ကျွန်ုပ်နှင့် ရုရှား ၄ နှစ်တာ။ (၂)
ဒီ
အပိုင်းလေးကိုတော့ သူများပြောထားသမျှ တီးမိခေါက်မိသမျှ
သမိုင်းအကြမ်းဖျင်း လေးနဲ့စကြည့်မယ်နော်။ သမိုင်းဆိုတာ ကလည်း
ကိုယ်မြင်ရတာမှ မဟုတ်တော့လည်း ခက်သား။ ပညာရှင်များလည်း သုတေသန
လုပ်ပြီးတွေ့သမျှ၊ မြင်သမျှလေး ရေးကြရတာ။ ကိုယ်တွေကတော့
ပါးစပ်အဟောင်းသားနဲ့ ဟိုလှန်ဒီလှန် ဟိုကြည့်ဒီကြည့်လောက် လုပ်နိုင်တာ။
ခုခေတ်လို vcd တို့ mp3 တို့ ကြည့်လို့၊ နားထောင်လို့ရရင်လည်းကောင်းသား။
ဒါတောင် ဖိန့်ဖိန့်ကြီးတို့ အင်ကြီးတို့ နဲ့တိုးနေရင် ခက်မယ်။
ငါကအတော်ဆိုးတာဆိုပြီး ရေးသွားတဲ့ သမိုင်းကမရှိသလောက် ရှားတယ်။ ဆိုးတာကော
ကောင်းတာကော ဆိုတာလည်းရှားတယ်။ ငါ့အမျိုးဟဲ့၊ ငါ့ဘက်သားဟဲ့ဆိုပြီး
ကာရေးချင် ရေးတာပဲ။ မျက်စိစုံမှိတ်ပြီးလည်း မသိခြင်ထောင်ထောင်တာပဲ။
လူ့ရဲ့သဘာဝကိုက အတ္တနဲ့ တည်ဆောက်ထားတာကိုး။
အဲ့ဒီ့တော့ ဘယ်သူကတော့ သမိုင်းမှာဘယ်လိုကြီးဟဲ့ ဆိုပြီး နွားမရွှံ့ပိတ် မှတ်ပလိုက်တာထက်…ဟိုဟို ဒီဒီ အချက်အလက်လေးတွေ အပျင်းပြေ ယူကြည့်ရအောင်လား။ အမှန်တော့ သူ့တို့ သမိုင်းရဲ့ အကြမ်းဖျင်းလေးကို တော့ စရေးထဲက ပါရမှာ။ ခေါင်းရှုပ်စရာ ခုနှစ်တွေနဲ့ မြင်မြင်ချင်း ဆောက်နဲ့ထွင်းထဲ့ လိုက်သလို ဖြစ်မှာစိုးလို့ ခုမှပဲ ထည့်လိုက်ရတယ်။ သူများကိုလည်း ကိုယ်ချင်းစာတယ်။ ကိုယ် ကိုယ်တိုင်ကိုက အဲ့ဒီ့ ခုနှစ်သက္ကရာဇ်တွေနဲ့ ဘယ်ဘဝကရန်ကြွေးပါလာသလဲကို မသိဘူး။ အတော့်ကိုမုန်းတာ။ ဒါပေမယ့် လျှို့ဝှက်လွန်းလှတဲ့ ရုရှားလူမျိုးတွေရဲ့ အတိတ်ကို အပျင်းပြေအရသာခံ ဖတ်နိုင်အောင် ဟိုနားဒီနား၊တောင်ကြည့် မြောက်ကြည့်နဲ့ ရှယ်ယာလုပ်တာပါ။ သိလို့ တတ်လို့ မဟုတ်ရပါ။
သမိုင်းဆိုတာကြီးကို မစခင် သူတို့ နယ်နမိတ် ထဲမှာ Kostenki ခရိုင်က Don River bank မှာ လူနေထိုင်ခဲ့တာနဲ့ ပတ်သက်တဲ့ အထောက်အထားကို ဘီစီ သုံးသောင်းနှစ်ထောင် ကျော်လောက်က စတွေ့တယ်ပြောတယ်။ ကျနော်တို့ ဆီမှာတော့ ရှမ်းပြည်နယ်က ဗဒလင်းဂူမှာတွေ့တဲ့ နံရံပန်းချီတွေက လွန်ခဲ့တဲ့ ဘီစီ ၁၀,၀၀၀ ဝန်းကျင် လို့ဆိုပါတယ်။ ဒါကတော့ထားလိုက်ပါတော့လေ။ တိုင်းပြည် အဝန်းအဝိုင်းလေးတွေ စခဲ့တယ်လို့ ဆိုနိုင်တဲ့ နေရာက ပြောကြည့်ရအောင်။ ကျနော်တို့ဆီမှာ ဟိုးအရင် ပျူလူမျိုးတွေ နေခဲ့သလို…သူတို့ဆီမှာ Slav ဆိုတဲ့ လူမျိုးတွေနေခဲ့တယ်။ ၇ ရာစုလောက်မှာ စခဲ့တယ်လို့ပြောတယ်။ slav တွေထက် စောတာတွေလည်းရှိတယ်။ ထင်ရှားတာကတော့ Slav ပဲ။ အဲ့ဒီ့ Slav ဆိုတဲ့ လူတွေစုပေါင်းနေထိုင်လာရင်းကနေ Киевская Русь(ခီးရဲ့ဗ်စကားရား ရုစ်) လို့ခေါ်တဲ့ တိုင်းပြည် တစ်ခုကို ၉ ရာစုမှာစခဲ့တာ။ သူတို့ကတော့ တိုင်းပြည်လို့ဆိုထားတယ်၊ ကျနော့်အထင်တော့ ခေါင်းဆောင်ရှိတဲ့ ခပ်ကြီးကြီး မြို့ တစ်မြို့လောက်ဆို ပိုနီးစပ်မလားပဲ။ Князь Рюрик (ခညဇ် ရူရိခ်) ဆိုတဲ့ မင်းသားကစတည်ထောင်တာ။ ဖတ်ရတာတော့ လျှာလည်ပါလိမ့်မယ်။ ကိုယ်လည်း ခုထိ လည်နေတုန်း။ အတိအကျဆိုရင်တော့ ၉၈၀ လို့ပြောတယ်။ Christian တွေနဲ့စတာပဲ။ပြီးတော့ သူ့ရဲ့သား မင်းသား အီဂိုးရ် ဆိုတဲ့သူတက်လာတယ်။ သူက အရှေ့ ရိုမန်အင်ပါယာကြီးနဲ့တောင် ကုန်သွယ်ရေးစခဲ့တာ။
ဒါတွေက ကျနော်တို့ဆီမှာဆို အနောက်တိဗက် အနွယ်ဝင် ပျူလူမျိုးတွေက ပုဂံ၊ ဟန်လင်း၊ သရေခတ္တရာ၊ ဗိဿနိုး အစရှိသဖြင့် ထူထောင်ခဲ့ကြတဲ့ပုံစံမျိုး ဆင်တယ်။ ကျနော်တို့ အနော်ရထာမင်းတြားကြီးကတော့ ၈၄၉ ခုလောက်မှာ ပုဂံအင်ပါယာကိုဖောင်ဒေးရှင်းစချပြီး ၁၀၄၄ မှာမင်းဆက်စခဲ့တာပါ။ ချာလပတ်တော့ သိပ်မလည်လောက်ပါဘူးနော်။ လည်နေရင်လည်း ကျနော်ရေးတာ အသုံးမကျလို့ပါ။ ဖတ်တဲ့သူတော့မသိဘူး ကိုယ့်ဟာကိုယ်တောင် အတော်လည်နေပြီ။ မသောက်ပဲ မူးရတာပေါ့လေ။ အဲ့တော့ သူတို့တွေရဲ့အစနဲ့ ကျနော်တို့တဲ့ အစသိပ်ကွာလှတယ် မဟုတ်ဘူး။
ဒီလိုနဲ့ ၁၂၄၀ မှာ တာတာမွန်ဂိုတွေ က သိမ်းပိုက်တာကို ခံလိုက်ရတယ်။ မြန်မာနိုင်ငံရဲ့ပုဂံမင်းဆက်ကိုလည်း တာတာတွေက ၁၂၇၇ မှာ လာဆော်သွားသေးတာပဲ။ အဲ့မှာတော့ ရုရှားမင်းသားတွေက တာတာခေါင်းဆောင် ဟန ဆိုသူကို သစ္စာခံပြီး လက်ဆောင်ပဏ္ဏာဆက်ကြရတဲ့ ဘဝပဲ။ တာ့တာ့ ကျွန်ဘဝပေါ့လေ။ အဲ့သစ္စာခံမြို့လေးတွေထဲကပဲ စီးပွားရေးအရကော၊ စစ်ရေးအရပါ အချက်အချာကျတဲ့ မော်စကို (Москва)နဲ့ ထဗျဲရ်(Тверь) ဆိုတဲ့ မြို့ နှစ်မြို့က အတော်ဖွံ့ဖြိုးလာတယ်။ ကျနော်တို့ ဧရာဝတီမြစ်မြစ်ကြီးကို အမှီပြုခဲ့ကြသလိုပဲ သူတို့လည်း မော်စကိုမြစ်ကြီးကို အမှီပြုပြီးရွှေ့လျား တိုးတက်လာခဲ့ကြတာပဲ။ ဒီမြို့ နှစ်မြို့မှာ မော်စကိုမြို့ လူထုရဲ့ အရည်အသွေးနဲ့၊ လူနေမှုအဆင့်အတန်းက ပိုတိုးတက်သွားပြီး ကရင်မလင် နန်းတော်ကို တည်ဆောက်လိုက်တယ်။ အဲ့တုန်းက သစ်သားနန်းတော်ပေါ့လေ။ မော်စကိုရဲ့ မင်းသား (Иван 1) Ivan ကလူလည်။ တာတာ ဘုရင်ကို သူ့ဘက်ပါအောင် ဆွဲစိပါလေရော။ သူတို့ပြောတာတော့ ဆက်ဆံရေးတည်ဆောက်တယ်ပေါ့လေ။ အမှန်တော့ တာတာဘုရင်ကို သွားသွားဖားတာ နေမယ်။ ပြောရက်လိုက်တာနော်…။ သူများဘုရင်ကို မှိုချိုးမျှစ်ချိုး..။ ကိုယ့်လာပြောရင်ကြိုက်မှာ မဟုတ်ဘူး။ ဒါဗျူဟာကွ နားမလည်ဘူးလားလို့ ခပ်တည်တည်နဲ့ ဟောက်ထည့်လိုက်မှာ။
အဲ့ဒီ့မှာ ပွဲကလှသွားတာပဲ။ တာတာဘုရင် အကူအညီနဲ့ သူရဲ့ခေတ်ပြိုင် ထဗျဲရ် မြို့ကို သွားဆော်ပါလေရော။ နိုင်တာပေါ့လေ။ သူ့ပထွေး အကူအညီနဲ့ သွားဆော်တာကိုး။ ခုခေတ်လိုဆို ပနံသင့်တဲ့ ပထွေးကောင်းကောင်း တစ်ယောက်ကို ပိုင်ရင် ဖင်ခေါင်းကျယ်ကြတာမျိုး နေမယ်။ အဲ့ဒီလိုနဲ့ အီဗန် က ၁၃၂၇ မှာ မော်စကိုထီးနန်းကို စတင်ထူထောင်လိုက်တယ်ဆိုပါတော့။ ဒီလိုနဲ့ နေလာတာ Ivan ရဲ့မြေး Дмитрий Донской (Donskio) လက်ထက်ရောက်တော့ သူက တာတာတွေကို လက်ဆောင် ပဏ္ဏာမဆက်ချင်တော့ဘူး။ သစ္စာမခံချင်တော့ဘူး။ ဒီလိုပဲ..သူများကို မတရားသွားလုပ်ထားရင် ဟိုကကြာကြာဘယ်ခံလိမ့်မလဲ။ အဲ့ချိန်မှာ တာတာတွေကလည်း အများကြီးမျို ထားတော့ အစာမကြေတော့ဘူး။ သစ္စာခံတိုင်းပြည်တွေက ဆူပူသောင်းကျန်း နေကြပြီ။ အဲ့တော့ Donskio က Anti လုပ်ပြီး တာတာတွေကိုပြန်ဆော် တော့တယ်။ ၁၃၈၀ စက်တင်ဘာ ၈ ရက်နေ့မှာ လုံးဝနိုင်သွားပါတယ်။ တာတာဆီက လွတ်လပ်ရေးရပါပြီ။ ရုရှားရဲ့မြို့တော်ကြီး မော်စကို ရဲ့ အစဉ်အလာက အဲ့လိုလာတာပါ။ အဲ့ဒါနဲ့ တစ်ဆက်တည်း သိပ်မကြာပါဘူး ဒို့ပြည်မှာလည်း ၁၃၈၅ ကစပြီး အင်းဝ ဟံသာဝတီ ၃၉ နှစ် စစ်ပွဲကြီးစဆော်တာပဲ…နောင်ဂျိန်..နောင်ဂျိန်။
၁၅၃၃ ရောက်တော့ ထူးထူးခြားခြား အီဗန်ဆိုတဲ့ ကလေးလေးက သူ့အဖေကွန်လွန်သွားလို့ ၃ နှစ်သားနဲ့ ဘုရင်ဖြစ်လာတယ်။ ဒီ အီဗန်က ၄ ယောက်မြောက် အီဗန်နော်။ ၃ နှစ်သားကလေးက ဘယ်လိုတိုင်းပြည်အုပ်ချုပ်နိုင်မလဲ။ သူ့အမေက စီမံခန့်ခွဲရတယ်။ နာမည်တော့ ထည့်မရေးတော့ဘူးနော်။ လျှာတွေ လိပ်ကုန်မယ်စိုးလို့။ သူ့အမေကလည်း သူ ၈ နှစ်သားမှာပဲ ကွယ်လွန်သွားတယ်။ ဒီအရွယ်လည်း တိုင်းပြည်ကို ဘယ်အုပ်ချုပ်နိုင်အုံးမလဲနော်။ အဲ့အချိန်မှာ ပိုက်ဆံရှိတဲ့ ဘူဇွာကြီးတွေက တိုင်းပြည်ကို စီမံအုပ်ချုပ်ကြပါလေကော။ အမြဲစားနေရတဲ့ကလေးက ငတ်တယ်ဆိုသလိုပဲ အာဏာရူးပြီး အီဗန်ကို နန်းမပေးချင်တော့ဘူးလေ။ ဟိုကလေးကို အမျိုးမျိုးရန်ရှာကြမှာပေါ့။ အဲ့ကလေးပေါက်စနကလည်း ဘုန်းကံက သေးတာမှတ်လို့။ အဲ့သလိုတွေရန်ရှာတဲ့ ကြားကပဲ ၁၇ နှစ်သားရောက်တယ်။ ကြည့်ရတာ ဒို့လိုပဲ တရုတ်ကားတွေ ခဏခဏ ကြည့်ပြီး ရှောင်လင်သိုင်းတတ်တယ်ထင်တယ်။ သူလည်းလုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ရောက်ရော သူ့ကိုဆော်ခဲ့တဲ့ ဘူဇွာတွေကို ပြန်ဆော်တော့တာပဲ။ (Грозный)
ကြမ်းတမ်းရက်စက်တဲ့ မင်းလို့တောင် ခေါ်ခဲ့ကြပါတယ်။ သူ့ကိုသူလဲ အချိန်တိုင်း လုံခြုံမှုမရှိဘူးလို့ ထင်နေတာ။ ဘယ်လောက်ဆိုးသလဲဆိုရင် ၁၅၈၁ မှာ သူ့သားအကြီးဆုံးကို သူပြန်သတ်ပစ်လိုက်တယ်။ အော်..ဒါမျိုးတွေ..ဒီမှာလည်းရှိတာပဲပေါ့နော် လို့ပဲ သိလိုက်ရပါတယ်။ ဥမမယ်စာမမြောက်ထဲက စိတ်အနာတွေနဲ့ဖြစ်တည်ခဲ့ရတော့ ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်းရမ်းနေတော့တာပါပဲ။ ဒါကြောင့် အနာ ဆိုတာ ဘယ်လိုအနာမျိုးမှမကောင်းဘူးလို့ ပြောတာ။ ဒါမျိုးကို လက်ဆင့်များကမ်းလို့ကတော့ တိုင်းပြည်ကိုဖွဲမီးလို တမြေ့မြေ့လောင်ကျွမ်းစေနေတာနဲ့ တူတူပဲ။ တရုတ်ကားတွေထဲကလို လက်စားချေတာနဲ့တင် ပြီးနေတာလေ။ ဘယ်တော့မှ ရှေ့ကိုမရောက်တော့ဘူး။ အကြောင်းကြောင့်အကျိုးဖြစ်၊ အဲ့အကျိုးကပဲ အကြောင်းပြန်ဖြစ်။ အော်….မဆုံးနိုင်တဲ့ သံသရာပါလားနော်။
၁၅ ရာစု အလယ်လောက်ထိကို တာတာတွေက လာလာချနေသေးတာ။ ဒါပေမယ့် မရတော့ဘူး။ သူ့တိုင်းပြည်သူ ကာကွယ်နိုင်သွားပြီ။ ဒီချိန်မှာ ဒို့ပြည်မှာတော့ တပင်ရွှေထီး နဲ့ ဘုရင့်နောင်မင်းတြားကြီးကလည်း အင်ပါယာကို အသည်းအသန်ချဲ့နေချိန် ဖြစ်မယ်။ ၁၅ ရာစုနှစ်ကုန်လောက်မှာတော့ ဥပဒေတွေ ဘာတွေရှိလာပြီး မော်စကိုပြည်က အနည်းငယ် အတောင်အလက်စုံလာတယ်။ တစ်ချိန်တည်းမှာပဲ ဒို့ပြည်မှာလည်း ဘုရင့်နောင် မင်းတြားကြီးလွန်လေပြီးလို့ ပဲခူးမှာရှိတဲ့ တောင်ငူထီးနန်း ကို ရခိုင်တွေက ပေါ်တူဂီတွေ အကူအညီနဲ့ ဆော်နေပါပြီ…ဟိုက်ရော….ဟိုက်ရော…။
ကြမ်းလှရမ်းလှတဲ့ ကို အီဗန်ကြီးကလည်း စာပေမြတ်နိုးတတ်လှတယ်။ ၁၆ ရာစုအစမှာ ပထမဆုံး စာအုပ်တွေကို ဂရိဘာသာ၊ လက်တင်ဘာသာ နှစ်မျိုးနဲ့ သူက အစောဆုံး ပုံနှိပ်ခဲ့တာ။ စာကြည့် တိုက်တောင် ထူထောင်ခဲ့ပါသတဲ့။ ခုခေတ်လူတွေ သူတည်ထောင်ခဲ့တဲ့ စာကြည့်တိုက်ကို ပြန်ရှာနေကြတယ်။ သူလွန်သွားတဲ့နောက်ပိုင်း စစ်တပ်ကြီးကလည်း အင်အားအခိုင်အမာနဲ့ ကျန်ရစ်တယ်။ သူပြီးတော့ သူ့ရဲ့ ဒုတိယသား ဖျိုးဒရ်( Федор) တက်လာတယ်။ လျှာခလုတ်တိုက်ပြန်ပီနော်။ ဒီသေချင်းဆိုးလေး ငါတို့ကို လျှာကြောလျော့ပေးနေလား မသိဘူးတောင်ထင်နေပြီ။ သူကတော့ သနားစရာ။ ကျန်းမာရေးချို့တဲ့ရှာတယ်။ အဲ့တော့ သူ့ယောက်ဖတော် (မိန်းမရဲ့ မောင်) က အရေးပါအရာရောက်တဲ့နေရာက ပါဝင်ခဲ့တယ်။ နာမည်တော့မပြောတော့ဘူးနော်..ပြောရင် လာရိုက်တော့မယ်။ သူတို့လဲပြီးကော ဆက်ခံမယ့်သူ မင်းဆက်ပြတ်သွားတယ်။ ၁၆၀၁ ကနေ ၁၆၀၃ ထိ သုံးနှစ်လောက် အထင်ကရ အငတ်ဘေးအကြီးအကျယ် ဆိုက်လိုက်သေးတယ်။ အဲ့နောက်တော့ ပြည်တွင်းစစ်တွေဖြစ်ပြီး၊ တိုင်းပြည်ကလည်း ဝါးအစည်းပြေသလိုပြေ၊ ပိုလန်တွေနဲ့ စစ်တွေဖြစ်။ ခပ်ရှုပ်ရှုပ် ဇတ်လမ်းတွေလို့ပဲ မှတ်လိုက်ပါတော့။ အဲ့သလိုက ၁၇ ရာစု အစောပိုင်းအထိပဲ။ ဒို့ဆီမှာတော့ ၁၆ ရာစုအစောပိုင်း တွေဟာ ဘုရင့်နောင်မင်းတြားကြီးရဲ့မြေး၊ ညောင်ရမ်းမင်းသားရဲ့ သား မဟာဓမ္မရာဇာ အနောက်ဖက်လွန် မင်းတြားကြီးက တောင်ငူ ထီးနန်းကို ပြည်စုစည်းနေချိန်တွေနဲ့၊ သူတို့လိုပဲ ခပ်ရှုပ်ရှုပ်ဇာတ်လမ်းတွေ ခင်းနေချိန်ဖြစ်မှာပေါ့။ စာမေးပွဲစစ်နေတာမှ မဟုတ်တာနော့်…။ ပေါ့ပေါ့ပါးပါးပဲ ကောင်းပါတယ်။
ကဲခုမှ မင်းသားလာပြီ။ ဇာတ်လိုက်ကျော်ကြီး ပီတာ။ Peter the Great။ ရုရှားလိုက (Пётр Алексеевич Романов) ဖျိုးထရ် အလက်စဲဗိခ်ျ ရိုမန်နော့ဖ်။ တေချင်းစိုးလေး လုပ်ပြန်ပီ ခေါင်းရှုပ်နေရတဲ့ကြားထဲ ။ အဲ့လိုဆဲနေမှာ သေချာတယ်။ သူ့လူမျိုး သူနာမည်မခေါ်လို့ မကောင်းလို့ပါ။ ရုပ်မြင်သံကြားက သတင်းကြေငြာလို့ မှားသွားရင်ပြောသလို..သည်းခံပါရှင်…အဲ...ခင်ညာ။ လွယ်လွယ် မောင်ပီတာပဲ ခေါ်ကြရအောင်။ ဒို့က မြန်မာမှု ပြန်ပြုထဲ့ လိုက်တာပေါ့..ဟင်း..ဟင်း..။ ကြီးမားပြီး အင်အားတောင့်တင်းသော ရုရှား အင်ပါယာကြီးလို့ သူ့လက်ထက်မှ စပြောနိုင်တာ။ သူက ၁၆ ရာစုအစပိုင်းလောက်ထဲက ဖရိုဖရဲ တိုင်းပြည်ကို ရုရှားအင်ပါယာကြီးအဖြစ် ထူထောင်နိုင်ခဲ့တာပေါ့။ ရုရှားရဲ့ ဒုတိယမြို့တော် စိန့်ပီတာစဘတ် ကိုလည်း ထူထောင်ခဲ့သူလည်းဖြစ်တယ်။ ဆွီဒစ်ရှ် သုံ့ပန်းတွေနဲ့၊ ကျေးကျွန်ပေါင်း ၁ သောင်းလောက် အသေခံပြီး ကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့ပါတယ်။ ၁၇၁၂ မှာ မြို့တော်ကို မော်စကိုကနေ ပီတာစဘတ် မြို့ကိုရွှေ့ခဲ့သေးတယ်။ ၁၆ ရာစု နှောင်းပိုင်းလောက်ကနေ စခဲ့လိုက်တာ ၁၇၂၁ ကမ္ဘာအင်အားကြီးလို့ကို အသိအမှတ်ပြုခံရပါတယ်။ သူ့နောက်မှာတော့ အင်ပါယာကြီးကို ဆက်ခံမယ့်သားသမီး မြေးမြစ်တွေ သိပ် များလွန်းတယ်ထင်ပါတယ်။နှစ် ၄၀ မှာ တင် မင်း ၆ ခါလောက်ပြောင်းနေလို့ လူတွေက မနက်အိပ်ယာနိုးလာရင် အချင်းချင်း စကြနောက်ကြသတဲ့။“ ငါတို့ရဲ့ဘုရင်က ဒီနေ့ ဘယ်သူလဲဟေ့” ဆိုပဲ။ အပိုင်း (၃)

0 comments:
Post a Comment