Friday, February 24, 2012

အပ္ပမာဒ ၌ အရာ အားလုံး ပြည့်စုံပြီး ဖြစ်သည်

by Zay Ya on Friday, February 24, 2012 at 3:10pm ·


မိမိ ကိုယ်ကိုယ် မပြတ် မလပ် စောင့်ကြည့် သိမြင်နေခြင်း သည် စင်စစ် လိုအပ်နေသည့် တစ်ခုတည်း သော အရာ ဖြစ်ပါသည်။ ယင်းကို ဘာဝနာ ဟုလည်း ပြောင်းလဲ ခေါ်ဆိုနိုင်သည်။ အဘယ်ကြောင့် ယင်း တစ်ခုတည်း လိုအပ်နေပါသနည်း။

အဘယ်ကြောင့် ဆိုသော် ၎င်း၏ အား အစွမ်း သည် စိတ် သန္တာန် ၏ မသိမှု အလွှာ ( မောဟ ) သို့ ထိုးဖောက် ဝင်ရောက် နိုင်သောကြောင့် ဖြစ်သည်။
အကုသိုလ် တရား မှန်သမျှ ~ အလိုလို မွှေနှောက် ဖျက်ဆီး ပစ်နိုင်သောကြောင့် ဖြစ်သည်။ သိမှု သက်သက် ကို နှိုးဆော် ထုံမွှမ်းသည့် အခါ ~ ယင်းသည် မသိမှု ( မောဟ ) ကို ချေဖျက် ပါသည်။ တနည်း အားဖြင့်- သိမှု သက်သက် သည် မောဟ နယ်ပယ် ကြွေပျက် သွားစေနိုင် သော အစွမ်း ရှိပါသည်။

မောဟ ( မသိမှု ) ၏ တန်ခိုး စွမ်းအား ကြီးထွားနေရခြင်း အခြေခံ သည် အခြားတွင် မဟုတ်။ ဂရုမပြုခြင်း၊ မေ့လျော့ခြင်း၊ ပမာဒ အပေါ်၌သာ တည်မှီ၏ ။ မူးယစ် ရီဝေ ၍ လက်ရှိခဏကို မေ့လျော့ အိပ်ပျော်နေခြင်း သည် မောဟ မိစ္ဆာကို ရှင်သန်ရန် အခွင့်ပေးခြင်း ပင် ဖြစ်၏။ ထို့ကြောင့် ပမာဒ ( မေ့လျော့ခြင်း ) အမှု ကို မောဟ ၏ ထောက်တိုင်၊ မောဟ ၏ ပင်မ လောင်စာ ဟု ခေါ်ဆို ရပေမည်။ သတ္တဝါ တို့၏ စရိုက် ဖြစ်သော ယင်း မေ့လျော့မှု ( ပမာဒ ) သည် စွဲငြိ တွယ်တာခြင်း ( သံယောဇဉ် ) မှသာ ပေါ်ထွက်သည်။

လောဘ ( လိုချင် တပ်မက်မှု ) နှင့် ဒေါသ ( အလိုမပြည့်၍ စိတ်ညိုညင်မှု ) တို့သည် ကျနော်တို့ကို မသိမှု ( မောဟ ) အတွင်း၌သာ နေထိုင်ရန် တွန်းပို့ ပေးသည်။ လောဘ နှင့် ဒေါသ တို့၏ အစွမ်းကြောင့် ကျနော်တို့ သတ္တဝါ အများ မူးရစ် ရီဝေသည် ။ ယင်း လောဘနှင့် ဒေါသတို့ အတွင်း၌သာ ထပ်ကာ ထပ်ကာ ကျင်လည်သည်။ မူးရစ်ရီဝေ မှုကြောင့် မေ့လျော့မှု အပြည့်သား ရှိနေကြ၍၊ သံသရာ ဟူသည် ယင်းမှ အထပ်ထပ် ကျော့လျက် ရှိရသည်။ ဆိုလိုသည်မှာ ယင်းမေ့လျော့မှု ကြောင့် အလို အသီးသီး နောက်ကို လိုက်လံ မောဟိုက် နေကြရသည်။ အလို ဖြည့်၍ မပြည့် ~ ထပ်တိုး ပြင်ဆင် နေကြရသည်။ ယင်းသည်ပင် သင်္ခါရ ဖြစ်၏။

သိမှု ( အမောဟ (ဝါ) ပညာ ) သည် မသိမှု ( မောဟ ) နယ်သို့ ထိုးဖောက်ရာ၌ အပ္ပမာဒ ( မမေ့လျော့ခြင်း ) လက်နက်ကို စွဲကိုင်ပါသည်။ ခဏတိုင်း မပြတ် စောင့်ကြည့် သိမြင်မှု သက်သက်သာ ရှိသည်။ အပ္ပမာဒ၊ သတိမပြတ် တည်တံ့သမျှ မိမိ ၏ ဖြစ်စဉ် အပေါ် စောင့်ကြည့်နိုင် စွမ်း ရှိလာလေ ၊ အလိုဆန္ဒ အာသာရမ္မက် တို့ စိုးမိုး ချယ်လှယ်မှု အားအစွမ်း လျော့နည်း လာလေ ပင် ဖြစ်သည်။ အပ္ပမာဒ ၏ အစွမ်းဖြင့် စိတ်ကူး၊ အစွဲအလမ်း၊ ဥပါဒါန်နှင့် ဝေဒနာ တို့ကို အလိုလို ဖြိုခွင်း ဖယ်ရှား သည်။ အဘယ်ကြောင့် နည်း ဟူမူ စိတ်ကူး အစွဲ အလမ်း၊ ဥပါဒါန် ဝေဒနာတို့သည် မာယာ ( ဝါ ) အိပ်မက် ( ဝါ ) မောဟ ( ဝါ ) ပမာဒ မေ့လျော့မှု အတွင်း၌သာ ရှင်သန် နိုင်သော ကြောင့် ဖြစ်၏။ သူတို့သည် သိမှု သက်သက် အတွင်း၌ (ဝါ) အမောဟ အတွင်း၌ ရှင်သန် မနေနိုင်ပေ။

ထို့ကြောင့် မှတ်သား ရမည်မှာ သိမှု သက်သက်ဖြင့် သတိမပြတ် နေထိုင်သော သူ အတွက် ပြုမူလုပ်ကိုင်ရာတွင် အမှားအယွင်း အကုသိုလ် တရား မည်သို့မျှ ဖြစ်ထွန်း မနေပေ။ အကုသိုလ် တရား မှန်သမျှသည် အစွဲအလမ်း မသိမှု နယ်ပယ်မှ သာ ပေါက်ဖွား သည် ဖြစ်ကြောင်း သိမှတ် အပ်သည်။ အစွဲအလမ်း ၊ တဏှာ နှင့် ပမာဒ သည်သာ အပြစ် အကုသိုလ် အားလုံး၏ တရားခံ ပင် ဖြစ်သည်။ ယင်း ကို ဖယ်ရှားသော အရာမှာ အပ္ပမာဒ ( ဝါ ) ဘာဝနာ ဖြစ်၍ ဘာသာရေး အားလုံး၏ အမြုတေ လည်း ဖြစ်သည်။ ယင်း အတွက် အပ္ပမာဒဖြင့် ပြည့်ဝ နေထိုင်နေစဉ် တွင် အကျိုးအပြစ် တို့ အတွက် စိုးရိမ်ပူပန်နေရမှု မလိုအပ် ၊ စိတ်နှလုံး အရင်း၊ သိမြင်မှု အရင်း အတိုင်း နေထိုင်ခြင်းသည်သာ ပဓာန ဖြစ်သည်။ ယင်းထက် ဘာမျှ မပို၊ ဘာမျှလည်း မလို။

အပ္ပမာဒ၌ အရာအားလုံး သည် ပြည့်စုံပြီး ဖြစ် ပါသည်။


..................
Just Be. That's Enough.
..................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...