Saturday, February 25, 2012

အလွတ်ကျက် စနစ်ဖြင့် မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ်

by So Min Oo on Sunday, February 26, 2012 at 11:23am ·
 
တစ်ခါတုန်းက ကျောင်းတစ်ကျောင်းသို့ ကျောင်းစစ်ဆေးရေးအဖွဲ့ ရောက်လာ၏။  စစ်ဆေးရေး အဖွဲ့ဝင် တစ်ဦးက အလယ်တန်း ကျောင်းသားလေး တစ်ယောက်အား ဤသို့ မေးလေ၏။ “သားတို့ရဲ့ သမိုင်းဘာသာရပ်ထဲမှာ ပုဂံပြည်ကြီး အကြောင်း သင်ရသလား” “ဟုတ်ကဲ့ သင်ရပါတယ်” “ ပုဂံပြည်ကြီးက ဖွံ့ဖြိုးစည်ပင်လာအောင် တည်ထောင်ခဲ့တဲ့ ဘုရင်ကြီးက ဘယ်သူတုန်း” “အနော်ရထာမင်းကြီးပါ” “ကောင်းပြီ နောက်ဆုံးမှာ ပုဂံပြည်ကြီး ဘာဖြစ်သွားလဲ” “ပုဂံပြည်ကြီး ပျက်စီးသွားပါတယ်” “အေး ဟုတ်ပြီ ဒီတော့ ပုဂံပြည်ကြီး ပျက်စီးသွားအောင် ဖျက်ဆီးလိုက်တာ ဘယ်သူလဲ” ကျောင်းသားလေးက ရုတ်တရက်မဖြေ။ မျက်မှောင်လေးကြုတ်၍ စဉ်းစားနေသည်။
ဤတွင် စစ်ဆေးသူက... “ဖြေလေကွာ ပုဂံပြည်ကြီးကို ဘယ်သူဖျက်ဆီးတာလဲ” “ပုဂံပြည်ကြီး ပျက်စီးသွားအောင် ဖျက်ဆီးတာ ကျွန်တော် မဟုတ်ပါဘူးခင်ဗျ” “ဟေ” စစ်ဆေးသူ စိတ်ညစ်သွားသည်။ ဤတွင် စစ်ဆေးသူ၏ ဘေးနားတွင် ရပ်နေသော ကျောင်းအုပ်ဆရာကြီးက“ဆရာကြီးခင်ဗျာ ဒီကလေးဟာ ဒီကျောင်းမှာ စာလည်း အတော်ဆုံး၊ စာရိတ္တလည်း အကောင်းဆုံး ကျောင်းသားတစ်ဦးပါ။ ဒီကလေးအကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ်။ ပုဂံပြည်ကြီးကို ဒီကလေး မဖျက်ဆီးဘူးဆိုတာ ကျွန်တော် လုံးဝ တာဝန်ယူပါတယ် ခင်ဗျာ” ပညာရေး လောကမှ ဆရာ၊ ဆရာမများ အချင်းချင်း မကြာခဏ ပြောလေ့ရှိသော ရယ်မောစရာ ဟာသဇာတ်လမ်းလေးတစ်ပုဒ်။ သို့သော် ရယ်ပြီးနောက် မမောမိဖို့ အရေးကြီးပါသည်။ ဆရာ ဦးအောင်သင်းကတော့ ရယ်ပြီး မောတတ်သည်ဟု သတိပေးဖူးသည်။ ကျောင်းသား ကျောင်းသူများ ကိုယ်ကျက်နေသည့် သင်ခန်းစာ၏ အနှစ်သာရ၊ သဘောအဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝ နားလည်အောင် မကြိုးစားဘဲ ဇွတ်အတင်း အလွတ်ကျက်နေကြသည်ကို တွေ့မြင်ရတိုင်း ဤဇာတ်လမ်းလေးကို ပြေးသတိရမိသည်။



အကြောင်းအရင်းကို ရှာလိုက်သောအခါ “မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ်” ကို ကွဲကွဲပြားပြား မခွဲခြားနိုင်ဘဲ “စာဆိုရင် အလွတ်ကျက်ရမှာပေါ့” ဟူသော ပညာရေး အသိမှား၊ အမှတ်မှားမှုများ လွှမ်းမိုးနေခြင်းကြောင့်ပင်။ တစ်ဆက်တည်းမှာပင် စကော့လူမျိုး ကဗျာဆရာ “ဂျိမ်းစ်ဘီးတီ” (James Beattie) ၏ ပညာရေးဆိုင်ရာ နီတိလေးကို ပြေးမြင်မိသည်။ ''The aim of education should be to teach us rather how to think, than what to think-rather to improve our minds, so as to enable us to think for ourselves, than to load the memory with the thoughts of other men '' “ ပညာရေး၏ ရည်မှန်းချက်မှာ ဘာတွေကို စဉ်းစားရမည် ဆိုသည်ထက် ဘယ်လို စဉ်းစားရမည်ကို သင်ပေးခြင်း ဖြစ်သင့်သည်။ တစ်ပါးသူတို့၏ အတွေးများကို မှတ်ဉာဏ်တွင် သွင်းနေသည်ထက် ကိုယ်တိုင် တွေးတတ်အောင် လုပ်ပေးသင့်သည်။ ဤအဆိုအမိန့်လေးကို ပညာရေး စိတ်ဝင်စားသူတွေ၊ ပညာရေး ရည်မှန်းချက်အား ဆင်ခြင်တတ်သူတွေ သဘောကျ နှစ်ခြိုက်ကြမည်ဟု ယုံကြည်ပါသည်။ မျက်မှောက်ကာလတွင် ကျွန်တော်တို့၏ သားသမီး ရင်သွေးငယ်လေးများ၊ တပည့်လေးများမှာ သင်ခန်းစာထဲမှ အကြောင်းအရာ အချက်အလက်များကို မိမိ၏ မှတ်ဉာဏ်ထဲတွင် ဇွတ်သိပ်ထည့်ဖို့သာ ကြိုးစားနေကြပါသည်။ မိမိ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးတောဆင်ခြင်ခြင်း၊ စဉ်းစားခြင်း စသည်တို့ကို သတိမရကြတော့ပါ။ သင်ခန်းစာထဲမှ သဘောတရား အယူအဆများကိုပင်လျှင် ကျိုးကြောင်းညီညွှတ်စွာ ဆင်ခြင် မပိုင်းဖြတ်နိုင်ဘဲ အတင်းအဓမ္မ မှတ်သားတာမျိုးကိုသာ အားထုတ် ကြိုးပမ်းနေကြပါတော့သည်။

မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်မှ ကိုးတန်းအထိ ကျောင်းစစ် ဖြစ်လေသည်။ ကျောင်းသား ကျောင်းသူတို့သည် ကျောင်းစစ်စာမေးပွဲကို အကြောင်းအမျိုးမျိုးဖြင့် အောင်မြင်ကြပါသည်။ အရေအတွက်တွေ တိုးပွားလာပါ၏။ သို့သော အရည်အချင်းက ပါမလာ။ အတိမ်းအစောင်းမခံသော ဆယ်တန်းတွင် သင်ယူစရာတွေက များပါဘိ။ အောက်တန်းတွေမှ “ရေသာခိုစိတ်၊  အချောင်စိတ်” စသည့် “အကျင့်ဆိုးများ” ကပ်လာသောကြောင့် အရည်အသွေး စံချိန်မမီသူများ ဖြစ်လာရသည်။ ယခုနှစ် ဆယ်တန်းအောင်ချက် ကျဆင်းသွားရသည်မှာ ယင်းအချက်များကြောင့်ဟု မှတ်ချက်ပြုရပါတော့မည်။ အောင်ချက်ရာခိုင်နှုန်း ကျဆင်းရခြင်းမှာ သတ်မှတ် အရည်အချင်း ပြည့်မီသူ နည်းပါးလာသောကြောင့် ဖြစ်သည်။ ၁၉၈၃-၈၄ နောက်ပိုင်းတွင် အောင်ချက် သတ်မှတ် ရာခိုင်နှုန်း အဆင့်မီစေရန် အကြောင်းအမျိုးမျိုးကို ထောက်ထားပြီး မူအားဖြင့် လက်တွဲ ခေါ်ငင် ဆွဲယူမြှင့်တင်ပေးခဲ့ရသော ဖြစ်ရပ်များ နှစ်အတော်ကြာကြာ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ပညာရေး၏ ဦးတည်ရည်မှန်းရာ ဖြစ်သော တွေးခေါ်မြော်မြင်နိုင်စွမ်း၊ ဝေဖန်သုံးသပ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ကျယ်ပြန့်စွာ ဖတ်ရှုနားလည်နိုင်စွမ်း စသည့် စွမ်းရည်များ ကျဆင်း ပြိုလဲခဲ့ရသည်။ အဓိက လက်သည် တရားခံမှာ သဘောတရား မပါသော “အလွတ်ကျက်စနစ်” ၏ ထိုးနှက် ရိုက်ခတ်မှုပင်။ အတန်းတိုင်း၏ အင်္ဂလိပ်စာမေးခွန်းတို့မှာ ပြဋ္ဌာန်းစာအုပ်  (Text Book) ကို အခြေခံထားသော “ဖတ်ရှုနားလည်မှု” (Comprehension) ကို အသားပေးသော မေးခွန်းများ ဖြစ်သည်။ များများဖတ်၊ များများနားလည်ထားဖို့ လိုသည်။ သို့သော် မဖတ်တော့ မသိ မသိတော့ မဖတ် သံသရာလည်နေရာမှ စာပိုဒ်ရေးခြင်း (Paragraph-writing)၊ ပေးစာ(Letter-writing)၊  (Essay) စသည့် အင်္ဂလိပ်စာ စွမ်းရည်ပြ မေးခွန်းများကို ကိုယ်ပိုင် အရေးအသား မဖန်တီးနိုင်တော့ဘဲ“အလွတ်ကျက်စနစ်” ကိုသာ ဆူလွယ်နပ်လွယ် အသုံးပြုကြတော့သည်။

ဤသို့ဖြင့် မျက်မှောက်ကာလ ဆယ်တန်းတွင် အင်္ဂလိပ်စာနှင့် ပတ်သက်သော“အရည်အသွေး ပြည့်ဝမှု အာမခံချက်” (Quality assurance) ဂရပ်မျဉ်းကြောင်းမှာ အောက်သို့ ထိုးစိုက်ကျသွားပါတော့သည်။ ဆယ်တန်း မြန်မာစာ မေးခွန်းမှ စာစီစာကုံးကို ကြည့်ပါဦး ရေးရမည့် အကြောင်းအရာ ခေါင်းစီးအောက်တွင် အသင့် ကောက်ရေးနိုင်အောင် အချက်အလက်တွေ၊ ရည်ညွှန်းချက်တွေကို “ရေကန်အသင့်၊ ကြာအသင့်” ပေးထားသည်။ ရည်ရွယ်ချက်မှာ ကျောင်းသား၊ကျောင်းသူတွေ “မြန်မာစာ စာစီစာကုံး” ကို ဝေဆာသိုက်မြိုက်အောင် ရေးတတ်စေရန် လမ်းခင်းပေးထားခြင်း။ သို့သော် “စံထားရသော စာစီစာကုံး” များ စနစ်တကျ ဖတ်ရှုမှု နည်းပါးခြင်း၊ ပြင်ပ ဗဟုသုတ စာပေ လေ့လာအားထုတ်မှု နည်းခြင်းတို့ကြောင့် မိခင်ဘာသာ(Mother Language) ဖြင့် ရေးထားသော စာစီစာကုံးမှာလည်း အလွတ်ကျက် စာရင်းဝင် ဖြစ်သွားလေသည်။ မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ် မကွဲပြားရာမှ သဘောတရား မပါသော အလွတ်ကျက် စနစ်မှာ ကျောင်းသား၊ ကျောင်းသူများအကြားတွင် အမြစ်တွယ် ရှင်သန်နေသည်မှာ အချိန်အတော်ကြာနေပါပြီ။ ယင်းစနစ်သည် မြန်မာစာနှင့် အင်္ဂလိပ်စာတွင်သာမက အခြားဘာသာရပ်တွေပါ ကူးစက် ပျံ့နှံ့ လွှမ်းမိုးနေလေသည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် “အဓိပ္ပာယ် သတ်မှတ်ချက်များ (Defimitions)၊ သီအိုရီများ (Theories)၊ အဆိုပြုချက်များ (Statements) နှင့် နိယာမများ (Prineiples, Laws) စသည်တို့မှာ ပညာရှင်များ၏ အဆိုအမိန့်များ ဖြစ်သောကြောင့် အလွတ်ကျက်သည်မှာ သဘာဝကျသော်လည်း သဘောတရားကို အခြေခံသော မေးခွန်းနှင့် အဖြေများကိုပါ အလွတ်ကျက်သည်မှာတော့ အဆင်ပြေနိုင်မည် မဟုတ်ပါ။ အဓိပ္ပာယ် အနှစ်သာရနှင့် ရေးပုံရေးနည်း ဖြေနည်းကိုသာ အားထုတ်ကြိုးပမ်းသင့်ပါသည်။ မျက်မှောက်ခေတ် ကျောင်းသားကျောင်းသူ အများစုတို့မှာ သင်ခန်းစာ အသီးသီးမှ အကြောင်းအရာများ၏ သဘာတရားနှင့် အနှစ်သာရပိုင်းကို နားမလည်ခြင်းကြောင့် ကိုယ်ပိုင် မှတ်စု မထုတ်တတ်တော့ချေ။ လူသက်သာသော အလွတ်ကျက်နည်းကို အလေးထား အားကိုးလာရာမှ ဆရာဆရာမနှင့် ကျူရှင်မှ ရေးပေးသည့် မှတ်စုများကိုသာ အသေ ဆုပ်ကိုင်လာကြသည်။ ဦးနှောက်စွမ်းအားက ထုတ်မသုံးချင်ကြတော့ ကိုယ်ပိုင် အရည်အသွေးများ ခန်းခြောက်လာရသည်။ ရယ်ဒီမိတ် လုပ်ပေးထားသော မှတ်စုမရှိလျှင် စာမကျက်တတ်ကြတော့ပေ။ ပညာရေး၏ ရည်ရွယ်ချက်မှာ ဘာသာရပ် တစ်ခုကို နားလည်သဘောပေါက်ရန်နှင့် အသုံးချတတ်ရန် ဖြစ်သည်။

သို့သော် အများအားဖြင့် စာမေးပွဲအောင်ရေးသာ အဓိကထားနေကြသည်။ ပညာရေးဌာနမှ တာဝန်ရှိသူများပင် စာမေးပွဲ အောင်ချက်သည် သူတို့၏ အဓိက ရည်မှန်းချက် ဖြစ်သည်။ သဘောတရား မပါသော အလွတ်ကျက် စနစ်ကြောင့် စဉ်းစားဆင်ခြင်မှု၊ သုံးသပ်တတ်မှု စွမ်းရည်များ ဆုံးရှုံးရသည်။ အဖိုးတန် အချိန်တွေ ဆုံးရှုံးရသည်။ အားထုတ်ရသော ဉာဏ်လုပ်အားနှင့် စွမ်းအင်များပါ ဆုံးရှုံးရပါသည်။ အလွတ်ကျက် စနစ်ကို ကွယ်ပျောက် ကင်းစင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယနေ့ မြန်မာနိုင်ငံတွင် “စဉ်ဆက်ကဲဖြတ်စနစ်” ကို အောက်ခြေ မူလတန်း အဆင့်တွင် စတင် ကျင့်သုံးနေပါသည်။ ကျောင်းသားတို့ ဗဟိုပြု သင်ကြားနေသော စနစ်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများတွင် ကျင့်သုံးသော စနစ်ဖြစ်သည်။ အလွန်ခေတ်မီသော စနစ်ဖြစ်သည်။ သို့သော် သူတို့နိုင်ငံများသည် ဆရာတစ်ယောက်နှင့် ကျောင်းသား ဆယ်ယောက်ခန့် အချို့ ဖြစ်နေသော်လည်း ကျွန်တော်တို့ နိုင်ငံတွင် ဆရာတစ်ယောက်နှင့် ကျောင်းသားတစ်ရာ ဖြစ်နေသည် အဆင့်အတန်းမီသော “သင်ထောက်ကူ ပစ္စည်းများ” လိုအပ်နေသေးသည်။ ဆရာဆရာမ ကိုယ်တိုင်ပင် စာဖတ်အားနည်းမှုနှင့် စည်းရုံးမှု အားနည်းနေသဖြင့် “ကျောင်းစာကြည့်တိုက်” ၏ အရာဝင် အသုံးတည့်မှုများ အင်အားပျော့နေသည်။ “ခေါက်ရိုးကျိုးနေသော အလွတ်ကျက်စနစ်” သည် “နာတာရှည်ရောဂါ” မဟုတ်ပါ။ စနစ်ကျသော ကုသနည်းဖြင့် ကုစားလျှင် ပျောက်ကင်းနိုင်ပါသည်။ သို့သော် အချိန်ယူရမည်။ မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ် ကွဲပြားအောင် ခွဲခြားပေးရမည်။  သဘောတရားနှင့် အနှစ်သာရကို အလေးပေး သင်ကြားရမည်။ တပည့်တို့ မေးရဲ ဆွေးနွေးရဲအောင် လမ်းဖွင့်ပေးတတ်ရမည်။ ပြင်ပ ဗဟုသုတ စာပေများ ဖတ်ရှုမှု အလေ့အထ ပြုစုပျိုးထောင်ပေးရမည်။ ထို့ကြောင့် မှတ်ဉာဏ် တစ်ခုတည်းကိုသာ အားကိုးနေခြင်း၊ စဉ်းစားဉာဏ်နယ်ပယ် မဖွံ့ဖြိုးခြင်း၊ သဘောတရား အနှစ်သာရ မပါသော အလွတ်ကျက်စနစ် ရှင်သန်နေသမျှ မည်မျှ ကောင်းမွန်သော ပညာရေး စနစ်ကို ပြဋ္ဌာန်း သတ်မှတ်စေကာမူ မျှော်မှန်းထားသော ပညာရေး ပန်းတိုင်နှင့် အလှမ်းဝေးနေမည် ဖြစ်ကြောင်း ရိုးသားစွာ ယုံကြည်မိပါသည်။


မင်းသန့်ဇင်(အင်္ဂလိပ်စာ)
http://news.yatanarpon.com.mm/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...