Sunday, February 26, 2012

ကျွန်ုပ်နှင့် ရုရှား ၄ နှစ်တာ။ (၃)

by Ever Leisure Ly on Saturday, February 18, 2012 at 11:01pm 
 
 
ပုံပြင်တွေထဲက ရေခဲနန်းတော်ကြီးကို အပြင်မှာ တကယ်ဆောက်ခိုင်းခဲ့တဲ့ ခပ်ကြောင်ကြောင် ဘုရင်မတွေလည်း တက်လာသေးတာ။ နန်းတော်တင်မဟုတ် အထဲက ပရိဘောဂ တွေ ပန်းကန်တွေကအစ ရေခဲနဲ့ဆောက် ခိုင်းတာ။ ပြည်သူတွေရဲ့ အခွန်တွေကိုလည်း အဲ့လို ခပ်ကြောင်ကြောင် အလုပ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ အတွက်အသုံးပြုသတဲ့လေ။ ဒီကြားထဲ သူမက နိုင်ငံခြားသားဆိုရင် သိပ်အထင်ကြီးပြီး ကိုယ့်လူမျိုးဆိုရင် အထင်မကြီးဘူးတဲ့။ ကြည့်ရတာ အနုပညာအတော်ဝါသနာထုံတယ် ထင်ပါတယ်။ ကိုယ့်ဟာကိုယ် ရေခဲနန်းတော်ကို ပန်းချီမဆွဲပဲ အပြင်မှာ တကယ်ဆောက်ခိုင်းတော့ ဂွကျ တာပေါ့လေ။ ပီတာစပတ် မြို့မှာ အဲ့လို နန်းတော်ကြီး တကယ်ရှိခဲ့တယ် ပြောတယ်။ ဘယ်နှစ်ရက်ခံမလဲတော့ ကိုယ့်ဖာသာ တွေးကြည့်ပါတော့။ တေချင်းဆိုးလေး…ဒီခေါင်းရှုပ်စရာတွေ …လာပြန်ပြီလား။
မတတ်နိုင်တော့ဘူး… ဆဲလည်းခံရမှာပါပဲ။ တရုတ်ကားတွေထဲကလို ကျနော်မျိုးကြီး သေသင့်ပါတယ်ပဲ ပြောရမှာပဲ။ အဆိုတော်မျိုးကြီး လာရိုက်တော့မယ်…။

ကဲ..ပျင်းနေမယ်စိုးလို့ မင်းသမီးတစ်ယောက် လွှတ်လိုက်မယ်။ အဲလီးဇဘတ်။ မောင်ပီတာရဲ့ သမီးအဲလီးဇဘတ်။ ရုရှားပြည်သူတွေရဲ့ အချစ်တော်ဘုရင်မကြီး။ သူကွယ်လွန်တုန်းကဆိုရင် ဧက သိန်းလေးထောင်ကျော်လောက် သုံးရတယ်ဆိုပဲ။ အရမ်းလှ၊ အရမ်းတော်ပါသတဲ့။ အတန်းပညာရေးတော့ အားနည်းတယ်ပြောတယ်။ ၁၇၄၁ လောက်ရှိရော့မယ်။ သူမက တိုင်းပြည်အုပ်ချုပ်ရတာကို အတော်လေးကို စိတ်မဝင်စားတာ။ သူမ ဝါသနာပါတာက သီချင်းတွေ၊ အဝတ်အစားတွေ၊ အက တွေ။ မိန်းမတို့ ဘာသာဘာဝ ပေါ့လေ။ အဲ…ဘွားတော်က management ကတော့ အတော်ကျွမ်းတယ်။ သူများဘုရင်မကိုများ ဘွားတော်တဲ့….စော်စော်ကားကား။ သူ့ဆိုင်ရာကဏ္ဍ အလိုက် တတ်သိပညာရှင်တွေနဲ့ တိုင်းပြည်ကို စီမံစေတာ။ သူကနေရာတကာဝင်မပါတော့ဘူးရယ်။ သူ့သား ပီတာ(၃) နဲ့ လက်ဆက်ပေးဖို့ ၁၅ နှစ်ပဲရှိသေးတဲ့ ဂျာမဏီမင်းသမီးလေး ဆိုဖီယာကို သူ့တိုင်းပြည်ကို ဖိတ်လိုက်သေးတယ်။  ချွေးမရှာပြီး ရွှေလမ်းငွေလမ်းဖောက်တာပေါ့လေ။ ဂျာမန်နဲ့က ၇ နှစ်စစ်ပွဲ ဆင်နွှဲ နေတာကိုး။အဲ့တုန်းကတော့ Eastern Prussia လို့ခေါ်ပါသတဲ့။ အဲ့သလိုအမျှော်အမြင်ကြီးတာ။ ပိုင်ချက်နော်။ သူမက သားရှင်လေ။ အဲလီးဇဘတ် ဘုရင်မကြီးက သူမလက်ထက်မှာ တိုင်းသူပြည်သား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသတ်ခဲ့ပါဘူးတဲ့။ မောင်ပီတာ့လက်ထက်ထဲကစခဲ့တဲ့  ရုရှားနိုင်ငံရဲ့ သိပ္ပံပညာ နဲ့ ပညာရေးကို မြှောက်စားခဲ့သူပေါ့။ သူ့လက်ထက်မှာပဲ မော်စကိုနဲ့ ပီတာစပတ်မြို့ တွေမှာ တက္ကသိုလ်ကြီးတွေ ပေါ်လာပါပြီတဲ့။ ပီတာဘုရင်လက်ထက်ထဲကကို သိပ္ပံတက္ကသိုလ်တွေပေါ်ပြီပြောပါတယ်။ သူ့လက်ထက်ကျမှ ပြောင်မြောက်လာလို့ highlight လုပ်ရတာပါ။ ကြည့်ကြပါနော်။ သူ့ဟာသူ အစဉ်အဆက် ချလာ၊ ဆော်လာကြတာကတစ်ပိုင်း ၁၇ ရာစုမှာ သိပ္ပံပညာတက္ကသိုလ်ကြီးတွေ ပေါ်ပါပြီ်။ ဒို့ဆီမှာတော့ ဟံသာဝတီဘုရင် သမိန်ထောဗုဒ္ဓကိတ္တိ(ဆင်ကျားရှင်)၊ ဗညားဒလ တို့ လက်ထက်နဲ့၊ ကုန်းဘောင်မင်းဆက်စမယ့် အလောင်းဘုရားတို့ ထိပ်တိုက်တွေ့နေချိန်။ဗေထိ..ဗေထိ။

သူ့မရဲ့သား ပီတာ(၃) ရဲ့သမိုင်းကတော့ ရက်စက်ကြမ်းကြုတ်ပြီး၊ ခပ်ကြောင်ကြောင်ကောင်လို့ပြောတာပဲ။ Prussia နဲ့လည်း ပြန်ဆော်တော့တာပဲ။ အမေ့ခြေရာကို တစ်စက်ကလေးမှ မမှီတဲ့သား။ သူသတ်ခံရပြီးတော့ ၁၇၆၂ မှာ သူ့မိန်းမ ဆိုဖီယာကအုပ်ချုပ်ပါတယ်။ ရုရှားလို နာမည်ပြောင်းထားတာက (Екатерина) ကတ်သရင်း။ သူကလည်းခေသူမဟုတ်ဘူးနော်။ အဲလီးဇဘတ်က ချွေးမအရွေးတော်တယ်ပြောရမယ်။ လူမျိုးခြား(ဂျာမန်) သာဆိုတယ် ရုရှားပြည်ကိုအတော်ချစ်ဆိုပဲ။ ရုရှားဘာသာ၊ သမိုင်းနဲ့၊ လူတွေရဲ့ အလေ့အထတွေကို နေ့ရောညရော သင်ယူခဲ့တယ်။ သူမရဲ့ စွမ်းဆောင်ရည်ကလည်း အံ့မခမ်းပါလားကွယ်။ ဘူဇွာတွေကပြည်သူတွေပေါ်မှာ လွှမ်းမိုးနေတာကို မကြည့်ရက်လို့ မြေပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ဖောက်ခွင့် တွေနဲ့၊ အပြစ်ပေးလို့ရတဲ့ ဥပဒေတွေကို သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘိုးဘွားရိပ်သာတွေ၊ မိဘမဲ့ဂေဟာ တွေကိုဆောက်ခဲ့သေးတာ။ တိုင်းသူပြည်သားတွေရဲ့ တကယ့်ဘဝအမှန်နဲ့၊ ပြဿနာတွေကိုလည်း သူမကိုယ်တိုင်လေ့လာ၊ စုံစမ်းပါသတဲ့။ တော်လိုက်တာနော်။ တိုင်းတပါး လူမျိုးခြားက သူ့တိုင်းပြည်ပဲဆိုတဲ့ စိတ်ဓာတ်နဲ့ စေတနာထားလိုက်တာ။ ဒါကြောင့်လည်း သူမကို Peter the Great ၊ ဒုတိယမောင်ပီတာ ကြီး လို့တောင် သတ်မှတ်ခဲ့ကြပါသတဲ့။ သူမကတော့ တိုင်းပြည်ကို ဥာဏ်အလင်း၊ အသိပညာ၊ စာနာမှုတရားတွေနဲ့ ဆွဲတင်ခဲ့ပါတယ်။ ကျနော်တို့ဆီမှာတော့ ဒီအချိန်တွေဟာ တတိယမြန်မာနိုင်ငံထူထောင်သူလို့ နာမည်ကြီးတဲ့ အလောင်းမင်းတြားကြီးလွန်လို့ သားတော်ဆင်ဖြူရှင် က အကြီးအကျယ် နယ်ချဲ့နေချိန်။၁၇၇၀ မှာမဏိပူရထိ သိမ်းပြီးသွားပါပြီ။

သူတို့ရပ်ကွက်မှာလည်း ကတ်သရင်းရင်းရဲ့မြေး (Александр) အလက်ဇန်းဒရာ(၁) တက်လာပြီး ၁၈၁၂ မှာ ပြင်သစ်က နပိုလီယန် တို့နဲ့ အချစ်စမ်းနေကြပါပြီ။ သေကြတာမှ နှစ်ဘက်စလုံး သောက်သောက်လဲကို သေကြတာ။ ဒီဘက်ကို နည်းနည်းနီးလာပြီဆိုတော့ နာမည်လေးတွေလည်း စိမ်းမနေကြတော့ပါဘူး။ နပိုလီယံက မော်စကို ကို လာဆော်တာ။ ဟိုမကွေ့ဒီမကွေ့ပြောရင်  ရုရှားကစစ်ရှုံးတာပဲ။ မော်စကိုမြို့ရဲ့ မီးလောင်တိုက်သွင်းခံရတဲ့ နေ့ရက်တွေပေါ့။ ၃၆ ရက်လောက် နပိုလီယံက မြို့ထဲမှာ ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်းရမ်းပြီး၊ အလက်ဇန်းဒရာက စစ်ပြေငြိမ်းဖို့ အပြောကိုစောင့်နေတယ်။ မော်စကိုမြို့ထဲလည်း ပြည်သူတွေက ရသလောက်ယူပြီး အကုန်ထွက်ပြေးကုန်ပြီ။ တစ်ဘက်က စစ်ရှုံးတာကို ဝန်မခံသေးတော့ သူလည်း အကြပ်ရိုက်နေတယ်။ ဒီအတိုင်းထိုင်စောင့်နေလို့မရဘူးလေ။ အချိန်က ဆောင်းတွင်းကဝင်လာပါပြီ။ သိတဲ့အတိုင်း(အပိုင်း ၁)မှာ ငိုပြခဲ့သလိုပဲ။ အဲ့ဒီ့ထက် ဆိုးဖို့ရှိမယ်။ စစ်တိုက်လာတဲ့ စစ်သားက အဝတ်အစားရယ်လို့လည်း ကောင်းကောင်းမရှိတော့ဘူး။ အစာကလည်းပြတ်လာပြီ။ မြို့ထဲမလဲ သူတို့မီးရှို့ ထားတာနဲ့၊ ထွက်ပြေးတဲ့သူတွေ မီးရှို့ခဲ့တာနဲ့ ဘာမှ မကျန်တော့ဘူး။ နပိုလီယန်ကြီး တပ်ခေါက်ဖို့ ဆုံးဖြတ်ရပါပြီ။ ပြန်တဲ့လမ်းမှာပဲ ငတ်ပြတ်ပြီး ရာသီဥတုဒဏ်ခံနေရတဲ့ နပိုလီယန်တပ်ကို ရုရှားစစ်တပ်က ပြန်ဆော်ပါလေရော။ ပြည်သူတွေကလဲ ကူညီတိုက်ခိုက်ကြပါတယ်။ အဲ့လိုနဲ့ ၁၈၁၂ မှာရုရှားက စစ်နိုင်သွားတာ။ အလက်ဇန်းဒရာက ပဲရစ်မြို့ထိတောင်သွားပီ မဏ္ဍတိုင်တက်ပြလိုက်သေးသတဲ့။
၁၈၂၅ ကနေ ၁၈၅၅ ထိ Nicolas နီကိုလတ်(၁) ခေတ်။ သူလည်း စစ်တိုက်နေရတာပဲ။ သူပြီးတော့ အလက်ဇန်ဒရာ(၂)နဲ့လက်ထပ်မှာတော့ ပြည်သူတွေက အင်ပါယာစနစ်ကြီးနဲ့ ဘုရင်ကို လက်မခံချင်ကြတော့ပါဘူး။ အောက်ခြေလူတန်းစားတွေ ကြပ်တည်းကြပြီး လူလတ်တန်းစားက အပြောင်းအလဲကို လိုချင်နေကြပါပြီ။ ပြည်တွင်းရေးမငြိမ်သက်တော့ပါဘူး။ဘုရင်ကို လုပ်ကြံဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် သူလည်း ရှောင်လင်သိုင်းတတ်တယ်။ (၁၈၈၁) (၈) ကြိမ်မြောက်မှ လုပ်ကြံမှုအောင်မြင်ပါတယ်။ သူ့ကြည့်ရတာ ၈ ဂဏန်းနဲ့ အကျိုးပေးပုံမရဘူး။ ဒါနဲ့ သိပ်မကွာတဲ့ ၁၈၈၅ မှာတော့ အားလုံးသိပြီးသား ဓာတ်ပြားဟောင်းအတိုင်း ကျနော်တို့နိုင်ငံလည်း အပြည့်အဝကိုလိုနီဖြစ်သွားပါပြီ။

ဒီအကောင် ပျင်းစရာတွေ၊ အာရုံနောက်စရာတွေချည်း ပြောနေတော့တာပဲ။ ကြွကြွရွရွ ဖလန်းဖလန်းလေးတွေဆီ ခုထိကိုမရောက်သေးဘူးလို့ ပြောမှာပဲ။ သူများကို ကိုယ်ချင်းစာတယ်။ ကိုယ်လည်း ဒီလိုဟာမျိုးတွေဖတ်ရတာ အတော်ပျင်းတာရယ်။ ကိုယ် ၄ နှစ်လောက် နေခဲ့ဘူးတဲ့ နိုင်ငံတစ်ခုရဲ့အတိတ်ကို ကိုယ့်နိုင်ငံရဲ့အတိတ်နဲ့ချိန်ထိုးကြည့်နိုင်အောင်သာ ပျင်းစရာကြီးတွေကို ဖျစ်ညှစ်ပြီးဆွဲတင်နေရတာပါ။ မှားရင်လည်း သားသားကို ပြင်ပေးကြပါအုံးနော်။ သတောင်းစားလေး သူ့စရိတ်နဲ့သူသွားပလေ့စေ ဆိုပြီးလည်း လွှတ်ပေးမထားနဲ့အုံး။ စိတ်ချိုးလိုက်မှာ….။ သွားရင်း၊လာရင်း၊ စားရင်းသောက်ရင်း၊ အီးအီး ပါရင်းပဲဖြစ်ဖြစ် ဖတ်နိုင်အောင် သူများအကြောင်း အတင်းတုတ်နေတာလို့ပဲ မှတ်ပေးပါနော်။ ဘာတွေပြောနေမှန်းမသိဘူး.. သွား…ရှက်ရှာကြီး။ ၁၉ ရာစုကြီးတောင် ရောက်နေပြီဆိုတော့ ညှစ်လိုက်ကြရအောင်လား။ တစ်မျိုးမတွေးနဲ့နော်..အား ကိုပြောတာ..အား…။ နောက်ပိုင်းတော့ ရုရှားပြည်ကြီးမှာ စီးပွားရေးအကြပ်အတည်းတွေနဲ့ လူထုအုံကြွမှုတွေများပါတယ်။ ဂျပန်နဲ့လည်း ချတာ စစ်ရှုံးသေးတယ်။ နီကိုလတ်(၂) ခေတ်  ၁၉၀၅ နိုဝင်ဘာ ၉ ရက်နေ့ Кровавое воскресенье “သွေးစွန်းသော တနင်္ဂနွေ”  Bloody Sunday ဆိုတာနာမည်ကြီးပေါ့။ အဲ့နောက်တော့ လူတွကအလုပ်မဆင်းကြတော့ဘူး။ အလုပ်ချိန်လျော့ပေးဖို့နဲ့၊ လုပ်ခတိုးပေးဖို့ တောင်းဆိုကြတယ်။ အဲ့ဒါကို ၁၉၀၅-၁၉၀၇ တော်လှန်ရေးလို့ လူသိများပါတယ်။ အဲ့နောက် State Duma of the Russian Empire ဆိုတဲ့ assembly ပေါ်လာပြီး အဲ့ ဥပဒေနဲ့ အုပ်ချုပ်ပါတယ်။ ဘုရင့်အာဏာကိုကန့်သတ်ပလိုက်တယ်။ အဲ့နောက်တော့ တိုင်းပြည်ကအခြေအနေကောင်း လာပါတယ်။ ဒီအချိန်မှာ ရုရှားပြည်က ဥရောပတိုင်းပြည်တွေကိုတောင် ကျွေးမွေး နေရတာလို့ ပြောကြတယ်။ အဲ့အချိန်က တောင်းတင်းခိုင်မာတဲ့ ပြည်ထောင်စုကြီးဖြစ်နေပါပြီ။ ၁၉၁၄ မှာ ပထမကမ္ဘာစစ်ကြီး ဖြစ်လို့ ရုရှားပြည်လဲ စစ်ကြီးထဲဝင်သွားပါတယ်။အဲ့မှာ စငတ်တာပဲ။ လူတွေ ၁၀ မီလီယံလောက် သေတယ်။ စစ်ထဲမှာလည်း သေတယ်၊ ငတ်လို့လဲ သေတယ်။ တိုင်းပြည်လဲ အင်အားချိနဲ့နေပါပြီ။လူတွေက စစ်မတိုက်ချင်ကြတော့တဲ့ အတွက် ၁၉၁၇ မတ်လစာချုပ်အရ ရုရှားနိုင်ငံမှာ republic ဥပဒေတွေ ပေါ်လာတယ်။ တိုင်းပြည်ကတော့ ဒုံရင်း ဒုံရင်း ပဲရှိပါသေးတယ်။  ပါတီတွေလည်း တည်ထောင်ကြပြီး အင်အားအကြီးဆုံးကတော့ အားလုံးသိပြီးတဲ့အတိုင်း လီနင်ဦးဆောင်တဲ့ ဗော်ရှီဗစ် ကွန်မြူနစ်ပါတီပါပဲ။ အောက်တိုဘာတော်လှန်ရေးကြီး အပြီးမှာ ကွန်မြူနစ်ပါတီ အာဏာရလာပါတယ်။ ဆိုဗီယက် ဆိုတဲ့ သမိုင်းသစ်စဖွင့် ခြင်းပါပဲ။ ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း ၂ နှစ်သားလောက် ရောက်ပြီနော်။

ဆိုဗီယက်ကို ပြည်တွင်းစစ်နဲ့ စပါတယ်။ ကျနော်တို့တွေလွတ်လပ်ရေးကို ပြည်တွင်းစစ်နဲ့စသလိုပဲ။ အလံနီ အလံဖြူကွဲပါတယ်။ အလံနီကတော့ အခြေခံလူတန်းစား အလုပ်သမားတွေပါ။ အလံဖြူက လူချမ်းသာတွေပေါ့။ သိပ်ကြောက်ဖို့ ကောင်းခဲ့တဲ့ပြည်တွင်းစစ်ပါပဲ။ ညီအကိုချင်းလည်း ချတယ်။ သားအဖချင်းလည်း ချတယ်။ လူပေါင်း ၁၂ မီလီယံ လောက်သေတယ်၊ ပညာတတ်၊ လူချမ်းသာ တွေ အားလုံးနီးပါး ဥရောပ နိုင်ငံတွေဆီရောက်ကုန်ပါတယ်။ ကန်ကြီးတို့ အများကြီးရလိုက်သပေါ့။ အလံနီတွေ အနိုင်ရခဲ့ပြီး ၁၉၁၈ ဇူလိုင်လ ၆ ရက်နေ့ည ၇ ရက်နေ့ အကူးမှာ ဘုရင်မျိုးဆက် နီကိုလတ်(၂) နဲ့ မိသားတစ်စု လုံးကို သတ်ပစ်လိုက်ပါတယ်။ ကျနော်တို့ဆီမှာတော့ ဘုရင်မျိုးဆက်က သူများကဖမ်းပြီး ဖျောက်ပလိုက်တယ်။ ဒီမှာတော့ ကိုယ့်ဘုရင်မျိုးဆက် ကိုယ့်ဖာသာ ပြန်သတ်ပလိုက်တယ်။ တွေးစရာလေးတွေပါပဲ။ ဒီနှစ်မှာပဲ (Brest-Litovsk) Peace treaty နဲ့  ယူကရိန်းအပါအဝင် ၆ နိုင်ငံခွဲထွက်သွားပြီး ကမ္ဘာ့စစ်ကြီးထဲကလည်း ထွက်လိုက်ပါတယ်။ တိုင်းပြည်လဲ ဒုက္ခသည် ၅ မီလီယံလောက်အဖတ်တင်သွားပြီး ဘက်ပေါင်းစုံမှာ ဖွတ်စာဖတ်စာတက်၊ ဒတ်လပိုင်လိုက် သွားပါပြီ။ ဒီအကောင် ဘာစကားတွေပြောနေတယ်မသိဘူး…ဆဲနေမှာပဲ။ သိဘူး..စုတ်ပြတ်သတ်၊ ပျော့ပြဲနေရင်..သူများတွေအဲ့လိုပြောတာ ကြားဖူးတာပဲ။

ဒီအချိန်မှာ သူ့တစ်နိုင်ငံထဲက Russian Soviet Federative Socialist Republic(RSFSR) ပါပဲ။ ၁၉၂၂ ဒီဇင်ဘာ ၂၉ မှာ ယူကရိန်းအပါအဝင် ၃ နိုင်ငံနဲ့ စာချုပ်ချုပ်ပြီးမှ Union of Soviet Socialist Republics (USSR) ဖြစ်သွားတာပါ။ တိုင်းပြည်ရဲ့ဦးဆောင်သူကတော့ ရုရှားရဲ့ Marxist Revolutionary၊ အောက်တိုဘာတော်လှန်ရေးကြီးရဲ့ ခေါင်းဆောင် လီနင်။ ပြောင်ကြီး။ သူများနိုင်ငံ့ခေါင်းဆောင်ကိုများ ပြောင်ကြီးတဲ့..။ ဗမာစာဖတ်တတ်တဲ့ ရုရှားက လာရိုက်တော့မယ်။ စိတ်ချိုးနဲ့နော်…ချစ်စနိုးနဲ့ ခေါ်တာပါ။ လွန်တယ်ထင်ရင် အောက်ကပုံမှာကြည့်ပါနော်။ သူလည်းရုရှားပြည်ရဲ့ အချစ်တော်ပဲ။ ဘယ်လောက်ချစ်သလဲဆိုရင် သူ့အလောင်းကြီးကို ခုထိသိမ်းထားသေးတယ်။ မော်စကိုမှာ လာကြည့်။ မသိရင်… သူကပဲမော်စကိုက လိုလိုဘာလိုလိုနဲ့။ အမှန်တော့မဟုတ်ဘူး..တောသား။လီနင်ကြီးဟာ ပြည်တွင်းစစ်ကြီးကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ ဆိုရှယ်လစ်စီးပွားရေးကို အသက်သွင်းပေးခဲ့သူ။ ရုရှားမှာ Karl Marx ရဲ့ အယူအဆတွေကို လွှမ်းမိုးစေခဲ့သူ။ တစ်ချိန်ကလျှမ်းလျှမ်းတောက် ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ ဖခင်။ ဒီအချိန်ဆို ကျနော်တို့နိုင်ငံရဲ့ဖခင် မောင်အောင်ဆန်းလေးလည်း ၇ နှစ်သားလောက်ရှိပြီပဲ။ ထိန်လင်းဆိုတာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ငယ်နာမည်မဟုတ်ပါဘူးတဲ့၊ ဇာတာနာမည်သာဖြစ်ပါသတဲ့။ ငယ်ငယ်ကလည်း တစ်ခါမှ ထိန်လင်းလို့ မခေါ်ခဲ့ပါဘူးတဲ့။ ကျနော်ပြောတာမဟုတ်ဘူးနော်..သူ့အကို ဦးအောင်သန်းပြောတာဖတ်ရတာ။ ကိုယ်က ကြုံလို့ ဝင်ဖောတာ။ ထိန်လင်းမှ ထိန်လင်း ဆိုတဲ့လူတွေ လာရိုက်ကုန်အုံးမယ်။ ကြောက်ကြောက်…။

ပျင်းနေပြီ။ မင်းသားတစ်ယောက် ထပ်လွှတ်မယ်။ စတာလင်။ ဂျိုးဇက် စတာလင်။ ဇွတ်တရွတ် တစ်ဘက်စွန်းမင်းသားကြီး။ အောက်တိုဘာတော်လှန်ရေးကြီးထဲက ဗော်ရှီဗစ်တစ်ယောက်ပဲ။ ၁၉၂၄ လီနင်ကြီး ကွယ်လွန်တော့ သူတက်လာတာပဲ။ သူ့ သီအိုရီက Socialism in one country ။ လီနင့် လက်ထပ်တုန်းက ပါတီထဲမှာ အတိုက်အခံဆိုတာရှိတယ်။ သူ့လက်ထပ်ရောက်တော့ နှိပ်ကွက်ပါလေရော။ ထင်ရှားတဲ့ အတိုက်အခံတစ်ယောက် Leo Trotsky  လီရိုထရော့စကီး ကိုပြည်နှင်ဒဏ်ပေးတယ်။  ၁၉၃၂-၃၃ မှာ Great Purge ပါတီဆေးကြောမှုကြီးလုပ်တော့ ရာထောင်ချီတဲ့ အတိုက်အခံတွေကို Executed လုပ်ခဲ့တယ်။ စစ်တပ်ခေါင်းဆောင်တွေလည်း ပါသတဲ့။ ၁၉၃၈ လောက်ထဲက နာဇီ ဟစ်တလာနဲ့ တကျတ်ကျတ်ပဲ။ ဂျပန်နဲ့လည်းမတည့် နယ်စပ်မှာ ဆော်ကြသေးတယ်။ ၁၉၃၈ မှာ ဒုတိယကမ္ဘာစစ်ကြီးစကော။ သူလည်း ၁၉၄၅ မေလ ၉ ရက်နေ့ရောက်မှပဲ ဂျာမဏီကို နိုင်ပြီးမှ စစ်တိုက်ခြင်း ရပ်သွားတော့တာ။ မော်စကိုထိရောက်လာခဲ့တဲ့ ဂျာမဏီကိုလည်း သူ့ဦးဆောင်မှုနဲ့ပဲ ဆော်ခဲ့ရတာ။ ရုရှားသမိုင်းမှာ အင်မတန်မှမျိုးချစ်စိတ်ပြင်းထန်ခဲ့တဲ့ Great Patriotic War ဖြစ်ခဲ့ပါတယ်။ သူလက်ထပ်မှာ ရုရှားဟာ စက်မှုနိုင်ငံတော်ဖြစ်ခဲ့သလို ဒုတိယအင်အားအကြီးဆုံး အဏုမြူနိုင်ငံတော်လည်းဖြစ်ခဲ့တယ်။ ကမ္ဘာစစ်ကြီးအပြီး Superpower ဖြစ်လာပါတယ်။ လီနင့်ရဲ့ အမွေကို သူ့လက်ထက်မှာ တောက်ပြောင်စေခဲ့ပါတယ်။ ဖက်စစ်စနစ်ဆိုးကြီးကိုတိုက်ထုတ်မှုမှာလည်း သူ့အခန်းကဏ္ဍက အရေးကြီးခဲ့တာပဲ။ အားလုံးသိပြီးသားအတိုင်း ဒီအချိန် ဒို့ပြည်မလဲ မတ်လ ၂၇ မှာ ဂျပန်ကို စချပြီး ၁၉၄၈ မှာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရသွားပါပြီ။

ဒီလောက်ဆို ရုရှားဆိုတဲ့နိုင်ငံကြီးရဲ့အတိတ်ကို တီးမိခေါက်မိ ရှိသွားပါပြီ။ ဘယ်နား နာသွားသေးသလဲဟင်…။ ဥုံဖွ…နော်။ အတော်လေးလည်း ခေါင်းမူးသွားပြီး… ဒီတေချင်းစိုး လေးရဲ့နှိပ်စက်မှုက လွတ်တော့မယ်လို့လည်း တွေးနေမှာပါ။ သူများတွေ ကာလများစွာ ဖြတ်သန်းခဲ့တဲ့ အတိတ်ကို ကိုယ်က စာ နှစ်ကြောင်းသုံးကြောင်းနဲ့ရေးရတာဆိုတော့ ခပ်လန့်လန့်ပါ။ လိုအပ်တာရှိရင် အမိုက်အမဲလေးကို ခွင့်လွှတ်ပါလို့ပဲ ပြောပါရစေ။ အားတဲ့အချိန် အပျင်းပြေဖတ်တဲ့ ဝတ္ထုတစ်ပုဒ်လို့ပဲ မှတ်ပါနော်။ ကျန်တဲ့ တစ်ခန်းရပ်တွေကတော့ ဒီဘက်ရပ်ကွက်နဲ့ အတော်လေးနီးစပ်သွားပြီဖြစ်သလို ဟိုလူတက်၊ ဒီလူဆင်း။ ဘာညာ သာရကာ။ ဝါးရုံဖြစ်တယ်…ခြုံဖြစ်တယ်။ ဆိုဗီယက်ပြိုကွဲသွားတာကတော့….Warsaw စာချုပ်တွေပျက်၊ ကွန်မြူနစ်မဟာမိတ်တွေ ပျက်ပြီး..ရုရှားက..ရုရှား ပြန်ဖြစ်သွားတာလို့ပဲ အလွယ် မှတ်ရင်မမှားလောက်ပါဘူးနော်။ ကွန်မြူနစ်ကျဆုံးခန်းက ဆိုဗီယက်ကျဆုံးခန်းပဲပေါ့။ အော်..မေ့လို့။ တစ်ခုကျန်သေးတယ်။ လုပ်ပြန်ပြီ…. ဆဲဟ။ စတာလင်ကြီးသေလို့ ၄နှစ်အကြာ ခရုရှော့ လက်ထက် ၁၉၅၇ အောက်တိုဘာ ၄ ရက်နေ့ မှာ Space Age ကို ရုရှားက ပထမဆုံး  ဂြိုလ်တု  နဲ့ စဖွင့်လိုက်ပါတယ်။ ဂြိုလ်တုဆိုတာ..ဟို..ဝမ်းနှုတ်ဆေးကိုပြောတာမဟုတ်ဘူးနော်။ သိပါတယ်ဟဲ့...နင်က ရှည်ကိုရှည်တယ်။ ဆိုဗီယက်ရဲ့ သူရဲကောင်း Yuri Gagarin က ၁၉၆၁ မှာကမ္ဘာ တစ်ပတ်ပတ်ပြီး ပြန်လာပါတယ်တဲ့။ သူတို့မှ အဲ့အချိန် ဖင်ခေါင်းမကျယ်ရင် ဘယ်သူကျယ်မလဲနော်..။ ဒီကိစ္စကတော့  နင်မပြောနဲ့…..ဖတ်စာအုပ်ထဲပါလို့ ဟိုမူလတန်းကလေးတောင်သိတယ်။ ခံဟဲ့…။ Past time ပြီးသလောက်ဆိုတော့ Present time ရောက်တော့မလားပဲနော်။အပိုင်း(၄)


Elisbat
Elisbat
Linin
Stalin
Gargarin
Sputnik 1

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...