Monday, February 27, 2012

အာဏာရှင်စနစ်ကို ကျနော်ဘာလို့ မုန်းသလဲ [သွန်းနေစိုး]

Rozoner King created a doc.
[By Thorn Nay Soe]

သင်သည် အကောင်တစ်ကောင်ကောင်၏ သား သို့မဟုတ် သမီးဖြစ်သည်ဆိုလျှင် တွေ့ရာလူကို ပါးရိုက်လို့ရ၏။
လမ်းတွေ့လို မကျေနပ်လျှင် ခေါ်ဆွဲထိုးလို့ရ၏။ ဒါတင်မက ဆောင့်ကန်လို့ ရသေးသည်။
အဆင်သင့်လျှင် သတ်ပစ်လို့ပါရ၏။ ဥပဒေ၏ အထက်တွင် သင်ကားယားကြီး ခွထိုင်နေလို့ ရမည်။
ဘယ်သူ့ကို တရားလက်လွတ် သင်စော်ကားသည်ဖြစ်စေ ဘာမှ မဖြစ်။
ထိုသူက သင့်လို အကောင်တစ်ကောင်ကောင်နှင့် မပတ်သက်ရန်သာ အရေးကြီးပါသည်။

ယင်းမှာ ကျနော် အပိုပြောနေခြင်း မဟုတ်ပါ။
တစ်ခေတ်တစ်ခါကတော့ ထိုအတိုင်းတကယ်ကြီးဖြစ်ခဲ့ဘူးပါသည်။
ဥပမာလေးတစ်ချို့ကို ကျနော် တင်ပြပါမည်။



ရန်ကုန်မြို့ Sedona Hotel ဆီတွင် ဖြစ်ပါသည်။
ဆူဇူကီးကားလေးတစ်စင်း ၀င်ပေါက်မှ ထွက်လာ၏။
ကားလေးက သေးသေးကွေးကွေး။ ကားမောင်းသူက မျက်မှန်အထူကြီးနှင့် လေးလေးကန်ကန်။
ဖြစ်ချင်တော့  ထိုစဉ် Sedona သို့ အရှိန်ပြင်းစွာ မောင်းဝင်လာသော Surf ကားကြီးတစ်စီးနှင့် ထိပ်တိုက်တိုးလေတော့သည်။
ကျွီကနဲ ဘရိတ်အုပ်သံများ ဆူညံ၍သွား၏။
နှစ်စင်းစလုံး ဗြုန်းကနဲ ရပ်တန့်သွား။ အနီးနားမှ လူတွေ ငေးကြည့်လိုက်ကြ၏။

ကားတွေက ဘာမှ မဖြစ်ပါ။ ဘာဆို ဘာမှကို မဖြစ်လိုက်ပါ။
ခြစ်မိ ပွတ်မိခြင်းကလေးမျှ မရှိ။

ထိုစဉ်တွင် Surf ကားကြီးပေါ် ပါလာသူက ထင်မှတ်မထားသော အပြုအမူ တစ်ခုကို ပြုလုပ်လိုက်သည်။
ကားတံခါးကို ၀ုန်းကနဲဖွင့် ကားပေါ်မှ ဒိုင်းကနဲ ဆင်းလာခြင်းပင်။
လက်ထဲတွင် ဘေ့ဘောရိုက်သော တုတ်တံကြီးနှင့်။

ဆူဇူကီးကားလေးပေါ်မှ မျက်မှန်သမားကိုလှမ်းအော်သည်။
'ဟေ့ကောင် --မသား ဆင်းခဲ့စမ်း၊ ကားမောင်းတာ မျက်စိမပါဘူးလား၊ ငါ့ဘာကောင်အောက်မေ့လဲ၊ ငါ ...'
ချက်ချင်းပင် ဖရုဿဝါစာပေါင်းစုံသွားလေတော့သည်
ဆူဇူကီးကားပေါ်မှလူက ကြောင်နေ၏။ ဆင်းမလာ။
ထိုစဉ် ဆင်းသာလာလို့ကတော့ ဘေ့ဘောတုတ်တံကြီးနှင့် မိတ်ဆက်ခံလိုက်ရမည်မှာ မလွဲပေ။

အနီးနားရှိနေသော လုံခြုံရေးဝန်ထမ်းကလေးတွေက Surf ကားကြီးပေါ်မှ ဆင်းလာသူ သကောင့်သားကို ၀ိုင်းဖြောင်းဖြကြ၏။
သို့သော် သူက မရ။ အရှိန်က တက်နေဆဲ။
လက်သီးလက်မောင်းတွေ တန်း။ ဖရုဿဝါစာတွေကို ရက်ပ်စာသားလို တတွတ်တွတ်ရွတ်။
ငါ့ ဘာကောင်အောက်မေ့နေလဲ ဟူသော စကားကိုလည်း အခွန်းချင်း ထပ်အောင်ပြောနေ၏။
တကယ်တော့ သူက ဘာကောင်မှ မဟုတ်ပါ။ သို့သော် အကောင်သားတော့ ဖြစ်နေ၏။
သူ့အဖေက မှုးကြီး တစ်ဦး။ သူက ဒီ Sedona မှာ Gym လာဆော့နေကျ။
သူ့ကား တရှိန်ထိုးမောင်းဝင်လာရင် သိသူတွေက ဖယ်ပေးကြရမြဲ။

ဆူဇူကီးကားပေါ်မှ လူက သူ့ဇနီးသည်ကို ရုံးလိုက်ပို့ခြင်းဖြစ်ပါသည်။
သူ့ဇနီးရုံးက Sedona အပေါ် သုံးထပ်မှာ
ရုန်းရင်းဆန်ခတ်အခြေအနေကို သူ့ဇနီးက မြင်တော့ သူမအဖေ၏ PSO ဆီ ဖုန်းကောက်ဆက်၏။
ချက်ချင်းဆိုသလို PSO ရောက်လာသည်။
သောင်းကျန်းနေတဲ့ Surf ကားရှင် သရဲကောင်းကြီးကို နားရင်းပြေးတီး၏။
ပြီးတော့ ဂုတ်ကဆွဲခေါ်လာကာ သုံးထပ်အထိ ခေါ်လာ၏။ တောင်းပန်ခိုင်းသည်။
ဒီလိုဆိုတော့ ရမ်းကားနေသူကြီးက သွေးအရှိသား။ ဒူးထောက်ပြီးကို တောင်းပန်လေသည်။
ဘာကြောင့်ပါနည်း။ ဆူဇူကီးကားရှင်း၏ ဇနီးမှာ သူ့ထက်ကြီးသော ချုပ်တစ်ဦး၏သမီးတော် ဖြစ်နေသည်ကိုး။

အကယ်၍ ထိုနေရာတွင် သာမာန်ရိုးရိုးလူတစ်ဦးသာ ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။
ချုပ်သမီးနှင့် သမက်ဖြစ်လျက် အေးအေးနေသူများရှိသလို အတော်နည်းပါသည်။
ယခုကဲ့သို မှုးကြီးသားလောက်ဖြစ်လျက် ရမ်းကားနေသူ အတော်တော်များများကို တွေ့ခဲ့ရဘူးသည်။

နောက်ဇာတ်လမ်းတစ်ပုဒ် ထပ်ပြောပါဦးမည်။
ရွှေနှင်းဆီလမ်းသို့ အေးဆေးစွာ မောင်းလာသောကားတစ်စီးအကြောင်းဖြစ်၏။
၇မိုင်နားအရောက်တွင် ရှေ့မှ သွားနေသော ကားတစ်စီးကို ကျော်တက်လိုက်မိ၏။
ဘာမှလည်း မဟုတ် ရိုးရိုးကျော်မိရုံပါ။
ကျော်မိလိုက်ခြင်းမှာပင် နောက်ကားပေါ်က လူက ဟွန်းသံအကျယ်ကြီးကို ပြုလိုက်သည်။
ပြီးတော့ လိုက်တိုက်တော့တာပါပဲ။
ဟိုလူ့ခမျာမောင်းပြေးရသည်။

ထိုနေ့မှ စကာ ၇မိုင်နား သူ မဖြတ်ရဲတော့။
ဟိုက သူ့ကားမြင်တိုင်း လိုက်တိုက်နေသည်လေ။
တိုက်သူ ဘယ်သူလဲ သူသိပါသည်။
ယင်း၏ ဖခင်ကို သွားပြောပြ၏။ ကျနော့်ကို ဒီလိုပဲ လုပ်နေပါတယ်ဆိုတော့ ...
ဟိုက ရယ်၍သာ နေသည်။
ဒီတော့ သူ့ခမျာ ရွှေနှင်းဆီလမ်းလာတိုင်း မြောက်ဥက္ကလာဘက်ကချည်း လှည့်လာနေရပါလေတော့သည်။

မကြာသေးခင်ကတင် သတင်းတစ်ခုကြားပါသေးသည်။
ဝန်ကြီးတစ်ပါးအိမ်ကို ရှေ့ပေါက်မှ ၀င်မိလို့ အရာချခံရသည်ဆိုလား

ဒီလို စိတ်ဓာတ်မျိုးတွေနှင့် ဘယ်လို အကြီးအကဲလုပ်ကြမည်နည်း။
နေရာတစ်ခုရလိုက်သည်နှင့် လူတွေက ကိုယ့်ကိုယ်ကို နေနတ်ဘုရားလိုလို ထင်သွားတော့သည်။
ကျောမွဲများအပေါ် ထင်သလိုပြုကျင့်၊ အားလုံးတရားသည်ပေါ့။
သူတို့ သားသမီးတွေကတော့ ပိုဆိုးပါသည်။

ဇာတ်လမ်းလေးတွေ ပြောစရာ အများကြီးရှိပါသေးသည်။
တစ်ချို့ဇာတ်လမ်းတွေက အလွယ်နှင့် ပြီးသွားပေမယ့် တစ်ချို့ဇာတ်လမ်းတွေကတော့ ရင်နာစရာ ပြန်မပြောပြနိုင်စရာ ကြေကွဲမှုဖြင် အဆုံးသတ်သွားကြရှာ၏။

ထို့ကြောင့် ...
ထိုအချက်များကြောင့် ကျနော် အာဏာရှင်စနစ်ကို မုန်းပါသည်။
တူးတူးခါးခါးကို မုန်းပါသည်။
ဘယ်သူ အစိုးရလုပ်ပါဟု ကျနော် တောင်းဆိုနေခြင်းမဟုတ်ပါ။
ဘယ်သူတက်တက် အာဏာရှင် စနစ်ကိုတော့ မပြန့်ပွားစေလိုပါ။

အိမ်က ကွန်ပြူတာ ပျက်နေ၍ ဒီစာကို အင်တာနက်ဆိုင်မှာ လာရေးပါသည်။
ဆိုင်သို့အလာ ကားလမ်းအကူးတွင် ကားတစ်စင်းက ၀ှီးကနဲ ဖြတ်ကျော်သွား၏။
ကျနော့်မှာ အသည်းအေးကနဲ ဖြစ်သွားရသည်။ တကယ့်ကို သီသီကလေး။
နောက်ထပ် ၁ပေလောက်သာနီးရင် ကျနော် ဒီလောကကြီးမှာ မရှိတော့။
မျက်မှန်ကိုပင့်ကာ အပြင်းဆက်မောင်းသွားသော ကားကို လှမ်းကြည့်တော့ စတစ်ကာ အနက်တွေကပ်ထားတာကို တွေ့၏။
ကားနံပါတ်ကိုလည်း ရောင်ပြန်များနှင့် လုပ်ထားတော့ ဖတ်ရခက်နေသည်။
တွေ့ရိုးတွေ့စဉ် ဖောင်းကြွစာလုံးများ မဟုတ်။
ဘယ်ကားမှ စတစ်ကာ မကပ်ရဘူးလို့ စည်းကမ်းထားသည် မဟုတ်လား ကျနော် မသိတော့။

ဥပဒေဖြစ်စေ၊ အမိန့်ဖြစ်စေ၊ စည်းကမ်းဖြစ်စေ၊
ထိပ်ဆုံးမှ အောက်ဆုံးအထိ တပြေးညီ တစ်ပုံစံတည်း လိုက်နာကြသော ခေတ်ကို ရောက်လိုလှပါသည်။

သွန်းနေစိုး Thorn Nay Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...