Meditation is beyond the Mind.
by Zay Ya on Wednesday, February 29, 2012 at 8:46pm ·
Meditation ဆိုတဲ့ စကား ကို မြန်မာမှု ပြုတဲ့အခါ ဘာဝနာ လို့ သုံးစွဲခဲ့ပါတယ်။
ဒါပေမယ့် စင်စစ် ဘာဝနာ ဆိုတဲ့ စကားက Meditation ဆိုတဲ့ စကားရပ်ထက် ပိုကျယ်ပြန့်တယ်။ အနောက်တိုင်း ရဲ့ အသုံးအနှုန်းမှာ Meditation ကို နားလည်တာက ~
၁. Concentration စိတ်စူးစိုက်မှု
၂. Contemplation အနုလုံ ပဋိလုံ ဆင်ခြင်မှု
စသဖြင့် တွေနဲ့ ရောယှက် နားလည်ယူပါတယ်။
ဒါ့ကြောင့် အရှေ့တိုင်းရဲ့ စကားရပ် ဖြစ်တဲ့ ဘာဝနာ ၊ ဝိပဿနာ ဆိုတဲ့ စကားတွေအတွက် တိုက်ရိုက် ဖလှယ်ယူမယ့် စကားရပ် အင်္ဂလိပ်စကားမှာ ရှားပါးတယ်။ အနောက်တိုင်းရဲ့ သိမှု နယ်ပယ်မှာ ခွဲခြမ်းစိတ်ဖြာမှု ပါတယ်။ နည်းပညာ သဘောပါတယ်။ ဝတ္ထုရပ် တစ်ခုက ရှေ့ဆောင်ပါတယ်။ သိမှု နယ်ပယ်ဟာ သိမှု သက်သက် ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ဆိုလိုတယ်။
စင်စစ် ဘာဝနာဟာ Concentration လည်း မဟုတ်သလို၊ Contemplation လည်း မဟုတ်ဘူး။ ဖြစ်တည်လာသမျှ ခဏတိုင်းအပေါ် အပြည့်အဝ သိမှတ်နေရုံ မျှလေး ဖြစ်ပါတယ်။ သူ့ အတွက် ဝတ္ထုက အရေးမပါဘူး။ ဘာဝတ္ထုလဲ ၊ ဘယ်အရာလဲ ဆိုတာ မမေး ပါဘူး။ ဖြစ်လာသမျှ သိမှတ်မှု ရှိပါသလား ။ အဲ့ဒီ သိမှတ်ရုံမျှလေး ဟာ ဘာဝနာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာဝနာ ဟာ ဝတ္ထုတစ်ခုပေါ် ဦးတည် မနေဘူး။ စူးစိုက်မနေဘူး။
စူးစိုက်မှု။ ဒီစကား ဟာ စိတ်နဲ့ ရုပ်တို့ ရဲ့ အခြားဖြစ်တည် သမျှ အပေါ် ထားရစ်ခဲ့ပြီး တစ်နေရာ တစ်ခုတည်း ကို ဦးတည် ရည်ရွယ်မှု ပါရှိနေ ပါတယ်။ စိတ် ကို အခြား ပျံ့လွင့် မနေဘဲ၊ ( ဝါ ) အခြားအရာတွေ ကိုလည်း သိမြင်မထားဘဲ ~ သတ်မှတ်ရာ အာရုံတစ်ခု တည်း အပေါ်မှာ စူးစိုက် တည်ရှိနေတယ်။ စိတ် စူးစိုက်မှု ဟာ သိပ္ပံနယ်မှာ၊ လုပ်ငန်းခွင်တွေ မှာ ၊ လူ့လောကီ အရေးအရာတွေမှာလည်း အထင်ကရ နေရာ ယူထား ပါတယ်။ ပညာရေး စနစ်တွေနဲ့ အရေးအရာပေါင်း များစွာက လူတွေအတွက် စူးစိုက်မှုကို လိုလားနေတယ်။ ဒီအရေးအရာတွေ ကို ဖြေရှင်း ရာမှာ လူတွေ အတွက် စိတ်စူးစိုက်မှု က လိုအပ်နေ ပါတယ်။ ကျောင်းတစ်ခု မှာ ကျောင်းသားတွေ ဟာ ဆရာ သင်ကြားနေ သမျှ အာရုံ စူးစိုက် နားထောင်နေရတယ်။ ပညာရှင် တစ်ယောက်ဟာ သူ လေ့လာနေရာ ဘာသာရပ် အပေါ် အာရုံ စူးစိုက် မှု ရှိတယ်။ အလုပ်တစ်ခု အောင်မြင်ဖို့ လုပ်ကိုင်ရာမှာ စူးစိုက်မှု ရှိမှ ထိုးဖောက် အောင်မြင်နိုင်တယ်။
အနုလုံ ပဋိလုံ ဆင်ခြင်မှု။ ဒီစကားဟာလည်း စူးစိုက်မှုနဲ့ ထူးမခြားနား ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေမှာ ဒီအရာကို စင်စစ် လိုအပ်နေတယ်။ ဘယ်အရေးအရာကို ရှင်းမလဲ ~ ဆင်ခြင်မှုက ရှေ့ဆောင်သွား နေရတယ်။ အပြန်ပြန် အလှန်လှန် စဉ်းစားရတယ်။ ပညာရှင် ဖြစ်စေ၊ ကျောင်းသား ဖြစ်စေ၊ လုပ်ငန်းရှင် ဖြစ်စေ အရာတစ်ခုကို ဦးတည်ထားပြီး ဝေဖန်ပိုင်းခြားမှု ပြုရပါတယ်။
ဒါ့ကြောင့် ထပ်ကြည့်ကြည့်ရင် စူးစိုက်မှုရော ဆင်ခြင်မှု ရော နှစ်ခုစလုံးဟာ ဝတ္ထုသဘော ပါတယ်။ မိမိ စိတ်အတွင်းပိုင်း မှာသာ လှည့်ပတ်နေတယ်။ အားသန်ရာ ဝတ္ထုနဲ့ နွယ်ယှက်ရင်း စိတ်အတွင်း ချယ်လှယ် နေတာတွေသာ ဖြစ်နေပါတယ်။
ဘာဝနာက အဲ့နှစ်ခုစလုံး မဟုတ်ဘူး။ အဲ့နှစ်ခုစလုံးကို ဖယ်ချတယ်။ ဒါ့ကြောင့်လည်း ဘာဝနာကို ပြုကျင့်ဖို့ ရာ လောကီ ရေးရာမှာ ခက်ခဲနေတာ ဖြစ်ပါတယ်။
စင်စစ် ဘာဝနာမှာ ဝတ္ထု သဘော မရှိဘူး။ မိမိ သန္တာန် ဖြစ်တည် လာသမျှ ဝေဖန် ပိုင်းခြား ထားတာ လည်း မဟုတ်ဘူး။ အခုခဏ အပေါ် သိမှတ် ထားရုံ မျှလေး ဖြစ်ပါတယ်။ အခုခဏ အပေါ် အားလုံး လက်ခံသလို၊ အခုခဏ ကုန်ဆုံးရင် အားလုံး ဖယ်ချထားပြီး ဖြစ်တယ်။ ဒီခဏမှာ တင် ရပ်တန့် သွားသလို ဒီခဏရဲ့ ဖြစ်တည်သမျှ အားလုံးကိုလည်း သိပါတယ်။ ဒါ့ကြောင့် ဘာဝနာ ဟာ စိတ်အတွင်းမှာ မဟုတ်ဘူး လို့ ထပ်ပြော ရပါလိမ့်မယ်။ စိတ် အတွေး ကို ကျော်လွန်တယ်။ စိတ် စူးစိုက်မှု လည်း ပျောက်ကွယ် နေတယ်။ အခုခဏ ရဲ့ သတိ ၊ အသိ သာ ပဓာန ဖြစ်ပြီး၊ ဝတ္ထု အထည်ဒြပ် ကင်းဆိတ်နေပါတယ်။
..............
Feb 29th 2012 at 8:15 PM
..............
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
0 comments:
Post a Comment