ်းစားဖြစ်ပါတော့တယ်။
------------------
ကျွန်မတို့ရဲ့ ပညာရေးစနစ်က ဒါသင် ဒါကျက် စနစ်ပဲ အရိုးစွဲနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အဲဒီလို နှုတ်တိုက် ကျက်မှတ်တာကနေရတဲ့ ရမှတ်တွေ အဆင့်တွေ အတွက်လည်း မိဘတွေက တွန်းအားပေး နေတုန်းပါပဲ။ ဒီလိုတွန်းအားပေးရာမှာ မှန်ကန်သော တွန်းအားတော့ ဖြစ်ဖို့လိုပါတယ်။ များသောအားဖြင့် မိဘတွေရဲ့ တွန်းအားပေးတဲ့ ပုံစံကတော့ တခြားကလေးတွေနဲ့ နှိုင်းယှဉ် ပြောဆိုတာပါပဲ။ ကြည့်လိုက်ရတဲ့ အိန္ဒိယ ဇာတ်ကားထဲမှာလည်း စာတော်တဲ့ သားအကြီးနဲ့ နှိုင်းယှဉ်ပြီး သားအငယ်ကို စိတ်တိုင်းမကျ ဖြစ်နေတဲ့ စိတ်တွေနဲ့ ဖခင်က သားငယ်ရဲ့ ကြုံရတဲ့ အခြေအနေမှန်ကို နားမလည် ကိုယ်ချင်းမစာတဲ့အဖြစ် ကြုံတွေ့ရ တာပါ။ ကျွန်မတို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဒီလို အဖြစ်အပျက်ပေါင်းများစွာ ရှိနေပါတယ်။ ကလေးဘ၀ရဲ့ အပူအပင်ကင်းတဲ့ နေ့ရက်တွေကို မိဘတွေရဲ့ တခြားကလေးတွေနဲ့ ယှဉ်ပြိုင် မော်ကြွားလိုစိတ်ကြောင့် ဘယ် လောက် ဖျက်ဆီးချိုးနှိမ်ခံခဲ့ရပြီလဲ။ ကလေးတစ်ယောက်ချင်းဆီရဲ့ မွေးရာပါ ပါရမီလို့ ဆိုနိုင်တဲ့ အရည်အချင်းတွေကို ဘယ်လောက် လျစ်လျူရှုထားမိစေသလဲ။ သူတို့လေးတွေရဲ့ ပျော်ရွှင်ရာ အိပ်မက်လေးတွေကို နင်းခြေပစ်ခဲ့သလဲဆိုတာ စဉ်းစားစရာပါ။ ဆင့်ပွား တွေးကြည့်ရင်တော့ ကလေးဘ၀ကတည်းက မိဘ ပြောတဲ့အတိုင်းလုပ် ပြန်မပြောနဲ့ ဆိုတဲ့ အလေ့အကျင့်တွေနဲ့ ရှင်သန် လာခဲ့ရတဲ့အတွက် စာသင်ခန်းမှာ နားမလည်တာကိုလည်း ပြန်မမေးရဲတဲ့ အခြေအနေမျိုး ဖြစ်လာသလို လုပ်ငန်းခွင် ရောက်လာတဲ့အခါလည်း နားလည်လည် မလည်လည် လက်ခံချင်ချင် လက်မခံချင်ချင် ဟုတ်ကဲ့ လို့ ပြောတဲ့အကျင့်က အရိုးစွဲလာပါတယ်။ တကယ်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာ ကလေး တွေပါလို့ ဆိုရိုးတစ်ခုကို မှတ်သားခဲ့ဖူးပါတယ်။ အဲဒီ ကလေးတွေရဲ့တစ်ဦးချင်းဗီဇ၊ ၀ါသနာ ပါရမီတွေကို ရှင်သန်ဖို့ဆိုတာ လက်ဦးဆရာဖြစ်တဲ့ မိဘနှစ်ပါး၊ နေထိုင်ရာ ပတ်ဝန်းကျင် ဆရာ ဆရာမတွေရဲ့ နားလည်စွာ ပြုစုပျိုးထောင်ပေးဖို့က အရေးကြီးတယ်ဆိုတဲ့ အချက်လေးကို ဒီဇာတ်ကားလေးက ရိုးရှင်းစွာ ထောက်ပြသွားတာပါ။ အနုပညာ ဆိုတာ လူသားအားလုံးအတွက် အလွယ်ကူဆုံး သင်ယူနိုင်တဲ့ ကြားခံ မီဒီယာတစ်ခုပါပဲ။ အမှတ်မထင်ကြည့်မိတဲ့ ဇာတ်ကားလေး တစ်ကားက ကျွန်မတို့အတွက် အနာဂတ်ရဲ့ မျိုးဆက်သစ် ကလေးတွေအတွက် မေးခွန်း ထုတ်စရာ အချက်ပေါင်းများစွာနဲ့ ဆင့်ပွား အတွေးများစွာကို ရရှိစေခဲ့တာပါ။ ဖြူစင်ရိုးသားတဲ့ ကလေးငယ်လေးတွေရဲ့ အခက်အခဲတိုင်းကို ကူညီ ဖြေရှင်းပေးဖို့ စိတ်ကူးယဉ် အိပ်မက်တွေကို မက်ခွင့်ရစေဖို့ ၀ါသနာ ဗီဇတွေ လွတ်လပ်စွာ ရှင်သန်ခွင့်ရစေဖို့ အားလုံးမှာ တာဝန်ရှိတယ် မဟုတ်ပါလား။

Written by လင်းလင်းခိုင်
--------
credit-EMG

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...