Thursday, September 12, 2013

((((( ငှက်ကလေး ပုံပြင်.....)))))


``ဖေရီး ငှက်ကလေးတွေ အကြောင်းပြောပြပါလား....´´ တဲ့၊ သားက အခု (၃)နှစ်၊ တော်တော်လေးလည်း အမေးအမြန်းထူနေပြီ...။ ပြဿနာလည်း ရှာတတ်နေပြီ...... မအေဘက်ကနေ အမြဲတမ်းလည်း ရန်လိုတတ်နေတယ်... အခု ကစားနေရာကနေ... တီဗွီကြည့်နေတဲ့ ကျွန်တော့်နံဘေးမှာ ၀င်ထိုင်ရင်း ပေါင်ကို ခေါင်းအုံးပြီး လှဲချလိုက်ပြီ...။

မပြောပြရင်လည်း ထပြီး ထိုးဦးမယ်...။
သူထိုးရင်လည်း `` အား..´´လို့ အော်ပြီး လှဲချရတယ်..
ဒါမှ ကျေနပ်တာလေ... ပြီးတော့ သားက နပန်းပွဲထဲကလို.. ဆီနာတို့...ဗစ်ရှိုးတို့.... ၆၁၉ တို့လိုပုံစံနဲ့ ဖအေကို ဖိုက်တတ်တယ်...

သား ကျွန်တော့်ကို ထိုးတဲ့အခါတိုင်းမှာလည်း သူ့အမေက...

`` ကိုရေ သားကို မထိုးခိုင်းနဲ့လေ..... သားလေး ငရဲကြီးနေမှာပေါ့... နောက်ပြီး သားလက်ကလေး နာသွားဦးမယ်´´ တဲ့၊

`` မကြီးပါဘူး မိန်မးရယ်...ဒီလို ထိုးနေကြိတ်နေတော့ သားလေး သန်မာတာပေါ့... နောက် သတ္တိရှိလာမှာပေါ့.. သက်လုံလည်း ပိုကောင်းလာတာပေါ့ ... ´´လို့ ကျွန်တော်ပြန်ပြောဖြစ်ခဲ့တယ်..... ။

တကယ်တော့ ကျွန်တော့်ဘ၀မှာ ဒီသားလေးနဲ့ ချစ်ဇနီးရဲ့ အပြုံးတွေကတော့ အမော ပြေဆေးလေးတွေပါပဲ....။

``ဖေရီး ပြောလေကွာ.. သားသား ထိုးတော့မယ်နော်..´´ သားမျက်နှာကို ကြည့်ရင်း အတွေးလွန်သွားတယ်၊ သားထပ်ပြောမှ သတိဝင်လာပြီး..

`` အေးပါ သားရယ် ဖေပြောပြမယ်... မထိုးပါနဲ့ ဆီနာကြီးကို ကြောက်ပါတယ်..´´ လို့ ပြန်ပြောလိုက်ရတယ်၊ သားက ``ဟီး´´ ကနဲ ရယ်လိုက်တယ်လေ..

``ဟိုးရှေးရှေးတုန်းက ငှက်ကလေးတစ်ကောင်ရှိတယ်တဲ့.. အဲဒီငှက်ကလေးက လှလည်းလှတယ်.. ချစ်စရာလည်း ကောင်းတယ်
နောက်ပြီး အရမ်း လိမ်မာတယ်တဲ့....´´

သားရဲ့ နဖူးလေးနဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း ပုံပြင်လေးကို အစချီလိုက်တယ်... သားက

`` ငှက်ကလေးက ဘယ်လို လိမ်မာတာလဲဖေ.... မိဘစကားနားထောင်တာလား...´´

`` ဟုတ်တယ် သားရဲ့ ငှက်ကလေးက သူ့ဖေ သူ့မေ ပြောတဲ့ စကားကို နားထောင်တယ်...... ဒါကြောင့် လူတွေက ငှက်ကလေးကို လိမ်မာတယ်တဲ့လေ ချစ်လည်း ချစ်ကြတယ်.....´´

`` လူတွေက ငှက်ကလေးလိမ်မာတာ.... သိလားဟင်´´ ရုတ်တရက်မေးလာတဲ့ သားစကားကြောင့် ချက်ချင်း ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသေးတယ်... ဒါပေမဲ့ သားအတွက် အကောင်းဆုံးကို ရွေးချယ် ဖြေပေးလိုက်ရတယ်......။

`` အင်း...... လူကြီးတွေကတော့ သိတယ် သားရဲ့.....´´

`` ကလေးတွေက ဘာလို့ မသိတာလဲ ဟင်´´

`` ကလေးတွေက ငယ်သေးလို့ပေါ့သားရဲ့...၊ ကျောင်းနေပြီးလို့ စာတွေရေးတတ် ဖတ်တတ်လာရင် ငှက်ကလေးလိမ်မာတာ သိလာတယ် သားလည်း စာတွေ ဖတ်တတ်လာရင်၊ ရေးတတ်လာရင် သိလာလိမ့်မယ်.....နော်....´´

`` ဟုတ်.. သားသားလည်း ကြီးလာရင် ကျောင်းနေမယ်....´´တဲ့ စကားပြောနေရင်းနဲ့ သားလေး မျက်လုံးတွေ စင်းလာပြီး အိပ်ပျော်သွားတယ်။

ငယ်ငယ်က ဆရာကြီး သိပ္ပံမောင်ဝရဲ့ စာလေးကို သတိရမိသေးတယ်..... ပြီးတော့ ပြုံးဖြစ်တယ်..... သိပ္ပံမောင်ဝရဲ့ စာကလေး ပြဿနာကိုတော့ အိမ်ရှေ့ က အိုက်စခရင်သည်က ဖြေရှင်းသွားလို့ ပြီးသွားရတယ်တဲ့.....

ကျွန်တော့်ရဲ့ ငှက်ပြဿနာကတော့ ဖြေရှင်းစရာမလိုတော့ဘူး..... သားလေး အိပ်ပျော်သွားပြီလေ။

သားလေးမျက်နှာကို ကြည့်ရင်းနဲ့ နဖူးလေးကို ငုံ့နမ်းလိုက်မိတယ်.. သားလေးနဖူးကို နမ်းမိတိုင်း.. ဖြစ်ပေါ်လာတဲ့ ကျေနပ်စိတ်က ဘာနဲ့မှ ကို မတူခဲ့ပါဘူး.....။

သားလေးကိုကြည့်နေရင်းက ငှက်ကလေးနဲ့ပတ်သက်တဲ့ အတိတ်ကို ပြန်ရောက်သွားမိတယ်...။

``ကို.. ပြောလေကွာ ငှက်ကလေးက ဘာတွေ ပြောနေတာလဲလို့...´´ ပုခုံးကို ခေါင်းလေးမှီထားရင်းက ကလေးက မေးလာတယ်....

`` ငှက်ကလေးကလား.... အင်း.... သူကပြောတယ်...... ကလေးဆိုးဆိုးတွေကို ရိုက်ပါတဲ့..... အလိုမလိုက်ပါနဲ့တဲ့..... ´´ လက်ဖ၀ါးလေးကို ဆုပ်ကိုင်ရင်း ပြန်ပြောလိုက်တယ်......

`` ဟွန့်..... ငှက်စုတ် မုန်းချင်လိုက်တာ... ခဲနဲ့ ထုမယ်......´´ ပြောရင်း ဆိုရင်းနဲ့ ဘေးနားက ကျောက်ခဲလေးတစ်လုံးကိုကောက်ဖို့ ပြင်လိုက်တဲ့ ကလေးရဲ့ လက်ကို လှမ်းတားရင်း

`` မလုပ်ပါနဲ့ ကလေးရဲ့ ငှက်ကလေး သနားစရာ......´´

``ကို ကြည့်လေ.. သူပဲ ခုဏက ကလေးကို ရိုက်ဆို.. ´´ သိသိကြီးနဲ့ မူနွဲ့ လာတဲ့ ကလေးကိုကြည့်ရင်း ကြည်နူးမိပါတယ်..

လက်ဖ၀ါးလေးနှစ်ဘက်ကို ဆုပ်ကိုင်ရင်း....

`` မဟုတ်ဘူး ကလေးရဲ့ ငှက်ကလေးက ပြောတယ်.. ချစ်သူရေ သတိရလိုက်တာတဲ့... သူများတွေမှာ ချစ်သူရှိတယ်တဲ့.. တို့က တစ်ကောင်ထဲ မင်းဘယ်ကို ရောက်နေတာလဲ.....တဲ့၊ မကြားဘူးလား သနားစရာ အသံလေးနဲ့ အော်နေတာကို...... ´´

``ဟီး...´´ ကလေးက သဘောကျပြီး ရယ်လိုက်တယ်.... ကျွန်တော်လည်း ပါးလေးကို ဖြေးဖြေးလေး ဆွဲရင်း

``ဆိုးရင်တော့ ရိုက်မှာနော်..´´

ကလေးက ကျွန်တော့်ကို သိုင်းဖက်ထားရင်း

`` မဆိုးပါဘူးကိုရယ် စိတ်ချပါ...ကိုသာ ကလေးကို အနိုင်မကျင့်နဲ့ ဟင်း ´´တဲ့..။

ကြည်နူးမှုလေးတွေနဲ့ ချစ်သူဘ၀ကို ဖြတ်သန်းရင်း.... အတိုင်းအတာ ပြည့်စုံတော့ နှစ်ယောက်သားမက်ခဲ့တဲ့ အိပ်မက်လေးကို အကောင်အထည် ဖော်ဖြစ်ခဲ့ကြတယ်....

အခုတော့... ကလေးနဲ့ စိတ်ထားချင်း တူပြီး ကျွန်တော်နဲ့ ရုပ်ချင်းတူတဲ့ ချစ်စရာသားလေးတစ်ယောက်ကို ပိုင်ဆိုင်နိုင်ခဲ့ကြပြီ......

အမှန်အတိုင်းပြောရရင် ကျွန်တော် အရမ်းကို ကျေနပ်ခဲ့တာပါ.....
မချမ်းသာပေမဲ့ နားလည်မှုနဲ့ ချစ်တတ်တဲ့ ဇနီးလေးရယ်.... ချစ်လို့ မ၀နိုင်တဲ့ သားလေးရယ်ကို ပိုင်ဆိုင်ထားရတာ.... ရှင်ဘုရင်တစ်ပါးလို ခံစားမိတယ် ထင်တာပါပဲ။

``ကိုရေ...... သားကို ခြေလက်ဆေးပေးရအောင်......´´ ပြောရင်း ကလေးက အနားရောက်လာတယ်...... ကလေးကိုမော့ကြည့်ရင်း.....

`` သားအိပ်ပျော်သွားပြီ မိန်းမရေ......´´

`` ဟင်.... ကို ပုံပြောပြလိုက်တာလား.....´´

``အင်း.....´´

`` ဘာပုံလဲ ဟင်..´´

`` အော်....... ငှက်ကလေးပုံပြင်ပါ.....´´ ကျွန်တော့်စကားကို နားထောင်ရင်း ကလေး အသံတိတ်သွားတယ်.. ခဏလေးကြာတော့..

`` ဟူး........ အရင်ကတော့ ကလေးတဲ့..၀မ်းသာကြည်နူးလိုက်ရတာ.... အခုတော့.. မိန်းမ.. မိန်းမ..တဲ့...ဟွန်း....´´

ပြောရင်း မျက်စောင်း ထိုးပြီး ထွက်သွားတယ်...
ကျွန်တော် ပြုံးလိုက်မိပါတယ်.....

``ကလေးလို့ ခေါ်တာက ချစ်လို့.. မိန်းမဆိုတာက ပိုင်ပိုင်နိုင်နိုင် မြတ်နိုးရလို့..ဟေ့´´ လို့...... လှမ်းအော်လိုက်သေးတယ်....

သူ ဘာမှတော့ ပြန်မပြောတော့ဘူး...... ဒါပေမယ့် သေချာပါတယ်....

ဒီအသံကြီးကို သူကြားပြီး ကျေနပ်လို့.....
တစ်ယောက်ထဲ ပြုံးနေတော့မှာပေါ့.......။

(ကွန်ဆူးမား)(၁၂-၉-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...