Monday, February 27, 2012

တခဏတိုင်းရဲ့ မှန်

by Zay Ya on Monday, February 27, 2012 at 4:53pm ·


ရှေးယခင်က ဂျပန်မှာ ဘာသာရေးဂိုဏ်း နှစ်ဂိုဏ်း ကွဲပြား နေခဲ့တယ်။ တစ်ခုက ရှင်တို ဘာသာ ဖြစ်ပြီး နောက်တစ်ဂိုဏ်းက ဇင် ဂိုဏ်း ဖြစ်ပါတယ် ။ ရာစုနှစ် နဲ့ ချီပြီး ဒီဂိုဏ်း နှစ်ဂိုဏ်းဟာ တစ်ခုနဲ့ တစ်ခု မတည့်ကြဘဲ ၊ ခိုက်ရန် ပွားခဲ့ကြတယ်။ တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း ပုတ်ခတ်ကြတယ်။ တစ်ဂိုဏ်း စီမှာ လူငယ် ကိုရင်လေးတွေ ရှိတယ်။ ကျောင်းထိုင် ဆရာ တွေလည်း ရှိပါတယ်။ သူတို့ ကတော့ အိုလှ ပါပြီ။
  သူတို့ အတွက် ဈေးဝယ်ဖို့၊ အသုံးအဆောင်၊ ဟင်းသီးဟင်းရွက် အစားအစာ ဝယ်ခြမ်းဖို့ - လူငယ် ကိုရင်လေးတွေကိုပဲ ခိုင်းစေ ရတယ်။ ကိုရင်လေး တွေက သူတို့ကို ကူညီပါတယ်။ အဲ့အခါ ဆရာတော်တွေက မှာထားတယ်။

"တစ်ဘက် ကျောင်းက ကိုရင်လေးတွေကို စကား သွားမပြောကြနဲ့။ ဘယ်တော့မှ ဘာမှ မပြောကြနဲ့။ သူတို့ ငါတို့တွေဟာ ရန်ဘက်ဖြစ် လာတာ နှစ်ပေါင်း ကြာလှပြီ မင်းတို့ အသိပါ။ ဒါ့ကြောင့် ဘယ် စကား တစ်ခွန်းမှ မပြောစေချင်ဘူး"
ဒီစကား ကို ဆရာတော်တွေက အတန်တန် အထပ်ထပ် မှာပါတယ်။

ဒါပေတဲ့ ကိုရင်တွေက ငယ်ရွယ်သူတွေ ပဲရယ်။ ဒါ့ကြောင့်လည်း အဲ့လို တားမြစ်လေ ပိုပြီး စိတ်ဝင်စားလေ ပိုလုပ်ချင်လေ ဖြစ်ပါတယ်။ တစ်နေ့ ~ အသီးအရွက် ဝယ်ဖို့ ဈေးအသွား- ကျောင်းနှစ်ကျောင်းက ကိုရင်လေးတွေ လမ်းမှာ ဆုံကြတယ်။ တစ်ဦးက တစ်ဦးကို စကား လှမ်း ဆိုတယ်။ မေးတဲ့ သူက ရှင်တို ဘာသာ ဂိုဏ်းက ။ သူက ဇင် ကျောင်းက ကိုရင်လေးကို မေးတယ်။ "ကိုရင် မင်း ဘယ်သွားမလို့လဲ"

ဇင်ကိုရင်လေးက ပြန်ဖြေတယ်။
"လေယူရာ အတိုင်းပေါ့ကွာ"

ဇင်ကိုရင်လေးကလည်း သူ့ဆရာတော်တွေ ဆီက တရားစကားတွေ နားရည်ဝနေပြီရယ်။ ဒါ့ကြောင့် ဇင်မှာ ပြောလေ့ဆိုလေ့ ရှိတာတွေ ကို သူ ကောင်းကောင်းသိနေပါတယ်။ "လေယူရာ သွားရုံလေးပါ" လို့ ထပ်ပြောလိုက်တယ်။

ရှင်တို ကိုရင် လည်း အံ့အားသင့်သွားတယ်။ ဘယ်လို အဖြေမျိုးပါလိမ့် ပေါ့။ စိတ်ဝင်စား သွားတာကြောင့် ဇင်ကိုရင်လေးနဲ့ သူငယ်ချင်း ဖြစ်လိုစိတ် လည်း ပေါ်လာပါတယ်။ ဒါပေမယ့် ဇင်ကိုရင် ကတော့ စိတ်ဝင်စား ဟန် မရှိဘူး။ စကား ဖြတ်ပြီး လမ်းခွဲ ထွက်သွား တယ်။ သူ ကလည်း ဘာပြန်ပြောရမှန်း မသိဘူး။ တွေတွေလေး ကျန်ခဲ့တယ်။ "လေယူရာသွားမှာ" ဆိုတဲ့ စကားက ဘာကို ဆိုလို ပါလိမ့်။

ခေါင်းငိုက်စိုက်ချ တွေးရင်း သူ့ ဆရာတော်ဆီ ပြန်လာတယ် ။ အဲ့အကြောင်း ပြောပြတယ်။

"ဆရာ့စကားကို ကျနော် နားမထောင်မိ ခဲ့ပါဘူး။ တောင်းပန်ပါတယ်။ အခု ကျနော် သိပ်သိချင်နေတယ်။ အဲ့ဒီ ကိုရင်လေး အကြောင်းကို သိပ်သိချင် ပါတယ်။ သူ ပြောတဲ့ စကားကို ကြားတော့ ကျနော် ကိုယ့်ကိုယ်ကိုယ် အထီးကျန်သွား သလိုတောင် ခံစားလိုက်ရတယ်။ ကျနော် တို့တွေ နှစ်ပေါင်းများစွာ ပဋိပက္ခ ဖြစ်ခဲ့ကြတယ် မဟုတ်လား။ အခု ကျနော်တို့ တွေဟာ လူငယ်တွေပါ ဆရာ။ ကျနော်တို့ သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်နိုင်တယ် မဟုတ်လား။ ဒါပေမယ့် ဆရာ့စကား မှန်ပါတယ်။  စကား တစ်ခွန်း စပြောမိတာနဲ့တင် သူတို့ဟာ ဘယ်လောက် အန္တရာယ် ကြီးကြတယ် ဆိုတဲ့အကြောင်း ကျနော် သိလိုက်ရပါတယ်။ သူ့ကို ဘယ်သွားမှာလဲ မေးတော့ လေယူရာ သွားမှာ တဲ့။ ဘယ်လောက် ရူးလိုက်တဲ့ အဖြေလဲ။"

ဆရာတော်က ~ "ငါ မင်းကို သတိပေးထားရဲ့သားနဲ့။~  ကဲ၊ ခုမှ မထူးဘူး။ ငါ ပြောမယ်။ မနက်ဖြန် မင်းအဲ့ကို ပြန်သွား။ အဲ့နေရာ မှာပဲ ပြန်ရပ်စောင့်နေ။ ဒီ ဇင်ကိုရင်လာရင် "မင်းဘယ်သွားမလို့လဲ" လို့ ထပ်မေးလိုက်ပါ။ သူက "လေယူရာသွားမလို့ပါ" လို့ ပြန်ဖြေမှာပဲ။ အဲ့ အခါ မင်းက ထပ်မေး။ "တကယ်လို့ လေမတိုက်ခဲ့ရင်ကော ...?" လို့။  -- ဟုတ်ပြီလား"

ကိုရင်လေး လည်း နောက်တစ်နေ့ မှာ အဲ့ဒီ နကိုနေရာလေး ပြန်သွားစောင့်တယ်။ ဇင်ကိုရင်လေး ရောက်လာတဲ့ အခါ  ပြန်မေးတယ်။ "မင်း ဘယ်သွားမလို့လဲ"
ဇင်ကိုရင်လေး က ပြန်ဖြေပါတယ်။
"ငါ့ခြေထောက်တွေ သယ်သွားတဲ့ အတိုင်းပေါ့ ကိုယ့်လူ"

ရှင်တို ကိုရင်လည်း ဘာပြန်ပြောရမှန်း မသိပြန်ဘူးရယ်။ သူ့ဆရာတော် ပြောသလို "လေမတိုက်ရင်ကော ဘယ့်နှယ်လုပ်မလဲ" ဆိုတဲ့ တန်ပြန်မေးခွန်းက ဇင်ကိုရင့် အဖြေကြောင့် မေးမရတော့ဘူးရယ်။ သူ စိတ်ပျက်လက်ပျက်နဲ့ ကျောင်းကို ပြန်လာတယ်။ ဆရာတော် ကို ပြန်လျှောက်တယ်။ "အဲ့ဒီဂိုဏ်းက ကိုရင်တွေက ထူးဆန်းနေတယ် ဆရာ။ ကျနော် ဒီမေးခွန်းပဲ မေးတာပါ။ ဒါပေမယ့် ပြန်ဖြေတာ မတူ ဘူး။"

ဆရာတော်က နည်းနည်း တင်းသွားတယ်။

"ငါမင်းကို အတန်တန်မှာချင်တာက ဘယ်တော့မှ အရှုံးပေးပြီး ပြန်မလာပါနဲ့။ အခု မင်းဘာမှ မပြောနိုင်ဘဲ ထွက်လာခဲ့ရတာဟာ ငါ တို့ ကျောင်း ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်။ မင်း သိရဲ့လား။ အဲ့တော့ ~ မင်း ထပ်ပြီး သွားဦး။ မနက်ဖြန် အဲ့နေရာမှာပဲ စောင့်ပြီး အဲ့ကိုရင် ကိုပဲ ထပ်မေးဦး။ "မင်းဘယ်သွားမှာလဲ" လို့ မေး။ သူက "ခြေတွေ သယ်ရာ သွားတာပေါ့" လို့ ဖြေတာနဲ့  မင်းပြန်ပြောရမယ့် စကား ရှိတယ်။ "မင်းခြေတွေ ကျိုးနေရင်ကော၊ ဘယ်မှ မသွားတော့ဘူးလား။ သွားဦးမှာလား"လို့။ ဟုတ်ပြီလား။ ဒီတစ်ခါ မရှုံးစေနဲ့"

ကိုရင်လေးလည်း အားတက်ပြီး ပြန်လာခဲ့တယ်။ ဈေးရဲ့ အဲ့ဒီနေရာလေးမှာပဲ ပြန်စောင့်တယ်။ ဇင် ကိုရင်လေး အနား ရောက် လာတော့ မေးတယ်။
"မင်းဘယ်သွားမလို့လဲ" ။
ဇင်ကိုရင်လေးက -
"ငါ ဟင်းစား သွားဝယ်မလို့"

ရှင်တို ကိုရင်လေးလည်း ဘာစကားမှ မဆိုနိုင်ဘဲ ကျန်ရစ်ခဲ့ပြန်တယ်။
..................
ဒီ ပုံပြင်ဟာ ဇင်ရဲ့ သဘာဝ အတိုင်း တိတိကျကျ ဖော်ပြပါတယ်။

ကျနော်တို့ရဲ့ အချိန်တွေမှာ ~ ခဏတိုင်း ခဏတိုင်းဟာ အသစ်အသစ် သာ ဖြစ်ပါတယ်။ ထပ်ကျော့နေတဲ့ အကြိမ် ဆိုတာ မရှိဘူး ။ အခြေအနေ တစ်ခုဟာ ဘယ်တော့မှ နောက်တစ်ခါ ထပ်မရှိပါဘူး။ အရင်တုန်းကလဲ မရှိဘူး။ နောက်လည်း ထပ်မရှိဘူး။ အခု တစ်ခဏ ဟာ ထူးခြား သစ်လွင်နေတဲ့ အသစ်၊ အထီးတည်း တည်ရှိတဲ့ တစ်ခု Unique သာ ဖြစ်ပါတယ်။ မိမိရဲ့ လက်ရှိ ခဏတိုင်း အပေါ် သစ်လွင်လန်းဆန်း မှု အပြည့် ရှိကြောင်း ကြည့်နိုင်မြင်နိုင်တဲ့ အခါ သိနိုင်ပါတယ်။ သိစိတ် အာရုံဟာ မှန် တစ်ချပ်နဲ့ တူတယ် ။ မှန်တစ်ချပ် မှာ ခင်ဗျား ကြည့်ရင် ခင်ဗျားပုံ မြင်မယ်။ မျောက်တစ်ကောင် ကြည့်ရင် မျောက်ပုံ ထင်မယ် ။ မြည်း တစ်ကောင် ဖြတ်လျောက် သွား ရင်လည်း အဲ့မြည်းရဲ့ ပုံ ထင်ဟပ် သွားပါလိမ့်မယ်။ တစ္ဆေ တစ်ကောင်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓ၊ ခရစ်၊ မဟာဝီရ၊ ခရစ်ရှန ဘယ်သူ ဘယ်လို နတ်ဒေဝတာ ကိုယ်တိုင် ဖြစ်ဖြစ် မှန်ရှေ့ရောက် ရင် ရောက်တဲ့ အတိုင်းသာ ထင်မယ်။

စင်စစ် မှန်ဟာ ကြီးမြတ်တာ ~ ယုတ်နိမ့်တာ ၊ အထက်အောက်တွေနဲ့ မသက်ဆိုင်နေပါဘူး။ အရိပ်ပြန်ပေးတဲ့ ကြားခံ တစ်ခု သက်သက် သာ ဖြစ်ပါတယ် ။ လက်ရှိ တစ်ခဏတိုင်းရဲ့ ထူးခြားမှု၊ ပြောင်းလဲမှု၊ အဖြစ်အပျက် စသည် အားလုံး ~ ဖြစ်လျက်၊ ပျက်လျက် ၊ ဖြတ်သန်း လျက် ရှိနေမယ်။ အဲ့ဒါနဲ့ မှန်ရဲ့ သဘာဝနဲ့ ဘာမှ မသက်ဆိုင်ဘူးရယ်။  တခဏ တိုင်းအပေါ် အထူးပြုပြီးလည်း မရွေးချယ် သလို၊ ဂရုမပြု၊ ဖယ်ရှားခြင်း လည်း မပြုဘူး။ အားလုံး အညီအမျှ အရိပ်ထင်ပေးလျက် ရှိတယ်။ တခဏတိုင်းဟာ သူ့အတွက် သန့်စင် ထူးခြားနေတဲ့ အရိပ် သက်သက် ဖြစ်ပါတယ်။

...................
Feb 27th 2012 at 4:20 PM
...................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
...................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...