Monday, February 27, 2012

ဤခရီးနီးသလား၊ ပြည်သူအများ အရောက်သွားဖို့လိုပါသည် (ဒေါက်တာ မြတ်ဥာဏစိုး)

by Ko Kyi Win on Monday, February 27, 2012 at 4:56pm ·
 
အဖွဲ့ချုပ်ကကျွန်တော့်အား နွေးထွေးစွာကြိုဆိုလေသည်။ ကျွန်တော်လည်း ရေကူးလိုက်နေရသည်မဟုတ်သော်လည်း လှေငယ်လေးနှင့်လှော်နေရတာ ပင်ပန်းလှပါပြီ။ မိခင်သင်္ဘောကြီးပေါ်သို့ ရောက်မှစိတ်အေးရပါတော့သည်။ သင်္ဘောကြီး၏မာလိန်မှုးကလည်း တောက်ပခိုင်မာသောအပြုံးနှင့် ကြိုလင့်နေ၏ ဟုတ်ပေသည်။ ရဲရင့်သော၊ ခိုင်ကြည်သောနှလုံးသားနှင့် ပြည်သူများကိုချစ်တတ်သောသူ။ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်း များကို အကောင်းဆုံးဖြည့်စွမ်းပေးမည့်သူ။ ပြည်သူ့အသည်းကျော် ကျွန်တော်ချစ်ရသော ကျွန်တော့်ရဲ့အန်တီစုရယ်ပါ။

            သူနှင့်အတူတကွတွဲဖက်ထားသော ပဲ့စင်အရာရှိများကလည်း နှစ် ၂၀ ကျော်ပွဲပန်းခဲ့သော်ငြားလည်း လန်းဆန်း နေသောအားမာန်များနှင့်ပါ။  အရေးကြုံလျှင်ကူညီပေးသွားမည့်ဝါရင့်ရေကြောင်း လမ်းညွန်ကြီးများနှင့်တူသည့် နာယကဘဘများလည်း စိတ်ပျို၍ကိုယ်နုနေပါသည်။
ကျွန်တော်တို့လူငယ်တွေကတော့ သံချေးခေါက်စရာရှိလျှင် ခေါက်မည်ခွာမည်။ ကုန်းပတ်တိုက်စရာရှိလိုကတိုက်မည်။ စက်ခန်းသန့်ရှင်ရေးဆိုလျှင်လည်း အဆင်သင့်။ ဆီလောင်အဆင့်လောက်ပင်မမှန်းပါ။ သင်္ဘောကြီးအတွက်ကျရာနေရာမှ ၀ိုင်းဝန်းကြရမည်သာ။

            သင်္ဘေကြီးပေါ်သို့အရောက် စိတ်အေးရပေမယ့် စိတ်ချရသည့်အနေအထားတော့ မဟုတ်သေးပါ။ အဘယ်သို့ ကြောင့်နည်း။ ၂၀၁၀ တုန်းကလှေငယ်လေးနှင့် ဖြတ်ကျော်ခဲ့ဖူးသည့်ခရီးတစ်ခုကို ၂၀၁၁ ဧပြီလတွင် သင်္ဘောကြီးဖြင့် ဖြတ်ကျော်မည့်ဆဲဆဲ လမ်းခရီးတွင် အတားအဆီး၊ အနှောက်အယှက်များကရှိနေပြန်ပါတယ်။ ၂၀၁၀ တုန်းကကျွန်တော်တို့ တစ်ခါသေခဲ့ဖူးပါပြီ။ ပြည်သူများကလည်း ပျဉ်ဖိုးမည်မျှအတိအကျသိလွန်းသပပေါ့လေ။ ရေကြောင်းထိမ်းသိမ်းရေးမှုး ပြည်ထောင်စုကော်မရှင်ဥက္ကဌကြီးက မည်သို့ပင်မြွက်ကြားမြွက်ကြား ဗေဒါများ၊ ဒိုက်ပင်များ၊ သစ်မျှောသစ်ဆွေးတုံးများကလည်း သူ့သဘောနှင့်သူ သင်္ဘောကြီးရဲ့အရှိန်ကို တုံ့ဆိုင်းအောင် ပြုမူနေကြပြန်ပါတယ်။

            ပြည်သူအများစုရဲ့ဆန္ဒကိုလေးစားသောအားဖြင့် ဤသင်္ဘောကြီးကမ်းမှခွာလာခဲ့တာဖြစ်ပါတယ်။ ဤကားမြစ်ငယ်၊ ၂၀၁၅ ကျမှမြစ်ပြင်ကျယ်ဟု ဆို၍မရပါ။ သင်္ဘောကြီး၏ခုတ်အားသည် ကျဉ်းသည်ကျယ်သူမဆို။ ပြည်သူ့အလိုအရ စွမ်းအားပြည့်သာရှိပါလိမ့်မည်။ ရေကြောင်းအတွင်းသို့ အမှိုက်များပစ်ချဖျက်ဆီးနေသောသူများကို အချိန်မီတားဆီးဖို့လိုပါသည်။ သင်္ဘောကြီး၏စွမ်းအားမြင့်အရှိန်နှင့် တိုးတိုက်မိပါက ဆိုးကျိုများစွာကြုံတွေ့ရပါလိမ့်မည်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်များကို ပြည့်ဝအောင်ဖော်ဆောင်ပေးနေသော လွတ်တော်ဆိပ်ကမ်းသို့အရောက်၊ ပြည်သူ့ကိုယ်စားလှယ်များကို ပို့ဆောင်ပေးရန် သင်္ဘောကြီးကတော့ ခုတ်မောင်း၍ လာနေပါပြီ။
            လွတ်တော်ဆိပ်ကမ်းမှ ပြည်သူ့ကိုယ်စားလှယ်များကလည်း တရားမဲ့ပြုကျင့်မှုများကို လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။ ပြည်သူတို့၏လွတ်တော်ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များ၏ လာရာလမ်းခရီးလုံခြုံမှုကို ကူညီဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။ မိမိတို့အကျိုးကို ပြည်သူ့အကျိုးထက် ပိုမိုရှေ့တန်းတင်ကာ မအပ်မရာဆောင်ရွက်နေသည့် အမှိုက်စွန့်သူများကို သတိထားကြဖို့လိုပါသည်။

            ခရီးလမ်းကြောင်းမှ အမှိုက်များကိစ္စသည် အရေးကြီးသောကိစ္စဖြစ်ပါသည်။ အမှိုက်ကစ ပြသာဒ်မီးမလောင် စေရအောင် ပြည်သူအများက၀ိုင်းဝန်းကုညီကြဖို့လိုပါသည်။ အမှိုက်စွန့်သူများကို ဖော်ထုတ်အရေးယူဖို့လိုပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှ အမှောင်လွမ်းခဲ့သောဇတ်လမ်း၊ ဇတ်ကွက်သည် တစ်ခန်းရပ်အဖြစ်သာမက မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်တွင် ဘယ်တော့မှမတင်ဆက်တော့မည့် ဇတ်လမ်းဖြစ်ရပါမည်။

            ပြည်သူ့အားကိုးဖြင့်မောင်းနှင်နေသော ပြည်သူ့သင်္ဘောကြီး၏ လိုရာစခန်းသို့အရောက် ပြည်သူများက နိုးကြားတက်ကြွစွာ၊ ဆင်ခြင်တုံတရားကြီးစွာ ဖေးမစောင့်ရှောက်ကြရမည်သာ..။
            ပြည်သူ့အားကို မှေးမှိန်အောင် မဆင်မခြင်ကြံစည်လျှင် ပြည်သူဒဏ်ခတ်မှုကို မလွဲမသွေ ခံရပါလိမ့်မည်။

(27.2.2012 နေ့ထုတ် ဒီလှိုင်းစာစောင်မှ ဒေါက်တာ မြတ်ဥာဏစိုးရေးသားသော ဆောင်းပါးကို ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...