Monday, February 6, 2012

တစ်ခါတစ်ရံအရှိကိုအရှိအတိုင်း


တစ်ခါတုန်းက လူတစ်ယောက်မှာ ပုလဲတစ်လုံး ရသည်။  ပုလဲက အလုံးလည်း ကြီးသည်။ လှလည်း လှသည်။ သို့သော် မဆိုစလောက်  အနာလေး တစ်ခု ပါနေသည်။
ပုလဲလုံးက သည်အတိုင်းလည်း အဖိုးတန်နေသည်။ သို့သော် သည်လူက  လောလောဆယ် တန်ဖိုးကို မစဉ်းစား ။ အနာကိုပဲ စွဲနေသည်။  သည်အနာလေးသာ မပါရင်  ကမ္ဘာမှာ အလှဆုံး ပုလဲ၊ တန်ဖိုး အကြီးမားဆုံး ပုလဲဖြစ်မှာ မုချပဲဟူ၍ တအုံနွေးနွေး တွေးနေသည်။
ပုလဲလုံးကို စိတ်မချမ်းသာစွာနှင့် မကြာခဏ ထုတ်၍ထုတ်၍ ကြည့်ရင်း တစ်နေ့၌ သည်အနာလေးဟာ အပေါ်ယံ ကြောလေးရှိမှာ။   နည်းနည်းလေး ခွာလိုက်ရင် အနာစင်သွားနိုင်တယ် ဟူ၍  တွေးမိလာသည်။

သည်လိုနှင့် အပေါ်ဆုံးလွှာကို သူခွာသည်။ တစ်လွှာ ပါသွားသော်လည်း အနာက မစင်သွား။ ခွာလက်စနှင့် နောက်တစ်လွှာ ဆက်ခွာသည်။  အနာက ကျန်နေဆဲ။  မထူးဘူးဆိုပြီး တစ်လွှာပြီး တစ်လွှာ  ဆက်ခွာရာ  နောက်ဆုံးတွင် ပုလဲတစ်လုံးလုံး ကုန်သည့် အခါတွင်မှ အနာလည်း  စင်တော့သည်။
လူ့လောကထဲမှာ  လိုအပ်တာထက် ပို၍ စိတ်ပင်ပန်း ဆင်းရဲမှု မခံစားရအောင် ဆိုလျှင်မူ  မဖြစ်နိုင်သည့် ကိစ္စကို  မသိကျိုးကျွန် ပြုတတ်ဖို့၊ ကိုယ်မနိုင်သည့် ကိစ္စကို  သည်းညည်း ခံတတ်ဖို့ ၊ ပြသာနာ အသေးအမွှားကို  အလေးမထားတတ်ဖို့၊ တော်ရုံတန်ရုံ ချို့ယွင်းချက်ကို အသည်းအသန် ကြိုးစား ပြင်ဆင်မနေဖို့  စတာတွေကိုတော့  သတိပြု ဆင်ခြင်ရန် လိုလိမ့်မည် ထင်ပါသည်။

စင်စစ် တကယ့် အကျိုးအမြတ်ကို ချင့်တွက်မည် ဆိုလျှင် တချို့ကိစ္စသည် သူ့အတိုင်း လွှတ်ထားလိုက်တာ  အကောင်းဆုံး ဖြစ်ကြောင်း  အများ သဘောပေါက်နိုင် ကြပါသည်။
သူ့ဘာသာ အရှိန်သေသွားမည့် ပြသာနာ အသေးအမွှားသည် ကိုယ်က ရေးကြီးခွင်ကျယ် လုပ်သောအခါမှ ပြသာနာ အကြီးအမား  ဖြစ်လာတတ်သည်။  မဆိုစလောက် ချွတ်ယွင်းချက်သည်လည်း အတင်းပြင်သည့် အခါတွင်မှ  ပြင်လွန်း၍ ဖင်ချွန်းတာမျိုး  ဖြစ်သွားတတ်ပါသည်။
ဆရာ ဖေမြင့်ရဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာလေးပါ။ အားလုံးအတွက် အသုံးဝင်မယ်လို့  ထင်လို့  ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...