Monday, February 27, 2012

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေသစ် စစ်တမ်း

by Vicky Mandra on Sunday, January 29, 2012 at 8:41am ·


ဦးစိန်ကျော်လှိုင်


နိဒါန်း

မကြာခင်က ထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေဟာ နိုင်ငံတော် သမတရဲ့ လုပ်ပိုင်ခွင့်အသေးစိတ်ကို ပြဌာန်းထားရုံမက မကြာခင်ဖွဲ့စည်းမဲ့ အရပ်သားအစိုးရသစ်ကို ဘယ်လိုလုပ်ကိုင် ဖွဲ့စည်းရမလဲဆိုတာပါ ကြိုးကိုင်လမ်းညွှန်ထားတဲ့ ဥပဒေလဲ ဖြစ်ပါတယ်။ ဒီဥပဒေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးထားပေမဲ့ လွှတ်တော်မစခင်ကမှ ရန်ကုန်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။


အစိုးရအဖွဲ့ ဘယ်လိုဖွဲ့မလဲ

မကြာခင်က ရွေးကောက်တင်မြှောက်ခံရတဲ့ သမတ ဦးသိန်းစိန်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆ အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို သမတ၊ ဒုသမတ ၂  ဦး။ ပြည်ထောင်စုဝန်ကြီးများ ပြည်ထောင်စု ရှေ့နေချုပ်တို့နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်

ပြည်ထောင်စုဝန်ကြီးတွေကို သမတက ခန့်တဲ့နေရာမှာ အာဏာရှိနေသေးတဲ့ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါစေချင်သူတွေကိုဘဲ ၀န်ကြီးခန့်မလား သမတ ဦးသိန်းစိန် စိတ်ကြိုက် ၀န်ကြီးအဖွဲ့ကိုဘဲ ရွေးချယ်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။     

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၉ အရ သမတ ဦးသိန်းစိန်ဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိုလဲ ဖွဲ့စည်းရမှာဖြစ်ပါတယ် ဒါပေမဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ ဦးထဲမှာ ၀န်ကြီး ၃ ဦးပါနေတဲ့အတွက် ပြည်ထောင်စုဝန်ကြီးအဖွဲ့ ဒါမှမဟုတ် အစိုးရအဖွဲ့ ဖွဲပီးမှသာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဖွဲ့ရမယ်ဆိုတာ ထင်ရှားနေပါတယ်။


အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အများဆုံး ချယ်လှယ်ကြိုးကိုင်သွားမဲ့ အဖွဲ့အစည်းဖြစ်သလို သမတထက်ပိုပီး လက်စောင်းထက်မဲ့ အဖွဲ့ဖြစ်နေတာမို့ ဒီအဖွဲ့မှာ ဘယ်သူတွေ ကြိုးကိုင်ထားသလဲ ပြန်ကြည့်ဘို့လိုပါတယ်

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ ဦးကိုကြည့်ရင် သမတ ဦးသိန်းစိန်က စစ်တပ်ကလာသူ ဖြစ်ပါတယ်။ ဒုသမတ သီဟသူရတင်အောင်မြင်ဦးကလဲ စစ်တပ်ကဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့ဟာလဲ စစ်တပ်က ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု ကာကွယ်ရေး ဦးစီးချုပ် ၂ ဦးကလဲ စစ်သားဖြစ်ပါတယ်။ နောက် ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ၃ ဦးကလဲ စစ်ဘက်က ဖြစ်ရမယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်

ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦးမှာ ၉ ဦးက စစ်တပ်က ဖြစ်နေပါတယ်။ ဒါတောင် နိုင်ငံခြားရေးဝန်ကြီးကို အရပ်သားလို့ ယူဆထားတာပါ။ နိုင်ငံခြားရေးဝန်ကြီးကိုပါ စစ်သားခန့်ရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦးမှာ ၁၀ ဦးက စစ်သားဖြစ်သွားနိုင်ပါတယ်

ဆိုလိုတဲ့သဘောက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် ၁၁ ဥင်္ီးမှာ ၈၀%ကျော်က စစ်တပ်က ဖြစ်နေတဲ့အတွက် သမတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ် ၈၀%ကျော်ပါတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကြိုးကိုင်ထားတဲ့သဘော ဖြစ်နေပါတယ်

သမတက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သလား

ပိုပီးထင်ရှားတဲ့ ဥပမာပြရမယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၇ အရ နိုင်ငံတော် သမတဟာ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကိုသာ သမတသဘောနဲ့ ပေးပိုင်ခွင့်ရှိပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်ရမှ ပေးပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်

ဆိုလိုတာက ကိုမင်းကိုနိုင်တို့လို ခွန်ထွန်းဦးတို့လို ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုရင် သမတဖြစ်တဲ့ ဦးသိန်းစိန် တဦးတည်း သဘောနဲ့ ပေးပိုင်ခွင့်မရှိဘဲ စစ်တပ် ၈၀%ကျော်ပါတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထောက်ခံမှ ပေးနိုင်တာမို့ လွတ်ငြိမ်းချမ်းသာခွင့်ကို စစ်တပ်က ကြိုးကိုင်ထားတဲ့သဘော ဖြစ်နေပါတယ်

နောက် ထင်ရှားတဲ့ ဥပမာကတော့ သမတ ဦးသိန်းစိန်အနေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ်ကို ခန့်တဲ့အခါမလဲ သူ့သဘောနဲ့ ခန့်ခွင့်မရှိဘဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြု ထောက်ခံချက်နဲ့သာ ခန့်အပ် တာဝန်ပေးရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၆ (က)မှာ ပြဌာန်းထားပါတယ်

ဒါပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄ အရ ဒုတိယ၀န်ကြီးတွေ ခန့်တဲ့အခါမလဲ စစ်သားကို သမတ ဦးသိန်းစိန်က တာဝန်ပေးချင်တယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ရမယ်လို့  ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၇ က(၁) မှာ ပြဌာန်းထားပါတယ်

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် ၁၁ ဦးကို ပြန်ကြည့်ရင် စစ်သားတွေဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် ဒု ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီး ၄ ဦးဟာ အခရာကျသူတွေ ဖြစ်နေတာ တွေ့ရပါတယ်

ဘာကြောင့်လဲဆိုတော့ သမတအနေနဲ့ တိုင်းပြည်မှာ အရေးပေါ် အခြေအနေကြေငြာဘို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲံဝင်တွေ စုံစုံလင်လင် မတက်နိုင်ဘူးဆိုရင် စောစောက ၄ ဦးနဲ့ ညှိနှိုင်းပီး အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာနိုင်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၇ မှာ ပြဌာန်းထားပါတယ်

ဒါကြောင့် ပြည်ထောင်စုအစိုးရ၀န်ကြီးအဖွဲံထဲမှာတောင် ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဟာ တြ့ခားဝန်ကြီးတွေထက်ပိုပီး အာဏာရှိသူတွေလို့ ပြောနိုင်ပါတယ်


သမတနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန်ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute (TNI) က ယူဆပါတယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမတဟာ ကာကွယ်ရေး ဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး အာဏာ တရားစီရင်ရေး အာဏာပေးထားမဲ့ အရေးပေါ် အခြေအနေ ကြေငြာမဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင်လဲ သမတကသာ ဆုံးဖြတ်နိုင်ပါတယ်။

ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျွံ သုံးတာမျိုးမဖြစ်ဘို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။  ဒါမှလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ခြိမ်းခြောက်မှု ကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။

စစ်အစိုးရ အခြေခံဥပဒေကိုကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေး အာဏာကိုတော့ ရွေးကောက်ခံ အမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေသစ်မှာ ပြဌာန်းထားတဲ့ သမတရဲ့ လုပ်ပိုင်ခွင့်တွေ များပြားလှပေမဲ့ ဒုသမတ ၂ ဦးရဲ့ လုပ်ပိုင်ခွင့်ကတော့ အဆမတန် နည်းပါးနေတာ တွေ့ရပါတယ် ဒုသမတ တဦးက ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာနတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေရဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွေကို ဦးဆောင်စိစစ်ပီး ကျန် ဒုသမတ တဦးက ပြည့်နယ် တိုင်းဒေသကြီး အရအသုံးငွေစာရင်းများကို ဦးဆောင်စိစစ်ပီး ရသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်ထံ တင်ပြရမယ်လို့သာ ဆိုထားပါတယ်


ဘယ်သူက ယာယီသမတလုပ်ခွင့်ရှိသလဲ

ထူးခြားတဲ့အချက်က သမတကြီး ဦးသိန်းစိန် ပြည်ပခရီး သွားနေချိန်မှာ ယာယီ သမတ တာဝန်ထမ်းဆောင်မဲ့ ဒုသမတဟာ သမတ ရွေးချယ်တင်မြှောက်တုံးက ဒုတိယ မဲအများဆုံးရသူဖြစ်ရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၅ မှာ ပြဌာန်းထားပါတယ် ဒါကြောင့် ၁၇၁ မဲရတဲ့ သီဟသူရ တင်အောင်မြင်ဦးကသာ ယာယီသမတ တာဝန်ထမ်းဆောင်ခွင့်ရှိပီး ကျန် ဒုသမတဖြစ်တဲ့ စိုင်းမောက်ခမ်းက ယာယီသမတ လုပ်ခွင့်မရှိဆိုတဲ့ သဘော ဖြစ်ပါတယ်

သမတက ဘယ်သူတွေကို ဖြုတ်နိုင်သလဲ

သမတဟာ ပြည်နယ်တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ ခန့်နိုင်သလို ပြည်နယ်တိုင်းဒေသကြီး တရားသူကြီးချုပ်တွေ ပြည်နယ်တိုင်းဒေသကြီး ၀န်ကြီးတွေ ပြည်နယ်တိုင်းဒေသကြီး တရားသူကြီးတွေ ပြည်နယ်တိုင်းဒေသကြီး ဥပဒေချုပ်တွေ ပြည်နယ်တိုင်းဒေသကြီး စာရင်းစစ်ချုပ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ ဥက္ကဌ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌတွေကိုပါ ခန့်နိုင်ပါတယ်။

တချိန်ထဲမှာဘဲ ဖော်ပြပါ ပုဂ္ဂိုလ်တွေကို ပေးအပ်တဲ့တာဝန် ကျေပွန်စွာ မထမ်းဆောင်နိုင်ရင် ရာထူးက နှုတ်ထွက်ရန် သမတက ညွှန်ကြားနိုင်တယ်-ညွှန်ကြားတဲ့အတိုင် မလိုက်နာရင် တာဝန်က ရပ်စဲနိုင်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၇၉ (က) မှာ ပြဌာန်းထားပါတယ်

ခုလို ပြဌာန်းထားတဲ့အတွက် လွှတ်တော် ပထမ ၅ နှစ်သက်တမ်းမှာ ကြံ့ဖွံမကြိုက်တဲ့ ပြည်နယ်တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးတွေ ပြည်နယ်တိုင်းဒေသကြီး ဥပဒေချုပ်တွေ ပြည်နယ်တိုင်းဒေသကြီး စာရင်းစစ်ချုပ်တွေကို သမတ ဦးသိန်းစိန်က တာဝန်မကျေပွန်ဆိုတဲ့အကြောင်းနဲ့ ဖြုတ်ပိုင်ခွင့်ရှိနေတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

သမတကို တရားရုံးမှာ ဖြေရှင်းခွင့်ပေးမလား

အခြေခံဥပဒေမှာ သမတကို စွပ်စွဲပြစ်တင်ခွင့်ပေးထားပေမဲ့ သမတဟာ ဖွဲ့စည်းပုံအရဖြစ်စေ ဥပဒေ တရပ်ရပ်အရ ဖြစ်စေ ၄င်းအား အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေ ကျင့်သုံးဆောင်ရွက်မှု ဒါမှမဟုတ် ကျင်သုံးဆောင်ရွက်တဲ့အနေနဲ့ ပြုခဲ့တဲ့ ပြုလုပ်မှုတွေအတွက် ဘယ်လွှတ်တော် ဘယ်တရားရုံးမှာမှ ဖြေရှင်းဘို့ တာဝန်မရှိဆိုပီး ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၃နဲ့ အကာအကွယ်ပေးထားပါတယ်။

ဒါပေမဲ့ သမတ ဦးသိန်းစိန်ကို အခြေခံဥပဒေအရ စွပ်စွဲပြစ်တင်မဲ့ ဥပဒေချင်းရာတွေဟာ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၃ပါ ပြဌာန်းချက်တွေနဲ့ လက်တွေ့မှာ ဘယ်လိုကွာဟချက်တွေ ရှိမလဲဆိုတာ မရှင်းလင်းတဲ့အတွက် လက်တွေ့ စွပ်စွဲပြစ်တင်တဲ့အခါမှသာ ပြဿနာတွေ ပေါ်လာမှာ ဖြစ်ပါတယ်

နိုင်ငံသား အခွင့်အရေး

ခုဆိုရင် စစ်အစိုးရရဲ့ ဖွဲံစည်းပုံအခြေခံ ဥပဒေ တပြည်လုံးမှာ အာဏာတည်သွားပီ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အပေါင်းအပါတွေ ကျုးလွန်ခဲ့သမျှကို ပြည်သူတွေ တရားစွဲခွင့်မရှိတော့တာ မှန်ပါတယ်။

ဒါပေမဲ့ မဲဆန္ဒရှင်တွေ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော် ၃ ရပ်က ဘယ်အမတ်ကိုမဆို မကြိုက်လို့ တာဝန်မကျေလို့ဆိုပီး အမတ်အဖြစ်က ပြန်ရုတ်သိမ်းချင်သပဆိုရင် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် မဲဆန္ဒရှင်တွေ စုပေါင်းကန့်ကွက်ပီး ပြန်ရုတ်သိမ်းနိုင်ခွင့်ရှိပြီဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈- ပုဒ်မ ၃၆၉ (ခ) မှာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားပါတယ်။

ကနေ့ဆိုရင် အဲဒီလို ပုဒ်မမျိုးကို အသက်သွင်းထားတဲ့ အခြေခံဥပဒေ ၂၀၀၈ အာဏာတည်နေပြီဆိုတာ ပြည်သူတွေကို လက်ဆင့်ကမ်း အသိပေးဘို့ လိုပါတယ်။

ဦးစိန်ကျော်လှိုင်
၂၀၁၁ ခု-ဖေဖော်ဝါရီ ၆ ရက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...