ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော ဘတ်ဂျက်စာရင်းတွင် ကာကွယ်ရေး အသုံးစရိတ်လျော့ကျသွားသော်လည်း . . .
by General Knowledge on Wednesday, February 1, 2012 at 5:18pm
‘၂၀၁၂-၂၀၁၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော ဘတ်ဂျက်စာရင်းတွင် ကာကွယ်ရေး အသုံးစရိတ် လျော့ကျသွားသော်လည်း ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်များမှာ လျော့ကျနေကြောင်း ယာယီကိန်းဂဏန်းများအရ သိရှိရ’
Wednesday, 01 February 2012 10:57
၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေမူကြမ်း (လျာထား ဘတ်ဂျက်)စာရင်း၌ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်များ လျော့ကျသွားခဲ့သော်လည်း ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ သုံးစွဲမှုများမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လျော့ကျလျက်ရှိနေကြောင်း စုံစမ်းသိရှိရသည့် ယာယီကိန်းဂဏန်းများအရ သိရှိရပါသည်။
ယာယီကိန်းဂဏန်းများအရ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် လျာထားဘတ်ဂျက်၏ ၁၄ ဒသမ ၉၄ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ်အတွက် လည်းကောင်း၊ ၄ ဒသမ ၉၁ ရာခိုင်နှုန်း ကို ပညာရေးအသုံးစရိတ်အတွက် လည်းကောင်း၊ ၂ ဒသမ ၉၃ ရာခိုင်နှုန်းကို ကျန်းမာရေးအသုံးစရိတ်အတွက် လည်းကောင်း အသုံးပြုရန် လျာထားကြောင်း သိရသည်။
ယခင်ဘဏ္ဍာရေးနှစ်က သုံးစွဲရန် လျားခဲ့သော ဘတ်ဂျက်စာရင်း၌ လျာထားဘတ်ဂျက်၏ ၂၃ ဒသမ ၆ ရာခိုင်နှုန်း ကို ကာကွယ်ရေး အသုံးစရိတ်အတွက် လည်းကောင်း၊ ၄ ဒသမ ၁၃ ရာခိုင်နှုန်းကို ပညာရေးအသုံးစရိတ် အတွက်လည်းကောင်း၊ ၁ ဒသမ ၃ ရာခိုင်နှုန်း ကို ကျန်းမာရေးအသုံးစရိတ်အတွက် လည်းကောင်း အသုံးပြုခဲ့ပါသည်။
ထို့ကြောင့် ၂၀၁၂-၂၀၁၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားမှု ယာယီစာရင်းကို ယခင်နှစ်ဘတ်ဂျက် လျာထားစာရင်းနှင့် နှိုင်းယှဉ်ပါက ကာကွယ်ရေး အသုံးစရိတ်မှာ လျော့ကျသွားခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်များမှာ အနည်းငယ် မြင့်တက်ခဲ့ပါသည်။
သို့သော် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါမူ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များမှာ သိသာစွာ လျော့ကျနေခဲ့ ပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၌လျာထား ဘတ်ဂျက်၏ ၈ ရာခိုင်နှုန်းကို ကာကွယ်ရေးစရိတ်အတွက် အသုံးပြုခဲ့ပြီး ကျန်းမာရေးအသုံးစရိတ်အတွက် ၁၁ ဒသမ ၃ ရာခိုင်နှုန်း၊ ပညာရေးအသုံးစရိတ်အတွက် ၂၈ ဒသမ ၃ရာခိုင်နှုန်းကို အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၌မူ လျာထားဘတ် ဂျက်၏ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးစရိတ်အတွက် အသုံးပြုခဲ့ပြီး ကျန်းမာရေးအသုံးစရိတ်အတွက် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ပညာရေး အသုံးစရိတ်အတွက် ၉ ရာခိုင်နှုန်း အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။
ယာယီကိန်းဂဏန်းများအရ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် လျာထားဘတ်ဂျက်၏ ၁၄ ဒသမ ၉၄ ရာခိုင်နှုန်း ကို ကာကွယ်ရေး အသုံးစရိတ်အတွက် လည်းကောင်း၊ ၄ ဒသမ ၉၁ ရာခိုင်နှုန်းကို ပညာရေး အသုံးစရိတ်အတွက် လည်းကောင်း၊ ၂ ဒသမ ၉၃ ရာခိုင်နှုန်းကို ကျန်းမာရေး အသုံးစရိတ်အတွက် လည်းကောင်း အသုံးပြုရန် . . .“ယာယီကိန်းဂဏန်းတွေအရ ထွက်လာတဲ့ဘတ်ဂျက်စာရင်းမှာ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျန်းမာရေးနဲ့ပညာရေး အသုံးစရိတ်တွေက နည်းနေတယ်။ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ပညာရေး အသုံးစရိတ်ကို အခုယာယီသတ်မှတ်ထားတဲ့ ကိန်းဂဏန်းတွေထက် ပိုပြီးပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးသင့်ပါတယ်” ဟု သုတေသီတစ်ဦးက သုံးသပ်ခဲ့ပါသည်။
“အခုထွက်နေတဲ့ ဘတ်ဂျက်ရာခိုင်နှုန်းတွေက ယာယီသတ်မှတ်ထားတဲ့ ကိန်းဂဏန်းတွေပေါ်မူတည်ပြီး ထွက်လာခဲ့တာပါ။ အတည်ပြု ပြဋ္ဌာန်းတဲ့အဆင့်ကို မရောက်သေးပါဘူး။ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သုံးစွဲမယ့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး (ဥပဒေမူကြမ်း)ကို တင်သွင်းပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ဖေဖော်ဝါရီ ၁၇ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆွေးနွေးပြီးမှသာ ဘတ်ဂျက်စာရင်းက အတည်ဖြစ်လာမှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံသို့ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်သော အချက်အလက်များနှင့် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သုံးစွဲမည့် ဘဏ္ဍာငွေသုံးစွဲရေးဆိုင်ရာ ဥပဒေကြမ်းများကို ကြိုတင်ပေးပို့ထားကာ ထိုအချက်အလက်များကို ကဏ္ဍအလိုက် လေ့လာပြီးနောက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဟု သိရပါသည်။
''ပြည်ထောင်စု လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စဆွေးနွေးဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းတဲ့ စာရွက်စာတမ်းတွေ ရထားပြီးပါပြီ။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအပြင် ဌာနခွဲတွေအလိုက် သုံးစွဲမယ့် ဘတ်ဂျက်ကို လေ့လာနိုင်ဖို့ စာရွက်စာတမ်း အပြည့်အစုံဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအလိုက် ဆာလာအိတ်တစ်လုံးနီးပါးရှိတဲ့ စာရွက်စာတမ်းတွေကို ပို့ထားလို့ အသေးစိတ်လေ့လာပြီး ဆွေးနွေးနိုင်မယ့် သဘောဖြစ်ပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါသည်။
ဇန်န၀ါရီလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ၂၀၁၁-၂၀၁၂ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေမူကြမ်းနှင့် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေမူကြမ်းများကို တင်သွင်းခဲ့ကြောင်း သိရပါသည်။
ထိုဥပဒေများနှင့်ပတ်သက်သော ဆွေးနွေးမှုများ ပြုလုပ်လိုသော ကိုယ်စားလှယ်များကို ဆွေးနွေးမည့်အကြောင်းအရာ တင်သွင်းရမည့် နောက်ဆုံးရက်များကို အသီးသီး သတ်မှတ်ခဲ့ပါသည်။ ၂၀၁၂-၂၀၁၃ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေမူကြမ်းကို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်သွင်းလာသည့် လျာထားဘတ်ဂျက် ယာယီကိန်းဂဏန်းများကို လွှတ်တော်ကိုယ်စားလှယ်များမှ အချိန်ယူလေ့လာပြီး ဆွေးနွေးခွင့်ရှိမည်ဖြစ်ပါသည်၊၊
0 comments:
Post a Comment