Monday, February 27, 2012

သတိလေးနဲ့ လိုတိုး ပိုလျှော့

by Nyein Soe Oo on Tuesday, February 28, 2012 at 12:35pm ·

http://www.nyeinsoeoo.com/2012/02/blog-post_5547.html

                ကျောင်းသားကျောင်းသူများသည် စာမေးပွဲနှင့် နီးကပ်လာပါက စိတ်လှုပ်ရှားမှုပိုမိုလာတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည် ။ အထူးသဖြင့်တက္ကသိုလ်ဝင်တန်း ကို ဖြေဆိုကြမည့်ကျောင်းသား ကျောင်းသူ များမှာ ပို၍ပင် စိတ်လှုပ်ရှားတတ်ကြပါသည် ။ စာမေးပွဲနှင့် နီးကပ်လာတော့မှ စာကျက်ချိန်ကို ပိုမိုတိုးခြင်းကို ပြုလုပ်တတ်ကြပါသည် ။ ယခင်က အချိန်ကို ခွဲဝေ အသုံးပြုနိုင်မှု အားနည်းခဲ့သော ကျောင်းသားကျောင်းသူ များမှာ ပို၍ပင် မတည်မငြိမ် ဖြစ်တတ်ကြပါသည် ။ အိပ်ရေးပျက်အောင် စာကို မကျက်မှတ်သင့်သည်ကို သတိမပြုဘဲ အချိန်ကို တိုး၍ ညပိုင်းတွင် ကျက်မှတ်ကြသောအခါ နေ့လည်တွင် ပြန်လည် အိပ်ငိုက်တတ်ကြ ပါတော့သည် ။ အမှန်တကယ် စာမေးပွဲဖြေဆိုရမည့် အချိန်မှာ နေ့ခင်းပိုင်းတွင်ဖြစ်သဖြင့် စာမေးပွဲတွင် အိပ်ငိုက်စိတ်က လွှမ်းမိုးနေတတ်ကြသည်ကို သတိမပြုမိကြတော့ပါ ။ စာမေးပွဲဖြေဆိုရင်း ငိုက်မြည်းစိတ်ကြောင့် နံပတ်မှားခြင်း ၊ တိကျစွာ မရေးသားနိုင်ခြင်းများဖြင့် မိမိတို့၏ စွမ်းရည်ကို တိကျစွာ မရနိုင်တော့သည်ကို သတိပြုသင့်ကြပါသည် ။
အချို့သော ကျောင်းသား ကျောင်းသူများမှာ မအိပ်ဆေး ၊ ကော်ဖီမစ် ၊ လဖက် စသည်တို့ကို အသုံးပြု၍ စာကို ကျက်မှတ်တတ်ကြပါသည် ။ ထိုအရာများ၏ ဆိုးကျိုးပေးတတ်မှုကို မတွက်ဆနိုင်ကြသောကြောင့် ဖြစ်ပါသည် ။ အချို့ကျောင်းသားကျောင်းသူတို့မှာ ကော်ဖီမစ်ထုတ်ကို လျှက်ဆားကဲ့သို့ တို့ကာ တို့ကာ စားနေတတ် ကြပါသည် ။ ဝေဒနာကို ခေါ်ယူနေသကဲ့သို့ဖြစ်ကြောင်းမသိကြပါ ။ နီးစပ်သော ဆရာဆရာမ ၊ အုပ်ထိမ်းသူများက သေချာစွာစောင့်ရှောက်ကြည့်ရှုသင့်ကြပါသည် ။ ဤကဲ့သိုမပြုမူနိုင်စေရန် လည်း သတိပေးစကားများ ကို ပြောပြရပါမည် ။ မှားယွင်းနေသော အပြုအမူများ နည်းမှသာ  မိမိတို့ လိုအပ်သော အောင်မြင်မှုကို နည်းမှန်လမ်းမှန်ဖြင့် ရရှိစေနိုင်ကြောင်းကို စည်းရုံးပညာပေးခြင်းဖြင့် သိရှိစေရန်လိုအပ် ပါသည် ။
                 စာရေးဆရာမောင်သာချို၏ အဖြစ်တစ်ခုကို သတိရမိပါသည် ။ ဆရာမောင်သာချိုမှာ စာပေဟောပြောပွဲ ခရီးများသွား၍ ယခုအချိန်၌ မြန်မာနိုင်ငံတွင် အများဆုံးဟောပြောနေရသူတစ်ဦးလည်းဖြစ်ပါသည် ။ တစ်ခါတစ်ရံတွင် ပွဲကူးချိန်မှာ အချိန်လုရတတ်ပါသည် ။ ညဖက်တွင်ဟောပြောပြီး ခရီးဆက် ၊ နောက်နေ့ညတွင် တစ်နေရာမှာဟော စသည်ဖြင့် အချိန်ကို သုံးနေရတတ်သူတစ်ယောက်ဖြစ်ပါသည် ။ တစ်နံနက်တွင် အခြားတစ်နေရာသို့ ပွဲကူးရန်ကားစီးရင်း ခရီးဆက်နေရပါသည် ။ စကားပြောသောအခါ အသံဝင်နေသောကြောင့် ညပွဲတွင် အခက်အခဲဖြစ်မည်ကို စိုးရိမ်သွားပါသည် ။ ဟောပြောပွဲနေရာမှ ပေးလိုက်သော လျက်ဆား ပုလင်းကလည်း အသင့်ရှိနေပါသည် ။ ထိုအခါ လျှက်ဆားကို လက်ခုပ်ထဲသို့ထည့်လိုက် တမြုံ့မြုံ့နေလိုက် မျိုချလိုက်ဖြင့် ခရီးဆက်ခဲ့ပါသည် ။ လမ်းတွင်ပင် ထမင်းကိုစားရပြီး ဟောပြောရမည့်နေရာသို့ ညနေစောင်း တွင်  ရောက်ပါသည် ။ သို့သော်ဆရာ မောင်သာချိုမှာ ၀မ်းတွင်ဆုတ်ညှစ်ထာားသကဲ့သို့ ခံစားနေရပါသည် ။ တည်းခိုမည့်နေရာ၌ နေရာချထားပြီးချိန်တွင် ပိုမိုဆိုးလာသဖြင့် ဆရာဝန်ကို အလျင်စလို ခေါ် ရပါတော့သည် ။ စာပေဟောပြောပွဲကို စီစဉ်သူများ၏အားထုတ်မှု ၊ ဆရာဝန်၏ စေတနာကူညီမှုကို ခံစားရပါသည် ။ ဆရာဝန်က အဖြစ်ကိုမေးပြီး လိုအပ်သောဆေးဝါးများဖြင့်စောင့်ရှောက်ခဲ့သောကြောင့် ထိုနေ့ညတွင် ဟောပြောနိုင် ခဲ့ပါသည် ။ ဆရာဝန်က ရှင်းပြသည်မှာ လျက်ဆားကို တစ်ပုလင်းလုံးအသုံးပြုခြင်းသည် သေကြောင်းကြံသည်နှင့်တူကြေင်း ၊ ၀မ်းတွင်းမှ ရေဓာတ်များကို လျှက်ဆားက စုပ်ယူလိုက်သဖြင့် ရေဓာတ်ဆုံးရှုံးရသော အူ စသည်တို့က မခံမရပ်နိုင်ဖြစ်လာရကြောင်း ၊ အချိန်မီကုသမှုမရပါက စိုးရိမ်ရကြောင်း ပြောပြခဲ့ချိန်ရောက်မှ မိမိ၏ နားမလည်သော အမှားကိုသိနိုင်ခဲ့ပါတော့သည် ။ ဗဟုသုတများပြားသော သူများပင် မိမိနားမ လည်နိုင်သော အခြေအနေများနှင့် ကြုံရတတ်ပါသည် ။ ငယ်ရွယ်သော ကျောင်းသားကျောင်းသူများအတွက်မူ ပညာသတိ အားနည်းမှုအမှားများကို အမှန်ဟုထင်ကာ ပြုလုပ်နေတတ်ကြသဖြင့် အုပ်ထိမ်းသူနှင့် ဆရာ ဆရာမများက ကူညီစောင့်ရှောက်ကြရမည်သာ ဖြစ်ပါသည် ။
               လူတို့၏သဘာဝမှာ စေ့စပ်သေချာစွာ မသိသေးသော်လည်း အသုံးချတတ်ကြသည့် သဘာဝရှိနေတတ်ကြပါသည် ။ အချို့ကိစ္စများမှာ မိမိက နားလည်ရန်မလိုဘဲ အသုံးပြုနိုင်သောကိစ္စများကလည်း အဆင် သင့် ရှိနေတတ်ပါသည် ။ သို့သော် ပြန်လည်၍ ဆိုးကျိုးကိုပေးတတ်ကြသည်ကိုမူ မေ့လှျော့့နေတတ်ကြပါသည် ။ သတိထားတတ်မှုအားနည်းခြင်းပင်ဖြစ်ပါသည် ။ သတိထားလွန်းပါကလည်း သံသယများသည့်အဖြစ်က လုပ်ဆောင်မှုကို နှောင့်နှေးစေတတ်ပါသည် ။ တတ်နိုင်သမျှ သတိဖြင့် ကြိုတင်ပြင်ဆင်မှုကို အရယူသကဲ့သို့ မမျှော်လင့်သော အဖြစ်တို့နှင့်ကြုံလာပါကလည်း နားလည်တတ်ကျွမ်းသူတို့၏ အကူအညီကို အရယူကြရ မည်သာဖြစ်ပါသည် ။ သို့မှသာ ပညာဖြင့် ဆောင်ရွက်တတ်သော လူသားများဟူသည့် ဂုဏ်ရည်ကို ပိုင်ဆိုင်နိုင်ကြမည်ဟု ထင်မြင်နေမိပါတော့သည် ။

သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
ငြိမ်းစိုးဦး
( 27 ; 2 ; 2012 )
http://nyeinsoeoo.multiply.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...