မြန်မာ့နိုင်ငံရေး အတွေးအခေါ် (အပိုင်း- ၅)
အစိုးရမင်းကို ရန်သူမျိုးငါးပါးထဲထည့်ထားတဲ့ မြန်မာပြည်သားတွေဟာ မင်းမှုထမ်း
သိပ်ဖြစ်ချင်ကြကြောင်း ဆရာမောင်မောင်ကြီး သုံးသပ်ထားတာကို
မြန်မာ့နိုင်ငံရေးအတွေးအခေါ် (အပိုင်း- ၅) မှာ တင်ပြပါမယ်။
ပြည်သူလူထုနဲ့ အနီးစပ်ဆုံးမင်းမှုထမ်းဟာ ပြည်သူလူထုကို ဒုက္ခအပေးဆုံးဖြစ်တဲ့အတွက်
နီးရာဓါးထက်သည် ဆိုတဲ့စကား ပေါ်ပေါက်လာပုံကို အရင်တစ်ပတ်က တင်ပြခဲ့ပါတယ်။
ဘ၀ရှင်မင်းတရားလို့ခေါ်တဲ့ ရှင်ဘုရင်ဟာ ကြွင်းမဲ့အာဏာရှင်ဖြစ်သလို သူခန့်ထားတဲ့
ဝန်ကြီးဝန်လေးနဲ့ မြို့စားနယ်စားတွေကလည်း အကြွင်းမဲ့အာဏာရှင်လေးတွေဖြစ်လို့
မတရားလုပ်ရင် အရေးယူဖို့ခက်ပါတယ်။
သာမန်အရပ်သားနဲ့ မင်းမှုထမ်းပြဿနာဖြစ်ရင် အစိုးရဟာ မင်းမှုထမ်းဘက်က လိုက်ဖို့
များတာမို့ မင်းနဲ့မင်းမှုထမ်း မတရားလုပ်တာကိုအရေးယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
၁၉ ရာစု အလယ်ပိုင်းမှာ နန်းတက်တဲ့ပုဂံမင်း (၁၈၄၆-၅၃)လက်ထက် အမရပူရမြို့ဝန်
အီရန်လူမျိုး “ဘိုင်ဆာဟစ်”နဲ့ မြို့စာရေးမောင်ပိန်တို့ရဲ့ သောင်းကျန်းမှုဟာ ထင်ရှားပါတယ်။
“ဘိုင်ဆာဟစ်”နဲ့ မောင်ပိန်ဟာ ကြမ်းပိုးသူခိုး အရာရှိဆိုးတွေကို လက်သပ်မွေးပြီး
သူများဥစ္စာပစ္စည်းကို လုယက်သိမ်းပိုက်ပါတယ်။ သူတို့အနိုင်ကျင့်သတ်ဖြတ်လို့
သေဆုံးရသူပေါင်း ၆၀၀၀ နီးပါးလောက်ရှိတယ်။ ဒီလိုနှစ်ရှည်လများ သောင်းကျန်းတာကို
အရေးယူမယ့်သူမရှိပါဘူး။ နောက်ဆုံး ပြည်သူလူထုတစ်ရပ်လုံး မခံမရပ်ဖြစ်လာတဲ့အခါကျမှ
“ဘိုင်ဆာဟစ်”နဲ့ မောင်ပိန်ကို ကွပ်မျက်သုတ်သင်စေပြီး သူတို့မတရားသိမ်းယူထားတဲ့
ပစ္စည်းတွေကို ပုဂံမင်းက အပိုင်စီးလိုက်ပါတယ်။ ကိုယ်ကျိုးအတွက်ဆိုရင် ဗမာမင်းက
နိုင်ငံခြားသားကိုလည်း မြှောက်စားတဲ့သာဓကပါပဲ။
ဘုရင်ကခန့်ထားတဲ့ မင်းမှုထမ်းတွေ အာဏာအလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်ရမ်းကားတာကို
မင်းကလွဲပြီး ဘယ်သူကမှ အရေးမယူနိုင်တာဟာ မြန်မာ့ရိုးရာနိုင်ငံရေးဓလေ့တစ်ခုပါပဲ။
တိုင်းပြည်ရေးရာကို မင်းနဲ့မင်းမှုထမ်းကပဲဆုံးဖြတ်ပါတယ်။ နိုင်ငံ့အရေးမှာ ပြည်သူလူထု
ပါဝင်တဲ့အစဉ်အလာ မြန်မာမှာမရှိပါဘူး။ ပြည်သူလူထုနဲ့ သင့်တော်တယ် / မသင့်တော်ဘူး
ဆိုတာကို မင်းနဲ့မင်းမှုထမ်းက ဆုံးဖြတ်ပါတယ်။ ပြည်သူလူထုကဆုံးဖြတ်တာ မဟုတ်ပါဘူး။
ကျေးရွာအဆင့်လောက်မှာပဲ ရပ်ရွာကိစ္စမှာ ပြည်သူလူထုပါဝင်ကြပါတယ်။ ပြည်သူတွေက
တင်မြှောက်တဲ့ “လူကြီး”နဲ့ “သမာဓိ”တွေက ရွာသူကြီးနဲ့တိုင်ပင်ပြီး ရပ်ရွာကိစ္စတွေကို
ဆုံးဖြတ်ကြပါတယ်။ ဒီအဆင့်အထိပဲ သာမန်အရပ်သားတွေ ပါဝင်နိုင်ပါတယ်။
ပြည်သူ့အခန်းကဏ္ဍဟာ ကျေးရွာအဆင့်ထက်မပိုတာကြောင့် အစိုးရကိစ္စမှန်သမျှဟာ
“တိမ်တောင်သဖွယ်မင်းရေးကြွယ်”ဆိုသလို ဖြစ်နေရတာပါ။ အစိုးရကိစ္စဆိုတာ
သာမန်အရပ်သား နားလည်နိုင်တာမဟုတ်လို့ ပြည်သူလူထုဟာ အုပ်ချုပ်ခံဘ၀မှာသာ
နေရမယ်ဆိုတဲ့သဘောပါပဲ။ ဒီလိုနားလည်ထားတဲ့ ပြည်သူလူထုဟာ မိမိနဲ့တိုက်ရိုက်
မပတ်သက်တဲ့ နိုင်ငံ့အရေးကိစ္စကို စိတ်မ၀င်စားကြတော့ပါဘူး။
“ကြွေးတင်ရှင်ဘုရင်ဆပ်လိမ့်မယ်” ဆိုတဲ့စကားဟာ နိုင်ငံ့အရေးကို
စိတ်မ၀င်စားကြောင်းပြတဲ့စကားပါ။
မြန်မာလူ့ဘောင်မှာ ဟိန္ဒူဇာတ်စနစ်လို လူမှုအဆင့်အတန်းကို
ပုံသေသတ်မှတ်တာမျိုး မရှိပေမယ့် လူတန်းစားဥာဉ်နဲ့ မင်းမှုထမ်းစိတ်ဓာတ်ကတော့
ရှင်သန်နေပါတယ်။ ဒီလိုဖြစ်ရတာကလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘုရင့်မိသားစုနဲ့
မင်းမှုထမ်းကသာ အခွင့်ထူးခံဖြစ်နေလို့ပါပဲ။ အာဏာရှိတဲ့ ဘုရင့်အစေအပါးအမှုထမ်းဟာ
သာမန်အရပ်သားတွေကို အနိုင်ကျင့်နိုင်ပေမယ့် မင်းမှုထမ်းအချင်းချင်း မတရားလုပ်လို့မရပါဘူး။
ဒါကြောင့် မြန်မာတွေမှာ မင်းမှုထမ်းဖြစ်ချင်စိတ်ပြင်းပြတာပါတဲ့။ မင်းမှုထမ်းဖြစ်မှသာ
မတရားအနိုင်ကျင့်ခံရတဲ့ဘေးက ကင်းဝေးမယ်လို့ ယူဆကြပါတယ်။ အစိုးရကို
ရန်သူမျိုးငါးပါးထဲမှာ ထည့်ထားတဲ့ ဗုဒ္ဓဘာသာမြန်မာတွေမှာ မင်းမှုထမ်းဖြစ်ချင်စိတ်ရှိတာဟာ
သဘာဝမကျသလိုဖြစ်နေတယ်။ အစိုးရမကောင်းမှန်းသိပေမယ့် ဘာမှမတတ်နိုင်တဲ့အတွက်
အနိုင်ကျင့်မခံရအောင် အစိုးရနဲ့ပူးပေါင်းလိုက်တဲ့သဘောပဲလို့ သမိုင်းပါမောက္ခ
ဒေါက်တာဦးမောင်မောင်ကြီးက ယူဆပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းမှာ လူတန်းစားမရှိပေမယ့် မြန်မာတွေဟာ ရာထူးဂုဏ်အဆင့်အတန်းကို
အတော်မက်ကြပါတယ်တဲ့။ လူတစ်ဦးကိုအကဲဖြတ်ရာမှာ ပင်ကိုအချင်းအသွေးကို မကြည့်ဘဲ
ဂုဏ်အဆင့်အတန်းကိုသာ ကြည့်တတ်ပါတယ်တဲ့။ အရည်အချင်းကို ဦးစားမပေးပဲ
ရာထူးအဆင့်အတန်းကို ဦးစားပေးတဲ့ ဓလေ့ဖြစ်ပါတယ်။ ရာထူးအဆင့်အတန်း
လျှောကျသွားတာနဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းသွားပါတော့တယ်။ ဂုဏ်အဆင့်အတန်းရှိသူကို
မိတ်ဖွဲ့ပြီး ဂုဏ်အဆင့်အတန်းမရှိသူကို ရှောင်ကြပါတယ်။ ဘုရင့်မိသားစုဝင်ထဲမှာတောင်
အဆင့်အတန်းမရှိတော့ရင် အပေါင်းအသင်းလုပ်မယ့်သူမရှိတော့ပါဘူး။
ဇာတ်စနစ်မရှိတဲ့ မြန်မာ့လူ့ဘောင်မှာ ဘယ်သူမဆို ကြိုးစားရင် ကြိုးစားသလို ဖြစ်ထွန်းနိုင်ပါတယ်။
သာမန်လယ်သမားဟာ လက်မှုပညာသည်-စာပေပညာရှင်- ရဟန်းစသဖြင့် အမျိုးမျိုး
ဖြစ်နိုင်ပါတယ်။ တိုင်းပြည်က ကျယ်ဝန်းပြီး လူဦးရေနည်းတာမို့ ကိုယ်ကြိုက်တဲ့
အသက်မွေးဝမ်းကျောင်းပညာကို လိုက်စားနိုင်ပါတယ်။ ဒါပေမဲ့ အဆင့်အတန်းကို အခြေခံတဲ့
အထက်/အောက် ဆက်ဆံရေး ပုံစံကတော့ ရှင်သန်နေပါတယ်။ ဒီလိုလူ့အဖွဲ့အစည်းမှာ
အာဏာလက်ကိုင်ရှိဖို့ အဓိကထားတာမဆန်းပါဘူး။
မိမိရဲ့ လက်အောက်ငယ်သားနဲ့ သာမန်အရပ်သားကို နှိမ်ပြီးဆက်ဆံတာဟာ မင်းမှုထမ်းဓလေ့လို
ဖြစ်နေပါတယ်။ ရာထူးမြင့်သူက ရာထူးနိမ့်သူရဲ့အိမ်ကို သွားလည်တဲ့ထုံးစံမရှိပါဘူး။
ဥပမာ-၀န်ကြီးလုပ်သူဟာ အတွင်းဝန် (သို့မဟုတ်) ၀န်ထောက်အိမ်ကို အလည်သွားလေ့မရှိပါဘူး။
သာမန်အရပ်သားတစ်ဦးဟာ မင်းမှုထမ်းဖြစ်သွားတာနဲ့ အတိတ်ကိုမေ့ပြီး မင်းမှုထမ်းစိတ်
ပေါက်သွားတာကို မျက်မှောက်ခေတ်မှာလည်းတွေ့နိုင်ပါတယ်။ ဥစ္စာပစ္စည်းရှိပေမယ့်
အာဏာမရှိရင် အစိုးရမင်း အနိုင်ကျင့်တာကိုခံရမှာမို့ ဘေးကင်းရန်ကင်းဖြစ်သွားအောင်
မင်းမှုထမ်းဖြစ်ရတာ အကောင်းဆုံးလို့ မှတ်ယူကြတာဖြစ်ပါတယ်။
မြန်မာမင်းအုပ်ချုပ်ပုံစနစ်ဟာ သစ္စာခံပုဂ္ဂလိက ဆက်ဆံရေးပေါ်မှာ တည်ဆောက်ထားပါတယ်။
ဘုရင်ကခန့်ထားတဲ့ ၀န်ကြီးနဲ့အခြားအရာထမ်းတွေဟာ သူတို့လက်အောက်ခံအမှုထမ်းတွေကို
ခန့်အပ်တဲ့အတွက် အောက်လူက အထက်လူကို မှီခိုနေရတဲ့ ပုဂ္ဂလိကဆက်ဆံရေးဖြစ်ပါတယ်။
ဒီလိုစနစ်မျိုးမှာ အထက်အရာရှိက အကာအကွယ်ပေးနေသမျှကာလပတ်လုံး လက်အောက်ခံ
အမှုထမ်းဟာ မဟုတ်တရုတ်လုပ်နိုင်ပါတယ်။ အုပ်ချုပ်ရေးစနစ် ကောင်း မကောင်း တိုင်းတာနိုင်တဲ့
စံသတ်မှတ်ချက်မရှိတဲ့အတွက် အစစအရာရာ အထက်အရာရှိအပေါ်မှာ မူတည်နေပါတယ်။
ကိုယ်ကျင့်တရားကောင်းတဲ့ အထက်အရာရှိဆိုရင် အုပ်ချုပ်ရေးကောင်းမွန်ပြီး အကျင့်မကောင်းတဲ့
အထက်အရာရှိကြီးစိုးရင် လက်အောက်ငယ်သားတွေ အကျင့်ပျက်တဲ့အတွက်
အုပ်ချုပ်ရေးညံ့ဖျင်းသွားပါတယ်။
မှူးမတ်တွေလိုက်နာရမယ့် ကျင့်ဝတ်တွေရှိပေမယ့် နန်းတွင်းမှာသာသုံးပြီး ပြည်သူလူထုနဲ့
ဆက်ဆံရာမှာမသုံးပါဘူး။ ဒါကြောင့်အမှုထမ်းတွေဟာ အထက်အရာရှိကျေနပ်အောင်
အမြဲတမ်းကြိုးစားနေရပါတယ်။ အထက်လူကြီးရဲ့ ထောက်ခံမှုရဖို့ကသာ အဓိကဖြစ်နေတာမို့
အမှုထမ်းအားလုံး “မှန်ပါ့ဘုရား” ဆိုတဲ့အနေအထားမှာ ရပ်တည်ကြရပါတယ်။
အထက်အရာရှိအမိန့်ကို နာခံရုံသာမကတော့ဘဲ မျက်နှာလိုမျက်နှာရနဲ့ ခခယယလုပ်ကြရပါတယ်။
အဲဒီဆက်ဆံရေးပုံစံမှာ လာဘ်ပေးတဲ့ဓလေ့ ပေါ်ထွက်လာတာဖြစ်တယ်လို့
သမိုင်းပါမောက္ခဟောင်း - ဆရာမောင်မောင်ကြီး သုံးသပ်ထားပါတယ်။
(ဒေါက်တာမောင်မောင်ကြီး)

0 comments:
Post a Comment