Thursday, February 2, 2012

သာဓုလူဝါးဝတယ် ...

Naing Min
 
" ကျုပ်တို့နဲ့ ခငိဗျားတို့နဲ့ အတူတူပါပဲ ၊ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ ပြောစရာရှိတာလာပြောပါ ၊
တိုင်ပင်စရာရှိတာလာတိုင်ပင်ပါ ၊ တောင်းစရာရှိတာ တောင်းပါ ။
အချင်းချင်း သဘောမျိုး ဆက်ဆံကြပါ ။
တစ်ဦးနဲ့တစ်ဦး ကြီးကြယ်နေစရာလူတွေမဟုတ်ပါဘူး ။ "

ဗိုလ်ချုပ်အောင်ဆန်း
( ဖဆပလ - ယာယီအမှုဆောင်အစိုးရအဖွဲ့ ခေါင်းဆောင် အနေဖြင့်
ဘိလပ်အစိုးရ၏ စက္ကူဖြူစီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲမိန့်ခွန်း မှ) ၂၉-၉-၁၉၄၆



ကြိုတင်၍ ...
တောင်းပန်လိုသည်မှာ ...
ဤစာစုကိုသာဓုရေးတော့မည် ... ဟု ထိုင်လိုက်စဉ်က ဘ၀အကွေ့ကွေ့တွင် တွေ့ရကြုံရ လူပါးဝခဲ့သည်တို့ကို
အသက်အရွယ်အလိုက် အဆင့်ဆင့် အစီစီ သီကုံး ရေးသားရန် ရည်ရွယ်ရင်းရှိခဲ့၏ ။

သို့ ... အစဉ်အတိုင်းရေးလျှင် တွေးရမည် ။ တွေး၍ရေးနေလျှင် ကြာမည် ။
ကြာသည်လည်း မကောင်း ။ အကြောင်းအရာခြင်း ထပ်နေပြန်သော်ဖတ်ရသူငြီးငွေ့မည် ။
ဤသည်လည်းမကောင်း ။ ယင်းသို့ အကြောင်းကြောင်းတို့ကြောင့်


" သနားလို့ "

စိန်ဘရားသား ၊ မြပိုးထည်တိုက် ၊တီဂျူမား ၊ ဦးဘိုးငြိမ်း အစရှိသော ကုန်တိုက် ၊ အထည်ဆိုင် ၊ ပန်းကန် ၊ ဒယ်အိုး
အမျိုးမျိုးသော လုပ်ငန်းများကို ပြည်သူပိုင် သိမ်းလိုက်ပြီးနောက် ဆယ်ရက်အရတွင် သာဓု ဗိုလ်ချုပ်ဈေးဘက်
ရောက်သွား၏ ။ ထိုထိုဤဤ လျှောက်ကြည့်မိ၏ ။

ငယ်စဉ်က မြင်တွေ့နေကျ တလမ်းတည်းနေ အစ်ကိုအရွယ် လူတစ်ယောက် ရုပ်ရှင်မင်းသားဖြစ်သွားသည့် သတင်းကြား
သည်နှင့် သာဓုသည် သူ့အိမ်လှေကားဝမှ သွားစောင့်နေခဲ့ဖူး၏ ။ ရုပ်ရှင်မင်းသားဖြစ်သွားသောအခါ မည်သို့ထူးခြားလာ
လေမည်နည်းဟူသော လူ့သဘာဝစိတ်အတိုင်း သူပြန်လာသောအခါ သေသေချာချာစူးစိုက်ကြည့်မိ၏ ။
ခါတိုင်းလိုပင်နှုတ်ဆက်ရန်သတိမရ ။

"ဟေ့ ... ဘာကြည့်တာလဲကွ ၊ မျက်တောင်တောင်မခတ်ဘူး"  ဟုသူကပြောလိုက်မှ သာဓုသတိရလာကာ ...

"သြော် ... အစ်ကိုရုပ်ရှင်မင်းသား ဖြစ်သွားပြီဆိုလို့ ..."

"ရုပ်ရှင်မင်းသားဖြစ်ဖြစ် ၊ သိကြားမင်းဖြစ်သွားသွား ၊ ငါအရင်အတိုင်းပါပဲကွာ ၊ ဂျိုပေါက်မလာပါဘူး"

ရယ်ရယ်မောမောပြောရင်း အိမ်ပေါ်သို့တက်သွားမှ ...

"အင်း ... ဟုတ်သားပဲ"

ဤလိုဆန်းကျယ်သော လူ့စိတ်သဘောတရားကို သဘောပေါက်မိသည်မှာ လွန်ခဲ့သော အနှစ်လေးဆယ်ခန့်က ဖြစ်၏။
သို့သော် ... ယင်းသဘောပေါက်မှုသည် အခိုက်အတန့်သာ စိတ်ထဲတွင်ကိန်းအောင်းနေပြီး အလားတူဖြစ်ရပ်မျိုး ပေါ်
လာတိုင်း အထူးအဆန်းလိုကြည့်ချင်လာ၏ ။

ထိုနေ့ကလည်း ယခင်က တိုက်ဆိုင်များနှင့် ယခု မည်သို့ ရှိလေမည်နည်းဟု သိချင်နေပြန်၏ ။ ဆိုင်တိုင်းကို အကဲခတ်
မိ၏ ။ ၀င်ကြည့်ချင်လာ၏ ။ ခြေလှမ်းက အလိုလိုသွက်သွား၏ ။

သို့နှင့် "ပါရမ်စရမ်း" လောမသိ ။ ဗိုလ်ချုပ်ဈေး မျက်နှာစာတန်းရှိဆိုင်ကြီးအတွင်း ၀င်ကြည့်မိသည်တွင်နစ် မပါသော
အပ်ဖျား ဖောင်တိန်များ တွေ့သဖြင့် အရောင်သုံးမျိုး အနီ အစိမ်း အနက်ရှိ သုံးချောင်းရောင်းရန် စာရေးကိုပြောရာ ...

"တစ်ယောက်တစ်ချောင်းပဲရမယ်ဗျာ"  ဟု သူက မကြည်သာသောမျက်နှာဖြင့် ခပ်ညည်းညည်းပြော၏ ။
သာဓုနားကို သာဓု မယုံကြည်နိုင်ဖြစ်သွားမိ၏ ။ (နားကလည်း လေးသကိုး ။) သို့နှင့်ထပ်ပြောရာ ...

"ဟုတ်ပါတယ် ၊ တစ်ယောက်တစ်ချောင်းပဲ ရောင်းနိုင်ခွင့်ရှိပါတယ် ..."

အားနာဟန်အမူအရာဖြင့် ဤအတိုင်းပင်ထပ်ပြော၏ ။ သာဓုအဖို့ဆန်းနေသည် ။
ဈေးသည်တို့ မည်သည် များများဝယ်လေ သဘောကျလေမဟုတ်ပါလော

"များများမရောင်းချင်တာဘာကြောင့်လဲ"

"ရောင်းချင်ပါတယ် ၊ ဒါပေမယ့်ဟိုမှာဗိုလ်မှုးရှိပါတယ် ၊ သူ့ကိုသွားပြောပါ"

စာရေးညွှန်ပြရာ စားပွဲသို့ သာဓုလျှောက်သွားပြီးပြောရာ ...

"ဘယ်ရမလဲ ... ၊ တစ်ချောင်းတောင် သနားလို့ရောင်းတာ"

သာဓု ဒိုင်းကနဲ နားထင်ကြော ထလာသည် ။
လက်ထဲတွင်နမူနာကိုင်လာသော ဖောင်တိန်ကိုသူ့စားပွဲသို့ ချပေးလိုက်ရင်း ...

"မ၀ယ်တော့ဘူး ၊ သုံးချောင်းမကလို့ အချောင်းသုံးဆယ်ရောင်းလည်း မ၀ယ်တော့ဘူး" ဆိုင်ထဲရှိလူအားလုံးပင်
သာဓုတို့ဆီ ခေါင်းလည်လာကြ၏ ။

"ဒီမှာ ... ဗိုလ်မှုး နားလည်ထားဖို့က ကျုပ်တို့ ၀ယ်သူမှန်သမျှဟာ အခွန်ထမ်းလူထုတွေ ။ အသနားခံ လူတန်းစား
မဟုတ်ဘူး ၊ ဒါပါပဲ" ဟု ပြောရင်းလှည့်ထွက်လာခဲ့၏ ။


                                                                                                                 သာဓု
                                                                                                  ( သာဓု လူဝါးဝတယ် စာအုပ်မှ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...