Saturday, February 11, 2012

ဒေါ်စု ကော့မှူးခရီးစဉ်နှင့် မိန့်ခွန်းအကျဉ်း

by Lu Cifer on Saturday, February 11, 2012 at 11:20pm ·
 
Myanmar Suu Kyi Myanmar pro-democracy icon Aung San Suu Kyi, center, attends a local event at Myanmar Info-Tech while on her way to Kaw-Hmu constituency for election campaign, in Yangon, Myanmar, Saturday, Feb. 11, 2012. (AP Photo/Khin Maung Win) AP2012

ပြည်သူလူထုကို လွယ်လွယ် ကတိမပေးဘဲ မှန်မှန်ကန်ကန်နဲ့ ပြည်သူတွေရဲ့ ထောက်ခံမှု ယူသွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဒီကနေ့ ကော့မှူးမြို့နယ်ကို ကိုယ်စားလှယ်လောင်း စည်းရုံးရေးအဖြစ် သွားစဉ်အတွင်း ၀ါးသိင်္ခရွာမှာ လူထုကို အခုလို ပြောလိုက်တာဖြစ်သလို မြို့နယ်တွင်း အလုပ်လက်မဲ့ ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း အရင်ဖြေရှင်းပေးရေးဟာပထမဆုံးတာဝန်တစ်ခု ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကော့မှူးခရီးစဉ်အကြောင်း မသင်းသီရိက တင်ပြထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် စနေနေ့မနက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး ကိုယ်စားလှယ်လောင်း စည်းရုံးရေးခရီးစဉ် အဖြစ် သူရဲ့ မဲဆန္ဒနယ်မြေ ဖြစ်တဲ့ ကေားမှူးကိုသွားတာပါ။ လမ်းမှာ ကွမ်းခြံကုန်းမြို့နယ်ထဲက ၀ါးသိင်္ခရွာမှာ တထောက် နားပြီး လာကြိုကြတဲ့ လူထုကို ဒေါ်အောင်ဆန်းစုကြည်က စကားပြောခဲ့ပါတယ်။ အထူးသဖြင့် ပြည်သူလူထုကို လွယ်လွယ်ကူကူ ကတိတွေမပေးဘဲ မှန်ကန်စွာ ပြောဆိုဆက်ဆံကာ  လူထုရဲ့ ထောက်ခံမှုကို ယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

“ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကို မှာပါတယ်။ ပြည်သူတွေကို ကတိတွေ လွယ်လွယ် မပြောပါနဲ့။ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ် ဆိုပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုကို မတောင်းဆိုပါနဲ့။
မှန်မှန်ကန်ကန် ဖြောင့်ဖြောင်မတ်မတ် ပြည်သူတွေအပေါ်မှာ ဆက်ဆံပါ။ လေးစားပါ။ ပြည်သူကို မှန်မှန်ကန်ကန် မပြောဘူးဆိုတာဟာ ပြည်သူကို မလေးစားရာ ရောက်ပါတယ်။ ဒါကြောင့်မိုလို့ ကျမတို့က မှန်မှန်ကန်ကန်ပဲ ပြောချင်ပါတယ်။
ကျမတို့ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေက မနည်းပါဘူး။ ဒါကြောင့်မိုလို့ ရင်ဆိုင်ရမယ့် ရှေ့က အခက်အခဲတွေ အားလုံးကို ကျမတို့ အတူ ကျော်လွှားဖို့ ကြိုးစားကြပါ။ အားအင်ဖြည့်ကြပါ။
ကျမတို့က ပြည်သူတွေကို လေးစားသလို တန်ဖိုးထားသလို ပြည်သူတွေကလည်း ကျမတို့အပေါ်မှာ ယုံကြည်မှု ပေးပါလို့ ကျမက တောင်းခံချင်ပါတယ်။”

နိုင်ငံတ၀ှမ်းလုံးမှာရော အခု သူရောက်နေတဲ့ ကော့မှူးမြို့နယ်ထဲမှာပါ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ပြဿနာဟာ အရေးတကြီး ဖြေရှင်းရမယ့် အဆင့် ဖြစ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

“ကျမတို့ နားလည်သလောက်ကတော့ ကော့မှူးမြို့နယ်မှာတင် အရေးကြီးဆုံး ကိစ္စကတော့ အလုပ်အကိုင် မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေအတွက် လုံလုံလောက်လောက် ရှိအောင် လုပ်ပေးရမှာဟာ ပထမဦးဆုံး တာဝန်ဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ပါတယ်။
ဘယ်လို အလုပ်အကိုင်မျိုးလဲ ဆိုတာကတော့ ကျမတို့ လေ့လာကြည့်တဲ့အခါမှာ ကော့မှူးမြို့နယ်မှာဆိုရင် ဘွဲ့ရပြီးသား လူငယ်များဟာ အများစုက အခုထက်ထိ အလုပ်အကိုင် မရှိသေးဘူးဆိုတာ ကျမတို့ သိရပါတယ်။
ဆိုတော့ ဘွဲ့ရလူငယ်တွေရော၊ ဘွဲ့မရသေးတဲ့ လူငယ်တွေရော အလုပ်လုပ်ကိုင်ဖို့ဟာ ပထမဦးစားပေး ပြီးတော့ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လုပ်သင့်တယ်လို့ ဒီလိုပဲ ကျမတို့ ခံယူပါတယ်။”

အဆုံးမရှိ လုပ်နေကြရတဲ့ နိုင်ငံရေးထဲမှာ လူထုရဲ့ ထောက်ခံမှုဟာ အဓိက ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“နိုင်ငံရေး လုပ်တယ်ဆိုတာဟာ ရေရှည်လုပ်ငန်းပါ။ နိုင်ငံ့ရဲ့အရေး ဆိုတာ ဘယ်တော့မှ အဆုံးမရှိပါဘူး။
အရေးက တစ်ခုမဟုတ် တစ်ခု အမြဲ ရှိနေမှာပါပဲ။ အဲဒီတော့ ချက်ချင်းလက်ငင်း ကျမတို့ ပြည်သူတွေအတွက် ဘာတွေ အရေးကြီးလဲ ဆိုတာဟာ ပြည်သူတွေနဲ့ တိုင်ပင်ပြီးတော့ ကျမတို့က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မိုလို့ ကျမတို့နားမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးတဲ့ ပြည်သူတွေက တကယ်ပဲ အောင်မြင်စေချင်ရင် ကိုယ်တိုင် ပါဝင်ပြီးတော့ ကျမတို့ကို အားအင်ဖြည့်ပေးကြပါလို့ ကျမက မေတ္တာ ရပ်ခံချင်ပါတယ်။”

ဒါကတော့ ဒီကနေ့ နေ့လယ် ၂ နာရီက ၀ါးသိင်္ခရွာမှာ ဒေါ်အောင်ဆန်းစုကြည် လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲက တစိတ်တပိုင်း ဖြစ်ပါတယ်။ ၀ါးသိင်္ခရွာကနေ ကော့မှူးက ငှက်အော်စမ်း မှာရှိတဲ့ လူငယ်သင်တန်းကျောင်းကို ဒေါ်အောင်ဆန်းစုကြည် ဆက် သွားခဲ့ပါတယ်။

လှိုင်သာယာကနေ တွံတေးမြို့ကို ဖြတ်ကာ ကွမ်းခြံကုန်းနဲ့ ကော့မှူးမြို့ကိုသွားတဲ့ လမ်းတလျှောက် ထောင်နဲ့ချီတဲ့ ဒေသခံလူထုတွေက ကြိုဆိုကြတယ်လို့ ဒီခရီးစဉ်အတွင်း လိုက်ပါ သတင်းယူနေတဲ့ ပြည်တွင်းသတင်းထောက် တစ်ဦးကလည်း အခုလို ပြောပြပါတယ်။

“၀မ်းပန်းတသာနဲ့ပေါ့ဗျာ။ ဒီဘက်ကလူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တစ်ခါမှ မြင်မှမမြင်ဘူးသေးတာ။ NLD ရဲ့ အလံလေးတွေ ကိုင်ပြီးတော့၊ နောက်ပြီးတော့  သူ့ရဲ့ ဓာတ်ပုံလေးတွေ ရင်ဘက်မှာ ချိတ်တယ်။ NLD တံဆိပ်တွေကို ပါးလေးတွေမှာ စတစ်ကာလေးတွေ ကပ်တယ်။ ကလေး လူကြီး လူငယ် အစုံပဲ၊ နောက် သံဃာတော်တွေလည်း ပါတယ်ခင်ဗျ။

လမ်းပန်းခရီးက ခက်ခဲတယ်ခင်ဗျ။ အဲဒီက မြို့ပေါ်ကနေ ၀ါးသိင်္ခရွာထဲကို ဘယ်လောက် ရောက်မလဲဆိုရင် ၁၅ မိုင် ရှိတယ်ဗျ။ အဲဒီလမ်းကြီးက ဖုန်လမ်းကြီး။ တကယ့် တောလမ်း လှည်းလမ်းကြီး။ အဲဒါကြီးကို သွားရတာ။”

ပြည်တွင်း သတင်းထောက်တစ်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့ချင်းပြန်ခရီးအဖြစ် ကော့မှူးမြို့ကို ကိုယ်စားလှယ်လောင်း စည်းရုံးရေးခရီး သွားခဲ့တာဖြစ်ပြီး ဒီကနေ့ ည ၈ နာရီခွဲကျော်မှာ ရန်ကုန်ကို ပြန်ရောက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် တစ်နေရာကနေ ကော့မှူးမြို့မှာ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်သလို နိုင်ငံတ၀ှမ်း လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ၀င်ပြိုင်မှာလည်း ဖြစ်ပါတယ်။

မသင်းသီရိ
VOA
စနေ, 11 ဖေဖော်ဝါရီ 2012
http://www.voanews.com/burmese/news/DASSK-Kawmuu-trip-02-11-12-139149764.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...