Sunday, February 26, 2012

နှစ်ဘက်မြင် ဒီမိုကရေစီ

by ရင်နင့်အောင် on Sunday, February 26, 2012 at 8:35pm ·
 
(နိဒါန်း)

နှစ်ဘက်တည်းပဲ ပြောပါရစေ။ တကယ်က အဘက်ဘက်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် နှစ်ဘက်တည်းပဲ ပြောချင်ပါတယ်။ သင်တို့က ကျွန်တော့်ရဲ့ ဘာမှန်းမသိတဲ့ နိဒါန်းကြီးကို စိတ်ရှည် သည်းခံပြီး ဆက်ဖတ်ဖို့တော့ လိုတာပေါ့။

(၁)
ဒီလိုပါ။
ကျွန်တော်တို့ နိုင်ငံဟာ လက်ရှိအခြေအနေအရ ပြန်လည်တည်ဆောက်ရေးလုပ်တုန်း၊ လုပ်ဖို့ ပြင်နေကြတုန်းပါ။ ခင်ဗျားတို့ အများစုနဲ့ ကျွန်တော်က အမေစုကို ချစ်တယ်။ လေးစားတယ်။ အမေစုရဲ့ ပါတီကို ထောက်ခံမယ် ဆိုပါတော့။
ဟုတ်ပြီဗျာ။ ခင်ဗျားက ထောက်ခံတယ်။ လေးစားတယ်။ ဒီလို ဆိုရင်ဖြင့် ကျွန်တော်တို့ဟာ NLD ပါတီကို သူများတွေ ကိုယ့်လိုပဲ ကြိုက်လာအောင်၊ ထောက်ခံလာအောင် မဲဆွယ်ရတော့မှာပေါ့။

ကျွန်တော်ပြောတဲ့ NLD ကို နှစ်သက်လို့၊ ယုံကြည်လို့ NLD ကောင်းကြောင်းတွေ ကျွန်တော်တို့ ပြောကြရမယ်။

နောက်တစ်ဘက်ကို ကြည့်ရအောင်လား။
တစ်ဖက်မှာ အင်အားရှိတဲ့ ပါတီတစ်ခုရှိပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါ။ ခင်ဗျားတို့က သူတို့ကို မထောက်ခံဘူးဆိုပါတော့။ ဒါဆို သူတို့ပါတီ အကြောင်း ပြောနေစရာ မလိုတော့ဘူးလား။ ပြောမယ်ဆိုရင်လည်း သူတို့ မကောင်းကြောင်း ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ အပုပ်ချပြောဖို့ လိုအပ်ပါသလား။

(၂)
အမေရိကန်မှာ မဲဆွယ်ခဲ့တာလေးတစ်ခု အကြောင်းတစ်ခု ရှိဖူးတယ်ဗျ။ မိန်းမလျှာတွေကို တရားဝင်လက်ထပ်ခွင့် ပေးမယ်တဲ့။ (သူတို့ ဘာသာရေးနဲ့လည်း မညီပါဘူး) ရှုံ့ချသူကလည်း အဲဒီအချက်ကို ရှုံ့ချခဲ့ပါတယ်။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် သေချာစဉ်းစားကြည့်ရင် သူတို့နိုင်ငံရဲ့ ပါတီတွေ မဲဆွယ်ပုံတွေဟာ သိရှိလေ၊ ထူးခြားလာလေပါ။

ဒါဆို ကျွန်တော်တို့ NLD ကို ပြန်ကြည့်ရအောင်ပါ။ သူတို့ ဘယ်လို မဲဆွယ်နေလဲ။
ဆောင်ပုဒ်လေးတစ်ခုကို ဖတ်လိုက်ရပါတယ်။ လူ့အခွင့်အရေးကို ရရှိဖို့ NLD ကို မဲပေးစို့တဲ့။ ကောင်းတာဗျာ။ သိပ်ကောင်းတဲ့ ဦးတည်ချက်ပါပဲ။ ဒါပေမယ့် ဒါက ရုံးချုပ်လို တစ်နေရာမှာ ရှိသင့်တဲ့ Motto လို့ ထင်တယ်ဗျ။ တကယ်လိုအပ်တာက ဘာတွေလဲ။ ပြည်သူတွေ သိဖို့၊ ပြည်သူတွေ လိုအပ်ချက်ကို တည့်တည့်ပြောမှ ရမှာပါ။ လမ်းလေးမှာ ကွမ်းယာရောင်းနေသူတွေ၊ ဈေးသည်တွေ၊ တောရွာ၊ နယ်မြို့လေးတွေဆီက ရိုးရိုးအ,အ ပညာမတတ်လူတန်းစားတွေကို သွားပြောကြည့်ပါ။
“မင်းတို့ကို လူအခွင့်အရေးအပြည့်အ၀ပေးမယ် NLD ကို မဲထည့်ပါ” လို့။
သူတို့ ဘယ်လို နားလည်မှာလဲ။ ဘာလဲ.. လူ့အခွင့်အရေးဆိုတာ။ သူတို့သိတာ ရေရဖို့၊ သူတို့သိတာ ထမင်းစားဖို့၊ သူတို့သိတာ ဗွီဒီယိုပုံမှန်ကြည့်ဖို့၊ မီးလာဖို့၊ လယ်ယာမြေ ဖြစ်ထွန်းဖို့၊ သူတို့ အဲလောက်ပဲသိတာပါ။
ဒါဟာ နယ်မြို့လေးတွေမို့ မဟုတ်ပါဘူး။ ရန်ကုန်လို နေရာမှာနေနေကြတဲ့ မြို့ပြ ပြည်သူတွေထဲမှာတောင် အများကြီး ရှိနေတုန်းပါ။

တိုင်ရီမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရှိပါတယ်။ ခုမှ ပြဿနာဖြစ်လို့ သတင်းဖြစ်လာပါတယ်။ တကယ်လို့သာ ပြဿနာ မဖြစ်ခဲ့ရင် သူတို့ရဲ့ ပြဿနာ၊ အခက်အခဲတွေကို သတင်းလည်းမဖြစ်လာနိုင်သလို ကူညီဖေးမသူတွေလည်း ရှိလာမှာ မဟုတ်ဘူး။ ရန်ကုန်မှာ shopping center တွေ၊ ဈေးဆိုင်တွေ၊ စတိုးဆိုင်တွေမှာ လုပ်နေကြတဲ့ အရောင်းဝန်ထမ်းလေးတွေ၊ တစ်ချို့ အရောင်းမဟုတ်ဘူး၊ ပစ္စည်းကူမရတဲ့ ၀န်ထမ်းတွေ ရှိပါတယ်။ သူတို့လစာ ဘယ်လောက်ရကြလဲ။ တစ်လကို ပျမ်းမျှ လေးသောင်း၊ ငါးသောင်းကနေ ခြောက်သောင်းလောက်ပါပဲ။ ဒီလူတန်းစားတွေ ဘယ်လိုစားကြသောက်ကြမလဲ။ လှိုင်သာယာမှာနေမယ်၊ မြောက်ဥက္ကလာမှာနေမယ်၊ ယုဇနမှာနေမယ်။ မြို့ထဲက အလုပ်ကိုရောက်ဖို့ သူတို့ ငါးနာရီခွဲလောက်က ပြင်ရဆင်ရမယ်။ ခြောက်နာရီမထိုးခင် ထွက်လာတဲ့အခါ ထမင်းချိုင့်ပါဖို့ဆို လေးနာရီခွဲလောက်က ချက်ရပါလိမ့်မယ်။ ဘက်စ်ကားတစ်နေရီကျော်၊ နှစ်နာရီကို ကြပ်ကြပ်တည်းတည်း စီးရမယ်။

ဒါတွေက သူတို့အခက်အခဲတွေထဲက အချို့လောက်ပါပဲဗျာ။ တကယ်ဆို ဘာဆက်လုပ်သင့်လဲ။ သူတို့အတွက် ဘာတွေ လုပ်ပေးနိုင်မှာလဲ။ အဆင်ပြေမှုတစ်ခုကို ပေးမယ်ဆိုတဲ့ မဲဆွယ်နည်းမရှိဘူးလား။ ရှိနေလား။ ကျွန်တော်မသိပါ။ ရှိရင် သိအောင်လုပ်ပြီး၊ မရှိရင် ရှိအောင်လုပ်ဖို့ အရေးကြီးနေပါပြီ။

(၃)

နောက်တစ်ဖက်ကို ကြည့်ရအောင်ပါ။
ခုလက်ရှိ ငါးထောင်တန်ဖုန်းကိစ္စဟာ ကျွန်တော်တို့လို အောက်မရောက် အထက်မရောက်တွေရဲ့ လိုအပ်ချက်ကြီးတစ်ခုပေါ့။ (တကယ်တော့ အားလုံးလိုအပ်ပါတယ်။ ဒါပေမယ့် ဖုန်းကို အလကားပေးလို့တောင် မသုံးတတ်တာ၊ သုံးဖို့မလိုဘူးဆိုမယ့်သူတွေ တိုင်းပြည်မှာ ဒုနဲ့ဒေးပါ)
အဲလိုအခြေအနေမျိုးမှာ ပြည်ခိုင်ဖြိုးပါတီက မလွှင့်စဖူး လွှင့်လိုက်တဲ့ သတင်းလေးက တော်တော်လှပါတယ်။ သူတို့သာ ရွေးကောက်ပွဲအောင်နိုင်ခဲ့ရင် ငါးထောင်တန်ဖုန်းဖြစ်မြောက်ရေးအတွက် စာတင်ပြီး ထောက်ခံသွားမယ်တဲ့။
ဒါကို ကျွန်တော်တို့တော်တော်များများသိကြတော့ တုန့်ပြန်မှုအများအပြားက ရယ်ကြပါတယ်။ မယုံကြပါဘူး။ ဘာလို့လဲ။ ဘာလို့ သူတို့ကို မယုံတာလဲ။ (ကျွန်တော် ဒီအဖြေကို ဖြေစရာ လိုမယ် မထင်ပါဘူး)
ဒီတော့ ကျွန်တော်ပြောချင်တာက သူတို့ကို ယုံမလား၊ မယုံမလားကို အဖြေရှာဖို့ မဟုတ်ပါဘူး။ သူတို့ သုံးသွားတဲ့ မဲဆွယ်နည်းလေးကို ပြောချင်တာပါ။ လှပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဟာ နိုင်ငံရေးမှာ ပါးဝနေပြီ။ အတွေ့အကြုံရှိနေပြီ။ ဒါကြောင့် ဖြစ်သင့် ဖြစ်ထိုက်၊ ရှိသင့် ရှိထိုက်တဲ့ လိုအပ်ချက်ကို နင်းပြီး ပြည်သူကို အယုံသွင်းနေတာပါ။

(၄)

တကယ်တော့ ကျွန်တော်တို့ NLD ပါတီရဲ့ လှုပ်ရှားမှုတိုင်းမှာ ပြည်သူတွေကို ကောင်းဖို့ လုပ်နေတယ်ဆိုတာ ကျွန်တော်လည်း အကြွင်းမဲ့ ယုံထားပါတယ်။ ဒါပေမယ့်  ခင်ဗျားတို့ ကျွန်တော်တို့က အမေစုဟစ်ကြွေးသလို လိုက်ဟစ်ကြွေးဖို့ မလိုအပ်ဘူးလို့မြင်ပါတယ်။
တိုင်းပြည်ကို အုပ်ချုပ်မယ့်သူကတော့ တိုင်းပြည်တပြည်လုံးရဲ့ Motto ကို ရွတ်ပါလိမ့်မယ်။ ဒါပေမယ့် မြို့ကို ဦးဆောင်မယ့်လူက မြို့တစ်မြို့တည်းအတွက် Motto ကို ရွတ်သင့်တယ်။ အဲဒီအတိုင်း မြို့နယ်တွေ၊ ရပ်ကွက်တွေကလည်း အဆင့်လိုက် ဆောင်ပုဒ်တွေ၊ ရည်ရွယ်ချက်တွေ ရှာသင့်ပါတယ်။
အမေစုက လူအခွင့်အရေးအော်တိုင်း၊ အမြဲလိုက်မအော်ကြပါနဲ့။
အမေစုက တရားဥပဒေစိုးမိုးရေးအော်တိုင်း၊ အမြဲ လိုက်မအော်ကြပါနဲ့။
ဘက်စ်ကားစီးရ အဆင်ပြေရေးလည်း ဖြစ်လို့ရပါတယ်။
အခြေခံလစာနဲ့ နေထိုင်စားသောက်ရေး လုံလောက်ဖို့လည်း ဖြစ်လို့ရပါတယ်။
ရေလာရေး၊ မီးလာရေးလည်း ဖြစ်လို့ ရပါတယ်။
ရေနှုတ်မြောင်း သန့်ရှင်းရေးတောင် ဖြစ်လို့ ရပါတယ်။

(၅)

နောက်တစ်ခု ပြောချင်တာလေးက သတင်းလောကပါ။ ကျွန်တော် အင်တာနက်မှာ facebook သုံးပါတယ်။ သတင်းတွေကို အချိန်နဲ့အမျှ အမြဲမပြတ် ဖတ်ရှုရပါတယ်။ သတင်းထောက်တွေကို လည်း အဲဒီအတွက် တော်တော်ကြီး ကျေးဇူးတင်ပါတယ်ဗျာ။
ဒါပေမယ့် ကျွန်တော်တွေးမိတာလေး တစ်ခုက ဒီလိုပါ။
ခင်ဗျားတို့ ကျွန်တော်တို့ အင်တာနက်က သတင်းကြည့်ကြည့်၊ ခုဆို မီဒီယာ လွတ်လပ်ခွင့်နည်းနည်းပါးပါး ရလာတော့ ဂျာနယ်ကို ဖတ်ဖတ်ပါ။ တွေ့နေရတာ အမေစု၊ တွေ့နေရတာ NLD၊ တွေ့နေရတာ ကျောင်းသားခေါင်းဆောင်များ အကြောင်းတွေချည်းပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေနဲ့ မီဒီယာသမားများ၊ သတင်းထောက်များဟာ ဘယ်လောက်ထိ အမေစုကို ချစ်ကြ၊ ယုံကြည်ကြသလဲဆိုတာ ခံစားလို့ရပါတယ်။ ပျော်လည်း ပျော်ရပါတယ်။
ဒါပေမယ့်ဗျာ။ ကျွန်တော် တခါတလေ ပြည်ခိုင်ဖြိုးကော၊ ဘာလုပ်နေလဲ သိချင်ပါတယ်။ သူတို့လည်း ငြိမ်နေမှာမဟုတ်တာ သေချာနေတာပဲ။ ဒါဆို သူတို့ ဘာလုပ်နေလဲဗျ။ အရင်တုန်းက အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကြီးကကော၊ ဘာလုပ်နေလဲ။ ကချင်မှာ တိုက်ပွဲဖြစ်နေတယ်။ ဒါပဲလား၊ စစ်တပ်ကြီးတစ်ခုလုံး သူတို့ဘာလုပ်နေလဲ။ ကျွန်တော်ဘယ်မှာ ဖတ်ရမှာလဲ။ သတင်းစာမှာ မဖတ်ချင်ပါ။ ရုပ်မြင်သံကြားမှာ မကြည့်ချင်ပါ။ ခင်ဗျားတို့ ကျွန်တော်တို့ ပြည်သူထဲက မီဒီယာထဲက အမှန်တရား သတင်းကို သိချင်တာပါ။ ရှာတယ်။ ဖွေတယ်။ မတွေ့ပါ။ တွေ့လည်း တော်တော်နည်းတဲ့ သတင်းအတိုအထွာလေးသာ တွေ့ရတယ်။

ပြန်စဉ်းစားကြည့်တော့ ဒါဟာ ကောင်းပါသလား။ ဖြစ်သင့်ပါသလား။ ရန်သူမဟုတ်ပေမယ့် ပြိုင်ဘက်က သတင်းကို အမှောင်ချထားသလိုပဲ။ ဒီလို အခြေအနေဖြစ်အောင် တမင်အကွက်ချလုပ်ခဲ့တာလား ဆိုတာတောင် သံသယဖြစ်မိပါတယ်။ ပြိုင်ဘက်သတင်းကို မရဘဲ၊ ကိုယ့်သတင်းနဲ့ ကိုယ်တော့ ခင်ဗျားတို့ ပျော်မနေကြပါနဲ့။ ခင်ဗျားတို့ ကျွန်တော်တို့က အမေစုကို ချစ်တယ်။ အမေစုအော်သလို လိုက်အော်တယ်။ အမေစုလုပ်သမျှ သတင်းလုပ်ရေးမယ်။ ဒီအထိတော့ မှန်နေပါတယ်။ ပြိုင်ဘက်ကို ဂရုမစိုက်ရင်တော့ ရင်လေးစရာပါလို့ ကျွန်တော်မြင်ပါတယ်။ ဒါဟာ ကျွန်တော်ပဲ အတွေးလွန်နေတာလား၊ စိုးရိမ်စိတ်လွန်ကဲနေတာလား။ အားလုံး အကြံပြုဆွေးနွေးလို့ ရပါတယ်။

(နိဂုံး)

ကျွန်တော် နှစ်ဘက်ကို ပြောခဲ့ပါတယ်။
တစ်ဘက်ဟာ ပြည်သူရဲ့ အချစ်မေတ္တာကို အပြည့်အ၀ ရနေတဲ့ တစ်ဘက်။
နောက်တစ်ဘက်ကတော့ ဘာလုပ်နေမှန်းမသိ၊ သတင်းအမှောင်ချထားတဲ့ တစ်ဘက်။
ကျွန်တော်တို့ ဘောလုံးပွဲတစ်ပွဲကို ကွင်းတစ်ခြမ်းတည်း ကြည့်ပြီး အားပေးနေကြသလိုပါ။ နိုင်လား၊ ရှုံးလားဆိုတာ နှစ်ခြမ်းလုံးကို ကြည့်ကြရမယ်။ မီဒီယာတွေ၊ သတင်းထောက်ပုဂ္ဂိုလ်ကြီးတွေက ကျွန်တော်ပြောတဲ့ မှောင်နေတဲ့ တစ်ခြမ်းကို မီးထိုးပြကြပါဦးလို့ လေးစားစွာဖြင့်သာ တောင်းဆိုလိုက်ပါတယ်။

ရင်နင့်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...