အမီလိုက်ချင်ရင် မြန်မြန်ပြေး (မောင်ဝံသ)
by Maung Wuntha on Thursday, February 2, 2012 at 10:30pm
နိုင်ငံတိုင်းဟာ မိမိနိုင်ငံမှာ ရေရှည်ခံ ကြံ့ခိုင်တောင့်တင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်ကြတယ်။ အဲဒီအရာကို ရရှိဖို့အတွက် မရှိမဖြစ်တဲ့ ရေခံ မြေခံက ငြိမ်းချမ်းရေးဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာလည်း အမျိုးသားသွေးစည်း ညီညွတ်မှုရှိမှသာ ပေါ်ထွန်း တည်ရှိနိုင်တဲ့အရာ ဖြစ်တယ်။ အမျိုးသား သွေးစည်းညီညွတ်ရေးဆိုတာလည်း လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တန်းတူရေး၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု စတဲ့ အုတ်မြစ်များအပေါ်မှာသာ တည်ဆောက်လို့ ရနိုင်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာ အခုအချိန်မှာ သမိုင်း အတွေ့ အကြုံတွေအရ အားလုံးက နားလည်လက်ခံထားကြပြီး ဖြစ်တယ်ဗျ။
မိတ်ဆွေကောင်းလိုတယ်
ရေရှည်ခံ ကြံ့ခိုင်တောင့်တင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်ဖို့အတွက် ဒီကနေ့ခေတ်မှာ အားလုံးသဘောတူလက်ခံထားကြတဲ့ နောက်ထပ် ၀န်းကျင်အနေအထားတစ်ခုကတော့ အခြားနိုင်ငံများ အထူးသဖြင့် မိမိတို့လျှောက်လိုတဲ့လမ်းပေါ်မှာ ရှေ့ဆုံးတန်းက လျှောက် လှမ်းနေကြတဲ့ ကမ္ဘာ့ဦးဆောင်စက်မှုဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်မှုဖြစ်တယ်ဗျ။ အကြောင်းက တော့ အဲဒီနိုင်ငံကြီးတွေဟာ ရေရှည်ခံ ကြံ့ခိုင်တောင့်တင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို (နှိုင်းယှဉ်ချက်အရ) အခိုင်အမာတည်ဆောက်ထားနိုင်ခဲ့ ကြပြီးသား နိုင်ငံတွေဖြစ်တဲ့အပြင် ဒီကနေ့ ကမ္ဘာကြီးရဲ့ ကုန်သွယ်စီးပွားယန္တရားကြီးကို ပဲ့ကိုင်ကြီးကြပ်မောင်းနှင်နေတဲ့ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ စတဲ့ အဖွဲ့အစည်းကြီးတွေကို ထူထောင်ခဲ့ပြီး ဒီကနေ့ထိလည်း အဲဒီအဖွဲ့ကြီးတွေရဲ့ ဦးစီးဦးဆောင်တွေအဖြစ် ရှိနေကြတာကြောင့် ဖြစ်တယ်ဗျ။
ဗီယက်နမ် တရုတ် ဘယ်လိုတိုးတက်ခဲ့သလဲ
ဒီကနေ့ ခေတ်သစ်ကမ္ဘာကြီးဟာ အင်းအာချိန်ခွင်လျှာ ရွှေ့ပြောင်းနေပြီ။ ကမ္ဘာ့အင်အားချိန်ခွင်လွှာဟာ အနောက်နဲ့မြောက်ကမ္ဘာခြမ်း ကနေ အရှေ့နဲ့တောင်ကမ္ဘာခြမ်းကို ရွှေ့ပြောင်းလာနေပြီဆိုတဲ့ ပြောဆိုသံတွေ ကျယ်လောင်နေပေမယ့် အခြားအခြားသော စီးပွားရေး ထွန်းသစ်လာတဲ့ နိုင်ငံတွေ မဆိုထားနဲ့၊ နိုင်ငံတော် အာဏာကို ကွန်မြူနစ်ပါတီတစ်ခုတည်းက အပြည့်အ၀ထိန်းချုပ်ထားဆဲနိုင်ငံတွေ ဖြစ်ကြတဲ့ ဗီယက်နမ်နဲ့ တရုတ်တို့လို နိုင်ငံတွေရဲ့ စီးပွားရေး အံ့မခန်းတိုးတက်မှုတွေတောင်မှ အဲဒီကမ္ဘာ့ဦးဆောင်ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအပေါ်မှာ ပေါ်ထွန်းလာခဲ့ကြတာဖြစ်ပါတယ်ဗျာ။ ဒါဟာ ဘယ်သူမှ မျက်စိစုံမှိတ်ပြီး ဇွတ်ငြင်းနေလို့မရတဲ့ ပကတိအရှိတရားတစ်ခုဖြစ်တယ်ဗျ။
အဲဒီတော့ အနှစ်ချုပ်က စက်မှုနည်းပညာဖွံ့ဖြိုးပြီး ကမ္ဘာ့ဦးဆောင် ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးမရှိဘဲ ရေရှည်ခံကြံ့ခိုင်တောင့်တင်းတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)) တည်ဆောက်နိုင်လိမ့်မယ်လို့ တွေးနေတယ်ဆိုရင် အဲဒါဟာ ဘယ်တော့မှ အကောင်အထည်ပေါ်မလာနိုင်မယ့် စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်တယ်ဆိုတာပဲဗျာ။
အခုတော့ ကျွန်တော်တို့နိုင်ငံကလည်း အဲဒီအချက်ကို သဘောပေါက် လက်ခံလာကြပြီဖြစ်တဲ့အတွက် နှစ်ပေါင်း များစွာ ယိုယွင်းပျက်ပြား နေခဲ့တဲ့ (အထူးသဖြင့် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကာလအတွင်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တဲ့) အဲဒီ နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးကို ပြန်လည်ပြုပြင် တည့်မတ်ဖို့ ကြိုးပမ်းနေကြတာ အားလုံးအမြင်အတွေ့ပဲဖြစ်တယ်ဗျ။
ဒဏ်ခတ်ပိတ်ဆို့မှု
အားလုံးသိကြတဲ့အတိုင်း အဲဒီနိုင်ငံကြီးတွေနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံမှု ထူထောင်ရေးကိစ္စမှာ အခြားအခြားသော ဖွံ့ဖြိုးဆဲနိုင်ငံ အများစုကြီးနဲ့ ကျွန်တော်တို့နိုင်ငံ မတူတဲ့အချက်က အဲဒီနိုင်ငံကြီးတွေက ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများပဲဖြစ်တယ်ဗျ။ အဲဒီဒဏ်ခတ်ပိတ်ဆို့မှုက ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးနွေးထွေးစွာ ပွေ့ဖက်လို့မရအောင် ကြားက ကန့်လန့်ခံထားသလိုဖြစ်နေတာ ဖြစ်တယ်ဗျ။
ရုပ်သိမ်းဖို့တောင်းဆိုမှု
ဒါကြောင့်လည်း အဲဒီဒဏ်ခတ်ပိတ်ဆို့မှု ပေါ်ပေါက်လာချိန်က စလို့ အခုအထိ တစ်လျှောက်လုံး (အထူးသဖြင့် မကြာသေးခင် နှစ် အနည်းငယ် အတွင်း) အဲဒါကို ဖယ်ရှားရုပ်သိမ်းပေးဖို့ တောင်းဆိုမှုတွေရှိလာနေခဲ့တာ ဖြစ်တယ်ဗျ။ အချို့သောပညာရှင်နဲ့ နိုင်ငံရေးအသိုင်း အ၀ိုင်းတွေအကြားမှာ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် ကျယ်ကျယ်လောင်လောင် တောင်းဆိုမှုတွေရှိခဲ့သလို အဲဒီမူဝါဒကို ချမှတ် ကျင့်သုံးခဲ့ကြတဲ့ ဦးဆောင်နိုင်ငံကြီးအချို့ရဲ့ ရန်ကုန်အခြေစိုက်သံရုံးတွေရှေ့က တောင်းဆိုဆန္ဒပြပွဲတွေအကြောင်းလည်း ကျွန်တော်တို့ ကြားခဲ့ကြရတယ်ဗျ။ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒ ရုပ်သိမ်းရေးအတွက် အမေရိကန်ကွန်ဂရက်လွှတ်တော် အထိ ချဉ်းကပ်ပြီး ကြိုးပမ်းခဲ့ကြတဲ့ သတင်းတွေ ကျွန်တော်တို့ ကြားသိခဲ့ကြ ရသလို ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတချိုရဲ့ တရားဝင် တောင်းဆိုသံ တွေကိုလည်း ကြားခဲ့ကြရတယ်ဗျ။
အခု နောက်ဆုံး အဲဒီဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးတောင်းဆိုပွဲထဲကို ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရရဲ့ ခေါင်းဆောင် နိုင်ငံတော် သမ္မတကိုယ်တိုင် ပါဝင်လာခဲ့ပြီဖြစ်တယ်ဗျ။ မကြာသေးမီက အမေရိကန်နိုင်ငံ အခြေစိုက် ကမ္ဘာကျော် သတင်းစာ ကြီး ၀ါရှင်တန်ပို့စ်ရဲ့ အကြီးတန်း အယ်ဒီတာတစ်ဦး ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က အဲသလို တောင်းဆိုလိုက်တာဖြစ်တယ်ဗျ။
အပြေးဝင်လာကြမယ်
တကယ်တော့ အဲဒီဒဏ်ခတ်ပိတ်ဆို့မှုဆိုတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အားလုံး သဘောပေါက်ထားသင့်တဲ့ အချက်တစ်ချက်က မြန်မာနိုင်ငံအတွက် အကျိုး ပျက်စီးရာပျက်စီးကြောင်း ဖြစ်တယ်လို့ တချို့က ပြောဆိုနေကြတဲ့ အဲဒီဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေဟာ ချမှတ်ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေအတွက်လည်း ဘယ်လိုရုပ်ဝတ္ထုအကျိုးအမြတ် (material benefit) မှ မဖြစ်ထွန်းစေဘူးဆိုတာ ဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် အဲဒီနိုင်ငံကြီးတွေက မူဝါဒချမှတ်သူတွေဟာ သူတို့နိုင်ငံထဲက စီးပွားရေးကုမ္ပဏီကြီးတွေရဲ့ အာသာဆန္ဒနဲ့ ဆန့်ကျင်ပြီး အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ထားတာ ဖြစ်တယ်ဗျ။ ရင်းနှီးမြှုပ်နှံမှုကနေ အကျိုးအမြတ်အများအပြား ရရှိနိုင်တဲ့ နိုင်ငံတစ်ခုအတွင်း အခြားနိုင်ငံတွေက ကုမ္ပဏီတွေက သူ့ထက်ငါဦး အလုအယက် သွားရောက်ရင်းနှီးမြှုပ်နှံနေကြချိန်မှာ မိမိတို့နိုင်ငံ အစိုးရတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုမူဝါဒကြောင့် ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေကြရတဲ့ အဲဒီနိုင်ငံတွေက ကုမ္ပဏီတွေရဲ့ ခံစားချက်ကို တွေးကြည့်နိုင်ကြလိမ့် မယ်လို့ ကျွန်တော် ယူဆတယ်ဗျ။ အခြေအနေပေးတာနဲ့ အဲဒီကုမ္ပဏီကြီးတွေ ကျွန်တော်တို့နိုင်ငံထဲ အပြေးဝင်လာကြလိမ့်မယ်ဆိုတာကို လည်း မှန်းဆမြင်ယောင်ကြည့်နိုင်တယ်ဗျ။
ဘာကြောင့်စဉ်းစားနေကြသလဲ
အားလုံးသိကြတဲ့အတိုင်း မိမိပိုင်ငွေတွေကို အခြားနိုင်ငံတစ်ခုမှာ သွားပြီး ရင်းနှီးမြှုပ်နှံဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ ကုမ္ပဏီ ကြီးရင်ကြီးသလောက် စွန့်စားရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏကြီးရင်ကြီးသလောက် အင်မတန်မှ စိုးရိမ်ပူပန်ရတဲ့ကိစ္စဖြစ်တယ်ဗျ။ ]ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ်} အခြေအနေမျိုးနဲ့ ကြုံရမှာကို အဲဒီကုမ္ပဏီကြီးတွေ စိုးရိမ်ပူပန်မယ်ဆိုရင် သူတို့ရဲ့ အဲဒီသောကကို ကျွန်တော်တို့ နားလည်ပေးကြရမှာပဲ ဖြစ်တယ်ဗျ။ ငွေထုပ်ကြီးပိုက်ဝင်လာ ဧရာမရင်းနှီးမြှုပ်နှံမှုတွေလုပ်၊ နိုင်ငံရေးအခြေအနေ ယိုယွင်းလာတော့ ဘာဆက် လုပ်ရမှန်းမသိတဲ့ အခြေအနေမျိုးနဲ့ ကြုံရမယ့် အရေးကို နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ချင့်ချိန်တွေးဆကြတာ အင်မတန်မှ သဘာဝကျတဲ့ ကိစ္စဖြစ်တယ်ဗျ။ ဒါကြောင့်လည်း အဲဒီကုမ္ပဏီကြီးတွေ အခြေစိုက်ရာ ကမ္ဘာ့ဦးဆောင်ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ အစိုးရတွေက ရှုံ့ချည် နှပ်ချည်လုပ်လို့ မကောင်းတဲ့ ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းရေးကိစ္စကို ကျပ်ကျပ်ကြီးစဉ်းစားသုံးသပ်နေကြတာ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်ဗျ။
မြန်မြန်ပြုပြင်ပြောင်းလဲဖို့ပါပဲ
ဒီတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ လုပ်စရာရှင်းရှင်းလေးတစ်ခုပဲ ရှိတယ်ဗျ။ အဲဒါကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အမြန်ဆုံး ရုပ်သိမ်း ပေးစေချင်တယ်ဆိုရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံး ပြုလုပ်ဖို့ပဲဖြစ်တယ်ဗျ။ သမ္မတကြီးဟာ ကျွန်တော်တို့နိုင်ငံအိမ်နီးချင်း တွေ နောက်မှာတောင် အဝေးကြီး ပြတ်ကျန်ရစ်ခဲ့ပြီဆိုတဲ့အချက်ကို သိမြင်နားလည်ထားသူဖြစ်တယ်ဗျာ။ ရှေ့အဝေးကြီးရောက်နေသူတွေကို အမီလိုက်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အမြန်ဆုံးပြေးဖို့ပဲဗျ။ ဒီမိုကရေစီ ပန်းတိုင်သို့ ဦးတည် လျှောက်လှမ်းနေတဲ့ နိုင်ငံတစ်ခုအဖို့ ကမ္ဘာ့ဦးဆောင်ဒီမိုကရေစီနိုင်ငံတွေရဲ့ တောင်းဆိုမှုကို လိုက်လျောဖြည့်ဆည်းပေးခြင်းဟာ သိက္ခာကျစရာကိစ္စတစ်ခု မဟုတ်ဘဲ သိက္ခာတက်စရာကိစ္စတစ်ခုသာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ရိုးရိုးသားသား ထင်မြင်ယူဆနေကြောင်းပါဗျာ။
၂၄ ၀၁ ၂၀၁၂
0 comments:
Post a Comment