Saturday, February 25, 2012

သရဖူ ဝ၃-ဝ၉-ဝ၇ အမျိုးသမီးနဲ့အစားအစာ (၁၅)

by ဘဘကြီး ဘဘကြီး ဘဘကြီး on Saturday, February 25, 2012 at 12:31pm ·

ချက်နည်းပြုတ်နည်း ရစီပီ
ရစီပီကို (recipe) ကို အင်္ဂလိပ်လို ဘယ်လိုအဓိပ္ပါယ်ဖွင့်ထားသလဲ ဆိုတော့ A set of instructions for preparing a dish တဲ့။ ဆိုလိုတာက ရစီပီဆိုတာ ဟင်းတစ်ခွက်၊ စားစရာတစ်ခုခုကို ဘယ်လိုချက်ရပြုတ်ရမယ်ဆိုတာကို အဆင့်ဆင့် ညွှန်ကြားထားတာလို့ ပြောရပါမယ်။

အနောက်တိုင်းနဲ့ မြန်မာ
အနောက်နိုင်ငံတွေမှာ ရစီပီဆိုတာ သိပ်အရေးကြီးပါတယ်။ ဘာကိုပဲချက်ချက် ရစီပီမပါရင် မပြီးပါဘူး။ ရစီပီမပါရင် မလုပ်တတ်ပါဘူး။ မြန်မာတွေကတော့ ချက်ရာပြုတ်ရာမှာ ရစီပီဆိုတာ သုံးခဲပါတယ်။ မသုံးသလောက်ပဲလို့တောင် ပြောနိုင်ပါတယ်။ အနောက်တိုင်းနဲ့ မြန်မာ ချက်ကြ ပြုတ်ကြပုံက လုံးဝကို ကွာခြားပါတယ်။ ပုံစံလုံးဝမတူပါဘူးလို့ ပြောရမှာပါ။


အနောက်တိုင်းရစီပီ
ကျွန်တော် ယူကေနိုင်ငံကို ပညာသင်သွားတော့ ကျွန်တော့်ဆရာတွေရဲ့ မိသားစုတွေနဲ့ သိပ်ခင်ပါတယ်။ သူတို့အိမ်တွေကို ဝင်ထွက်သွားလာ၊ ချက်ပြုတ်စားသောက်ပါ။ ယူကေရောက်ပြီး ပထမဆုံး အလုပ်လုပ်ခဲ့တဲ့ စကော့တလန်က ကာကောဒီမြို့ ဗစ်တိုးရီးယားဆေးရုံမှာ အလုပ်စဝင်တော့ ဒေါက်တာဗလျူအမ်စမစ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရပါတယ်။ ကျွန်တော့်ရဲ့ ဆရာ ဒေါက်တာစမစ်ဟာ သိပ်ကို သဘောကောင်းပြီး အခါကြီး ရက်ကြီးတွေမှာ ကျွန်တော့်ကို ထမင်း အမြဲဖိတ်ကျွေးလေ့ ရှိပါတယ်။ ခရစ္စမတ်(စ်)လို တကယ့်မိသားစုပဲစားတဲ့ ဒင်နာမှာတောင် ကျွန်တော်ပါတယ်။ တကယ့်ကို အမျိုးလို လူရင်းတစ်ယောက်လို ကျွန်တော့်ကို သတ်မှတ်ပါတယ်။ ကျွန်တော်ဟာ တော်တော်လေးကို သူတို့နဲ့ တရင်းတနှီး ဝင်ထွက် သွားလာနေခဲ့ရတော့ သူတို့တတွေ ဘယ်လိုချက်တယ်၊ ပြုတ်တယ်ဆိုတာကို အနီးကပ်လေ့လာခွင့် ရခဲ့ပါတယ်။ အနောက်တိုင်းရဲ့ ချက်ပြုတ်ကြတဲ့ စနစ်နဲ့ ပတ်သက်လို့ ပထမဆုံးပြောချင်တာကတော့ ယောက်ျားရော၊ မိန်းမပါ မီးဖိုချောင်ကိစ္စ အတူတူလုပ်ကြရတာ ထူးခြားချက်တစ်ရပ်ပါ။ မီးဖိုချောင်ကိစ္စ ချက်တယ်၊ ပြုတ်တယ် ဆိုတာ မိန်းမတွေအလုပ်လို့ ယူဆထားခဲ့တဲ့ ကျွန်တော်ဟာ စကော့တလန်မှာ ယောက်ျားတွေကိုယ်တိုင် မီးဖိုထဲဝင် ဟင်းချက်၊ ကိတ်မုန့်ဖုတ်၊ စားစရာတွေ အစုံလုပ်နေတာ တွေ့ရတော့ တကယ့်ကို အံ့သြမိပါတယ်။ သူတို့ဆီမှာ ချက်တယ်၊ ပြုတ်တယ်ဆိုတာကို အထက်တန်း ကျောင်းမှာကတည်းက စသင်ပေးထားတာတဲ့။ အရွယ်ရောက်လာတော့လည်း မိန်းကလေးတွေက ချက်တတ်တယ်၊ ယောက်ျားလေးတွေက မချက်တတ်ဘူးဆိုတာမျိုး မဟုတ်ပဲ ကျားမမရွေး ဒီချက်နည်း စာအုပ် ဒါမှမဟုတ် ရစီပီကြည့်ပြီး ချက်ကြရတယ်ဆိုတာကို သဘောပေါက်လာ ပါတယ်။ သူတို့ရဲ့ မီးဖိုထဲမှာ ချက်ဖို့၊ ပြုတ်ဖို့ ကိရိယာ အစုံအလင်၊ အသားကိုင်ဖို့ လက်အိတ်၊ မီးဖိုအာဗင် (Oven) ထဲက ပန်းကန်တွေကို ယူဖို့ ကိုင်ဖို့ အာဗင်လက်အိတ်၊ ကြက်ဥခေါက်တဲ့ အတံ၊ ဓားမျိုးစုံ၊ ဒယ်ပိုင်းမျိုးစုံ၊ ဒယ်ပိုင်းတွေကလည်း တစ်ခုခုထည့်ပြီး ကြော်မယ် မွှေမယ်ဆိုရင် ဒယ်ပိုင်းထဲမှာ ကပ်မနေတဲ့ နွမ်းစတစ် (Non-strick) ဒယ်ပိုင်းတွေ၊ ရှောက်သီး၊ သံပုရာသီးညှစ်တဲ့စက်၊ အသားကြိတ်တဲ့စက်၊ မီးအပူချိန် ကြိုက်သလို ပြောင်းလို့ရတဲ့ ဂတ်စ်မီးဖို အကြီးကြီးတွေ၊ အသားတွေ၊ မုန့်တွေ ထည့် ကင်ဖုတ်လို့ရတဲ့ အာဗင် အကြီးအသေး၊ အားလူအချောင်း၊ အားလူးအပြားလုပ်လို့ ရတဲ့ စက်လေးတွေ၊ ခရမ်းချဉ်သီး ကြက်သွန်ဖြူ ထည့်ကြိတ်ပြီး အနှစ်လုပ်တဲ့ ဂရိုင်ဒါ၊ အသားနဲ့ ချက်စရာတွေကို ချိန်တဲ့ ကစ်ချင်စကေး(လ်) kitchen scale ချိန်ခွင်၊ အသားတွေ အရွက်တွေကို ပေါင်းတဲ့ ပေါင်းအိုး၊ ကုန်ကုန်ပြောရမယ်ဆိုရင် နောက်ဆုံးအဆင့် ဒစ်(ရှ်)ဝါရှာ (dish washer) ပန်းကန်ဆေးတဲ့စက်၊ ပန်းကန်အခြောက်ခံတဲ့စက် အထိရှိတယ်။ ဒါ ကျွန်တော် မှတ်မိသလောက် ရေးတာပါ။ တကယ်တော့ သူတို့ မီးဖိုထဲမှာ အဲဒီထက်ကို ချက်ဖို့ ပြုတ်ဖို့ ပစ္စည်းတွေ စုံပါသေးတယ်။ အဲလို အထောက်အကူပစ္စည်းတွေ အကုန်ရှိတော့ ချက်ရတဲ့သူအတွက် အရမ်းလွယ်ပါတယ်။ သူတို့ ဟင်းချက်မယ့် ရစီပီအတိုင်း အတိအကျ လုပ်လို့ ရတာပေါ့။ သူတို့ရဲ့ ရစီပီဆိုတာကလည်း အရမ်းကို တိကျပါတယ်။ ချက်ရတဲ့သူတွေအတွက် ရစီပီကို ဖတ်ပြီး ရစီပီထဲကအတိုင်း လုပ်သွားရင် လွယ်လွယ်လေးပဲ။ ဆိုကြပါစို့ California Roast Chicken လို့ ခေါ်တဲ့ ကာလီဖိုးနီးယားစတိုင် ကြက်ကင်လုပ်မယ်ဆိုပါစို့။ ရစီပီကနေ ဘယ်လောက်ဂရမ်ရှိတဲ့ ကြက်ရင်အုပ်ကို ရှာပါဆိုရင် သူပြောတဲ့ အလေးချိန် အနီးစပ်ဆုံးကိုက်တဲ့ ကြက်သားကို မီးဖိုချောင် ချိန်ခွင်လေးနဲ့ ချိန်လိုက်၊ ထောပတ် ဘယ်လောက်ဂရမ်နဲ့ နယ်ပါဆိုရင် ထောပတ်ကို အတိအကျချိန်ပြီး ရစီပီကခိုင်းသလို နယ်လိုက်၊ ဘာအရွက်က ဘယ်နှစ်ရွက်၊ အားလူးက ဘယ်နှဂရမ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူက ဘယ်လောက်ဂရမ် ဆိုတာတွေ ပြောတဲ့အတိုင်း ချိန်ခွင်နဲ့ ချိန်ရောမွှေပြီးတော့ အာဗင်ထဲမှာ ထည့်လို့ရတဲ့ အာဗင်ဝဲယား (oven ware) ခွက်ထဲကို ထည့်ပါ။ အာဗင်ထဲမှာ အပူချိန် ဘယ်လောက်ဒီဂရီနဲ့ ဘယ်နှမိနစ်ထားပါဆို ပြောတဲ့အတိုင်း အာဗင်ထဲမှာ ထည့်၊ တိုင်မာကို ချိန်ထားလိုက်၊ သူပြောတဲ့ မိနစ်လည်းပြည့်ရော "တိန်" ဆို အသံလေးမြည်တော့ အာဗင် လက်အိတ်ကို စွတ်ပြီးတော့ ကြက်ကင်ကို ဆွဲထုတ်လိုက်ရင် အရန်သင့် စားရုံပဲ။ အဲဒီလို အစအဆုံးစားဖို့ အဆင့်သင့် ရောက်တဲ့အထိ ရစီပီက စနစ်တကျ ညွှန်ကြားသွားတာ။ ဂတ်စ်မီးဖိုတွေကလည်း နံပါတ်(၁)ကနေ (၁ဝ)လောက်အထိ အပူချိန်တွေကို ညှိလို့ရတယ်။ လုပ်ရကိုင်ရတာ ရစီပီအတိုင်း လိုက်လုပ်ဖို့ လွယ်တာပေါ့။ အနောက်တိုင်း ရစီပီဟာ သိပ်ကို အသေးစိတ်ညွှန်ကြားထားပြီး စနစ်သိပ်ကျတော့ ဘယ်သူမဆို မီးဖိုချောင်ထဲဝင် ကြိုက်ရာဟင်းပွဲ ဒစ်(ရှ်)ကို ချက်မယ်ဆိုရင် ရစီပီိကို ကြည့်ပြီး အလွယ်တကူ ချက်လို့ရပါတယ်။ သိပ်ကို စိတ်တိုင်းကျဖို့ ကောင်းတဲ့ အနောက်တိုင်း ရစီပီလို့ ပြောချင်ပါတယ်။

မြန်မာရစီပီ
မြန်မာတွေရဲ့သဘောသဘာဝက လက်မှန်းစိတ်မှန်း ဘာပဲလုပ်လုပ် အကုန်လုံးကိုမှန်းပြီး လုပ်လေ့ရှိပါတယ်။ ကျွန်တော့်အမေရဲ့ ဝမ်းတွင်းတိုက်ကို ဆောက်တုန်းက ဘလူးပရင့်၊ အိမ်ပုံစံ၊ ဒီဇိုင်းဘာမှမပါဘဲ ဝမ်းတွင်းမြို့နယ် အမေ့ရဲ့ရွာတောင်ဘိုက နာမည်ကြီးလက်သမားဆရာ ဆရာပု သူ့ဖာသာသူ မြေကြီးပေါ်မှာ ဝါးခြမ်းတွေနဲ့ လိုင်းတွေဆွဲ၊ ပန္နက်ဒုတ်တွေ ဟိုရိုက်ဒီရိုက်နဲ့ တော်သလိုကြည့်လုပ်၊ ဟိုတိုင်ဖြတ်လိုက် ဒီတိုင်ဖြတ်လိုက် ဘေးကထိုင်ပြောပြီး ဆောက်လုပ်တာ။ နောက်ဆုံးတော့ ဟိန်းနေတဲ့အမေ့ရဲ့ နှစ်ထိုက်တိုက်ကြီး ဖြစ်လာတော့တာပဲ။ ဒါဟာ မြန်မာရိုးရာ ဗိသုကာနည်းစနစ်ပါ။ အနုပညာဂီတကြည့်လိုက်ပြန်တော့လည်း မြန်မာဆိုင်းဝိုင်းကြီး လန်ဒန်မှာသွားပြီး ဖြေဖျော်တော့ ဆိုင်းဝိုင်းအပါအဝင် ဂီတပစ္စည်းမျိုးစုံကို လူနှစ်ဆယ်လောက်က ဘာမြူးစစ်နုတ်(စ်)ဂီတ သင်္ကေတမှ လုံးဝမပါဘဲ သီချင်းမျိုးစုံကို တီးမှုတ်သွားကြတော့ အင်္ဂလိပ်တွေ တအားအံ့သြကြတယ်တဲ့။ အင်္ဂလိပ်သံစုံတီးဝိုင်း အော်ခစ်စထရာ (orchestra) ကြီးတစ်ခုဖျော်ဖြေတယ်ဆိုရင် ဂီတကိရိယာ တီးမှုတ်တဲ့လူတိုင်းရဲ့ရှေ့မှာ တိုင်လေးတွေထောင်ထားပြီး ဒီသီချင်း၊ ဒီဂီတကို ဘယ်ကီးနဲ့ဘယ်လို တီးမှုတ်မယ် ဆိုတာကို ညွှန်ကြားထားတဲ့ မြူးစစ်နုတ်(စ်) ဂီတသင်္ကေသလေးတွေ ရှိပါတယ်။ ဒါ့အပြင် တီးဝိုင်းကြီးတစ်ခုမှာ အရေးအကြီးဆုံးက ကွန်ဒပ်တာ conductor လို့ခေါ်တဲ့ ဂီတမှူးပါ။ သူဟာ တီးဝိုင်းကြီးရဲ့ ရှေ့မှာရပ်နေပြီး ဘက်တင် (baton) လို့ခေါ်တဲ့ တရုတ်ထမင်းစားတဲ့ တူလိုအတံလေး နှစ်ခုကို ဘယ်တစ်ခုညာတစ်ခုကိုင်ပြီး လက်တွေကိုမြှောက်လိုက် ချလိုက်နဲ့ အော်ခစ်စထရာကြီး တစ်ခုလုံးရဲ့ အသံအနိမ့်အမြင့်၊ ဘယ်သူကဘယ်လိုတီး၊ ဘယ်သူက ဘယ်လိုမှုတ် ဆိုတာတွေကို သူရဲ့လက်သင်္ကေတတွေနဲ့ ညွှန်ကြားဦးဆောင်သွားတာပါ။ အနောက်တိုင်းတီးဝိုင်းမှာ ကွန်ဒပ်တာမပါရင် မပြီးပါဘူး။ ကွန်ဒပ်တာမရှိဘဲနဲ့ အော်ခစ်စထရာကြီးတစ်ခုလုံး ဘယ်လိုမှတီးလို့ မှုတ်လို့မရပါဘူး။ အင်္ဂလိပ်တွေဟာ ကမ္ဘာပေါ်မှာ မြူးစစ်နုတ်(စ်)နဲ့ ကွန်ဒပ်တာမပါဘဲ တီးဝိုင်းဆိုတာ တီးလို့မရဘူး လို့ ယူဆထားခဲ့တဲ့ သူတွေပါ။ သူတို့တတွေ အလင်္ကာကျော်စွာဦးဘမောင်ရဲ့ မြန်မာဆိုင်းဝိုင်းကြီး လန်ဒန်မှာ ကွန်ဒပ်တာမပါ၊ မြူးစစ်နုတ်(စ်)မကြည့်၊ ဒီလိုပဲ ဝိုင်းတော်သားတွေ ကိုယ့်ကိရိယာ ကိုယ်တီးမှုတ်ပြီး မြိုင်မြိုင်ဆိုင်ဆိုင်ကြီးနဲ့ အင်္ဂလိပ်အမျိုးသားသီချင်ွးသှိလေန အ့နျှကနနည ကို ဖျော်ဖြေ သွားတာ  တွေ့ရတော့ အင်္ဂလိပ်တွေ ပက်လက်လန်ပြီပေါ့။
ကျွန်တော်ဆိုလိုချင်တာ ပြောချင်တာက မြန်မာတွေဟာ ပင်ကိုယ်အားဖြင့် နည်းစနစ်မှတ်တမ်း တင်ဖို့လုပ်တဲ့ သဘောမရှိဘဲ လူတစ်ဦးတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ လုပ်လေ့ရှိတယ် ဆိုတာပါ။ ဒါကြောင့် ခုနက "လက်သမားလက်ရာ မြောက်တယ်" "စိန်ဗိုလ်တင့်ဆိုင်းဝိုင်းကြီးက ကောင်းတယ်" ဆိုပြီး တစ်ခုခုလုပ်တာ ကောင်း၊မကောင်းဆိုတာဟာ လူတစ်ဦးရဲ့ အရည်အချင်းပေါ်မှာ အများကြီးမူတည်နေပါတယ်။ အဲလို တိုက်တစ်လုံးဆောက်၊ တီးဝိုင်းကြီးတီးတာတောင် ဘာမှမပါဘဲ လုပ်သွားတဲ့မြန်မာတွေ မီးဖိုချောင်ထဲမှာ ထမင်းဟင်းချက်တာလောက်ကတော့ အပျော့ပေါ့။ ဘာရစီပီမှာ မလိုဘူး၊ တစ်သက်လုံး မိရိုးဖလာ စိတ်မှန်းလက်မှန်းနဲ့ ချက်လာခဲ့ကြတာ။ အဖေ့အမေ အမေကြီးတို့ ဟင်းချက်တာကြည့်တော့လည်း ဒီလိုကြုံသလို အသားတွေကို ငါးတွေကို တုံးတစ်၊ ငရုပ်သီး၊ ကြက်သွန်နီ၊ ဖြူ၊ ခရမ်းချဉ်သီး လက်ဆနဲ့မှန်း၊ အနေတော်ရောမွှေ၊ အနှစ်လုပ်ပြီး အသားတွေနဲ့ရောမွှေ၊ ရေကို တော်ရုံသင့်ရုံထည့်၊ မီးဖိုပေါ်တင်ပြီး ဟင်းချက်တော့တာပဲ။ ဟင်းအိုးထဲက ရေတွေ တပွက်ပွက်ဆူလာပြီ၊ ရေခမ်းခါနီးပြီဆိုတော့မှ ဇွန်းလေးနဲ့ ဟင်းရည်ကိုခပ်ပြီး အပေါ့အငန်မြည်း၊ ဆားလိုရင်ဆားထည့်၊ သိပ်ငန်နေရင် ရေနည်းနည်းထပ်ထည့်၊ တော်သလိုကြည့်ချက်တဲ့ မြန်မာရစီပီပါ။ အမေကြီးတို့နောက် အမေဟင်းချက်တာကို ကြည့်တော့လည်း ဒီလိုပဲ။ စိတ်မှန်းအဓိကနဲ့ လိုတာတွေရောမွှေ၊ ခပ်ချက်၊ အပေါ့အငန်မြည်း၊ ပြီးတော့ ဟင်းတစ်ခွက်ဖြစ်လာတာပါပဲ။ ဒီလိုနဲ့ အမေကြီးချက်တယ်ကို အမေကကြည့်၊ အမေချက်တာကို အမေ့သမီး ကျွန်တော်ညီမတွေကြည့်၊ မီးဖိုချောင်းထဲ အတူဝင် လက်သင်လက်စမ်း မှန်းရမ်းချက်ကြည့်ရာကနေ ဟင်းချက်တတ်တယ်ဆိုတာ ဖြစ်သွားတာပေါ့။ မြန်မာ နည်းကတော့ တစ်မိသားစုတွေအတွက် ချက်ချက်၊ အလှူမှာ တစ်ရွာလုံးအတွက် ချက်ချက်၊ စိတ်မှန်း၊ လက်မှန်း၊ မျက်မှန်းဆိုတဲ့မှန်သုံးမှန်းနဲ့ ချက်တာပဲ။ ရစီပီဆိုတာ မရှိဘူးလို့ပဲ ပြောရပါမယ်။ အခုခေတ်ရောက်မှသာ "ဦးကြီးပု ချက်နည်းပြုတ်နည်း (၁ဝဝ)" ဆိုတဲ့ မြန်မာရစီပီစာအုပ်မျိုးတွေ ပေါ်လာတာပါ။ ဒီဟာအုပ်တွေကို မြန်မာအိမ်ရှင်မအများစုက အသုံးမချကြပါဘူး။ ရစီပီ စာအုပ်ဖတ်ပြီး ချက်တဲ့ မြန်မာအမျိုးသမီးတွေဆိုတာ ရှားပါတယ်။ ဒီလို မြန်မာရစီပီစာအုပ်တွေကို နိုင်ငံခြားသွားမယ့် ပညာတော်သင်၊ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေက အဓိကသုံးကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးကို ကြည့်မယ်ဆိုရင်တော့ မြန်မာအမျိုးသမီးတွေဟာ ဒီနေ့အထိ ကိုယ့်ရဲ့ မိဘတွေဆီက လက်တွေ့သင်ပြီး တတ်လာတဲ့ ရိုးရာချက်နည်း ပုံစံနဲ့ တော်သလိုကြည့်ပြီး ချက်ကြတယ်လို့ပဲ ပြောရပါမယ်။ ထမင်း၊ ဟင်းချက်ကောင်းမကောင်းဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ခုနကပြောခဲ့တဲ့ "မှန်း" သုံးမှန်း ဘယ်လောက်ကောင်းလဲဆိုတာက စကားပြောသွားမှာပါ။ ဒါကြောင့် သမီးကြီးက ဟင်းချက်ကောင်းတယ်၊ အငယ်လေးက ဟင်းမချက်တတ်ဘူးဆိုတာတွေ ဖြစ်နေတာပေါ့။ ရစီပီမသုံးပဲ ကိုယ့်ရဲ့ အမှန်းအဆနဲ့ ချင့်ချိန်ပြီး ချက်ကြတာဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် ချက်ကြပြုတ်ကြတဲ့ စတိုင်က ဘယ်လိုမှ တူနိုင်မှာ မဟုတ်ဘူး။ ဟင်းတွေရဲ့ အရသာဟာလည်း လူတစ်ယောက်နဲ့တစ်ယောက်၊ ဒါမှမဟုတ် တစ်ယောက်ထဲချက်တာကို တစ်ခါနဲ့တစ်ခါ ကွာမှာ။ ရှေ့မှာပြောခဲ့သလို သူတို့အနောက်တိုင်း ရစီပီကတော့ ဘယ်သူဝင်ချက်ချက် တစ်ပုံစံတည်းလိုလိုပဲ ထွက်မှာပါ။ ကျွန်တော်တို့ကတော့ "ဟဲ့ မလှမြိုင်သုတ်တဲ့ မကျည်းရွက်သုတ်က သိပ်ကောင်းတယ်"၊ "သိန်းသိန်းချက်တဲ့ ကြက်သားကုလားပဲဟင်းကတော့ ရှယ်ပဲ"၊ "ငါ့ညီမလေး အေးအေးခိုင်ရဲ့ ဝက်သားဟင်းက တကယ်ကောင်းတယ်"၊ "မဝေရဲ့ မှိုကန်စွန်းရွက်ကြော်ကတော့ ဘာနဲ့မှ မတူအောင် ကောင်းတယ်" မြန်မာဟင်းချက်တာမှာ ရစီပီမရှိတော့ အလို လူပေါ်လိုက်ပြီး ဟင်းလျာတွေရဲ့ အရသာ အဆိုးအကောင်းတွေ ကွာခြားကြပါတယ်။ မြန်မာဟင်းတွေကတော့ ဖရီးစတိုင်ပါပဲ။ ဘာမှမူသေ ရစီပီဆိုတာ မရှိပဲ တော်သလို ကြည့်ချက်ကြတာပါ။ မြန်မာရစီပီဆိုတာ သေချာမရှိဘူးလို့ ယူဆထားတဲ့ ကျွန်တော်ဟာ ကြံခင်းက ဝါဝါနွယ်ရေးပို့လိုက်တဲ့ ကြံခင်းထမင်းသုတ် ရစီပီကို ဖတ်လိုက်ရတော့ အရမ်းကို အံ့သြချီးကျူးလေးစားမိပါတယ်။ ဝါဝါနွယ်ဟာ ကြံခင်းထမင်းသုတ် သုတ်နည်းကို အနောက်တိုင်းရစီပီတွေလို သေးစိတ်ရေးထားတာပါ။ တကယ့်ကို နမူနာယူလောက်ပါတယ်။ ဒါကြောင့် သူ့ရဲ့ စာလေးနဲ့ ကြံခင်းထမင်းသုတ် သုတ်နည်းကို ဒီစာစုရဲ့ နောက်မှာ ထည့်ပေးလိုက်ပါရစေ။ ကျွန်တော်တို့ မြန်မာတွေရဲ့ ရိုးရာအစားသောက်တွေ ချက်နည်းပြုတ်နည်းကို စနစ်တကျ မှတ်တမ်းတင် ရစီပီရေးမထားဘူးဆိုရင် တဖြည်းဖြည်းနဲ့ တိမ်ကော ကွယ်ပျောက်သွားတော့မှာပါ။ ဒါကြောင့် ဝါဝါနွယ်ရဲ့ ကြံခင်းထမင်းသုတ် ရစီပီ ရေးထားသလို တကယ့်အသေးစိတ် စနစ်တကျ ရစီပီတွေနဲ့ မြန်မာချက်ပြုတ်နည်းတွေကို ရေးသားပြုစုထားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

ဝါဝါနွယ်ရဲ့ ကြံခင်းထမင်းသုတ် ရစီပီ
ထမင်းသုပ်တွင် ပါဝင်သောအမယ်များမှာ-
၁။ထမင်း
၂။ဆီချက်
၃။ပဲမှုန့်
၎။ပုစွန်ခြောက်မှုန့်
၅။ငရုတ်သီးကြော်
၆။ငံပြာရည်
၇။အချိုမှုန့်
၈။အချဉ်
၁။    ထမင်း
ထမင်းမှာ ပုသိမ်ပေါ်ဆန်းကို အသုံးများပါသည်။ ယခုအခါဈေးနှုန်း ကြီးမြင့်မှုကြောင့် ကြံခင်းမြို့အနီး ဂျင်းခါးကုန်းရွာမှ ထွက်သော ဂျင်းခါးကုန်းပေါ်ဆန်းဆန်ကို သုံးလာကြပါသည်။ အနည်းငယ် ညံ့သွားပါသည်။ ထမင်းသုပ်လုပ်ရန်အတွက်ဆန်ကို အိုးဖြင့်ငှဲ့ချက်ရပါသည်။ ထမင်းပေါင်းအိုးဖြင့် ချက်သောထမင်းမှာ ထမင်းသုပ်ရာတွင် မကောင်းပါ။
၂။    ဆီချက်
ပဲဆီကိုအသုံးများပါသည်။ ဆီချက်ကိုကျက်အောင်ချက်၍ နနွင်းမှုန့်အနည်းငယ်ထည့်ပါသည်။ ထိုဆီချက်ထဲကို ကြက်သွန်ဖြူကို ပါးပါးလှီးြွကွပ်အောင်ကြော်၍ ထည့်ပါသည်။ ကြက်သွန်နီကို မသုံးကြပါ။
၃။    ပဲမှုန့်
ပဲမှုန့်မှာ ကုလားပဲမှုန့်ဖြစ်ပါသည်။ ကုလားပဲကိုလှော်ပြီး မှုန့်ညက်အောင်ကြိတ်သော အမှုန့်စက်များမှ ကုလားပဲမှုန့်ကို အသုံးများပါသည်။ တချို့က ကုလားပဲမှုန့်ကို ဒယ်အိုးတွင် မီးနွေးနွေးဖြင့် ပြန်လှော်ကြပါသည်။
၎။    ပုစွန်ခြောက်မှုန့်
ပုစွန်ခြောက်ကို မီးနွေးနွေးဖြင့် လှော်ပါသည်။ ဈေးမှဝယ်သောပုစွန်ခြောက်မှာ ရေပါသဖြင့် ပျော့သောကြောင့် လှော်ရပါသည်။ လှော်၍ ကြွပ်လာလျှင် အမှုန့်ထောင်း၍အမှုန့်လုပ်ပါသည်။
၅။    ငရုပ်သီးကြော်
ငရုပ်သီးအပွနှင့် အတောင့်ရှည်နှစ်မျိုးရှိရာတွင် အပွမှာအရောင်လှသော်လည်း မစပ်ပါ။ အတောင့်ရှည်မှာ စပ်ပါသည်။ ထိုငရုပ်သီးအပွနှင့် အတောင့်ရှည်နှစ်မျိုးကို ရော၍ဖြစ်စေ၊ တချို့အတောင့်ရှည် တစ်မျိုးတည်းကိုဖြစ်စေ အကြမ်းမှုန့်အဖြစ်သာ ထောင်းပါသည်။ လုံးဝမှုန့်ညက်သော အနုမှုန့်အဖြစ် မထောင်းပါ။ ထိုထောင်းပြီးသား ငရုပ်သီးအကြမ်းမှုန့်ကို ဆီများစွာနှင့် ကြော်ပါသည်။ (ဆီဖြင့်ကြော်ပြီးမှ မထောင်းပါ။ ထောင်းပြီးမှ ဆီဖြင့်ကြော် ပါသည်။) ဆီကိုကျက်အောင်ချက်၍ ဆီကျက်ပြီးမှ ငရုပ်သီးမှုန့်များကို ထည့်ပါသည်။ ထိုအခါ ဆီရွှွဲွှဲရွှဲဖြင့် ကြော်ထားသော ငရုပ်သီးမှုန့်ကြော်ကို ရပါသည်။
၆။    ငံပြာရည်
ငံပြာရည်မှာ ပုသိမ်ဘက်မှလာသော ငံပြာရည်ကို သုံးကြပါသည်။ ယခင်က  ငံပြာရည် ကောင်းကောင်း ရနိုင်သော်လည်း၊ ယခုအခါ အရင်လို မကောင်းသဖြင့် ငံပြာရည်ကျိုလျှင် အချိုမှုန့်ထပ်မံ ထည့်ကျိုကြရပါသည်။
၇။    အချိုမှုန့်
ရှေးယခင်က ထမင်းသုပ်ထဲသို့ အချိုမှုန့်မထည့်ကြပါ။ ယခုအခါအချိုမှုန့်ကို ငံပြာရည် ထဲသို့ဖြစ်စေ၊ သီးခြားအမှုန့်ကို ငံပြာရည်ထဲသို့ဖြစ်စေ၊ သီးခြားအမှုန့်ထပ်မံ ကြိတ်၍ဖြစ်စေ ထည့်ကြပါသည်။
၈။    အချဉ်
ထမင်းသုပ်တွင် ဆီပါသဖြင့် စားရာတွင် မအီအောင် အချဉ်ဖြင့် စားကြပါသည်။ အချဉ်မှာမျိုးစုံ လုပ်ကြပါသည်။ အများဆုံးသုံးကြသော အချဉ်များမှာ မရမ်းသီးချဉ်ဖြစ်ပါသည်။ ဘူးရွက်ချဉ်၊ ကဇွန်းရွက်ချဉ်၊ ပဲပင်ပေါက်ချဉ်၊ သရက်ချဉ်များဖြင့်လည်း စားကြပါသည်။
(က) မရမ်းသီးချဉ်
မရမ်းသီးအစိမ်းများကို ဆားရည်စိမ်၊ စဥ့်အိုးထဲတွင်ထည့်၍ ကြာရည်စွာ ထားရောင်းကြပါသည်။
(ခ) ဘူးရွက်၊ ကန်ဇွန်းရွက်ချဉ်
ဘူးရွက် (သို့မဟုတ်) ကန်ဇွန်းရွက်အရိုးနီကို သုံးပါသည်။ ကြော်စားသော အရိုးပွကန်းဇွန်းကို မသုံးပါ။ ၄င်းကို မကျည်းသီးအမှည့်ဖြင့် ပြုတ်ပါသည်။ ပြီးလျှင်ပါးပါးလှီး၍ စားသုံးရန် အဆင်သင့် ထားပါသည်။
(ဂ) ပဲပင်ပေါက်ချဉ်
ပဲပင်ပေါက်ကို ချဉ်ဖတ်လုပ်၍ထားပြီး၊ ထမင်းသုပ်အချဉ်အဖြစ် စားကြပါသည်။
(ဃ) သရက်ချဉ်
သရက်သီးပေါ်ချိန်၊ အရက်သီးများမမှည့်မီ၊ သရက်သီးပိုးတီလှီးကာ ချဉ်ဖတ်ထည့်ပြီး ထမင်းဖြင့် စားကြပါသည်။ ထမင်းသုပ်ကို အထက်ပါအချဉ် တမျိုးမျိုးဖြင့် စားကြပါသည်။ ထို့အပြင် "ကြက်သွန်ဖြူ" ကိုအခွံနွှာ၍ အချဉ်ဖြင့် တွဲဖက်ကာစားကြပါသည်။
အထက်ပါထမင်းသုပ်ကို ကြက်ဥကြော်၊ ကြက်ဥပြုတ်၊ ဘဲဥပြုတ်၊ အမဲကြော်၊ ကြက်ကြော်၊ ငါးကြော် တို့ဖြင့်လည်း တွဲဖက်စားကြပါသည်။

မဝါဝါနွယ်(ကြံခင်းမြို့)
အမှတ်(၆၃)၊ ဗိုလ်ချုပ်လမ်း
ကြံခင်းမြို့။

ဆက်လက်ဖေါ်ပြပါမည်
ပါမောက္ခခင်မောင်ဝင်း (အသည်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...