Tuesday, February 28, 2012

နည်းပညာ အသုံးပြု သင်ကြားရေး စနစ်သစ်သို့

by So Min Oo on Wednesday, February 29, 2012 at 12:44am ·
 
နည်းပညာကို ပညာရေးမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုအပ်တယ်။  နိုင်ငံကြီး အချို့မှာတောင်မှ ကျောင်းသားတွေအတွက် နည်းပညာ အသုံးပြုနိုင်စွမ်းကို အပြည့်အဝ ဖန်တီးပေးနိုင်ခြင်း မရှိသေးဘူး။ ဒါပေမဲ့ ပညာရေး နယ်ပယ်မှာ နည်းပညာ အသုံးပြုရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတယ်။ ဒီသတင်းတွေက မထူးဆန်းတော့တဲ့ သမားရိုးကျ သတင်းတွေပါပဲ။ သတင်းအသစ် မဟုတ်ပေမဲ့ နက်နက်ရှိုင်းရှိုင်း ပြန်လည်ဝေဖန် သုံးသပ်ရမယ့် ကိစ္စဆိုတာတော့ ငြင်းမရဘူး။
ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးချဲ့ရေးကိုလည်း ငြင်းခုံဆွေးနွေးနေဆဲ ဖြစ်တယ်။ သမားရိုးကျ သင်ကြားရေးစနစ်မှ ထိုးဖောက်လာတဲ့ တစ်မူထူးခြားတဲ့ အဆင့်မြင့် လေ့လာ သင်ယူရေး နည်းလမ်းသစ်တွေ ပေါ်ထွက်လာဖို့ အားထုတ်နေကြတာ အမှန်ပဲ။ အဓိကကျတဲ့ တွေးခေါ် ဆင်ခြင်နိုင်စွမ်း၊ ပြဿနာ ဖြေရှင်းနည်း၊ ထိရောက်တဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ တစ်စုံတစ်ရာ တိုးတက်လာပေမယ့် ပီပြင်မှုရှိဖို့ ခက်ခဲနေဆဲလို့ ဆိုရမယ်။ ကြိုတင် စမ်းသပ်မှုတွေ ပြုလုပ်ပြီး ထွေပြားတဲ့ ဆင်ခြေ အချက်အလက်တွေ၊ ခွဲခြမ်းစိပ်ဖြာ သုံးသပ်မှုတွေနဲ့ ပိုမိုအဆင့်မြင့် တိကျတဲ့ တွေးခေါ် စဉ်းစားမှုတွေ လိုအပ်နေဆဲ ဖြစ်တယ်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရှိ ကျောင်းအတော် များများဟာ နည်းပညာ ရှေ့ဆောင်တဲ့ စနစ်ဖြင့် သုံးသပ်မှုတွေ အားနည်း နေသေးတယ်။ အဆင့်နိမ့်နေသေးတဲ့ ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ပြီး လက်ရှိ ဗဟုသုတတွေကို အစီအစဉ်တကျ အသုံးပြုဖို့ လိုအပ်နေသေးတယ်။

ပညာရေး နယ်ပယ်မှာ နည်းပညာ ရှေ့ဆောင်ဖို့ ဆောင်ရွက်နေသူတွေကို စာသင်ကျောင်းတွေက  ကွန်ပျူတာတွေ ပံ့ပိုးဖို့ မေတ္တာရပ်ခံ ကြတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ ထဲမှာလည်း မေတ္တာရပ်ခံ ကြတယ်။ ကွန်ပျူတာနဲ့ နည်းပညာဆိုင်ရာ ကိရိယာတွေကို ပညာရေး နယ်ပယ်မှာ ထောက်ပံ့တဲ့ ပမာဏဟာ အခြား နယ်ပယ်တွေမှာထက် ၃ ဆမှ ၁၀ ဆ အထိ ပိုမို များပြားတယ်။ ဒါပေမဲ့ နည်းပညာ အသုံးပြု ပညာရေးစနစ် ပီပြင်ပြီလို့ မဆိုနိုင်သေးဘူး။ အမေရိကန်နိုင်ငံရှိ ပညာရေးလုပ်ငန်း အတော်များများမှာတောင်မှ သတင်းအချက်အလက် နည်းပညာပံ့ပိုးမှု ရကာစပဲ ရှိသေးတယ်။ ဆရာတွေနဲ့ လက်ပွန်းတတီး အတူတွဲပြီး  နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုမျိုး မထွန်းကားသေးဘူး။ သင်ကြား ပို့ချရေးစနစ် တိုးတက် ဖွံ့ဖြိုးရေးအတွက် ဒစ်ဂျစ်တယ် နည်းပညာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်တဲ့ ဆရာအရေအတွက် နည်းပါးလွန်းတယ်။ ဆရာတွေကို လေ့ကျင့် သင်ကြားပေးမှု မရှိသေးဘူး။ ဒါကြောင့် နည်းပညာ အသုံးပြု ပညာရေးစနစ် တိုးတက်ရေးကို မျှော်လင့်လို့ မရသေးဘူး။ ဆရာတွေကို နည်းပညာရပ်ဆိုင်ရာ ကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ပြီး သဘောပေါက် နားလည်အောင် လေ့ကျင့်ခြင်း မပြုဘဲ ဆရာတွေကို နည်းပညာ လက်နက်ကိရိယာ အများအပြားကို အပ်ထားတယ်။

သာမန်လေ့ကျင့် သင်ကြားပေးတာတော့ အနည်းအကျဉ်း ရှိနိုင်တယ်။ ဒါပေမဲ့ ပညာရေး နယ်ပယ်မှာ ပို့ချသင်ကြား နေသူတွေရဲ့ သင်ကြားရေး နည်းပညာကို ပြောင်းလဲ တိုးတက်လာအောင် ပြည့်စုံတဲ့ နည်းပညာရပ်ဆိုင်ရာ လေ့ကျင့်သင်ကြား ပေးမှုတော့ မရှိဘူး။ ယနေ့ခေတ်ရဲ့ နယ်ပယ် အသီးသီးမှာ နည်းပညာကို မရှိမဖြစ် လိုအပ်နေတယ်။ ဒီထက်ပိုပြီး အသုံးပြုနိုင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်။ စာမေးပွဲ စစ်ဆေးခြင်းဖြင့် ရမှတ်အပေါ် အဓိကထားတဲ့ စနစ်ကို မှီခိုခြင်း မပြုကြောင်း ထုတ်ဖော် ကြေညာရဲအောင် နည်းပညာ လေ့ကျင့်ပျိုးထောင်မှု မလုံလောက်သေးဘူး။ ကျောင်းသားတွေထဲမှ သာမန်ကျောင်းသား အများစုဟာ အတော်ကြီး အံမဝင်ခွင်မကျတဲ့ စနစ်ဖြင့် ဒစ်ဂျစ်တယ် နည်းပညာတွေကို အသုံးပြုနေကြဆဲ ဖြစ်တယ်။ ကျောင်းမှာ လေ့လာသင်ယူ ရဖို့အတွက် ကျောင်းသားတွေဟာ သီတင်းတစ်ပတ်မှာ ဘယ်လောက်အချိန်ယူ လေ့လာနေကြသလဲ ဆိုတာကို မေးခွန်း ထုတ်ရလိမ့်မယ်။ ကျောင်းသား အများစုရဲ့ နည်းပညာကို သင်ယူချိန်ဟာ  အလွန့်အလွန် နည်းပါးနေတယ်။ အသက်မဝင်ဘဲ ပုံတူကူးချတဲ့ နည်းပညာ အသုံးပြုမှုကို အပေါ်ယံမျှသာ ဆောင်ရွက်နေတဲ့ သဘောမျိုး သက်ရောက်နေတယ်။ ဒစ်ဂျစ်တယ် နည်းပညာတွေဟာ လေ့လာသင်ယူသူ (ကျောင်းသား) တွေနဲ့ သင်ကြားပို့ချသူ (ဆရာ၊ ဆရာမ) တွေကို နေ့စဉ်နဲ့အမျှ ပူးပေါင်း ဆောင်ရွက်နိုင်အောင် အရေးပါတဲ့ သက်ရောက်မှုတွေကို ပေးစွမ်းနိုင်တယ်။

လောလောဆယ်မှာတော့ နည်းပညာကို အပေါ်ယံမျှသာ အသုံးပြုတဲ့ သမားရိုးကျ ပညာရေးစနစ်က သိသိသာသာ ဖောက်မထွက်နိုင်သေးဘူး။ လက်ငင်း အခြေအနေမှာတော့ ဒစ်ဂျစ်တယ် နည်းပညာတွေကို အသုံးပြုတဲ့ အချိန်မှာ နည်းပညာ ကိရိယာတွေကို ဆရာ၊ ဆရာမ တွေကသာ ကိုင်တွယ် အသုံးပြုနေပြီး ကျောင်းသားတွေက အသုံးပြုမှု မရှိဘူး။ စာသင်ကျောင်းတွေဟာ ဆရာ၊ ဆရာမ ဗဟိုပြု နည်းပညာ ကိရိယာတွေကို အဓိက ဝယ်ယူနေပြီး ကျောင်းသား ဗဟိုပြု နည်းပညာ ကိရိယာတွေကို ဝယ်ယူခြင်း မရှိသေးဘူး။ အလွတ်ကျက် စနစ်ဖြင့် စာမေးပွဲ စစ်ဆေးပြီး ရမှတ်အပေါ် အကဲဖြတ်တဲ့ ပညာရေးစနစ်ကို ပြောင်းလဲနိုင်စေမယ့် နည်းပညာကို ရှာဖွေအသုံးပြုဖို့ ပျောက်ကွယ်နေဆဲ ဖြစ်တယ်။ ကျောင်းသားဗဟိုပြု ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြု သင်ကြားရေး စနစ်ဟာ အနာဂတ်မှာ ဆောင်ရွက်ရမှာ မဟုတ်ဘူး။ လက်ငင်း ပစ္စုပ္ပန်ကာလမှာ အသုံးပြုရမှာ ဖြစ်တယ်။ ကျောင်းသားတွေကို လေ့လာသင်ယူရေး နည်းပညာတွေ ပေးအပ်နိုင်ဖို့ အလှည့်အပြောင်းတစ်ခု လိုအပ်လာတယ်။ လက်တွေ့ဘဝထဲမှ အသိပညာ အသုံးပြု အလုပ်သမားတွေကို ကွန်ပျူတာတွေကို အသုံးပြုပြီး လုပ်ကိုင် ဆောင်ရွက်နေ ကြတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေက စာသင်ခန်း ပြင်ပမှ သူတို့ရဲ့ လက်တွေ့ဘဝမှာ နည်းပညာ ကိရိယာတွေ အသုံးပြုနိုင်ကြရဲ့လားလို့ မေးခွန်း ထုတ်ရတော့မယ်။ သူတို့ ပတ်ဝန်းကျင်မှာ နည်းပညာရပ်ဆိုင်ရာ ပြောင်းလဲမြှင့်တင်ပေးရေး လုပ်ငန်းတွေကိုလည်း လျစ်လျူရှုထားကြတယ်။ သမားရိုးကျ သင်ကြားရေး စနစ်ကိုပဲ ဆက်လက် ကျင့်သုံးနေတဲ့ ကျောင်းတွေနဲ့ စာသင်ခန်းတွေ တည်ရှိနေတုန်းပဲ။

လေ့လာသင်ယူရေး နည်းပညာ ကိရိယာ အသစ်တွေကို အသုံးပြုလာမှု အချို့ကိုတော့ တွေ့ရတယ်။ နည်းပညာ ကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ သတင်းအချက်အလက် နည်းပညာ ပံ့ပိုးမှုအပေါ် အမှီသဟဲ ပြုရေးနဲ့ ပုံမှန်ပူးပေါင်း ဆောင်ရွက်ပေးမယ့် နည်းပညာ ကိရိယာတွေနဲ့ ယဉ်ပါးမှု နည်းလွန်းတဲ့ ဆရာ၊ ဆရာမတွေရဲ့ အခြေအနေကို ပြောင်းလဲမြှင့်တင်ဖို့လည်း လိုအပ်နေတယ်။ ဘာပဲဖြစ်ဖြစ် တိကျရေရာတဲ့ လေ့လာသင်ယူရေး နည်းလမ်းသစ်တွေ ပေါ်ထွက်လာစေမယ့် အပြောင်းအလဲတွေဟာ စာသင်ကျောင်းတိုင်းမှာ  လက်ငင်း လိုအပ်နေပြီ ဖြစ်တယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေက အချို့ကျောင်းတွေမှာတော့ နည်းပညာ အသုံးပြု သင်ကြားရေး စတင်နိုင်တဲ့ အဓိက လုပ်ငန်းတွေကို ဆောင်ရွက်နေကြပြီ ဖြစ်တယ်။ အနာဂတ်အတွက် ကျောင်းသားတွေကို ပြင်ဆင် ပျိုးထောင်ပေးရေး လုပ်ငန်းပါပဲ။ အဆင့်မြင့် ပညာရေးနဲ့ အလုပ်ခွင် နယ်ပယ်ရဲ့ နည်းပညာ အသုံးပြုနိုင်စွမ်း ဆက်စပ်နိုင်ရေးအတွက် ရည်ရွယ်ခြင်းလို့ ဆိုတယ်။ ကျောင်းသားတွေအတွက် တာဝန်ယူနိုင်စွမ်းကို ထပ်မံဖြည့်ဆည်း ကြတယ်။ အထူးသဖြင့် ဆင်းရဲသား မိသားစုမှ ကျောင်းသားတွေအတွက် အထူးပြု ပံ့ပိုးလိမ့်မယ်။ အဲဒီကျောင်းသားတွေ ဘွဲ့ရပြီးရင် လိုအပ်မယ့် နည်းပညာ ကဲ့သို့သော ပညာရပ်တွေကို ကျွမ်းကျင် ပိုင်နိုင်အောင် ဆောင်ရွက်ပေးတဲ့ အစီအစဉ်လည်း ဖြစ်တယ်။ နည်းပညာကို အသုံးမပြုဘဲ လုပ်ကိုင်မယ့် လုပ်ငန်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဘွဲ့ရသူတွေဟာ ဘယ်နေရာမှာပဲ ဝင်ရောက် လုပ်ကိုင်သည် ဖြစ်စေ နည်းပညာကို ကျွမ်းကျင်နေဖို့ လိုအပ်တယ်။

ယနေ့ခေတ် ကလေးငယ်တွေဟာ ကွန်ပျူတာနဲ့ သတင်းအချက်အလက် နည်းပညာတွေ ပြည့်လျှမ်းနေတဲ့ ကမ္ဘာထဲမှာ ရောက်ရှိ ကြီးပြင်း နေကြတယ်။ ဗီဒီယိုဂိမ်းတွေ ကစားကြတယ်။ ဒစ်ဂျစ်တယ် ကိရိယာတွေ အသုံးပြုပြီး သီချင်းနားထောင် ကြတယ်။ သူတို့ မိဘတွေကို ဗီဒီယို စက်တွေနဲ့ ရုပ်။ သံစက်တွေ ဖွင့်ပြပြီး အကူအညီပေး ဦးဆောင် နေကြတယ်။ ကွန်ပျူတာ နည်းပညာတွေ  အံ့သြဖွယ် ဆန်းသစ် တီထွင်မှုတွေကြောင့် ကလေးငယ်တွေဟာ အိမ်အပြင် မထွက်ရဘဲ အသိပညာတွေကို ရယူနိုင်ခွင့် ရှိနေတယ်။ ဒါပေမဲ့ နှိုင်းယှဉ်ချက်အရ တင်ပြရမယ်ဆိုရင် စာသင်ကျောင်းတွေမှာ ကလေးငယ်တွေရဲ့ ယနေ့ခေတ် နည်းပညာရပ်ဆိုင်ရာ သင်ယူနိုင်ခွင့်တွေ ထိုင်းမှိုင်းနေဆဲ ဖြစ်တယ်။ ကလေးငယ်တွေဟာ စာသင်ခန်းထဲမှာ နည်းပညာကို သင်ယူ လေ့လာနိုင်ပြီး လက်တွေ့စမ်းသပ် ဆောင်ရွက်ခွင့် ရှိစေမယ်။ နည်းလမ်းသစ် တိုးတက် ဖွံ့ဖြိုးရေးအတွက် ချဉ်းကပ်နိုင်တဲ့ နည်းလမ်းသစ်တွေကို ရှာဖွေနေကြတယ်။ စာသင်ခန်း အတွင်းနဲ့အပြင် နည်းပညာ သင်ယူ လေ့လာနိုင်ခွင့် ကွာဟချက် ရှိနေကြောင်း ပြုပင်ပြောင်းလဲရေး သမားတွေက သဘောပေါက် လာတယ်။ စာသင်ခန်းပြင်ပမှာ နည်းပညာတွေ လေ့လာ သင်ယူတတ်အောင်  စာသင်ခန်းထဲမှာ လမ်းညွှန်သင်ကြားမှုတွေ ရှိရမယ်။ အမေရိကန် နိုင်ငံမှာတော့ ၁၉၉၇ ခုနှစ် သမ္မတ ဘီလ်ကလင်တန် လက်ထက်က စာသင်ကျောင်း ပညာရေးစနစ်မှာ နည်းပညာရပ်များ အသုံးပြု သင်ကြားရေးကို အရေးကြီးတဲ့ တောင်းဆိုမှု တစ်ရပ်အနေဖြင့် ဆော်သြ ခဲ့တယ်။ ကလင်တန်က သိပံ္ပနဲ့ နည်းပညာ ကော်မတီ အစည်းအဝေးမှာ တောင်းဆိုခဲ့ခြင်း ဖြစ်တယ်။

Teashop Talk မှတစ်ဆင့်ပြန်လည်မျှဝေပါသည်။



စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...