Saturday, February 25, 2012

မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈ မှ ၁၉၈၈) (အခန်း- ၂)

by cherrymyodaw on Sunday, February 26, 2012 at 3:39am ·
အခန်း (၂) နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးခေါင်းဆောင်များ

ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေသို့

၁၈၈၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံး ဗြိတိသျှကိုလိုနီဘ၀သို့ ကျရောက်သွားခဲ့ရသည်။
ထိုသည်၏နောက် ဆယ်စုနှစ်တစ်ခုကျော်မျှ တောင်တန်းမြေပြန့်နေရာဒေသအနှံ့
လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ ဆက်တိုက်ဆိုသလိုပေါ်ထွက်လာခဲ့သည်။
သို့တစေ ခေတ်သစ်အဖွဲ့အစည်းအသင်းအပင်းပုံသဏ္ဌာန်ဖြင့် စည်းရုံးလှုပ်ရှားလာခဲ့ကြသည်မှာ
၂၀ ရာစုထဲသို့ ၀င်ရောက်လာတော့မှဖြစ်သည်။ တစ်ပြည်လုံး အတိုင်းအတာ ပထမဆုံး
ပေါ်ထွက်လာသည့်အဖွဲ့အစည်းကြီးမှာ “ဗုဒ္ဓဘာသာကလျာဏယုဝအသင်း” ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာဖြင့် “YOUNG MEN'S BUDDHIST ASSOCIATION”  ဟူ၍ဖြစ်ရာ
၎င်း၏အတိုကောက် “၀ိုင်အမ်ဘီအေ” (YMBA) အသင်းကြီးအဖြစ်ထင်ရှားသည်။


ဝိုင်အမ်ဘီအေ အသင်းကြီးကို ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
ဦးဘဘေ၊ ဦးမောင်ကြီး၊ ဒေါက်တာဘရင်၊ ဦးမေအောင်၊ ဦးစိန်လှအောင် စသူတို့ဦးဆောင်
ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ မူလစတင်စဉ်က လူ ၂၀ ပင်မပြည့်တတ်သော်လည်း
နောက်ပိုင်းတွင် တစ်ပြည်လုံးအတိုင်းအတာအထိ ကျယ်ပြန့်လာခဲ့သည်။ အထူးသဖြင့်
ဦးဘဘေ၊ ဦးလှဖေတို့ ဦးစီးထုတ်ဝေသော “သူရိယသတင်းစာ” ထွက်ပေါ်လာသောအခါ
အသင်းကြီး၏ ကြွေးကြော်သံဖြစ်လာ၍ လူသိများထင်ရှားလာခဲ့သည်။

ကနဦးကာလက ၀ိုင်အမ်ဘီအေမှာ နိုင်ငံရေးအဖွဲ့အစည်းသဘောထက် ဘာသာရေး၊
လူမှုရေးအသင်းအနေဖြင့်သာ စတင်ခဲ့ရခြင်းဖြစ်ပါသည်။ အသင်း၏ရည်ရွယ်ချက်မှာ
“အမျိုးဘာသာသာသနာနှင့် ပညာ” ဖြစ်ပြီး ကြွေးကြော်သံမှာ “အမျိုးကိုချစ်ပါ။
ဘာသာသာသနာကိုလေးစားပါ။ ပညာရေးကို အားပေးပါ” ဟူ၍ဖြစ်သည်။
အဆိုပါရည်မှန်းချက်နှင့် ကြွေးကြော်သံများမှာပင် “အမျိုးသားရေး” ရပ်ခံမှုများပါဝင်နေရာ
နိုင်ငံရေးလှုပ်ရှားမှုသဘောသို့ တဖြည်းဖြည်း ရောက်လာခဲ့ပါသည်။ အထူးသဖြင့် ၁၉၁၇
ဖိနပ်ပြဿနာပေါ်ထွက်ပြီးနောက်ပိုင်းတွင် ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ နိုင်ငံရေးလှုပ်ရှားမှု
အဖြစ်သို့ရောက်လာခဲ့သည်။ သည်လိုနှင့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ပြည်ညီလာခံတွင်
အသင်း၏အမည်ကို “ဂျီစီဘီအေ” (GCBA) အဖြစ် ပြောင်းလဲခဲ့ပြီး နိုင်ငံရေးအဖွဲ့အစည်း
ပီပီပြင်ပြင်ဖြစ်လာခဲ့ပါသည်။

“ဂျီစီဘီအေ” ဆိုသည်မှာ “GENERAL COUNCIL OF BURMESE ASSOCIATION” ကို
အတိုကောက်ယူထားခြင်းဖြစ်သည်။ မြန်မာဘာသာဖြင့် “မြန်မာ့အသင်းချုပ်ကြီး” ဟုခေါ်ပါသည်။
ဂျီစီဘီအေ အသင်းကြီး၏ ဥက္ကဋ္ဌမှာ ဦးချစ်လှိုင်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ဦးဘဘေဖြစ်သည်။
အသင်းကြီးက နိုင်ငံခြားဖြစ်ကုန်ပစ္စည်းများကို သပိတ်မှောက်ပြီး ပြည်တွင်းဖြစ်များကိုသုံးစွဲကြရန်
ဆော်သြသည်။ ချစ်တီးပိုင်လယ်မြေများကို သိမ်းယူပြီး လယ်သမားများကိုဝေငှရန် တောင်းဆိုသည်။
ဝံသာနုလှုပ်ရှားမှုအဖြစ် ထင်ရှားပါသည်။ ၁၉၂၀ ပြည့်နှစ်မှာပင် ပထမကျောင်းသားသပိတ်
ပေါ်ထွက်လာခဲ့ရာ ဂျီစီဘီအေ၏ ၀ံသာနုလှုပ်ရှားမှုနှင့် ပေါင်းစည်းမိပြီး ကျယ်ပြန့်သော
အမျိုးသားရေးလှုပ်ရှားမှုဖြစ်ပေါ်လာသည်။ ၁၉၂၁ ခုနှစ် မန္တလေးမြို့တွင် ကျင်းပသော
ကိုးကြိမ်မြောက် ကွန်ဖရင့်၌ “ကိုယ်ပိုင်အုပ်ချုပ်ရေး” (HOME RULE) အမြန်ဆုံးပေးရမည်ဟု
တောင်းဆိုခဲ့သည်။ သည်လိုနှင့် ဂျီစီဘီအေ၏ တရားဝင်နိုင်ငံရေးကြွေးကြော်သံမှာ
“ဟုမ်းမရူး” ဖြစ်လာခဲ့ပါသည်။ ဤကြွေးကြော်သံအရပင် “ဒိုင်အာခီအုပ်ချုပ်ရေး” အဆင့်အတန်း
တိုးပေးရန် စုံစမ်းစစ်ဆေးမှုများလာလုပ်သော “၀ှိုက်ကော်မတီ” ကို သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

၁၉၂၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဗြိတိသျှအစိုးရက ဒိုင်အာခီအုပ်ချုပ်ရေးပေးပြီး
ဤအုပ်ချုပ်ရေးစနစ်သစ်အရ ရွေးကောက်ပွဲများကျင်းပရန် ကြေညာခဲ့သည်။ ဤတွင်
ဂျီစီဘီအေအတွင်း ဒိုင်အာခီလက်ခံသင့်၊ လက်မခံသင့်နှင့် ပတ်သက်ပြီး သဘောကွဲလွဲမှု
စတင်ပေါ်ပေါက်လာခဲ့သည်။ ဦးဘဘေ ခေါင်းဆောင်သော ၂၁ ဦးက ဒိုင်အာခီကိုလက်ခံကြ၍
ဦးချစ်လှိုင်ခေါင်းဆောင်သော အများစုက ဒိုင်အာခီကို သပိတ်မှောက်ဖို့ဆုံးဖြတ်ခဲ့ကြသည်။
သည်လိုနှင့် ၂၁ဦး ဂျီစီဘီအေနှင့် သပိတ်မှောက် ဂျီစီဘီအေ ဆို၍ ဂိုဏ်းနှစ်ဂိုဏ်းကွဲလာရသည်။
တစ်ဖန် ၁၉၂၅ ခုနှစ်တွင် သပိတ်မှောက် ဂျီစီဘီအေ အတွင်းမှာပင် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်ပြီး
နောက်ထပ်သဘောကွဲလွဲမှု ပေါ်လာပြန်သည်။ သပိတ်မှောက် ဂျီစီဘီအေ ခေါင်းဆောင်တစ်ဦး
ဖြစ်သူ ဦးပုက “ဟုမ်းမရူးပါတီ” ခွဲထောင်ပြီး နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ
ဦးထွန်းအောင်ကျော်မှာလည်း နိုင်ငံရေးမှ ထွက်သွားခဲ့သည်။ ဤနှစ် ၁၉၂၅ မှာပင်
ဦးစိုးသိမ်း ဂျီစီဘီအေ ကွဲထွက်ပြန်ပြီး ၁၉၂၉ တွင် ဦးစုဂျီစီဘီအေ ထပ်ကွဲပြန်သည်။
ဤသို့ ဂျီစီဘီအေ အဖွဲ့ကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသော
နောက်ခံအခင်းအကျင်းမှာပင် ဒို့ဗမာအစည်းအရုံး ပေါ်ထွက်လာခြင်းဖြစ်ပါသည်။

ဒို့ဗမာအစည်းအရုံး

ဒို့ဗမာအစည်းအရုံးကို ၁၉၃၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
စတင်ထူထောင်ခဲ့ကြသူများမှာ သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော်
စသူတို့ဖြစ်သည်။ သခင်ဗစိန်၊ သခင်ထွန်းရွှေ၊ သခင်တင်မောင်၊ သခင်ထွန်းအုပ်၊ သခင်ဗိုလ်၊
သခင်အောင်သန်း စသူတို့မှာ ဖွဲ့စည်းစကပင် ပါဝင်ခဲ့ကြသူများဖြစ်သည်။ သို့တစေ
၁၉၃၄ ခုနှစ်မှာပင် ရန်ပုံငွေရှာဖွေရေးနှင့် ပတ်သက်ပြီး သဘောကွဲလွဲခဲ့ရာမှ
စတင်တည်ထောင်သူတစ်ဦးဖြစ်သူ သခင်ဘသောင်းမှာ ဘေးထွက်ထိုင်သွားခဲ့သည်။

ဂျီစီဘီအေ ခေါင်းဆောင်များကြား “ဟုမ်းမရူး”လား၊ “ဒိုင်အာခီ”လား အငြင်းပွားနေကြချိန်တွင်
ဒို့ဗမာအစည်းအရုံးကြီးက “ဟုမ်း” လည်း ကျွန်၊ “ဒိုင်” လည်းကျွန်၊ ဘာမှမလိုချင်ဟု
ကြေညာ၍ “လုံးဝလွတ်လပ်ရေး” ကိုသာ နိုင်ငံရေးကြွေးကြော်သံအဖြစ် ထုတ်ဖော်ခဲ့သည်။
မြန်မာပြည်၏ အရှင်သခင်အစစ်မှာ မြန်မာတွေသာဖြစ်ရမည်ဆိုသော ခံယူချက်ဖြင့်
အစည်းအရုံးဝင်အားလုံး သခင်ဘွဲ့ခံခဲ့ကြသည်။ ထိုထက် “ဗမာပြည်သည်ဒို့ပြည်၊
ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊
ဒို့စကားကို လေးစားပါ” ဆိုသော ကြွေးကြော်သံကလည်း မျိုးချစ်လူငယ်များကြား
ရေပန်းစားခဲ့သည်။ ဤအကြောင်းများကြောင့် စတင်ဖွဲ့စည်းစမှာပင် အင်အားကြီးမားသော
နိုင်ငံရေးအဖွဲ့အစည်းကြီးဖြစ်လာခဲ့ပါသည်။

စတင်ဖွဲ့စည်းပြီး ငါးနှစ်အကြာ ၁၉၃၅ ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဒို့ဗမာအစည်းအရုံးကြီး၏
ပထမဆုံးညီလာခံကို ရေနံချောင်းမြို့၌ ကျင်းပခဲ့သည်။ ဤညီလာခံမှာပင် မျိုးချစ်စာဆိုကြီး
“မစ္စတာမောင်မှိုင်း” အစည်းအရုံးဝင်ဖြစ်လာပြီး သခင်ကိုယ်တော်မှိုင်းအမည်ခံခဲ့သည်။
၁၉၃၆ ဒုတိယကျောင်းသားသပိတ်အပြီးတွင် ကိုနု၊ ကိုအောင်ဆန်း၊ ကိုစိုး၊ ကိုသန်းထွန်း၊
ကိုလှဖေ၊ ကိုသိန်းဖေ စသော မခ်(စ်)၀ါဒကို လက်ခံယုံကြည်ကြသည့် ပညာတတ်လူငယ်များ
ဝင်ရောက်လာကြပြီး ဌာနချုပ်ခေါင်းဆောင်များအဖြစ် တာဝန်ယူခဲ့ကြသည်။
ဤအချက်သည်ပင် နောင်ထွက်ပေါ်လာမည့်သဘောထားကွဲလွဲမှုများ၏ အစဖြစ်နိုင်ပေသည်။

၁၉၃၆ ဇွန်လတွင် ၁၉၃၅ အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး)အရ ရွေးကောက်ပွဲကျင်းပခဲ့ရာ
ဒို့ဗမာအစည်းအရုံးက ရွေးကောက်ပွဲမ၀င်ဘဲ သပိတ်မှောက်ခဲ့သည်။ သို့တိုင်အောင်
လွှတ်တော်တွင်းပြောရေးဆိုခွင့်ကို မဆုံးရှုံးစေရန်အတွက် “ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့”
ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်စေခဲ့ရာ သုံးနေရာအနိုင်ရခဲ့သည်။ သခင်မြ၊ သခင်လှတင်(ဟင်္သာတ)
နှင့် သခင်အံ့ကြီး(ပခုက္ကူ) တို့ဖြစ်ပါသည်။ ဤသို့ ရွေးကောက်ပွဲသပိတ်မှောက်ရေးကိုသာ
တစ်ဖက်သတ်မလုပ်ခဲ့ဘဲ အမြင်ကျယ်ကျယ်ဆောင်ရွက်နိုင်ခဲ့၍ နောင်လာမည့် ၁၃၀၀ ပြည့်
အရေးတော်ပုံကြီးတွင် လွှတ်တော်တွင်းမှရော လွှတ်တော်ပြင်ပမှပါ ဟန်ချက်ညီညီ
တိုက်ပွဲဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

၁၉၃၈ တတိယညီလာခံတွင်မူ ဒို့ဗမာအစည်းအရုံးကြီး စတင်ပြိုကွဲလာခဲ့သည်။
ဤအကွဲအပြဲ၏ အကြောင်းရင်းခံမှာ ပုဂ်္ဂိုလ်ရေးရော အယူအဆရေးပါ ရောယှက်နေဟန်ရှိပါသည်။
ပုဂ်္ဂိုလ်ရေးအရဆိုရလျှင် သခင်သိန်းမောင်နှင့် သခင်ညီတို့ ဥက္ကဋ္ဌနေရာအတွက် အပြိုင်ဖြစ်လာခြင်း၊
ဥက္ကဋ္ဌသခင်သိန်းမောင်က သခင်ဗစိန်နှင့် သခင်ကျော်ရင်တို့ကို အစည်းအရုံးမှထုတ်ပစ်ခြင်း
စသည်တို့ဖြစ်သည်။ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်အပြီး ၀င်ရောက်လာကြသော
လူငယ်များနှင့်အတူ သြဇာကြီးလာသည့် မခ်(စ်)၀ါဒ (လက်ဝဲအယူအဆ) အပေါ်
သခင်ဗစိန်အမှူးပြုသော မူလစတင်တည်ထောင်သူအချို့က ဘ၀င်မကျ မလိုလားခဲ့သည်မှာလည်း
အရေးကြီးသော အကြောင်းရင်းတစ်ခုဖြစ်ပါလိမ့်မည်။ သည်လိုနှင့် ၁၉၃၈ နှစ်ကုန်မှာပင်
ဒို့ဗမာအစည်းအရုံးကြီး နှစ်ဂိုဏ်းကွဲသွားခဲ့ရတော့သည်။ သခင်ကိုယ်တော်မှိုင်းဦးဆောင်သော
ဂိုဏ်းနှင့် သခင်ဗစိန်ဦးဆောင်သော ဂိုဏ်းတို့ဖြစ်သည်။ လက်ဝဲအယူအဆ အားသန်သော
လူငယ်အများစုမှာ သခင်ကိုယ်တော်မှိုင်းဦးဆောင်သော ဂိုဏ်းတွင်ပါဝင်ခဲ့သည်။
ဤသို့သော မညီညွတ်မှုများရှိခဲ့ကြသော်လည်း ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကိုမူ
နှစ်ဂိုဏ်းလုံးက ၀န်းရံအားပေးခဲ့ကြပါသည်။

အရေးတော်ပုံကြီးအတွင်း သခင်ကိုယ်တော်မှိုင်းဂိုဏ်း၏ ဦးဆောင်မှုဖြင့် “လွတ်လပ်ရေး၊
ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး” ဆိုသော ရေရှည်မဟာဗျူဟာလမ်းကြောင်း အဆင့်ဆင့်ပင်
ချမှတ်နိုင်ခဲ့သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံပြီးခါစ ၁၉၃၉ ခုနှစ်အတွင်းမှာပင်
သခင်ကိုယ်တော်မှိုင်းဂိုဏ်းမှ လက်ဝဲအယူအဆရှိသူ အစုများဦးဆောင်ပြီး နိုင်ငံရေးပါတီနှစ်ခု
ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထူထောင်ခဲ့ကြသည်။ “ဗမာပြည်ကွန်မြူနစ်ပါတီ” (CPB) နှင့်
“ပြည်သူ့အရေးတော်ပုံပါတီ (PRB) တို့ဖြစ်သည်။

ဒို့ဗမာအစည်းအရုံး (သခင်ကိုယ်တော်မှိုင်း) ၏ စတုတ္ထညီလာခံကို၁၉၃၉၊ ဧပြီလတွင်
ကျင်းပခဲ့သည်။ ဤညီလာခံမှပင် အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး “အမျိုးသားတပ်ပေါင်းစုကြီး”
တစ်ရပ်ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့သည်။ ဤဆုံးဖြတ်ချက်အရ ၁၉၃၉၊ အောက်တိုဘာလတွင်
“ဗမာ့ထွက်ရပ်ဂိုဏ်း” (FREEDOM BLOC) ကို ဖွဲ့စည်းခဲ့ပါသည်။ ဒို့ဗမာအစည်းအရုံး၊
ဒေါက်တာဗမော်ဦးဆောင်သော ဆင်းရဲသားဝံသာနုအဖွဲ့၊ ဦးဘဘေနှင့် ဒေါက်တာသိန်းမောင်တို့
ဦးဆောင်သော ငါးပွင့်ဆိုင်အဖွဲ့နှင့် မန္တလေးဦးဘဦးခေါင်းဆောင်သော နေပြည်တော်၊
မန္တလေးအဖွဲ့တို့ပါဝင်ခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ဒေါက်တာဘမော်၊ အထွေထွေအတွင်းရေးမှူးအဖြစ်
သခင်အောင်ဆန်းတို့က တာဝန်ယူခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ ကနဦးကာလ
အင်္ဂလိပ်အခက်ကြုံနေစဉ် ဗမာ့အချက်ဟုယူပြီး လွတ်လပ်ရေးအရယူနိုင်ရန်
ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပါသည်။ သို့တိုင်အောင်ဖွဲ့စည်းပြီး မကြာမီမှာပင်
ခေါင်းဆောင်အများစုအဖမ်းခံခဲ့ရ၍ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ပါချေ။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့တွင် အင်္ဂလိပ်အစိုးရက
ဒို့ဗမာအစည်းအရုံးကို မတရားသင်းကြေငြာခဲ့ပါသည်။ လွတ်လပ်ရေးရပြီး
ပထမဆုံးကျင်းပသော ၁၉၅၁/၅၂ ရွေးကောက်ပွဲတွင် သခင်ဗမောင်နှင့် သခင်သင်တို့၏
ဦးဆောင်မှုဖြင့် ဒို့ဗမာအစည်းအရုံးအမည်ဖြင့် ရွေးကောက်ပွဲဝင်ပါတီအဖြစ်
ပေါ်ထွက်လာခဲ့သော်လည်း စစ်ကြိုခေတ်အစဉ်အလာနှင့် သြဇာမျိုးကား ပြန်မရတော့ပါ။

ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်

ဂျပန်ခေတ်အတွင်း ၁၉၄၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
မူလဖွဲ့စည်းစဉ်က အမည်မှာ “ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့” (ANTI FASCIST
ORGANIZATION) အတိုကောက် AFO ဖြစ်သည်။ နောက်မှ “ဖက်ဆစ်တိုက်ဖျက်ရေး
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်” (ANTI FASCIST PEOPLE'S FREEDOM LEAGUE)
အတိုကောက် AFPFL ဟူ၍အမည်ပြောင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင်
“ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်”ဟု ထပ်မံအမည်ပြောင်းခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကို ခေါင်းဆောင်နိုင်ရန်အတွက် အင်အားစုသုံးရပ်ကိုအခြေခံပြီး
လျှို့ဝှက်ဖွဲ့စည်းခဲ့သော တပ်ပေါင်းစုကြီးဖြစ်ပါသည်။ အဆိုပါအင်အားစုသုံးရပ်မှာ
ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ဗမာ့အမျိုးသားတပ်မတော်
(ဗမာ့မျိုးချစ်တပ်မတော်)တို့ဖြစ်သည်။ ဤအင်အားစုသုံးခုမှ ခေါင်းဆောင်သုံးဦးစီဖြင့်
ပထမဆုံးဗဟိုဦးစီးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ဗမာ့မျိုးချစ်တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊
ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊
သခင်ဗဟိန်း၊ ပြည်သူ့အရေးတော်ပုံပါတီမှ ကိုဗဆွေ၊ ကိုကျော်ငြိမ်းနှင့် သခင်ချစ်တို့ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးခေါင်းဆောင်၊ သခင်စိုးက နိုင်ငံရေးခေါင်းဆောင်၊
သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံအဖြစ် တာဝန်ယူပြီး
ဖက်ဆစ်တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့ကြသည်။ မြန်မာ့ခေတ်သစ်သမိုင်းတွင်
အမျိုးသားသွေးစည်းညီညွတ်ရေး အားအကောင်းဆုံးကာလဟုဆိုရပါလိမ့်မည်။
သို့နှင့်တိုင် ဒုတိယကမ္ဘာစစ်အပြီးမှစပြီး အဆင့်ဆင့်ပြိုကွဲလာခဲ့ရာမှ လွတ်လပ်ရေးခေတ်ဦးမှာပင်
ညီအစ်ကိုချင်းစစ်ခင်းရသော ပြည်တွင်းစစ်ကြီးနှင့်ကြုံခဲ့ရသည်။ မည်သို့ပင်ရှိစေ
ဖဆပလအဖွဲ့ကြီးမှ အခြေခံပေါ်ထွက်လာသော နိုင်ငံရေးအင်အားစုများသည်ပင်
လွတ်လပ်ရေးခေတ် မြန်မာ့နိုင်ငံရေး အကောင်းအဆိုးကို ဖန်တီးခဲ့ကြသည့်
ပါတီအဖွဲ့အစည်းများဖြစ်လာကြပါသည်။

ပထမဆုံးကွဲခဲ့သည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဖြစ်သည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင်
အလံနီပါတီခွဲထွက်သွားရာမှ ကိုသိန်းဖေ(ဦးသိန်းဖေမြင့်)နှင့် သခင်သန်းထွန်းတို့ဦးဆောင်သော
ဗမာပြည်ကွန်မြူနစ်ပါတီ (COMMUNIST PARTY OF BURMA) အတိုကောက်
ဗကပ/CPB နှင့် သခင်စိုးခေါင်းဆောင်သော ကွန်မြူနစ်ပါတီ ဗမာပြည်
COMMUNIST PARTY (BURMA) အတိုကောက် CP(B) ဟူ၍
ကွန်မြူနစ်ပါတီနှစ်ခုဖြစ်သွားသည်။ သခင်စိုးဦးဆောင်သောပါတီကို သတင်းစာများက
“အလံနီ” ဟုခေါ်ကြရာမှ ဤအမည်ပင် တွင်သွားခဲ့သည်။ ကိုသိန်းဖေနှင့် သခင်သန်းထွန်းတို့
ဦးဆောင်သော ပါတီကိုမူ အလံဖြူ၊ နစ်ဖြူ၊ ဗကပ စသဖြင့် ခေါ်ကြသည်။ သခင်စိုး၏
အလံနီပါတီမှာ ၁၉၄၆၊ ဇူလိုင်လတွင် ဖဆပလမှ အထုတ်ခံခဲ့ရသည်။

ဖဆပလတွင် မူလပါဝင်ခဲ့သော “ပြည်သူ့အရေးတော်ပုံပါတီ”
(PEOPLE REVOLUTIONARY PARTY) အတိုကောက် PRP မှာ စစ်ပြီးခေတ်တွင်
“ပြည်သူ့လွတ်လပ်ရေးဆိုရှယ်လစ်ပါတီ” (PEOPLE FREEDOM SOCIALIST PARTY)
အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ “ဆိုရှယ်လစ်ပါတီ” အဖြစ်အမည်တွင်ပါသည်။
လွတ်လပ်ရေးခေတ်ဦး ၁၉၅၀ မှာပင် ဆိုရှယ်လစ်ပါတီမှ သခင်လွင်၊ သခင်လှကြွေနှင့်
သာယာဝတီသခင်ချစ်မောင် (နောင်- ၀ိဓူရသခင်ချစ်မောင်)တို့ဦးဆောင်ပြီး
ဗမာပြည်အလုပ်သမား၊ လယ်သမားပါတီ (BURMA WORKERS AND PEASENTS PARTY)
အတိုကောက် BWPP ခွဲထွက်ခဲ့သည်။ သတင်းစာဆရာများက “ဆိုရှယ်နီ”အမည်ပေးရာမှ
ဤအမည်ပင်တွင်သွားသည်။ နောက်ပိုင်းတွင် ပါတီ၏တရားဝင်အမည်ကို
“ဗမာပြည်အလုပ်သမားပါတီ” (BURMA WORKERS PARTY) ဟူ၍ပြောင်းလဲခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးတွင် ဖဆပလ၏စစ်ရေးမဏ္ဍိုင်အဖြစ် ဦးဆောင်ခဲ့သော
“ဗမာ့မျိုးချစ်တပ်မတော်” (PATRIOTIC BURMESE FORCES) အတိုကောက် PBF မှာ
ဂန်္ဒီစာချုပ်အရ “ဗမာ့တပ်မတော်” (BURMA RIFLE) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ရသည်။
အဆိုပါ ဘားမားရိုင်ဖယ်တွင် တပ်သား ၅၀၀၀နှင့် အရာရှိ ၂၀၀ သာပါဝင်ခွင့်ပြုခဲ့ရာ
ကျန်ရဲဘော်ဟောင်းများကိုစုစည်းပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ “ပြည်သူ့ရဲဘော်အဖွဲ့”
(PEOPLE'S VOLUNTEER ORGANIZATION) ကို ဖွဲ့စည်းခဲ့သည်။ ဖဆပလအဖွဲ့ချုပ်တွင်
ယခင်ဗမာ့မျိုးချစ်တပ်မတော်ကိုယ်စား အဆိုပါ ပြည်သူ့ရဲဘော်အဖွဲ့ (PVO) ကပါဝင်ခဲ့သည်။

၁၉၄၆ ခုနှစ် အောက်တိုဘာလတွင် ဗကပကို ဖဆပလမှ ထုတ်လိုက်ရာ ပြည်သူ့ရဲဘော်ထံမှ
ကွန်မြူနစ်လိုလားသူများက “တပ်နီ”အဖြစ်ပထမဆုံး ခွဲထွက်သွားခဲ့သည်။ တစ်ဖန်
လွတ်လပ်ရေးခေတ်ဦးမှာပင် ၀န်ကြီးချုပ် ဦးနု၏ “နုမူ”ပေါ်ထွက်လာရာ လက်မခံသူများက
“ရဲဘော်ဖြူ”၊ လက်ခံသူများက “ရဲဘော်ဝါ” အဖြစ် ထပ်ကွဲသွားပြန်သည်။ ရဲဘော်ဖြူများမှာ
တောခိုသွားခဲ့ပြီး “ပြည်သူ့ရဲဘော်ပါတီ” (PEOPLE'S COMRADE PARTY) အတိုကောက်
PCP အဖြစ်ဆက်လက်ရပ်တည်ခဲ့ကြသည်။ ၁၉၅၈ ခုနှစ်တွင် ပြည်သူ့ရဲဘော်ပါတီ
ဥပဒေဘောင်အတွင်းသို့ရောက်လာပြီး ဆိုရှယ်နီပါတီနှင့်ပေါင်းကာ “အလုပ်သမားညီညွတ်
ရေးပါတီ” (UNITED WORKERS PARTY) အတိုကောက် UWP ကိုတည်ထောင်ခဲ့ကြသည်။

ဖဆပလအဖွဲ့ကြီး၏ဖြစ်စဉ်ကို ပြန်ကြည့်လိုက်လျှင် အောက်ပါအတိုင်းအဆင့်ဆင့်
ပြိုကွဲသွားခဲ့သည်ကို တွေ့နိုင်ပါသည်။ ဖဆပလအဖွဲ့ကြီးကို မူလစတင်ထူထောင်ခဲ့ကြသော
အင်အားစုသုံးခုထဲမှ ကွန်မြူနစ်များမှာ လွတ်လပ်ရေးမရမီကပင် ဖဆပလ အပြင်သို့
ရောက်သွားခဲ့ကြပြီး ပြည်သူ့ရဲဘော်အများစုမှာလည်း လွတ်လပ်ရေးခေတ်ဦးမှာပင်
ကွဲထွက်သွားခဲ့ရာ ဆိုရှယ်လစ်ပါတီသည်သာ အင်အားကြီးပါတီအဖြစ် ထီးထီးကြီး
ကျန်ရစ်ခဲ့တော့သည်။ တစ်ဖန် ၁၉၅၀ တွင် အာဏာရဆိုရှယ်လစ်ပါတီမှ ဆိုရှယ်နီများပါ
ခွဲထွက်သွားခဲ့ရာ ဖဆပလမှာ တပ်ပေါင်းစုလား၊ ပါတီလား အငြင်းပွားဖွယ်ရာဖြစ်လာခဲ့ရသည်။

၁၉၅၈ ခုနှစ်တွင် လက်ကျန် ဖဆပလအတွင်းမှာပင် ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲထွက်သွားပြန်သည်။
ဦးဗဆွေနှင့် ဦးကျော်ငြိမ်း (ဆွေငြိမ်း)တို့ ခေါင်းဆောင်သောအဖွဲ့မှာ တည်မြဲဖဆပလတွင်ပြီး
နောင်တွင် ဖဆပလအမည်ဖြင့်ပင် ဆက်လက်ရပ်တည်ခဲ့သည်။ ဦးနုနှင့် သခင်တင် (နုတင်)
ခေါင်းဆောင်သောအဖွဲ့ မှာ သန့်ရှင်းဖဆပလ အမည်တွင်ပြီး နောင်တွင်
“ပြည်ထောင်စုပါတီ” (ပထစ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၆၄ ခုနှစ်
အမျိုးသား ညီညွတ်ရေးဥပဒေထွက်ပေါ်လာသောအခါ အခြားပါတီများနှင့်အတူ
ဖဆပလနှစ်ဂိုဏ်းလုံးမှာလည်း တရားဝင်ပါတီအဖြစ်မှ ရပ်ဆိုင်းသွားခဲ့ရသည်။

၁၉၆၉ ခုနှစ်တွင် ဦးနုဦးဆောင်ပြီး “ပါလီမန်ဒီမိုကရေစီပါတီ” (PARLIAMENT
DEMOCRACY PARTY) PDP တည်ထောင်ကာ လက်နက်ကိုင်တော်လှန်ရေး
ဆင်နွှဲဖို့ကြိုးစားခဲ့ကြသည်။ နောက်ပိုင်းတွင် ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ
ပေါ်ပြီး ဦးနု နုတ်ထွက်သွားခဲ့ရာမှ “ပြည်သူ့ပြည်ချစ်ပါတီ”
(PEOPLE'S PATRIOTIC PARTY) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၁၉၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေညာပြီးသောအခါတွင်မူ ပါတီဝင်အများစု
ဥပဒေတွင်းသို့ ပြန်ရောက်လာခဲ့ပါသည်။

၁၉၉၀ ရွေးကောက်ပွဲအကြိုကာလသို့ ရောက်သောအခါ ဦးနု နာယကမူ၍
“ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့” (ဒီငြိမ်း) ပေါ်ထွက်လာသည်။ ယခင်
PDP ဟောင်းများကလည်း ဦးသုဝေခေါင်းဆောင်ကာ ဒီမိုကရက်တစ်ပါတီ(မြန်မာ)အဖြစ်
ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ယခင် ဖဆပလ (တည်မြဲ) အနွယ်ဟောင်းများကလည်း
ဖဆပလအမည်နှင့်ပင် ပါတီသုံးပါတီပေါ်လာသည်။ ဦးညွန့်သိန်းခေါင်းဆောင်သော ဖဆပလ၊
ဦးကျော်ငြိမ်းသမီး ဒေါ်ချိုချိုကျော်ငြိမ်း ခေါင်းဆောင်သော ဖဆပလနှင့်
ဦးဗဆွေ၏သားသမီးများ ခေါင်းဆောင်သော ဖဆပလ တို့ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအကြိုကာလတွင်မူ ဦးသုဝေက ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး
ဦးနု၊ ဦးကျော်ငြိမ်းနှင့် ဦးဗဆွေတို့၏သမီးများက အတွင်းရေးမှူးများအဖြစ် တာဝန်ယူကာ
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အဖြစ် စုစုစည်းစည်းပေါ်ထွက်လာခဲ့ပါသည်။

(ကျော်ဝင်း)
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...