Saturday, February 11, 2012

ထားထားရဲ့ ဆောင်းပါးစုစည်းမှု

အမေရိကန် ကောလိပ်တစ်ခု မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မည်

by General Knowledge on Tuesday, 7 February 2012 at 12:37 ·
By The Voice Weekly Originally posted 07/02/2012 10:05AM
 
 အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန်  လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေး နယ်ပယ်တွင်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အဆိုပါ အသိုင်းအဝိုင်းတွင်းမှ စုံစမ်းသိရှိရသည်။


အဆိုပါ အစီအစဉ်ကို ညှိနှိုင်းမှုများ အဆင်ပြေပါက ၂၀၁၃ ခုနှစ်တွင် ကျောင်းသား စတင်လက်ခံနိုင်ရန် ရည်မှန်း လုပ်ဆောင်နေကြောင်း၊ ယင်းကျောင်းက လိုချင်သည်မှာ ကျောင်းဖွင့်ခွင့်နှင့် ကျောင်းနေရာသာ ဖြစ်ကြောင်း၊ ကျောင်းသား ၂၀၀၀ ခန့် တက်ရောက်နိုင်မည့် ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ယင်းကောလိပ်၏ ဘာသာရပ် အားလုံးနီးပါး သင်ယူနိုင်မည်ဖြစ်ကာ လေးနှစ် တက်ရောက်ပြီးပါက နိုင်ငံတကာရှိ ယင်းကောလိပ်တွင် တက်ရောက်သည့် နည်းတူ ဒီဂရီအဆင့်တူ ရရှိမည်ဖြစ်ကြောင်း ပညာရေးနယ်ပယ်တွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ယင်းသို့ လာရောက်ဖွင့်လှစ်မည့် အစီအစဉ်နှင့် ပတ်သက်၍ “Bard College လိုမျိုး မြန်မာနိုင်ငံမှာ လာဖွင့်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအဆင့်မြင့် ပညာရေးကိုလည်း အထောက်အကူဖြစ်လို့ ကြိုဆိုရမှာပါ” ဟု အဆိုပါ ကောလိပ် လာရောက် ဖွင့်လှစ်ရေး ညှိနှိုင်းခဲ့သူ တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
 စုစုပေါင်း လေးနှစ်တက်ရောက်ရမည့် အဆိုပါ ကျောင်းကို ပထမ ၂ နှစ်တွင် မြန်မာလိုနဲ့ အင်္ဂလိပ်လို ရောနှော သင်ကြားမည်ဖြစ်ပြီး နောက်ထပ် ၂ နှစ်တွင်မူ အင်္ဂလိပ်လို သင်ကြားမည်ဖြစ်ကြောင်း၊ ယင်းကျောင်း တက်ရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်မည့် ကျောင်းလခ ပုံစံတစ်ခု သတ်မှတ် ထားရှိမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဟိုမှာ သွားတက်တဲ့ Education ကို ဟိုမှာ သွားတက်တာထက် သက်သာစွာရဖို့က သူတို့ရဲ့ ရည်ရွယ်ချက်တစ်ခုပေါ့” ဟု ပညာရေးလောကသား တစ်ဦးက ပြောကြားသည်။
Bard College သည် အမေရိကန် ပြည်ထောင်စု နယူးယော့ခ်တွင် တည်ရှိပြီး ၁၈၆၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့သော Private Institution ဖြစ်သည်။ ယင်းကဲ့သို့သော ကောလိပ်မျိုး၏ ယခုကဲ့သို့ အစီအစဉ်မျိုးဖြင့် မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ရန် စီစဉ်မှုမှာ ပထမဆုံးဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second Mobile Operator အဖြစ် လုပ်ကိုင်ရန်လျှောက်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းရာနှင့်ချီရှိ PDF Print
Wednesday, 08 February 2012 14:24
AddThis Social Bookmark Button
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second  Mobile  Operator အဖြစ်လုပ်ကိုင်ရန်လျောက်ထားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ရာကျော်ရှိပြီး ပြည်ပကုမ္ပဏီများမှ ကမ်းလှမ်းထားမှုပိုမိုများပြားကြောင်း သိရသည်။
''Second  Mobile  Operator လုပ်ဖို့ လျှောက်ထားတာတွေ ရာနဲ့ချီပြီးရှိပါတယ်။ ပြည်ပကဆို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံချင်တာတောင် ရှိတယ်။အဲဒီအဆိုပြုချက်တွေ အားလုံးကို လက်ခံထားပါတယ်။ ပြည်ပကဆို ရုရှား၊ ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ အမေရိကန်၊ ယူကေ စသဖြင့် အများကြီးပါ။ တချို့က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံချင်တယ်လို့ တင်ပြလာပြီး Business Plan တွေလည်း တင်ပြလာပါတယ်။ တချို့ကုမ္ပဏီတွေဆို Sim Card အလကားပေးမှာတောင် ရှိပါတယ်။ ကမ္ဘာမှာ ဆက်သွယ်ရေးလုပ်ငန်းက အရင်းအနှီးကြီးသလို အမြတ်အစွန်းလည်းများတဲ့အတွက် လုပ်ချင်တဲ့သူလည်း များတယ်။ အဲဒီအတွက် လုပ်ခွင့်ပေးမယ်ဆိုရင်တောင် သင့် တင့်တဲ့သူကိုပဲပေးသွားမှာပါ။ လက် ရှိမှာဆက်သွယ်ရေးဥပဒေရေးဆွဲ နေတုန်းဖြစ်ပြီး ရှေ့အပတ်ထဲမှာရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့ ဖို့ရှိပါတယ်။ ပြင်စရာမရှိတော့ဘူးဆိုရင် လွှတ်တော်ကို တင်ပြသွားမှာပါ။ နောက်တစ်ချိန်မှာ လွှတ်တော်က အတည်ပြုပြီးရင် ဖုန်းအော်ပရေတာ ကုမ္ပဏီလုပ်ကိုင်ခွင့် ချပေးတာတွေ ဖြစ်လာမှာပါ။ လုပ်ခွင့်ရရင် အားလုံးကို ဖိတ်ခေါ်မှာပါ။ အဲဒီထဲကမှ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဦးစားပေးသွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှက ပြောကြားခဲ့သည်။
အဆိုပါ ဆက်သွယ်ရေးဥပဒေမူကြမ်းအား လွှတ်တော်တွင် တင်ပြသွားရန်ရှိပြီး  ယင်းဥပဒေတွင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍများ၌ ပုဂ္ဂလိကဘက်မှ ၀င်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သတ်၍ ပိုမိုဦးစားပေး ရေးဆွဲထားကြောင်းလည်း သိရသည်။

"ကိုပြေရယ် ဘဘရယ် ဒဿရယ်"

by Soe Min on Saturday, 11 February 2012 at 15:12 ·
          ငယ်ငယ်တုန်းက ကြာနီကန်တရားခွေတွေနဲ့ ကြီးပြင်းလာရတဲ့အခါ ဆရာတော် တရားပွဲများစလိုက်ရင် အနီးအနားဇာတ်ရုံထဲက ပရိသတ်တောင်မှ တဖွဲဖွဲနဲ့ တရားပွဲထဲရောက်လာကြတယ်လို့ ကြားခဲ့ဖူးပါတယ်။ ယုံချင်ယုံ မယုံချင်နေ၊ အဲသလိုတော့ ကြားဖူးခဲ့တာပဲ။ အခုတော့ လုံးဝယုံသွားပါပြီ။ မနေ့ညက ကိုဝေတို့ ကိုပြေတို့ သက်မွန်မြင့်ကလေးတို့၊ ရုပ်ရှင်တလောကသားလုံး လှပကြွရွနေအောင် ဖလန်းဖလန်းထကြတဲ့ အကယ်ဒမီပွဲကြီးကို ပစ်ပြီး ပရိသတ်တွေ တရုံးရုံး လိုင်းပြောင်းပြီး ကြည့်ယူရတဲ့ပွဲကြီးကတော့ ဘဘဦးရွှေမန်းရဲ့ တရားပွဲကြီးပါပဲ။ ဟောချက်ပြောချက်တွေ ပြောင်မြောက်လိုက်တာများ ရွှေမန်းတင်မောင် ၀င်ပူးထားသလား အောင့်မေ့ရတယ်။ ဟတ်ထိချက်ကတော့ ဘာပြောစရာလိုသလဲဗျာ။ လခတိုးပေးဖို့ ပြောတာပဲဥစ္စာ။ ဒီစကားမျိုး ဘယ်သူပြောပြော ထောက်ခံမှာပေါ့။ ဘယ်လောက်တိုးပေးပေး။ “နည်းနည်းဖြစ်ဖြစ် ချစ် ချစ် ချစ်ပါ အကို” လို့ ဒိုင်ဗင်ဝင်ပစ်မှာပဲ။ နေပြည်တော်တ၀ှမ်းလုံး “သဘူမတောတဲ့သူ ရှိပါသေးလားခင်ဗျာ” လို့ လိုက်မေးကြည့်ပါလား။ အောင်မယ်လေး အပြင်မှာများ အရှင်လတ်လတ်ကြီး တွေ့လိုက်လို့များကတော့နော်။ အံတီဝါ၀ါအောင်ကြီး လူတွေဝိုင်းဆွဲတာထက်ဆိုးပြီး ပါးတပြင်လုံး အပ်ချစရာမကျန်အောင် အာပွားတွေ ၀ိုင်းပေးကုန်ကြဦးမယ်။ ဒါတောင် လေလည်ပြရုံကလေးပဲ ရှိသေးတာ ပိတ်သတ်ကြီးရဲ့။ ခုလောက်ဆို “ဟေ .. ဟုတ်လား။ ဒါဆို ငါ့ ပိုက်ဆံထပ်ချေးပါဦး။ လခတိုးတော့ ပြန်ဆပ်ပါ့မယ်” လို့ အကြွေးယူတဲ့သူတွေကယူ။ လမ်းဘေးခင်းထားတဲ့ ဟင်းရွက်ကန်စွန်းလေးတွေ “၃.၆ နဲ့မြှောက်ရင် ဘယ်ဈေးတက်ယူရပါ့မလဲ” နဲ့ တွက်တဲ့သူတွေ တွက်ကုန်ကြလောက်ပြီ။ တောရောက်နေလို့ ဘာဂျာနယ်မှ မဖတ်ရလို့နော်။ မဟုတ်ကာမှလွဲရော၊ အဲဒီသတင်းကြီးက မျက်နှာဖုံးပေါ်မှာ စာလုံးအမည်းကြီးနဲ့ ဖော်ပြရတဲ့ သတင်းပူကြီး ဖြစ်ကိုဖြစ်နေမှာ။ ဟီး ဟီး။ ကျုပ်တို့တတွေ အဲဒါကိုက ခက်တာနော်။ သူပြောသွားသမျှ စကားကလေးထဲမှာ ကိုယ်လိုချင်တာကလေး၊ ဖြစ်ချင်တာကလေးကိုပဲ အနုလုံ ပဋိလုံ ခြုံငုံလို့ အထပ်တစ်ရာ ပလာတာ အခါခါ ကြားယောင်လို့ ဖရဏာပီတိ ဂွမ်းဆီထိနေကြတာ။ ပြောသွားတဲ့စကားထဲမှာ လခတိုးပေးမယ်ဆိုတာထက် အရေးကြီးတာ ဘယ်သူမှ သတိမထားပဲ နားလျှံသွားကြတယ်။ “၀န်ထမ်းတွေ အဂတိလိုက်စားမှု ကင်းရမယ်” ဆိုတာလေး ပါသေးတယ်လေဗျာ။ ဒါကျတော့ အမှတ်တမဲ့ဖြစ်သွားတယ်လား။ အခုလည်း ကင်းတယ်လေ။ ယုံဘူးလား။ ဖျားစူး။ အိုင်ဆွဲ အိုင်ဆွဲ။ “I shall eat all of the fruit, the whole fruit, nothing but the fruit” “လခကိုပဲ စားပါမည်။ လခအလုံးစုံကိုသာ စားပါမည်။ လခမှလွဲ ဖွဲဆန်ကွဲ” လို့ ကျိန်ကြရအောင်။ သည်ကောင်ကလေးတော့ ၂၀၁၀ ခုနှစ်အတွက် သောက်မြင်ကပ်စရာအကောင်းဆုံးဆုကို ပြိုင်ဘက်မရှိ ဆွတ်ခူးရတော့မှာပဲ။ သတင်းထောက်တွေတောင် အုံလာပြီ။ ၀ိုင်းရိုက်ကြတော့မလို့တဲ့။ ဓါတ်ပုံ ဓါတ်ပုံ။
          အဂတိလိုက်စားမှုဆိုတဲ့နေရာမှာ အများအားဖြင့် အကြောင်းပြကြတာက ရတဲ့လစာနဲ့ မလောက်ငှလို့ လို့ ဆိုကြပါတယ်။ ဒီအခါမှာ ဘဘ ရွှေ့လိုက်တဲ့ အကွက်က လှတယ်လေ။ ‘ကိုင်း အခု လောက်အောင်ပေးမယ်လေ။ လာဘ်မစားကြနဲ့။ ဘယ်လိုလဲ။” တဲ့။ နှစ်ခြမ်းကွဲသွားတယ်ခင်ဗျ။ “အမယ်လေး။ အခုလည်း အရိုးအရင်းလောက် ကိုက်နေရတာ။ လောက်အောင်သာ ရပေ့စီ။ မောင်မဆော့ပေါင် စိပ်ပုတီးနဲ့ ဘုန်းတော်ကြီးလို နေပါ့မယ်” ဆိုတာက တစ်ဖွဲ့။ “ဟွန့် ဂလိုလား။ ရတယ်လေ။ ခေါင်ကသာ  မိုးလုံပစေ၊ တံစက်မြိတ်က ခွက်နဲ့ခံထားနှင့်မယ်။ ဒါမျိုးတွေ ရိုးနေပြီ။ လမ်းကြောင်းရှိလို့ လူမမြင်အောင် သျှိုထားရလှ ခနပါ။” ဆိုတာက တစ်ဖွဲ့။ မသေမချင်း လွဲလက်စနဲ့ ဆက်လွဲသွားမယ့် တစ်သက်စာအလွဲများကိုတော့ ပြန်တည့်လို့ မမီတော့ပါဘူး။ နောက်တက်လာမယ့်သူတွေ ထပ်မလွဲရအောင်တော့ နည်းနည်းကလေး အမုန်းခံလိုက်ပါဦးမယ်။ (ဘယ်တုန်းကများ ချစ်အောင် ရေးဖူးတာကျလို့) 
          အဂတိတရားဆိုတာ လေးပါးရှိပါသတဲ့။ ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိ နဲ့ မောဟာဂတိတဲ့။ ဆန္ဒာဂတိဆိုတာက မိမိရဲ့ စိတ်ဆန္ဒအလိုကြောင့် အလိုရှိမှု တစုံတရာကြောင့် မမှန်ကန်သော အမှုကို ပြုလိုက်တာပါ။ ကိုယ်လုပ်ဆောင်ရမယ့်တာဝန်ကို တံစိုးလက်ဆောင်ရမှ ဆောင်ရွက်ပေးတာမျိုး၊ ငွေများရင် တရားနိုင်တယ်လို့ ဆုံးဖြတ်ပေးတာမျိုး ဆိုပါတော့။ နိုင်ငံတော်က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တစ်ခုခုကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာမျိုးလည်း ပါတာပေါ့နော်။ တံခါးမှူးဒတ္ထလို အပေါက်စောင့်လောက်က ငါးဖိုးတစ်ဝက်ပေးရမယ် ဆိုတာကမှ ဒီပုဒ်မနဲ့ငြိတာမဟုတ်ပါဘူး။ မောင်လေးကို ၀န်မင်းခန့်ဖို့ နန်းတော်အောက်ခွေးကြည့်ခိုင်းတဲ့ မိဖုရားကြီးလည်း ဒါမျိုးမကင်းဘူးလို့ မှတ်ရမယ်။ ဆေးကုမ္ပဏီတွေဆီက စပွန်ဆာယူတာလည်း ဥပုသ်ကျိုးတယ်လို့ ဆိုရမှာပေါ့နော်။ လျှာမြက်ပေါက်ချင် ပေါက်ပစေကွယ်။ ဒါမျိုးတော့ မလုပ်နိုင်ပါဘူးဆိုတဲ့သူ အများကြီး ရှိကောင်း ရှိပါလိမ့်မယ်။ အူမတောင့်မှ သီလစောင့်နိုင်လိမ့်မယ်ဆိုတဲ့ သူတွေအတွက်တော့ လခလောက်ငှအောင်ပေးထားရင် ဒါတွေ ကင်းသွားလိမ့်မယ် လို့ ယူဆရမလိုဖြစ်နေပြီ။
          သို့သော်လည်း ဘယာဂတိကျတော့ သူတို့ဘက်က လွန်ဆန်လို့ ရနိုင်ပါဦးမလား။ သီပေါမင်းကိုနန်းတင်ဖို့ မူးကြီးမတ်ရာတွေ နန်းတွင်းခစားဝင်ခိုင်းတဲ့အခါ ဆင်ဖြူမရှင်တို့၊ ရနောင်မောင်မောင်တုတ်တို့က “သဘောမတူရင် ခေါင်းသည်မှာထားခဲ့ ကိုယ်ချည့်ပြန်ကြ” လို့ဆိုတာနဲ့ အားလုံးသဘောတူလိုက်ကြရတာမျိုးကတော့ ဘယာဂတိလို့ခေါ်ပါတယ်။ အရေးအခင်းတုန်းက သေနတ်ဒဏ်ရာနဲ့ကျောင်းသားတွေ ဆေးရုံရောက်လာတဲ့အခါ ကျည်ဆန်ရိပ်ထင်နေတဲ့ ဓါတ်မှန်တွေပါ သိမ်းသွားပြီး သာမန်ဒဏ်ရာအဖြစ် ဆေးမှတ်ချက်ပေးရတာလည်း အလားတူပဲ။ “ဘာတွေ မဟုတ်က ဟုတ်က လာပြောနေတာလဲ။ အဲလောက်သိနေရင် မေးစရာလေးတွေရှိလို့ လိုက်ခဲ့ပါဦး။”  ဆိုရင်တော့ “ဟင့်အင်.. ဟင့်အင်... သားသား ဘာမှ မသိပါဘူး။ မမြင်ပါဘူး။ မကြားပါဘူး။ လကားလကား ပြောတာပါ။” လို့ ပြောရမှာပေါ့။ အဲဒါလည်း ဘယာဂတိပဲ။
ဒေါသာဂတိကျတော့ တောင်ပြုံးမင်းညီနောင်ဇာတ်ထဲက ဘဘကျန်ကြီး ရွှေဖော့လုံးနဲ့ ရိုက်ဆုံးမလိုက်တာ လက်လွန်သွားတယ် ဆိုတာမျိုးပေါ့။ သူငယ်ချင်းတစ်ယောက် စတေးတပ်စ်ထဲမှာ မှတ်သားဖူးတာကတော့ “အမှုက ပြည့်တန်ဆာမှု၊ စီရင်ချက်ချမယ့် သူက မိန်းမတရားသူကြီး ဖြစ်နေလို့ကတော့ အမှုကြီးပြီသာမှတ်” ဆိုတာမျိုးကလည်း ဒေါသာဂတိထဲပါတာပဲ။ “ချစ်လွန်းလို့ ဖြစ်သွားတာပါ။ စိတ်ဆိုးပြီး နာကျည်းသွားလား။ မင်းအမျိုးသားသူငယ်ချင်းလေးအပေါ်မှာ .. ကိုယ်လုပ်လိုက်တဲ့အဖြစ်ဟာ..” ဆိုတဲ့ လူကြမ်းကြီး ဦးချစ်ကောင်းလည်း အဲဒီအထဲပါတယ်။ သားသားလေး မတော်တဆများ အထဲရောက်သွားလို့ကတော့ အဲဒီဒေါသာဂတိနဲ့ အရင်ဆုံးတွေ့ရမှာ။ ပြောရင်းနဲ့တောင် ကျောချမ်းလာပြီ။
          မောဟာဂတိကတော့ အမိုက်မှောင်ဖုံးနေလို့ အမှန်ကို မမြင်နိုင်တော့ပဲ အဂတိလိုက်စားမိတာမျိုးကို ခေါ်သတဲ့။ ဂျာမနီနိုင်ငံတော်ကြီး တိုးတက်ဖို့အတွက် ဂျူးတွေကို အကုန်ရှင်းပစ်မှဖြစ်မယ်ဆိုတာ မောဟာဂတိပါဗျာ။ ကိုယ့်စိတ်ထဲမှာ အမှန်လို့ မှတ်စွဲပြီး မတရားပြုမိတာမျိုးပေါ့။ သူများတွေလုပ်သမျှ လိုက်အပြစ်တင်နေပြီး ကိုယ့်သားသမီးတွေ အဲဒီအမှားမကင်းတဲ့အခါကျမှ ရေငုံနှုတ်ပိတ်နေတာလည်း ပါမယ်ထင်ပါရဲ့။ ကိုယ့်အတွက်ဆိုရင်တော့ ဒါမျိုးဘယ်လုပ်ပါ့မလဲလေ။ ခုဟာက ကိုယ့်သားလေး၊ ကိုယ့်သမီးလေးအတွက်မို့ မျက်စိမှိတ်ပြီး ငရဲကြီးချင်လည်း ကြီးပါစေတော့ဆိုတဲ့ မိဘမေတ္တာမျိုးလည်း မောဟာဂတိလို့ ခေါ်မလား မသိပါဘူး။ မောဟရဲ့သဘောကိုက အမှန်ကို အမှန်အတိုင်းမမြင်တော့ပဲ ငါ့သွေး ငါ့သားတွေလုပ်သမျှ အကုန်အမှန်၊ သူတို့ဟာသူတို့ မှားမှား မှန်မှန်၊ ဘယ်သူမှ လာမထိအောင် ကာကွယ်ပေးရမှာက ငါ့ဝတ္တရားလို့ ထင်နေတာ ခက်တာလေ။ မိဘမေတ္တာလို့ ကိုယ့်ဘာသာ နံမည်ပေးထားပေမယ့် ခွေးချင်းကိုက်ရင်တောင် ငါ့အိမ်ကခွေးနိုင်ရမှဆိုတဲ့ စိတ်ထားနဲ့ သိပ်မထူးလှပါဘူး။ ဒါကြောင့် အဂတိတရားထဲထည့်ထားတာ။
          တကယ့်တကယ်တော့ ၀န်ထမ်းတွေ အဂတိလိုက်စားမှု ကင်းစင်ရမယ်ဆိုတာကြီးက သိပ်ကိုမှန်၊ သိပ်ကိုလိုအပ်၊ သိပ်ကို အရေးကြီးတဲ့ စည်းစံနစ်ကြီးပါပဲ။ ဒါကိုတော့ ခေါင်းထဲမထည့်ကြပဲ လခတိုးရချည်သေးရဲ့ လို့ပဲ တွေးတာကတော့ သားသားတို့ဘက်က တိမ်တာပါ။ လာဘ်စားတာ မကောင်းဘူးဆိုတဲ့ အသိဥာဏ် ခေါင်းထဲထည့်မပေးရင် လာဘ်မစားအောင် လခတိုးပေးမယ်ဆိုတာက ဟိုလာဘ်မစားနဲ့ ဒီလာဘ်ပဲစားချေတော့လို့ ဆိုသလိုဖြစ်နေပြီး၊ ဈေးတွေတက်လာလို့ ဒီလာဘ်နဲ့ မလောက်တဲ့အခါကျမှ အရင်လာဘ်ပြန်စားကြပါစို့ လို့ အယူမလွဲရအောင် လာဘ်ပေးလာဘ်ယူ တို့ရန်သူဆိုတာ လခနဲ့မဆိုင်ပါဘူး။ သီလနဲ့ပဲဆိုင်တယ် လို့ ရှင်းပြတာပါ။ ကဲ.. သည်ပါးစပ်ကြီးမှ လူမမုန်းရင် ဘယ်သူ့ကို မုန်းကြမှာတုန်း။ စော်စော်ကားကားကွယ်။ သူများတကာတွေ တုန့်လှည်မေတ္တာနဲ့နေတာကို သွားပုပ်လေလွင့် မနာလိုတိုရှည် ရှိလိုက်လေ။
          ခုတလော တို့မြန်မာဝန်ထမ်းတွေ လာဘ်မစားတော့တာ၊ အဂတိမလိုက်စားတော့တာ သိသိသာသာ သတိထားမိပါတယ်။ အရင်ကလိုကို မဟုတ်တော့ဘူးဗျ။ အဲဒါ ဘယာဂတိလား၊ မောဟာဂတိလား လို့ မမေးနဲ့နော်။ တကယ်ပြောတာပါ။ ဒီတခေါက် ပြည်ပခွင့်တင်တာ၊ နိုင်ငံကူးလက်မှတ်လျှောက်တာ၊ ပြည်ဝင် ပြည်ထွက်၊ ဘယ်နေရာမှာမှ တံစိုးလက်ဆောင် မပေးရပဲ အဆင်ပြေ လွယ်ကူလွန်းအားကြီးလို့ တကယ်လား၊ အိပ်မက်လားတောင် ဖြစ်ယူရတယ်။ ရန်ကုန်မြို့တွင်း တစ်လ ကိုးသီတင်း ကားနဲ့လျှောက်သွားနေတာလည်း တခါမှ ၀ီစီအမှုတ်မခံရဘူး။ အကိုကြီးရဲ့ ညီလေးရဲ့လည်း မလုပ်လိုက်ရဘူး။ ပြောင်းတော့ ပြောင်းလာတာအမှန်။ ဘယ်လောက်ခံမလဲသာ မသိတာ။ သူများဌာနတွေသွားပြီး လိုချင်တာတွေ အလကားလုပ်ခိုင်းလာရတော့ သွားကြီးကိုဖြီးလို့။ “ခင်ဗျားဆေးရုံ လာတဲ့အခါကျလည်း အလကားကုပေးရမှာနော်။” ဆိုလည်း အိုကေပါဗျာ။ အဲဒါမျိုးကိုမှ တကယ့် မေတ္တာစက်ဝန်းလို့ခေါ်တာ မဟုတ်ဘူးလား။
         ကိုယ်တွေက အခုမှ အဲဒီအရသာ ခံစားဖူးတာပါဗျာ။ သူများနိုင်ငံတွေမှာ အဲဒါထုံးစံတောင်ဖြစ်တော့မယ်။ ဘူတန်မှာ သွားချင်တဲ့ ရုံးကိုသွား၊ လက်ဘက်ရည်ဖိုးဆိုတာ မရှိဘူး။ တယ်လီဖုန်းခသွားဆောင်ရင်း လူများလို့ စောင့်နေရရင် မန်နေဂျာက အားနာလို့ သူ့ရုံးခန်းထဲခေါ်ပြီး လက်ဘက်ရည်တိုက်ထားသေးတာ။ “အဟင့် အဟင့် ယုံဘူးတော်ရေ့” ဖြစ်ကုန်ပြီလား။ သူငယ်ချင်းတွေ ပြောတာကတော့ စင်္ကာပူမှာ မော်တော်ပီကယ်ဖမ်းလို့ အကျင့်ပါနေပြီး အံပေါင်း၊ ဟုန်ပေါင်း သွားလုပ်ရင် နောက်တစ်မှုတိုး၊ သတင်းစာထဲ ပါလာတတ်တယ်ဆိုပဲ။ တိှု့ဆီမှာလည်း လာဘ်ပေးလာဘ်ယူတွေ ဖမ်းဆီးအရေးယူတာ သာဓကတွေရှိတာပေါ့။ တလောကပြန်ထွက်လာတဲ့ဘဘကြီး အထဲရောက်သွားတာ အဲဒီပုဒ်မနဲ့ မဟုတ်လား။ အစပြန်ဖော်ပေးမိလို့ “မတရားစွပ်စွဲခံရပါတယ်။ ပေါင်းတာရဲ”  ဆိုရင် ခိုင်ဖုံးရုံးကြီး ပြန်ဖွင့်နေရပါဦးမယ်။ ဒီတခါဆို ပေါင်ချိန်ကြီးပါ ဘယာဂတိနဲ့ တွေ့တော့မှာ။ အတိတ်ကို အတိတ်မှာပဲ ထား။ ပုလိပ်ကို ဂိတ်မှာပဲ ထားလိုက်ကြပါစို့။ ဥပဒေပြုမဏ္ဍိုင်က တော်တော်လေး အသက်ဝင်လာပြီဆိုရင် တခြားတဘက်က တရားစီရင်ရေးမဏ္ဍိုင်ကလည်း မယိုင်မနဲ့ ခိုင်မြဲနေမှ တဘက်စောင်းနင်း မဖြစ်မှာ မဟုတ်လား။ အစကတည်းက ရှိပြီးသား ဥပဒေတွေကှို မသိကျိုးကျွံနဲ့ ဟပေးထားပြီး သောက်မြင်ကပ်တော့ ဆွဲစိဖို့ တစ်ကွက်ချန်ထားသလို မဖြစ်အောင် သတိထားရမှာပေါ့နော်။ (အခု အဲလိုဖြစ်နေတယ်လို့ ဆိုလိုတာ ဟုတ်ဘူးနော်)
         ကျုပ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ ပင်ကိုယ်စရိုက်ကိုက ဂါရဝေါစ နိဝါတောစနဲ့ နေကြတာ မဟုတ်လား။ လူကြီးဆိုရင် အသက်ကြီးငယ်မဟူ ရိုသေတတ်တာ ဓမ္မတာလေ။ မယုံရင် ညနေညနေ လူကြီးအိမ်တွေ လိုက်ကြည့်ပါလား။ ကြည်ညိုလွန်းလို့ လာလာကန်တော့တဲ့သူတွေ ၀င်လာမစဲ တသည်းသည်း၊ ဧည့်ခန်းထဲမှာ တစ်ယောက်ရှိနေရင် ဘိနပ်ချွတ်နားကလူက ခနစောင့်။ ခြံထဲမှာလည်း သည်လိုပဲစောင့်နေကြတာ။ သူတို့ခုံနေရာလွတ်မှ ခြံအပြင်က ကားပေါ်မှာစောင့်နေတဲ့သူတွေ အထဲရောက်မှာ။ အဲသည်လူတွေအားလုံး လာဘ်ပေးလာဘ်ယူလာလုပ်တာလို့ မစွပ်စွဲကောင်းဘူး ကလေးရယ်။ တကယ်ကို လေးစားကြည်ညိုလွန်းလို့ ဦးခိုက်ကော်ရော် ပူဇော်သမှု ပြုကြတာပါ။ သည်လိုအဆင့်နဲ့လူကြီးကို ဟိုဟာလုပ်ပေးပါ သည်ဟာလုပ်ပေးပါ။ ပိုက်ဆံပေးပြီးခိုင်းရင် မျိုးကန်းသွားမှာပေါ့။ ဘာအတုန့်အလှည့်မှ မမျှော်ကိုးပဲ ကိုယ့်လူကြီးသူမများ နေကောင်းထိုင်သာမှ ရှိပါလေစလို့ အခစားဝင်တဲ့အခါ ဆရာသမားများမေတ္တာကလည်း တပည့်သားမြေးများ အဆင်ပြေမှ ပြေပါလေစလို့ မေးမြန်းပြီး နှုတ်၏စောင်မခြင်းလောက်ရှိရင်ကိုပဲ ဆုတောင်းပြည့်ကြရတာဟာ ဘယ်လောက်ချစ်စရာကောင်းတဲ့ ဓလေ့လေးပါလိမ့်ကွယ်။ အဲဒါကို အရောင်သွားမဆိုးနဲ့နော်။ ငရဲကြီးတတ်တယ်။ သူတို့ခမျာ ဘုရားကျောင်းကန်တောင်မှ အဲသလောက် ရိုရိုသေသေ ယုံယုံကြည်ကြည် လှူကြတန်းကြတာမဟုတ်ဘူး။ သူများ သဒ္ဒါတရားပျက်အောင် မလုပ်ကောင်းဘူးကွဲ့။ အတိတ်ကပြုခဲ့တဲ့ ကုသိုလ်ကံအဟုန်ကြောင့် ရွှေတောင်ကြီးပေါက်လာသလိုပဲ လူကြီးသူမများရဲ့ သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ်တွေကြောင့် သူတို့သားသမီးများ အာဝါဟ ၀ိဝါဟကြတဲ့အခါမှာလည်း လက်ဖွဲ့တွေ ကားအစီးလိုက်၊ စိန်ရွှေ လိုလေသေးမရှိ၊ ပြည့်စုံကြတာမှာလည်း ဘယ်သူက ဘာလုပ်ပေးပါလို့ ပူဆာလို့လဲ။ အလိုလိုနေရင်းကို စေတနာတွေ ရေစီးကမ်းပြိုကြတာ မဟုတ်လား။
        ဒါမျိုးဆိုတာ ကိုယ့်တိုင်းပြည်တစ်ခုတည်းမှာ ရှိတာမဟုတ်ပါဘူး။ ယိုးဒယားက သက်ဆင်ကြီးလည်း ဘောလုံးတစ်သင်းလောက်တော့ ၀ယ်နိုင်တာပဲ။ မဟာသီဟာကြီးလည်း ဟော်တယ်တွေ အလျှိုအလျှိုနဲ့ ဇောတိကလောက်ချမ်းသာတာပဲ။ အဲဒါကို လာဘ်စားတယ်လို့ထင်တာ သက်သက်မဲ့ မနာလိုလို့ သွားပုပ်လေလွင့်စကားတွေ နေမှာပေါ့။ တကယ်တော့ ပြည်သူအများရဲ့ ပို့သတဲ့ မေတ္တာလို့ပြောရမှာ မဟုတ်လား။ တကမ္ဘာလုံးက အတုယူထိုက်တဲ့ စိတ်ထားတွေပါ။ အိန္ဒိယမှာဆို သူတို့လူမျိုးတွေ စေတနာနုံနဲ့လို့ ဂန္ဒီကြီးခမျာ မျက်မှန်အစုတ်ကြီး၊ ဒိုတီအနွမ်းကြီးနဲ့ တစ်သက်လုံး နေသွားရရှာတယ်။ ဘယ်လောက်သနားစရာကောင်းသလဲ။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေရတဲ့ ကိုယ့်ခေါင်းဆောင်တွေဆိုတာ ကိုယ် မစားရစားရ၊ လှအောင်ဆင်၊ မြင့်အောင်ထားနိုင်မှ တို့တိုင်းပြည်လည်း သိက္ခာရှိတော့ မပေါ့။ တကယ်ဆို ကိုယ့်အိပ်ထဲကလည်း တစ်ပြားမှ စိုက်ရထုတ်ရတာ မဟုတ်ပါဘူး။ သူဌေးကြီးတွေ သူတို့စားရိတ်နဲ့သူတို့ ခြေချင်းလိမ်နေအောင် တိုင်းပြည်ကိုယ်စား ၀န်ဆောင်မှုတွေ ပေးနေကြတာ။ အကျိုးလိုလို့ ညောင်ရေလောင်းတာ ဟုတ်မထင်ပါဘူး။ ပြုတ်ပြီးသားလူတောင် တစ်လဒေါ်လာငါးထောင်လောက် ပေးထားနိုင်တာ မကြားမိဖူးလား။ ၀င်းဦးကြီးဆိုခဲ့တဲ့ “မြန်မာစိတ်ရင်း အစင်းသိရမယ်။” ဆိုတာ အဲဒါပြောတာလားမသိ။
           လူတိုင်းလူတိုင်းဟာတဲ့။ အသက်ရှည်ချင်၊ အဆင်းလှချင်၊ ဥာဏ်ပညာကြီးချင်၊ ဥစ္စာဓနကြွယ်ဝချင်၊ သြဇာအာဏာကြီးမားချင်ကြတာချည့်ပါပဲတဲ့။ သို့သော်ငြားလည်း အချို့ကသာ ပြည့်စုံပြီး အချို့က မပြည့်စုံကြတာ ဘာကြောင့်များပါလိမ့်လို့ အမေးရှိတဲ့အခါ ရှင်တော်ဘုရား ဟောကြားတော်မူခဲ့တာကတော့ “ဣဿာ” နဲ့ “မေစ္ဆရိယ” နှစ်ပါးကြောင့် ဖြစ်ရတာပါတဲ့။ အနက်ကတော့ ကိုယ့်ထက်သာ မနာလိုချင်တဲ့စိတ်၊ သူများဒုက္ခရောက်တာ ၀မ်းသာချင်တဲ့စိတ်ကြောင့်ပေါ့။ ဒါကြောင့်မို့လို့ အဲဒီစိတ်ကလေးတွေ ကင်းစင်သွားအောင် ကိုယ့်ထက် အစစအရာရာ ကံချင်းရော၊ ဥာဏ်ချင်းရော။ ၀ီရိယချင်းရော မယှဉ်နိုင်အောင်သာတဲ့ အထက်တန်းစားပုဂ္ဂိုလ်ကြီးများ ကို မနာလိုမရှိကြလေနဲ့။ သူတို့ပျက်စီးရာ ပျက်စီးကြောင်း မကြံစည်ကြလေနဲ့။ သူတို့ဘာသူတို့ ပျက်စီးကုန်ကြတဲ့အခါမှာလည်း ၀မ်းမြောက်ဝမ်းသာ မရှိကြလေနဲ့ လို့ မှာချင်တာပါပဲကွယ်။ (တော်တော်ကြာ တီဗီရိုက်မလို့ ငိုပြခိုင်းနေမှ စပ်ဖြီးဖြီးနဲ့ မျက်ရည်ချူမရ ဖြစ်နေမယ်) အောက်မှာ ကိုယ်ချင်းကိုယ်ချင်းတွေကြားထဲမတော့ တစ်ဦးမေတ္တာ တစ်ဦးမှာနဲ့ အပြန်အလှန် အပေးအယူမလုပ်ပဲ၊ စေတနာသန့်သန့်နဲ့ အပြန်အလှန် ကူညီပေးကြမယ်ဆို မကောင်းဘူးလား။ အဲဒါနဲ့မှ တို့အချင်းချင်းကြားမှာ လာပြီး “စာအုပ်ထဲမှာ သင်တယ်။ မယ်သီတာခိုးတာ ဘယ်သူလဲ” ဆိုရင်တော့ “သားသားတော့ မပါပါဘူးဗျာ” လို့ပဲ အောင့်မေ့လိုက်နော်။ နိုင်နံဂျားတားတွေက “Who moved my Chese?” လို့မေးရင်လည်း “It wasn’t me.” လို့ပဲ ဖြေမှာ။ သိချင်ဝယ်ဖတ် တစ်အုပ်တစ်ကျပ်ပေါ့အေ။ ဘာတွေ လာမေးနေမှန်း မသိ။ “ဘယ်သူ့ကြောင့် မင်းထင်သလဲ။ ဘယ်သူ့ကြောင့်လို့ မင်းထင်သလဲ။ ထင်သလဲ။” ဟုတ်လား။ ဒါဆို ကိုထီးသီချင်းလေး နားထောင်ကြည့်။
“ခေါင်မိုးကမလုံတော့ မိုးဒဏ်ကို ကိုယ်ခံနေရတာ အမှန်ပဲ။ ဒါပေမယ့် မိုးရွာတဲ့အကြောင်းဟာ ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။
လူတန်းကမစေ့တော့ ဘ၀ဒဏ်ကို ပိုခံနေရတာ အမှန်ပဲ။ ဒါပေမယ့် ပြဿနာတက်တိုင်းဟာ ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။
အထင်သေးတဲ့ အကြည့်နဲ့ ကြည့်တဲ့သူတွေကို ဆင်ခြေတွေပေးလို့ အပိုပဲ။ ဒါပေမယ့် စကားတစ်ခွန်းတော့ ပြောမယ် ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး…။”
(ဧပြီလ ၃၁ ရက်နေ့ လခထုတ်သောအခါ တွေ့သမျှလူ မုန့်ဝယ်ကျွေးပါအံ့ ဟု ရဲရဲကြီး ကတိပေးလိုက်ပါကြောင်း)။

"သင်ကြားရေးဆရာဝန်"

by Soe Min on Saturday, 11 February 2012 at 15:17 ·
                ဆရာဝန်တွေအကြောင်း ရေးနေတဲ့အထဲမှာ သင်ကြားရေးဘက်က ဆရာဝန်များအကြောင်းလည်း ရေးသင့်တာပေါ့လေ။ ကိုယ်ကိုယ်တိုင်လည်း သင်ကြားရေးဘက်မှာ လေးနှစ်လောက် လုပ်လာခဲ့သေးတာ မဟုတ်လား။ အင်မတန်ပျော်စရာကောင်းတဲ့ လုပ်သက်ကာလတွေထဲမှာ ပါတာပေါ့။ ဖြစ်မှဖြစ်ရလေ။ ငါအလုပ်ဝင်ကတည်းက ဘယ်နေရာမှာ မပျော်တာ ရှိခဲ့ပါလိမ့်လို့ ပြန်စဉ်းစားကြည့်မိတော့မှ ဘယ်မှာဖြစ်ဖြစ် ချေးကျရာပျော်တဲ့လောက် ဖြစ်နေမှန်းသိတော့တယ်။ တချို့နေရာတွေမှာ နည်းနည်းပါးပါး စိတ်ညစ်လှ ခနထက် မပိုဘူး။ ဒါတောင်မှ ကလေးတွေနဲ့ ကာရာအိုကေသွားပြီး “ငါ မင်းကို သတ်ချင်တယ်” နှစ်ခေါက်လောက် အားရပါးရဟစ်ပလိုက်ရင် ဟီးဟီး ဟီးဟီး ပြန်ဖြစ်လာရော။ ညနေပိုင်းကျတော့ ကိုယ်တိုင်ကလည်း ပြင်သစ်ကျောင်းတက်ပြီး ကျောင်းသားတစ်ပိုင်း လုပ်ရသေးတာ မဟုတ်လား။ အဲဒီတော့ သူတို့ကို စာသင်တဲ့အခါသာ သင်နေရတာ။ ကိုယ့်စိတ်ထဲမတော့ သူတို့နဲ့အတူတူ ကျောင်းသားပဲလို့ သဘောထားလိုက်တယ်။ တချို့တလေ အရိုအသေတန်တော့လည်း ကိစ္စမရှိပါဘူး။ အရေးကြီးတာ အထင်သေးအမြင်သေးဖြစ်လောက်တဲ့ အမူအကျင့်တွေ ကင်းနေရင်ပြီးတာပဲ လို့တွေးမိတယ်။ ရှေ့တင်ဦးတော် ဦးတော်လုပ်ပြပြီး ကျောခိုင်းတာနဲ့ အတင်းတုပ် အပုပ်ချခံရတဲ့သူမဖြစ်ဖို့ပဲ ဂရုစိုက်မိပါတယ်။ ဒီကနေ့အထိလည်း တပည့်ကျောင်းသားဟောင်းတွေနဲ့ ပြန်တွေ့ရင် သူငယ်ချင်းလိုပဲ နေတယ်။ အဲဒါကြောင့်မို့လို့ သင်ကြားရေးဘက်မှာ အလုပ်လုပ်ခဲ့တဲ့ကာလတွေဟာ ဆေးကျောင်းတက်ခဲ့တုန်းက အချိန်တွေလိုပဲ ပျော်စရာလည်းကောင်း၊ အမှတ်ရစရာတွေလည်း ပြည့်နေတာပဲ။ ကျောင်းသားတွေမှ မမေ့နိုင်တာမဟုတ်ပါဘူး။ အတူတူ အလုပ်လုပ်ခဲ့တဲ့ အကိုအမ၊ ဆရာကြီး ဆရာမကြီးတွေကလည်း တော်တော်ရေစက်ကြီးလို့ ဆုံကြတွေ့ကြရတာပါပဲ။ ညီငယ်ကလေး၊ မောင်ငယ်ကလေးတစ်ယောက်လို အမြင်မတော်လေသမျှ ဆုံးမပဲ့ပြင်ပေးကြပါတယ်။ တခါတလေ ကိုယ်ကထင်ရာစိုင်းတော့လည်း ခွင့်လွှတ်ပေးကြလေရဲ့။ မိဘမျက်စိကွယ်ရာဖြစ်ပေမယ့် အမကြီးများ အဒေါ်ကြီးများလို မျက်စိဒေါက်ထောက် စောင့်ရှောက်ပေးကြတာ ကျေးဇူးများလည်း တင်ပါရဲ့။ နှစ်တွေကြာလို့ တနေရာစီရောက်သွားပြီး ကိုယ်ကသတိတရ သွားတွေ့လို့ရှိရင် ရှိသမျှအလုပ်တွေ ဘုတ်ကနဲပစ်ချပြီး ဟယ်ကနဲ ဟင်ကနဲ အော်ဟစ်နှုတ်ဆက်လို့ ဘယ်မှာရောက်နေပြီတုန်းရယ်လို့ စတေးတပ်စ် အပ်ဒိတ်လုပ်ကြတာကလည်း ၀မ်းသာစရာကြီးပါ။ ဒီလိုဆိုတော့လည်း အစိုးရအလုပ်လုပ်တယ်ဆိုတာ ဘယ်လောက်ပျော်ဖို့ကောင်းသလဲ ဟုတ်ဘူးလား။
          ဟိုးတုန်းကတော့ သင်ကြားရေးဘက်က ဆရာဝန်ဆိုတာ လိုချင်တိုင်း ၀င်လို့ရတဲ့နေရာမဟုတ်ပါဘူး။ ဆေးကျောင်းတလျှောက် အတန်းစဉ်ဆက် သာမန်အောင်ရုံထက်မြင့်ပြီး အထူးအောင် ဘယ်နှစ်ဘာသာရှိသလဲ ဆိုတာ အရေးကြီးပါတယ်။ အနည်းဆုံးတော့ ကိုယ်ကဆရာဝင်လုပ်မယ့် ဘာသာရပ်မှာ အောင်ရုံအမှတ်ကလေးနဲ့ မလုံလောက်ပါဘူး။ အများအားဖြင့်တော့ ဂုဏ်ထူးရကျောင်းသားတွေက ကိုယ်ထူးချွန်ခဲ့တဲ့ ဘာသာရပ်မှာ ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင် ကြိုးစားချင်လို့ သင်ကြားရေးမှာ အလုပ်လုပ်ရင်း စာဖတ်၊ ဘွဲ့လွန်တက်၊ ပါရဂူဘွဲ့တွေအထိ ရည်မှန်းချက်ထားလေ့ရှိကြပါတယ်။ သိတဲ့အတိုင်း ကိုယ်ကတော့ အဲလိုအစားထဲက မဟုတ်တာ ပြောစရာတောင် မလိုဘူး မဟုတ်လား။ ကိုယ့်အကြောင်း ကိုယ်သိလို့ မရဲတရဲ လျှောက်လွှာတင်လိုက်တဲ့အခါ မိုးနတ်မင်းကြီးကျေးဇူးနဲ့ ဆေးတက္ကသိုလ် (၂) က ရောဂါဗေဒဌာနကို သရုပ်ပြဆရာအဖြစ် ရောက်သွားပါတယ်။ ဘယ်သူ့မှလည်း သွားမကန်တော့ရ၊ အပူမကပ်လိုက်ရတာ တကယ်ကြီးမှ တကယ်ကြီးပါပဲ။ သူများယုံမယုံ အသာထား၊ ကိုယ့်ဘာသာကိုယ်တောင် မယုံနိုင်ဘူး။ ဒီလိုအဖြစ်အပျက်မျိုးကလည်း တကယ်ရှိတတ်တယ်လို့ အလုပ်ထဲကစိတ်ညစ်နေသူတွေ သိအောင် သတင်းကောင်းပါးလိုက်တာပါနော်။ တခါပြောဖူးသလို လှန်ထားတာသာ မြင်ရတယ်။ ကာထားတာကို မမြင်ရဘူးဆိုတာလေ။ လှံပဲထမ်းထမ်း၊ ကံပဲထမ်းထမ်း၊ သည်ရုပ်သည်ရည်ကလေးနဲ့ သူများကို ဆကာကြီးတက်လုပ်ရမယ်ဆိုတော့ ဘာရယ်လို့ ဟုတ်ပါဘူး။ လူရှိန်လိုရှိန်ငြား လည်ကတုံးလက်ရှည်တွေ ယောပုဆိုးတွေဝတ်ပြီး ရုပ်တည်ကြီးနဲ့ မုန့်တီစားဖို့ လုပ်ကြည့်ပါသေးတယ်။ နောက်တော့လည်း ဒုံရင်းက ဒုံရင်းပဲ။ စိတ်ကိုက သူတို့နဲ့ သိပ်ကွာတာမှ မဟုတ်တာ။
          သင်ကြားရေးမှာ ဆရာဝန်လုပ်ရတဲ့ အကျိုးကျေးဇူးကတော့ သက်ဆိုင်ရာ ဘာသာရပ်မှာ အထိုက်အလျှောက် အကျွမ်းတ၀င်ဖြစ်သွားခြင်းပါ။ ကျူတိုရီယယ်ဝင်တာပဲ ဖြစ်ဖြစ်၊ လက်တွေ့ခန်းထဲမှာ သရုပ်ပြတာပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ ကိုယ်သင်ရမယ့် သင်ခန်းစာကို ကိုယ့်ဘာသာကျေညက်ထားမှ ကျောင်းသားကို ဆရာလုပ်နိုင်မှာပေါ့။ အတန်းမ၀င်ခင် စာပြန်ဖတ်ရတဲ့ဘ၀ကို လူတိုင်းဖြတ်သန်းခဲ့ပြီးမှ နောက်ပိုင်း ရောက်ရာအရပ်က ကောက်သင်နိုင်တဲ့ဘ၀ကို ရောက်တာပါ။ တဖြည်းဖြည်းနဲ့ စာသင်ပါးဝလာတော့မှ သင်ကြားခြင်းအနုပညာကို သဘောပေါက်လာပါလိမ့်မယ်။ ပညာတတ်တာက တတ်တာတစ်ပိုင်း၊ လုပ်ငန်းကျွမ်းကျင်တာက ကျွမ်းကျင်တာတစ်ပိုင်း၊ စာသင်တတ်တာက သင်တတ်တာတစ်ပိုင်းလေ။  စာမေးပွဲဖြေသလို ကိုယ်သိထားတတ်ထားသမျှကို အိပ်သွန်ဖာမှောက် ပညာခန်းပြရတာ မဟုတ်လို့ ပေးသူမှာ ဘယ်လောက်ရှိသလဲ ဆိုတာထက် ယူမယ့်သူဘက်က ဘယ်လောက်ထိ လက်ခံနိုင်မှာလဲဆိုတာက ပိုအရေးကြီးပါတယ်။ အကြောင်းအရာတူ၊ ခေါင်းစဉ်တူ သင်ခန်းစာတစ်ခုတည်းကိုပဲ ဆေးကျောင်းသားလေးတွေကို သင်တာ၊ ဆေးဝါးကျွမ်းကျင် ကျောင်းသားတွေကိုသင်တာ၊ ဘွဲ့လွန်ကျောင်းသားတွေကိုသင်တာ မတူပါဘူး။ အကျဉ်းရုံးတာ၊ အကျယ်ချဲ့တာဆိုတဲ့ သဘောကြောင့်မဟုတ်ပါဘူး။ သူတို့ရဲ့ခေါင်းထဲမှာ အခြေခံဘယ်လောက်ရှိသလဲ အပေါ်မူတည်ပြီး နောက်ထပ်ပေးမယ့် အချက်အလက်ကို သူတို့လက်ခံနိုင်သလောက် ထပ်ဆောင်းပေးရပါတယ်။ အဲဒါက ပေးတာပဲ ရှိသေးတာ။ တကယ်စာသင်ကောင်းတဲ့ ဆရာများကတော့ မှတ်ဥာဏ်ထဲမှာ စွဲသွားအောင် မှတ်သွားအောင် သင်တတ်ပါတယ်။ သင်ကြားရေးမှာ လုပ်သက်ကြာလာလေလေ၊ ဘာသာရပ်ပိုင်းမှာ ပိုပြိးကျွမ်းကျင်လာလေလေဖြစ်မှာပေါ့။ သည်စာတွေချည့်ပဲ ထပ်ခါထပ်ခါ သင်နေရတာကိုး။
          သင်ကြားရေးက ဆရာ/ဆရာမများဟာ ကလေးတွေကို စာသင်ပေးတဲ့ အလုပ်ချည့်သက်သက်တော့ မဟုတ်ပါဘူး။ အတန်းတစ်တန်းတက်လာလို့ ကျောင်းသားသစ်တွေရောက်လာရင် မှတ်တမ်းပုံစံတွေဖြည့်ပြီး ကျောင်းခေါ်ချိန်၊ လက်တွေ့လုပ်ဆောင်မှု၊ အတန်းတွင်းစာမေးပွဲအမှတ်တွေကိုပါ ထိန်းသိမ်းထားရပါတယ်။ စပ်စုတတ်တဲ့ ၀ါသနာကြောင့်ထင်ပါရဲ့။ ကိုယ့်အလုပ်ကတော့ တစ်တန်းတက်လာရင် ရှိသမျှကျောင်းသား ကိုယ်ရေးမှတ်တမ်းကို သေသေချာချာ ဖတ်ထား၊ သည်အတန်းမှာ ဘယ်သူကစာတော်တယ်၊ ဘယ်သူက တော်တော်တွန်းတင်မှရမယ်၊ ဘယ်သူက နံမယ်ကြီးတယ်၊ အကုန်သိထားအောင်လုပ်ရပါတယ်။ ဘယ်သူအချောဆုံးလဲတို့၊ ဘယ်သူက လူကြီးသားသမီးလဲတို့လည်း ပါတာပေါ့။ မျက်နှာလိုက်ဖို့ မဟုတ်ပေမယ့် ဇယားရှုပ်ရင် ပျားတုပ်သွားမယ်၊ ကညော့မိရင် ရှော့ခ်ရှိလိမ့်မယ်တို့ သိထားတော့ ကျင်းရှိကွေ့ရှောင် လုပ်လို့ရတာပေါ့။ ကျောင်းသားတစ်ယောက်ယောက်ဟာ ဆိုးဆိုးရွားရွားအမှတ်တွေနည်းနေပြီ၊ ကျောင်းတွေ အရမ်းပျက်နေပြီဆိုတာနဲ့ အဲဒီကျောင်းသားကသာ သိချင်မှသိမယ်၊ ကိုယ်တွေကတော့ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ၊ ဘာပြဿနာရှိသလဲဆိုတာကို စုံထောက်ကြီးဦးစံရှားလုပ်ပြီး ဟိုလူသည်လူ အစ်အောက်မေးမြန်း၊ စကားရောဖောရောနဲ့ ခင်အောင်လှည့်ပတ်ပေါင်း၊ စာမေးပွဲမတိုင်ခင် ရတဲ့နည်းနဲ့ အဖတ်ပြန်ဆယ်လို့ ရလိုရငြား ကြိုးစားကြည့်ရပါတယ်။ အဲလောက်ဆိုးတဲ့ကျောင်းသားမျိုးက စာမေးပွဲဖြေချိန်မှ ကယ်လို့ မရနိုင်ဘူးလေ။
          ကျောင်းသားတွေဘက်ကတော့ ဆရာတွေဆိုတာ ငါတို့ကို စာမေးပွဲချလိုက်ရရင် သိပ်ပျော်တတ်တဲ့အမျိုးလို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဆရာတွေမှာကတော့ သူတို့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ မရအရ တွန်းတင်ပြီး အဲဒါ ငါတို့ဆွဲတင်တာမဟုတ်ဘူး။ သူတို့ဘာသူတို့ လွတ်လွတ်ကျွတ်ကျွတ်အောင်တာ လို့ဖြစ်အောင် လုပ်ရပါတယ်။ စာမေးပွဲမှာကျောင်းသားက မအောင်ရင် ကျရုံကလေးပဲ ကျလိုက်ရတာပါ။ ဆရာတွေမှာက ငါတို့အောင်အောင် မသင်နိုင်လို့ သူတို့ကျရတာဆိုပြီး ကျွန်တော်မျိုးကြီးတို့ သေသင့်ပါတယ်ဆိုပြီး အလုပ်တွေရှုပ်လိုက်ရတာ မပြောပါနဲ့။ အကျအများဆုံး ဘာသာရပ်ဟာ ကျောင်းသားတွေအလယ်မှာ နံမယ်အကြီးဆုံးဖြစ်ပေမယ့် ဆရာတွေအချင်းချင်းထဲမှာတော့ ရှက်စရာကောင်းတယ် လို့ ဆိုပါတယ်။ တခါတလေ ထုချေလွှာ အတောင်းခံရတော့မတတ်ပါပဲ။ နှုတ်ဖြေစစ်တဲ့နေ့တွေဆိုရင် တစ်ဌာနလုံး အပင်ပန်းဆုံးနေ့တွေပါပဲ။ ပြင်ပက ဧည့်စာစစ်ဆရာကြီး ဆရာမကြီးတွေ စိတ်ကြည်လင်လန်းဆန်းပြီး အအောင်ပေးချင်တဲ့ မုဒ်ကလေးတွေ ၀င်နေစေဖို့ သွားရေးလာရေး၊ စားရေးသောက်ရေး၊ လိုလေသေးမရှိအောင် စီစဉ်ကြရပါတယ်။ ကိုယ့်အိမ်က ယောက္ခမဘာကြိုက်သလဲ မသိပေမယ့် မမတို့ ဆရာတို့အကြိုက် မွန်းလိုက်တွေကိုတော့ အကုန်လုံးသိတယ်ဗျ။ သူတို့တတွေက တရပ်တကျေးကလာရတာဆိုတော့ စိတ်ထဲမှာ မတွေ့တာကြာတဲ့ သိဟောင်းကျွမ်းဟောင်းတွေ ပျော်ပျော်ပါးပါး ပြန်လည်ဆုံတွေ့ကြတဲ့ပွဲလို့ ခံစားနိုင်အောင် ကြိုးစားရတာပေါ့။ ကိုယ့်ဆီကဆရာတွေ သူတို့ဆီသွားစစ်တော့လည်း သူတို့ဧည့်ဝတ်ကျေရတဲ့အလှည့်ပေါ့။ မန္တလေးကဆရာတွေ ဘယ်လောက် ဧည့်ဝတ်ကျေသလဲ ဆိုတာကိုတော့ ဆာဂျင်ကြီးတွေကိုသာ မေးကြည့်လိုက်တော့ဗျာ။ သားသားတော့ မပြောပြဘူး။ သတ်ရင်သတ်။ ဟီး ဟီး။
          စာသင်တာ၊ စာစစ်တာ၊ တပည့်တပန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်တာ နောက်မှာတော့ သင်ကြားရေးဆရာတွေ သတိပြုစရာ သင်ခန်းစာယူစရာတစ်ခုကတော့ ပြောရမှာ ခပ်လန့်လန့်ပါပဲ။ ကိုယ့်အတွေးကိုပဲ ကိုယ်ပြောပါမယ်။ မှန်တယ် မှားတယ်ကိုတော့ ကိုယ့်ဘာသာပဲ သုံးသပ်ကြည့်ကြပါ။ ကိုယ့်ဆရာသမားများကို စော်ကားသလိုဖြစ်ရင်လည်း တောင်းပန်ပါရဲ့။ ကျူရှင်ကိစ္စပါခင်ဗျ။ ကျူရှင်ပေးစားလို့ရတယ် ဆိုကတည်းက စာသင်မကောင်းပဲနဲ့ ဘယ်ရပါ့မလဲ။ စာသင်ကောင်းလေလေ၊ ကျောင်းသားတွေ အုန်းအုန်းကျက်ကျက် နောက်ကလိုက်လာလေလေ မဟုတ်လား။ ကျူရှင်ပေးတဲ့ဆရာတွေဟာလည်း ကျောင်းသားတွေ နားလည်အောင် မှတ်မိအောင် သင်ပေးခဲ့ကြတာမို့ တကယ့်ကျေးဇူးရှင်ဆရာကြီးတွေပါပဲ။ ဒီနေရာမှာ ကျူရှင်ပေးတဲ့ဆရာတွေက ပိုတော်လို့ ပေးနိုင်တာ။ ကျူရှင်မပေးတဲ့ဆရာတွေက ကိုယ့်ပညာကို ငွေနဲ့ ရောင်းမစားချင်လို့  သိက္ခာနဲ့နေတာ၊ စသည်ဖြင့် ဘယ်ဘက်ကိုမှ လိုက်ပြိး မဆိုချင်ပါဘူး။ ဌာနမှူးလုပ်တဲ့ ဆရာမကြီးဒေါ်အေးအေးမြင့်ရဲ့ ပြတ်သားတဲ့ မူဝါဒကိုတော့ သဘောကျလွန်းလို့ အတုယူမိပါတယ်။ သူကတော့ ကျူရှင်မပေးရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကျူရှင်ပေးရင် စာမေးပွဲစစ်တဲ့အထဲ၊ မေးခွန်းထုတ်တဲ့အထဲ ၀င်ပါလို့ မဖြစ်ပါဘူးတဲ့။
          နဂိုကတည်းကိုက ဆရာ/ဆရာမတွေရဲ့ ဗီဇသဘာဝမှာ ကျောင်းသားကို ဘယ်လိုရအောင် ကယ်ရမလဲ၊ ဘယ်လို အမှတ်များအောင် ကူရမလဲဆိုတဲ့စိတ်က ငယ်ထိပ်တက်ကပ်နေတာ။ ကိုယ့်ကျူရှင်ကကျောင်းသားကို ကိုယ်ပြန်စစ်ရတော့ စိတ်ထဲဘယ်လိုရှိမလဲ ပြောစရာလိုမယ် မထင်ပါဘူး။ ကိုယ့်စာစစ်စားပွဲ ရောက်နေလျက်သားနဲ့ အဲဒီကျောင်းသား ကယ်လို့မရဘူးဆိုရင် ကျူရှင်ကျ ဘယ်လိုမျက်နှာပြရပ ဆိုတာမျိုး ဖြစ်ကုန်တာပေါ့။ တကယ့်သင်ကြားရေးနယ်ပယ်မှာ စာမေးပွဲနဲ့ ကျူရှင်ဆရာတွေရဲ့ ဇာတ်လမ်းတွေကို မှန်းသာကြည့်လိုက်ကြပါ။ ထင်ထားတာတွေထက် အများကြီး ပိုဆိုးတယ်လို့သာမှတ်လိုက်။ ကိုယ့်ကျောင်းသား ကိုယ်ကယ်တာ ဘာအပြစ်ရှိသလဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် အဲဒီအတွေးထဲမှာကိုက အဖြေက ပါပြီးသား။ “ကိုယ့်ကျောင်းသား” တဲ့။ ကျူရှင်ပေးလိုက်ကတည်းက ကျောင်းသားကို ကိုယ့်ဘာသာ ခွဲခြားထားပြီးသား ဖြစ်နေပြီ။ ကိုယ့်ကျောင်းသားနဲ့ ကိုယ့်ကျောင်းသား မဟုတ်တဲ့ ကျောင်းသား။ ရှုပ်ကုန်တာကတော့ ကိုယ်လိုပဲ ကျူရှင်ပေးတဲ့သူ တစ်ယောက်ယောက်ဆီက သူများကျောင်းသားဆိုတာပါ ပါလာပြန်ရော။ စိတ်ထဲမှာ တကယ်ပဲ တစ်တန်းတစ်စားတည်း ထားနိုင်လို့လား။ ဘုရားရဟန္တာလည်း မဟုတ်ပဲနဲ့။ စာမေးပွဲမှာ ဆရာတွေရဲ့ဗီဇနဲ့ ကျောင်းသားတစ်ယောက်ကို ကယ်လိုက်တယ်ဆိုပါစို့။ သူ့ကျူရှင်က ကျောင်းသားမို့လို့ကယ်တာ၊ ငါတို့ဆို ကယ်မှာ မဟုတ်ဘူးလို့ တွေးချင်တွေးမယ်။ ငါက ပိုက်ဆံအကုန်ခံပြီး သူ့ဆီကျူရှင်တက်ထားတာ။ ငါ့ကိုတော့ မကယ်ပဲ သူများကိုတော့ ကယ်စရာလား လို့ တွေးချင်တွေးမယ်။ ကိုယ်ကယ်လိုက်တဲ့ကျောင်းသားကတောင် ဒါ သူ့ဆီက ငါရသင့်တဲ့ အခွင့်အရေး။ လခတွေ ပေးထားတာ ဘာလုပ်ဖို့လဲ လို့ တွေးချင်တွေးမယ်။ ဘယ်လိုတွေးတွေး အာစရိယဂုဏောကတော့ ရေရေလည်လည် ပွန်းပါသွားတာချည့်ပဲ။
          ကျောင်းသားတွေကိုလည်း လျှော့တွက်လို့ မရပါဘူး။ မေ့မရတဲ့ ချစ်တပည့်ကြီးတွေထဲမှာ စိတ်ထဲက ဆလံသလိုက်ရတဲ့သူတွေလည်း ပါပါတယ်။ ဒီဆရာကလေး သူငယ်ချင်းပေါင်းပေါင်းလို့ရလို့ ခင်တယ်။ အိုကေ။  ပြဿနာမရှိဘူး။ စာရှင်းပြတာ ကောင်းလို့ခင်တယ်။ ဒါလည်း ပြဿနာမရှိဘူး။ စာမေးပွဲကျရင် အားကိုးရလို့ခင်တယ်။ ဒါလည်းခွင့်လွှတ်တယ်။ ပြဿနာမရှိဘူး။ ဆရာ့ဆီမှာ ငါနည်းနည်းကပ်ပြီး အစ်ကြည့်မယ်။ မေးခွန်းလေးဘာလေး ရမလားမသိဘူး။ ဒီအထိတောင် စပေါ့ရိုက်ဆို ရိုက်ပေးလိုက်ဦးမယ်။ အတန်အသင့်လောက်တော့ တိုးစေရမယ်။ ဒါပေမယ့် တကယ့် ကွက်တိ ဒဲ့ကြီးဆိုမှ ဒဲ့ကြီး ရမလားလို့ စာမေးချင်ယောင်ဆောင်ပြီး စိတ်မပါပဲနဲ့ မေးခွန်းထွက်လာအောင် စောင့်အစ်တဲ့ တပည့်မျိုးကိုတော့ လက်လန်ပါတယ်။ သူလည်း အချိန်ကုန် အကျိုးမရှိ၊ ကိုယ်လည်း အချိန်ကုန် အကျိုးမရှိ။ ကိုယ့်ဆီမှာ လိုချင်တာတစ်ခုရမလားလို့ စိတ်ထဲကမပါပဲ လာပေါင်းတဲ့သူကို အကဲမခတ်နိုင်လောက်အောင်တော့ မပိန်းပါဘူး။ ပိန်းမယ်ထင်တဲ့သူကသာ ပိန်းတာလေ။ ကျူရှင်တက်တဲ့အခါမှာလည်း အဲလိုကျောင်းသားမျိုးက နားလည်အောင်သင်နိုင်တာထက် စာမေးပွဲမှာ ဆရာပေးမယ့် ဆားဗစ်စ်ကြီးကို မရှက်မကြောက်ဖွင့်ပြောပြီးကို အရေးဆိုတော့တာ။
          ကိုယ်တိုင် ကျောင်းသားဘ၀က လာခဲ့ရုံတင်မဟုတ်ဘူး။ ဆရာလုပ်နေတဲ့အချိန်မှာတောင် ကျောင်းသားတစ်ပိုင်း ဖြစ်နေသေးတော့ စာမေးပွဲနဲ့ ပတ်သက်ပြီး ကျောင်းသားတွေဘက်က ဆန္ဒတွေကို မသိပဲ ရှိပါ့မလား။ ဘယ်လောက်ပဲ ညံ့လို့ စာတစ်လုံးမှ မသိတဲ့ကျောင်းသားကလည်း အချိန်တန်ရင် စာမေးပွဲကလေးတော့ အောင်ချင်တာချည့်ပဲ။ ငါဒီနှစ် စာမလိုက်နိုင်သေးပါဘူးလေ။ စာကျေအောင် တစ်နှစ်လောက်တော့ ထပ်နေလိုက်ဦးမယ် ဆိုတဲ့ ကျောင်းသား ရှိလို့လား။ ဘယ်နည်းနဲ့ပဲ အောင်ရအောင်ရ အချိန်တန် နောက်တစ်တန်းတက်သွားဖို့ အရေးကြီးတယ် လို့ပဲ တွက်ကြပါတယ်။ ဆေးကျောင်းသား ဘ၀တလျှောက်လုံးမှာ စာမေးပွဲထက် နှိပ်စက်ကလူပြုနိုင်တဲ့ ဖိစီးမှုမရှိတာလည်း အမှန်ပါပဲ။ ဒီအခါမှာ ကျောင်းသားတိုင်း ကြံရာမရ တောင့်တကြတာကတော့ မေးခွန်းများပေါက်ခဲ့ရင်၊ ငါများ အဲဒီမေးခွန်းကလေး ရလိုက်ရင်ဆိုတဲ့ အိပ်မက်ပဲ ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး မရှိပါဘူးလို့တော့ မငြင်းလေနဲ့ဆရာ။ သိပ်ကို ရှိခဲ့ပါတယ်။ သို့သော်လည်း ကျောင်းသားတွေထင်ထားသလို ဒီမေးခွန်းပေါက်တယ်ဆိုတဲ့ ကိစ္စဟာ မင်းကြီးတာကထွက်တာ မဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာမေးပွဲမေးခွန်းဆိုတာ ဌာနမှူးကိုယ်တိုင် အခန်းတံခါးပိတ်ပြီး ကိုယ်တိုင်ကိုယ်ကျ လက်နှိပ်စက်နဲ့ (အခုတော့ ကွန်ပြူတာနဲ့) ရိုက်၊ ပြီးတာနဲ့ ချိတ်ပိတ်ပြီး ပါချုပ်ရုံးခန်းပို့၊ အဲဒီနောက် အစည်းအဝေးထိုင်ပြီး တခြားဆေးကျောင်းတွေဖြစ်တဲ့ ဆေး(၁) တို့ ဆေး/မန်း တို့က ဌာနမှူးတွေရဲ့ အလားတူ မေးခွန်းတစ်စုံစီကနေ အချိုးကျမျှတအောင်၊ အကြောင်းအရာချင်းလည်း မထပ်အောင် ရောသမမွှေလုပ်ပြီးမှ အဲဒီမေးခွန်းကို ချိပ်ပိတ်ပြီး သိမ်းထား၊ စာမေးပွဲဖြေမယ့် မနက်ရောက်တော့မှ စာစစ်မှူးတွေ ဌာနမှူးတွေရှေ့မှာ ချိပ်ဖွင့်ပြီး ဖယောင်းစက္ကူနဲ့မေးခွန်းလှည့်၊ ကျောင်းသားတွေ ဖြေနေတဲ့အထိ အဲဒီအခန်းထဲက ဘယ်မှမထွက်ပဲ ကော်ဖီသောက်နေကြရပါတယ်။ ဒါကြောင့် ကိုယ့်ဆီကဌာနမှူးကြီးဆီက မေးခွန်းအစုံလိုက် ကွက်တိရဦးတော့ အဲဒါ သုံးပုံတစ်ပုံပဲ တိုးမှာပါ။ သို့သော်လည်း မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားဆိုတဲ့ခေတ်ကြီးမှာ မေးခွန်းအစုံလိုက်တင်မကပါဘူး။ မေးခွန်းအတွက် အမှတ်ပေးဖို့ စံပြအဖြေလွှာတွေပါ ဒက်ထိတိုးရုံတင်မက အဲဒီအဖြေလွှာကြီးထဲက အဖြေတွေကို နတ်သိကြားဖန်ဆင်းပေးသည့်အလား အတိမ်းအစောင်းမရှိ၊ ဆံချည်တစ်မျှင်မှ မလွဲရအောင် ဖြေသွားတဲ့ သိဒ္ဓတ္ထအလား လောင်းမင်းသားများကလည်း ရှိဖူးခဲ့တာ တစ်ယောက်တလေတောင် မဟုတ်ပဲကိုးတဲ့။ မယုံနိုင်စရာ ၀ှက်ဖဲများနဲ့ မည်သို့လုပ်လိုက်သည်မသိ သိုင်းကျမ်းပိုင်ရှင်ကျောင်းသားတချို့ကို မဖြစ်မနေ အအောင်ပေးရတာ ဆရာတွေဘက်က အပန်းမကြီးသော်ငြား တစ်သက်လုံးပျိုးထောင်လာခဲ့ရတဲ့ ပညာမာနကလေး နှစ်ပြားမတန်ဖြစ်ရတတ်လို့ ဆရာကြီး ဆရာမကြီးများက သိပ်အသည်းနာတတ်ပါတယ်။ (ဒါမျိုးတွေနဲ့တွေ့ရရင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်ပြီးသား လူတွေဆိုရင်တော့ တစ်မျိုးပေါ့)။ ကိုယ့်သားသမီးပညာရေးကိစ္စဆိုတော့၊ ဆုံးမလို့ကလည်း မရတဲ့အတူတူ ရှေ့မျက်နှာနောက်ထားလို့ “ဒါလေးတစ်ခုတော့ ကူညီပါဦး ဆရာရယ်..”  ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အောက်ကျခံသလိုလိုနဲ့ ဆရာ/ဆရာမများအပေါ် တက်နင်းရတဲ့ မိဘများဘ၀ဟာ အင်မတန် ရင်နာစရာလည်း ကောင်းပါတယ်။ ငါ့မျက်နှာသာ ဓါးနဲ့လှီးပစ်ချင်တော့တယ် ဆိုတာမျိုးပါ။ (ကိုယ်တိုင် ခံစားဖူးပါသဗျ) အောင်သွားပြီးရင် သူတို့လည်း မေ့သွားရော။ ဆရာတွေမှာသာ ပွန်းသွားတဲ့သိက္ခာ အစားပြန်မရတော့တာ။
          အစွယ်ရှိသောသတ္တ၀ါက အစွယ်ကို အားကိုးသလို၊ ဦးချိုရှိသောသတ္တ၀ါက ဦးချိုကို အားကိုးသလိုပဲ။ ပညာတတ်တယ်ဆိုတဲ့သူတွေဟာလည်း သူတို့ရဲ့ ပညာကို အားကိုးဝင့်ထည်တဲ့ ပညာမာနဆိုတာ ရှိပါတယ်။ ဥစ္စာငွေကြေး၊ ရာထူးအာဏာတို့အတွက် ပညာမာနကို အထိခိုက်ခံပြီး လဲယူလေ့မရှိကြပါဘူး။ တက္ကသိုလ်ဆိုတဲ့ အရပ်မှာ ပညာကိုအခြေပြုရပ်တည်သူ ပါမောက္ခဆရာ/ဆရာမကြီးများ အနေနဲ့ ပညာတတ်ဆိုတာ ဘယ်လိုစိတ်နေစိတ်ထားနဲ့ တွေးခေါ် နေထိုင် လုပ်ကိုင်ကြရသလဲဆိုတာကို သင်ကြားရေးမှာ ၀င်အလုပ်လုပ်ပြီး၊ တကယ်သိက္ခာရှိ၊ ဂုဏ်သရေရှိတဲ့သူတွေနဲ့ ကြုံရတဲ့အခါ အံ့သြဘနန်း တွေ့ရမြင်ရပါလိမ့်မယ်။ မွေ့ရာဆယ်ထပ်အောက်က ပဲစေ့ကလေးတစ်စေ့ကြောင့် အိပ်မရပါဘူးဆိုတဲ့ မင်းသမီးအစစ်ပုံပြင်ထဲကလိုပဲ၊ ပညာရှင် အစစ်အမှန်ဆိုတာ အဆံမရှိပဲ အသံမြည်ရုံ၊ ဟန်တည်ရုံလောက်သာရှိပြီး အနှစ်မပြည့်သူတွေနဲ့ နှိုင်းယှဉ်စရာတောင် မဟုတ်ဘူးဆိုတာလည်း လက်တွေ့မျက်မြင် သိလာပါလိမ့်မယ်။ ကိုယ့်မျက်စိရှေ့မှာ အတုယူအားကျလောက်စရာ စံနမူနာတွေကို တွေ့ဖူးမှ ကိုယ်လည်းပဲ ဘ၀မှာ ဘယ်လိုပုံစံမျိုးနဲ့ ရှင်သန်သွားမလဲဆိုတဲ့ အနာဂတ်အိပ်မက်တွေကို စိတ်ကူးယဉ်လို့ ရမှာပေါ့။ သစ္စကပရဗိုဇ်လည်း တပည့်တပန်းတော့ မရှားခဲ့ပါဘူး။ အ၀တ်အစားမကပ်တဲ့ အာဇီဝကတက္ကဒွန်းတို့လည်း သူ့ပရိသတ်နဲ့သူ ရှိကြတယ်။ ဒေ၀ဒတ်တောင် ကိုးကွယ်မယ့် ရှင်ဘုရင် ရှိသေးတာပဲဟာ။ ဆရာလုပ်တယ်ဆိုတာ ဘာခက်တာလိုက်လို့။ တပည့်ခံမယ့်သူရှိရင် အလိုလို ဆရာဖြစ်တယ်။ အခုဆို ကိုယ့်တပည့်တွေတောင် ဆရာဖြစ်တဲ့သူ ဖြစ်ကုန်ပြီဆိုတော့ ကိုယ်က အလိုလိုနေရင်း ဆရာ့ဆရာကြီးဖြစ်မလာပါလား။ ကိုယ်က ဘယ်လိုဆရာမျိုးထဲမှာ ပါသလဲ သိချင်ရင် တပည့်တွေကို ပြန်မေးကြည့်။ “ဆရာကြီးက ဆရာကြီးပါပဲ ဆရာကြီးရယ်” လို့ ဖြေလာရင်တော့ အဟုတ်ကြီးမှတ်မနေနဲ့နော်။ နောက်မှာ တန်းစီနေတဲ့သူတွေကို တိုကင်ပေးထားလိုက်။ ဟုတ်ပြီလား။ ကဲ.. ချစ်တပည့်ကြီးတို့ရေ…။
“တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်။ နှစ်တွေလတွေက အတော်ကြာပြီပဲ။ ဘယ်ဆီကို မင်းရောက်နေမလဲ…။ ဘာတွေကို မင်းလုပ်နေမလဲ။ ဘယ်သူနဲ့ မင်းရှိနေမယ်။ တွေးမိပါတယ်။ လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ တခါတလေ ငါ သတိရပါတယ် …. ။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...