Saturday, February 4, 2012

ရေမျောသီး

by ဂျူး - Ju on Saturday, February 4, 2012 at 10:20pm


(၁)

      ပိတ်ထားသောတံခါးတစ်ချပ်ကို ကြာမြင့်စွာ ငေးစိုက်ကြည့်တတ်သော အလေ့အကျင့်တစ်ခုကို မကြာသေးမီက ရခဲ့သည်။

      အခန်းတံခါးကို ဖွင့်ထားလျှင် ဖြစ်နိုင်သော်လည်း ပိတ်ထားဖို့ကို ဆန္ဒပိုရှိသောကြောင့် အမြဲလိုလို ပိတ်ထားခဲ့၏။ အခန်းအပြင်ဘက်လှေကားဆီမှ ဖြတ်သန်းသွားသော ခြေထောက်များစွာကို မမြင်လိုသောကြောင့်ဟု ကိုယ့်ကိုယ်ကို မခိုင်လုံစွာ အကြောင်းပြခဲ့ပါသည်။
ခွာမြင့်ဖိနပ်စီးထားသော ခြေထောက်များ၊ ခုံထူ ယိုးဒယားဖိနပ်စီးထားသော ခြေထောက်များ.. ဤအရာများသည် တစ်ဦးတစ်ယောက်အတွက် အနှောင့်အယှက်ဖြစ် မဖြစ် မသေချာသော်လည်း ကျွန်မကတော့ ရှုတ်ရှက်ခတ်နေသော ခြေထောက်များကို ကြည့်မိလျှင် မူးဝေလာတတ်သည်။ လှေကားထိပ်နှင့် ကပ်လျက်အခန်းမှာနေထိုင်မိသည့်အတွက် ခြေထောက်များစွာကို မြင်ရသောအခါ ကျွန်မကိုယ် ကျွန်မ အပြစ်တင်လိုက်မိသေးသည်။  သို့သော် ခြံဝင်းရှေ့  ဘယ်ဘက်လမ်းမသို့ မျက်နှာမူနေသော အခြားအခန်းတစ်ခုခုကို မရွေးချယ်မိခဲ့သောကြောင့် ကိုယ့်ကိုယ်ကို မကြာခဏကျေးဇူးတင်ရပါသည်။ ပြတင်းပေါက်မှနေ၍ စက်ဘီးများ၊ မျက်နှာများ၊ လက်များ၊ ခြေထောက်များကို မြင်ရသည်နှင့်စာလျှင် သစ်ရွက်ခြောက်များ သစ်ရွက်စိမ်းများ၊ ပန်းပွင့်များကို မြင်နေရသည်က ပို၍ ကျေနပ်စရာကောင်းသည်မဟုတ်လား။

      ကျွန်မအခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်သည် ခြံဝင်းအနောက်ဘက်သို့ မျက်နှာမူလျက်ရှိပြီး ပြတင်းပေါက်ကို ကျွန်မအကြိုက် ဇာခန်းဆီးပါးပါးလှပ်လှပ်ကလေး တပ်ဆင်ထားသည်။ ကျွန်မ၏ ဇာခန်းဆီးလေးသည် အင်ဒရူးဝိုင်ယက်၏ဇာခန်းဆီးလောက် နူးညံ့သိမ်မွေ့ခြင်းမရှိသော်လည်း အရာရာတွင် အဆင်မပြေသော လူတစ်ယောက်အဖို့ ရင်ခုန်ယစ်မူးဖွယ်ရာ ဖြစ်လာခဲ့၏။

      ဇာခန်းဆီး၏ ပန်းပွင့်ပန်းနွယ် ရိပ်ရိပ်ကလေးများကို ရေတွက်နေရင်း အရယ်အပြုံးနည်းပါးသော နှုတ်ခမ်းပါးပါးလေးအစုံကို ပြန်လည်သတိရလာဖူးသည်။ နောက်ပြီး စံကားပွင့်ကလေးများ အမြင့်မှ ချာချာလည်ကာ ဝေ့ဝဲကျလာပုံကို ရိုက်ပြထားသော မြန်မာရုပ်ရှင်ကားတစ်ခုထဲမှ ချစ်စဖွယ်ပြကွက်ကလေးတစ်ခုကို ပြန်လည် မြင်ယောင်လာဖူးသည်။ ဇာခန်းဆီး လူးလွန့်ပွတ်တိုက်သံကို နားထောင်ရင်း ပုဇဉ်းရင်ကွဲကောင် သေးသေးကလေးများကို ဖမ်းပြီး ဖန်ဘူးထဲထည့်ခဲ့ဖူးသည့် ကလေးဘဝတုန်းက အဖြစ်အပျက်တစ်ခုကို သတိရလာဖူးသည်။ မိုးစွေငှက်ကလေးတစ်ကောင် မယ်ဇလီပင်ခြေရင်းမှာ အော်မြည်နေသော အသံစူးစူးကလေးတစ်ခုကို ကြားယောင်လာဖူးသည်။ ဇာခန်းဆီးကလေး ရွေ့လျားသံအောက်တွင် လွန်ခဲ့သည့်နှစ်အနည်းငယ်က မွှေးဖူးသော ပန်းရနံ့တစ်ခု ပြန်လည်မွှေးပံျ့လာတတ်သေး၏။ လွန်ခဲ့သော ဆယ်နှစ်ခန့်က အသံများလည်း ပါဝင်သည်။

      မှတ်စုရေးမနေသော အချိန်များ၊ အိမ်သို့ စာရေးမနေသော အချိန်များ၊ စာအုပ်တစ်ခုခုကို ဖတ်မနေသော အချိန်များတွင် ခုတင်ပေါ်မှာ ထိုင်ရင်း ပြတင်းပေါက်ကိုဖွင့်ပြီး ခန်းဆီးလေး လှုပ်ရမ်းနေသည်ကို အကြာကြီးကြည့်နေခဲ့ရသည်။ အဖော်ဟူ၍မည်မည်ရရရေတွက်စရာမရှိသော ကျွန်မဘဝတွင် ခန်းဆီးစဖြူဖြူလေးနှင့် ရေနံရည်ဝနေသော နက်ကျောကျောပြတင်းပေါက်လေးသည်သာ ကျွန်မချစ်သူများဖြစ်ခဲ့သည်။


(၂)

      ချစ်သူဟူသော ဝေါဟာရတစ်ခုသည် ကျွန်မအတွေးထဲသို့ ခပ်ငယ်ငယ်အရွယ်ကတည်းက မကြာခဏဝင်ရောက်လာတတ်သော်လည်း ပုံသဏ္ဍာန်မထင်ရှားသော အရိပ်အရောင်တစ်ခုခုကို အဝေးကကြည့်နေရသလိုပါပဲ။ အချစ်၏ပုံစံကို သရုပ်ဖေါ်ကြည့်ဖို့ စိတ်ဝင်စားသော အရွယ်တုန်းကတော့ ဘယ်လိုများပါလိမ့်ဟု အမျိုးမျိုးတွေးတော ယူခဲ့ဖူး၏။ သို့သော် ပေါကြောင်ကြောင် စိတ်လှုပ်ရှားမှုတစ်မျိုးဖြစ်နေမှာပါပဲလေဟု အဆုံးသတ်လိုက်ရသော အကြိမ်များစွာဖြစ်လာသောအခါ စဉ်းစားကြည့်ဖို့ စိတ်မဝင်စားတော့ချေ။ သူတို့က ပြောခဲ့တာကတော့ တစ်ချိန်ချိန်မှာ ချစ်သူရလာမှာပါပဲတဲ့။ ဤစကားကို လက်ခံဖို့သိပ်မလွယ်ကူသော်လည်း စိတ်ဝင်စားစရာကောင်းသော စကားတစ်ခွန်းဖြစ်သည်ကိုတော့ မငြင်းနိုင်ပါ။

      ချစ်သူဆိုတာ...

      အင်း.. တစ်ယောက်တည်းသော တွယ်ရာမဲ့အမျိုးသမီးအတွက် လက်တွဲဖို့ လူတစ်ယောက်ယောက်ကို ခေါ်တာလား။ ရုပ်ရှင်လက်မှတ်တန်းစီဖို့ ခက်ခဲသောလူတစ်ယောက်အတွက် တန်းစီပေးမည့် လူတစ်ယောက်လည်းဖြစ်နိုင်သည်။ မိန်းကလေးတစ်ယောက်တည်း လမ်းလျှောက်သွားဖို့ မသင့်တော်သော ညချမ်းအချိန်များတွင် ဘေးက စောင့်ရှောက်သူအဖြစ် လိုက်ပါပေးမည့် လူတစ်ယောက်ကို ချစ်သူဟုခေါ်လိမ့်မည်။ သွေးပျက်ဖွယ်ရာ စာမေးပွဲများကို ရင်ဆိုင်ရတိုင်း ''ဒီလိုဖြေခဲ့တယ် မဟုတ်လား၊ အောင်ပါတယ်ကွာ၊ ဒီလောက်ဖြေနိုင်ရင် အောင်တာပဲ'' ဟု နှစ်သိမ့်အားပေးမည့်သူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်။ '' နေစမ်းပါဦးကွ.. မင်းက ဟိုခွေးသားကိုပြုံးပြစကားပြောရလောက်အောင် ဒီကောင်က...'' ဟု မနာလိုဝန်တိုစွာ အော်ဟစ်ပစ်မည့်လူတစ်ယောက်ကို ချစ်သူဟု ခေါ်လိမ့်မည်။ အကူအညီပေးခြင်း၊ ဝန်တိုမှုပေးခြင်းကို ချစ်သူဟု သတ်မှတ်ရတော့မှာလား။ အင်းလေ..  မိန်းကလေး၏ အေးစက်သော ပါးပြင်လေးများကို နွေးထွေးလာအောင်၊ ညှိုးနွမ်းသော နှုတ်ခမ်းလေးတို့ကို လန်းဆန်းတောက်ပလာအောင် အဲဒီ ချစ်သူဆိုတာက တတ်စွမ်းလိမ့်မည်။ သို့ပေမယ့် ဒီလောက်လိုအပ်ချက်လေးတွေကို ဖြည့်စွမ်းပေးတတ်ရုံမျှဖြင့် သူစိမ်းတစ်ယောကိကု ချစ်သူဟု သတ်မှတ်ဖို့တော့ အနည်းငယ်ငြင်းဆိုဖွယ်ရာရှိပါသေးသည်။

      ချစ်သူတစ်ယောက်ရရှိဖို့မှာ ထိုလူကို ကျွန်မချစ်ဖို့လည်း လိုမှာပဲမဟုတ်လား။ ချစ်ဖို့ဆိုတာကလည်း အရိုးဆုံးပြောရလျှင်တော့ သူ့မျက်နှာကိုကြည့်မိရင် ရယ်ချင်မနေဖို့၊ နောက်ပြီး နှာခေါင်းရှုံ့မနေချင်ဖို့၊ နောက်ပြီး ခါးသက်သက်ခံစားမနေရဖို့ပဲပေါ့။ သူက ကျွန်မကို စိုက်ကြည့်လျှင် ကျွန်မ မနေတတ်မကြည့်ရဲဖြစ်ပြီး မျက်လွှာချပစ်ချင်လာရမည်။ သူ့မျက်လုံးများသည် ကျွန်မ ကြာမြင့်စွာ ရင်ဆိုင်မကြည့်ဝံ့လောက်အောင် ညှို့နိုင်စွမ်းရမည်။ သူကများ စကားပြောလျှင် ကျွန်မ နှလုံးခုန်မြန်စွာ အဓိပ္ပာယ်မဲ့ငေးမော မိလောက်အောင် စိတ်လှုပ်ရှားလာရမည်။ အို.. အဲဒီလို ကျွန်မ မိန်းမူးစွဲလမ်းရမယ့် ဆွဲဆောင်နိုင်သူတစ်ယောက်ယောက်ကို ဘယ်ကများ ရှာလို့တွေ့နိုင်မှာလဲကွယ်..။ သူတို့က ပြောခဲ့တာကတော့ ကျွန်မ တစ်ချိန်ချိန်မှာ ချစ်သူရလာမှာပဲတဲ့။

      တစ်ခါတစ်ခါတော့ ကျွန်မ ချစ်သူဟာ ဘယ်လိုပုံစံမျိုးရှိမှာပါလိမ့်ဟု စိတ်ကူးယဉ်တွေကြည့်ဖူးပါသည်။ ''ရက် ဘတ်တလာ'' လို အရာရာကို ထွင်းဖေါက်သိမြင်တတ်ပြီး သရော်သလိုလို ထပ်ထေ့ထေ့အပြုံးနှင့် အမြဲအနိုင်ရနေတတ်သော ခပ်ရိုင်းရိုင်းလူတစ်ယောက်များလား။ ''ကွိ'' လို မျက်မှန်ဝိုင်းတတ်ထားပြီး လူမှုဆက်ဆံရေး အလွန်ညံ့ဖျင်းသော်လည်း ဟန်ဆောင်မှုကင်းမဲ့သော ဥာဏ်ထက်မြက်သည့် ခပ်ကြောင်ကြောင်လူတစ်ယောက်များလား။ လူတကာကို လေးစားစွာ ခေါင်းညွတ်နှုတ်ဆက်တတ်သော ကဗျာဆရာဟု အမည်ခံထားသည့် ယိုင်နဲ့နဲ့လူတစ်ယောက်များလား။ (ဒါပေမယ့် နေပူဒဏ်ကြောင့် ပျော့အိကွေးညွတ်နေသော ဖယောင်းတိုင်များကို မြင်မိလျှင်ပင် အားမလိုအားမရ စိတ်အနှောက်အယှက်ဖြစ်တတ်သော ကျွန်မအဖို့ သည်လို ပျော့ညံ့ညံ့ လူမျိုးကိုလည်း ဘယ်တော့မှ ချစ်သူအဖြစ် ခံယူလို့ရမှာ မဟုတ်ပါဘူးလေ)။ လေကောင်ဂျင်ဝိုင်းနှင့် ဖဲဝိုင်းတို့တွင် အမြဲကျင်လည်နေပြီး ဥာဏ်သိပ်ကောင်းသော အလုပ်သင်ဆရာဝန်တစ်ယောက်များလား.. တွေးတောရင်း စိတ်ကူးရင်းနှင့် နှစ်ဆယ့်လေးနှစ်မြောက်မွေးနေ့ကို လွန်မြောက်လာသောအခါ ရယ်စရာ တော်တော်ကောင်းသွားပါသည်။

      ကျွန်မကို လာရောက်ချဉ်းကပ်ခဲ့သော ယောကျာ်းအချို့ကို ချစ်သူဖြစ်ဖို့ အနည်းငယ်မျှစိတ်ကူးမဝင်ခဲ့မိခြင်းကြောင့် ကျွန်မ နောင်တမရပါ။ တစ်ခါတစ်ခါတော့ (သိပ်ပျင်းလျှင်) ထိုလူများကို ပြန်လည်တွေးတောကြည့်မိသည်။ နာမည်အက္ခရာအစီအစဉ်အတိုင်း စဉ်းစားဖို့ ဝိုးတဝါးဖြစ်နေလျှင် နှစ်ကာလအလိုက်စီစဉ်ပြီး ငယ်ငယ်တုန်းကအစ နည်းနည်းအသက်အရွယ်ရလာချိန်အထိ ပြန်တွေးတော့ မျက်နှာတစ်ချို့ကို မှတ်မိလာသည်။ မျက်မှန်တပ်ထားသော မျက်နှာနှစ်ခုလား၊ သုံးခုလား မသေချာပါ။ တစ်ယောက်က မျက်မှန်ကို တပ်ထားလိုက်၊ ချွတ်ထားလိုက်လုပ်တတ်သောကြောင့်ဖြစ်သည်။ သာမန်မျက်နှာ၊ သာမန်ထက် အနည်းငယ် ရုပ်ရည်ချို့တဲ့သောမျက်နှာ၊ပြုံးနေသော မျက်နှာ၊ပြုံးခြင်းရယ်ခြင်းကင်းမဲ့သောမျက်နှာ၊ အနည်းငယ်ထူအမ်းသော နှုတ်ခမ်းများ၊ ပါးလှစ်သော နှုတ်ခမ်းများ (လှပသော နှုတ်ခမ်းတစ်ခုကို ယခုထိ နှစ်သက်ဆဲဖြစ်သော်လည်း နှုတ်ခမ်းလှလှလေး ရှိနေရုံမျှဖြင့် ချစ်သူဖြစ်မလာနိုင်ဘူးလေ။) စိတ်သဘောချင်း တိုက်ဆိုင်မလားလို့ ဟူသောစကားဖြင့် လက်ထပ်ခွင့်တောင်းသူ၊ (ကြည့်စမ်းပါဦးကွယ်၊ စိတ်သဘောထားချင်း ဘယ့်နှယ်တူနိုင်မှာလဲ။ကျွန်မက ဦးမညွတ်တတ်သူ၊ မိတ်ဆွေထက် ရန်လိုသူက ပေါများသူ၊ သူတို့က လေးစားသဖြင့် ဦးညွတ်တတ်သူများ၊ ရန်လိုသူထက် မိတ်ဆွေက ပေါများသူများ) သနားချစ်နဲ့ ချစ်တာဟု ဆိုလာသူက တစ်ယောက်နှစ်ယောက်။ နင်တစ်ယောက်တည်း ရုန်းကန်ရပ်တည် အသက်ရှင်ရတာ မပင်ပန်းဘူးလား၊ မငြီးငွေ့ဘူးလား၊ ဘေးက အတူရင်ဆိုင်ဖို့တဲ့။ သွားစမ်းပါ။ အချစ်မှာ အကူအညီဆိုတာ မရှိပါဘူး။ တစ်ယောက်က အထင်ကြီးတာက စခဲ့တာပါတဲ့။ ဘုရားရေ.. မိန်းမတစ်ယောက်ကို အထင်ကြီးကိုးကွယ်တတ်တဲ့လူတစ်ယောက်ကို အဲဒီမိန်းမက ဘာတွေများ ကောင်းချီးပေးလိုက်ရမလဲ။

      တစ်စုံတစ်ယောက်ကို ချစ်သူလုပ်ဖို့ဆိုရာမှာ အဲဒီလူကို ကျွန်မကသာလျှင် အထင်ကြီးလေးစားဖို့ လိုအပ်မည်မဟုတ်လား။ ငယ်စဉ်တုန်းကတော့ ''လူတစ်ဦးတစ်ယောက်ချင်းရဲ့ရောဂါဝေဒနာကို ကုသဖို့ထက် နိုင်ငံတစ်နီုင်ငံရဲ့ ရောဂါဝေဒနာကို ကုသဖို့က အရေးကြီးပါတယ်။'' ဟူသော ဆရာဝန် တော်လှန်ရေးသမားလိုလူမျိုးကို အထင်ကြီးခဲ့ဖူးသည်။ ယခုလို အသက်အရွယ်ရလာသည့်အခါမှတော့ တစ်ယောက်ယောက်ကို အထင်ကြီးလေးစားဖို့ သိပ်ခက်ခဲသွားခဲ့ပြီ။

      သေတမ်းစာရေးပြီး မှာကြားထားရစ်ခဲ့ဖို့ တစ်ယောက်ယောက်မျှ မကျန်ခဲ့ရင်တော့ သေရမှာ အနည်းငယ်ပျင်းခြောက်ခြောက်နိုင်မှာပဲ။ ဒါပေမယ့် သိပ်လိုအပ်လှတာ မဟုတ်ပါဘူးလေ။


(၃)

      ကျွန်မအနားမှာ စကားသင်ကာစ ချစ်စဖွယ် ကြက်တူရွေးလေးတစ်ကောင်တော့လိုအပ်မည်။ ကြက်တူရွေးကလေးကို ကျွန်မ၏ နာမည်ခေါ်တတ်အောင် သင်ပေးထားရမည်။ သူ့ကို အများကခေါ်သလို ရွှေခဲ ဟုမခေါ်ပဲ ''အေလိန်း'' ဟုခေါ်ရမည်။ (ကျွန်မသိပ်သဘောကျသော ပြင်သစ်ရုပ်ရှင်မင်းသားနာမည်ကို အေလိန်းဒီလွန်ဟု ကျွန်မအသံထွက်ပါသည်။) အေလိန်းက ပေါင်မုန့်မှကြိုက်တတ်ပါ့မလား။ ကျွန်မ ခုတလောထမင်းမစားပဲ ပေါင်မုန့်နှင့်ကော်ဖီပဲသောက်နေသည်။ သိပ်စပ်စုတတ်သော ဘော်ဒါဆောင်နေ အမျိုးသမီးတစ်ယောက်က အံ့သြတကြီး ''ထမင်းမစားပဲ နေနိုင်တယ်နော်'' ဟု ရေရွတ်တုန်းက '' ပိန်အောင်လို့၊ ကိုယ်အလေးချိန်လျော့အောင်လို့'' ဟု ဖြေလိုက်ချင်သော်လည်း အလွန်အမင်းပိန်လျသော ကိုယ့်ကိုယ်ကို ပြန်အားနာသဖြင့် ထမင်းမစားချင်လို့ဟု ဖြေလိုက်ဖူးသည်။ အင်းလေ.. ထမင်းစရိတ်ထက် ကော်ဖီနှင့် ပေါင်မုန့်စရိတ်က ပိုမိုသက်သာသည်ဟု ဖြေလို့မကောင်းဘူးမဟုတ်လား။ နေစမ်းပါဦးလေ။ အေလိန်းကို ဘာစကားတွေ သင်ပေးရမလဲ။ ''ဘယ်သူလဲ'' ဟူသောစကားနှင့် ''သူခိုး'' ဟူသောစကားနှစ်ခုဆိုလျှင် လုံလောက်ပြီလား။ ရယ်မောတတ်အောင် သင်ပေးလို့ရလျှင်လည်း အေလိန်းရယ်မောသံကို နားထောင်ချင်သေးသည်။ လူတွေ ရယ်မောသံလို ခပ်အောက်အောက်အသံမျိုး အေလိန်းမှာ မရှိနိုင်။ အေလိန်းကိုပါထည့်တွက်လျှင် ကျွန်မအခန်းကျဉ်းကလေး တော်တော်ပြည့်စုံသွားလိမ့်မည်။

      ခုတင်သေးသေးလေးတစ်ခုသည် ပြတင်းနှင့်ကပ်လျက် အခန်းတစ်ဖက်အစွန်းတွင် ရှိနေမည်။ တစ်နှစ်နေမှ တစ်ခါနှစ်ခါကိုင်ဖြစ်သော စိပ်ပုတီးကလေးက ခုတင်ခေါင်းရင်းတွင် ချိတ်လျက်သားရှိနေမည်။ အခန်းသည်ဘက်စွန်းမှာ စားပွဲခင်းမပါသော စားပွဲတစ်လုံး၊ သစ်သားကုလားထိုင်တစ်လုံး၊ စားပွဲပေါ်မှာတော့ ပြင်ပစာအုပ် တစ်အုပ်တလေနှင့် မှတ်စုစာအုပ်ကလွဲပြီး ဘာမျှမရှိ။ ဘာသာရပ်ဆိုင်ရာ စာအုပ်ထူများကို ခုတင်ခြေရင်းက ထင်းရှူးသေတ္တာထဲမှာပဲ ထားလေ့ရှိသည်။  ထင်းရှူးသေတ္တာပေါ်မှာ ရေနွေးဓါတ်ဘူး။ ကော်ဖီဖျော်သည့် မတ်ခွက်၊ နို့ဆီဗူး၊ ကော်ဖီမုန့်ဘူး။ အချိုသောက်ပန်းကန်တစ်စုံနှင့် ပေါင်မုန့်မုန့်ကြွတ်ထည့်သည့် နို့မုန့်ဘူးခွံနှစ်ခု၊ ရေနွေးဂေါက်တစ်ခု၊ သေတ္တာဘေးမှာ သောက်ရေအိုးငယ်လေးတစ်လုံးရှိသည်။ သေတ္တာနှင့်ကပ်လျက် ခြေရင်းနံရံမှာ ပင့်ကူပိုးမျှင်ရစ်တွယ်နေပြီး ရွဲ့စောင်းနေသော ပန်းချီကားတစ်ချပ် ရှိသည်။ သူ့အောက်မှာ အရောင်ပြယ်လွင့်၍ ဖွာနေသော ၁၉၇၅ ခုနှစ်ထုတ် ပြက္ခဒိန်အဟောင်းတစ်ခုရှိသည်။ ကျွန်မအရင်  သည်အခန်းမှာ နေသွားသူသည် ပန်းချီနှစ်သက်သူ ဖြစ်ချင်ဖြစ်မည်။ နံရံမှာ မြေဖြူနှင့် စာရေးဖို့ ဝါသနာပါသူဖြစ်ချင်ဖြစ်မည်။ ရွဲ့စောင်းနေသော ပန်းချီကားကို ပြန်လည်တည့်မတ်ဖို့ အကြိမ်ကြိမ်စိတ်ကူးဖူးသော်လည်း အရပ်အင်မတန်နိမ့်သော ကျွန်မအဖို့ ကုလားထိုင်ကို ရွှေ့နေရမှာ သေချာသောကြောင့် သည်အတိုင်းပဲ ထားခဲ့မိသည်။ တစ်ခါတစ်ခါတော့ ရွဲ့စောင်းနေသောအရာတစ်ခုကို ကြည့်ရတာကိုက ပျော်ရွှင်ဖို့ကောင်း၏။  နံရံတွင် ''ဘဝဆိုတာ ရုန်းကန်မှုပဲ'' ဟု အဓိပ္ပာယ်ရှိသည့် စာကြောင်းတစ်ခုရှိသည်။ သူသည် ကျွန်မနည်းပါး အဆင်မပြေသူ၊ ရုန်းကန်ရသူ ဖြစ်နိုင်ပါသည်။  ''တောင်ထိပ်ကိုမရောက်ခင် တောင်အောက်ကို မကြည့်နဲ့'' ဟူသော မြန်မာစာကြောင်းတစ်ခုလည်းရှိသည်။  သူသည် တောင်ပေါ်မရောက်ခင် လမ်းတစ်ဝက်မှာ လိမ့်ကျဖူးသူ ဖြစ်ချင်ဖြစ်မည်။ နာမည်နှစ်ခုကိုလည်း နံရံမှာရေးထားသည်။ စိတ်ဝင်စားဖွယ် နာမည်များ မဟုတ်ပါ။ ရုပ်ရှင်မင်းသားနာမည်များလည်း ဖြစ်နိုင်မည်မထင်ပါ။ သူ့ချစ်သူတွေဖြစ်ချင်ဖြစ်နိုင်၏။

      အေလိန်းရောက်လာလျှင် သူ့လှောင်ချိုင့်ကို ဘယ်မှာ ချိတ်ရပါ့။ စာကြည့်စားပွဲအထက်မှာ ချိတ်ထားလျှင် ကျွန်မ မှတ်စုရေးနေချိန်၌ သူက ငုံ့ကြည့်ပြီးရယ်မောနေမလား။

      ပျင်းရိဖွယ်ရာမိုးပေါက်များ၏ အသံအောက်တွင် ကျဉ်းမြောင်းသောအခန်းကလေးထဲ၌  ဖန်မီးလုံး၏ ဝါဖျော့ဖျော့အလင်းရောင်၊ ငိုက်မြည်းနေသော ကြက်တူရွေးတစ်ကောင်၊ တဖျတ်ဖျတ်လှုပ်ခတ်လျက်ရှိသော ဇာခန်းဆီးတစ်ခုနှင့် ခုတင်ပေါ်မှာ မလှုပ်မယှက်ထိုင်ငေးနေသော သေးသေးညှက်ညှက် အမျိုးသမီးတစ်ယောက်..။

      သော့ပေါက်မှ ချောင်းကြည့်နေသူတစ်ဦးသည် သည်မြင်ကွင်းမျိုးကို တစ်မိနစ်ထက်ပို၍ကြာအောင် ကြည့်ချင်ပါ့မလား။


(၄)

      ကျွန်မအကြောင်းကို သူတစ်ပါးအားပြန်လည်ပြောပြလိုသူတစ်ယောက်သည် ''အရပ်အလွန်နိမ့်သော'' ''စကား အလွန်ရှားပါးသော'' ''အားမနာတတ်သော'' ဟူသည့် နာမ ဝိသေသနများကို အသုံးပြုလိမ့်မည်ထင်သည်။ ထိုစကားများထက် ပြည့်စုံဖို့လိုအပ်သေး၏။

      ဂစ်တာတွင် အောက်ဆုံးကသေးမျှင်သော၊ တင်းမာသော၊ စူးရှသော ''တစ်''ကြိုးသည် ကျွန်မ ဖြစ်၏။ ဖဲကြိုးတပ်ဆံပင်နှင့် ဘယ်တော့မှ ဦးမညွတ်သော ကော်ပတ်ရုပ်ကလေးသည် ကျွန်မ ဖြစ်၏။

      ဖုံးကွယ်ထားသော အရာတစ်ခုကို အလွန်အမင်းဖွင့်ကြည့်လိုသော လူအမျိုးအစားထဲတွင် ကျွန်မ မပါဝင်ပါ။ ခိုများကို အစာကျွေးဖို့နှစ်သက်သည်။ သို့သော် ခိုညည်းသံကို အလွန်မုန်း၏။ တစ်ချိန်တုန်းက နှင့်းဆီပန်းများကို ချစ်တတ်ခဲ့သော်လည်း ယခုအချိန်တွင် ပေါများလွန်းသော နှင်းင်္ဆီပန်းတို့ကို မုန်းနေပြီဖြစ်၏။ ကျွန်မသည် ရှားပါးသောအရာကိုသာ ချစ်တတ်သူဖြစ်ပါသည်။ လွှဲချိန်ညီညီလှုပ်ရမ်းနေသော နာရီချိန်သီးတစ်ခုကို ငေးမောရင်း လက်ဖက်ရည်သောက်ချင်သူဖြစ်၏။ ဘတ်စ်ကားစီးဖို့ထက် ခြေကျင်လမ်းလျှောက်ဖို့ စိတ်ဝင်စားသူဖြစ်၏။ သို့သော် လမ်းလျှောက်ဖို့ထက် အခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်နေဖို့ ပို၍ ဆန္ဒရှိသည်။ (အမှန်စင်စစ် လမ်းလျှောက်သည့်အခါ ကျွန်မနောက်က အရိပ်တစ်ခု ဖြစ်ပေါ်မနေအောင် မည်သို့ကာကွယ်ရမည်နည်းဟု စဉ်းစားရင်း အခန်းထဲမှာ ထိုင်နေသည့် အကျင့်ကိုရခဲ့သည်။) ကျွန်မ အရိပ်များကို မုန်းတတ်၏။ ကျွန်မ မုန်းသော အရိပ်များသည် ကျွန်မနောက်မှ ရှည်လျားလျားပုံစံ၊ ပုဝိုင်းဝိုင်းပုံစံ၊ စွေစောင်းစောင်းပုံစံဖြင့် လိုက်ပါလာတတ်သောကြောင့် ဖြစ်ပါသည်။

      ကျွန်မသည် ဒူးယားစီးကရက်၏ မီးစွဲလောင်နေသောရနံ့ကို သဘောကျသည်။ မဆုံးဖြတ်ရဲသောကြောင့် ဆုံးရှုံးရခြင်းထက် အဆုံးအဖြတ်မှား၍ ဆုံးရှုံးရခြင်းကို လိုလားသည်ဆိုသော ဇာတ်လိုက်များကို သဘောကျသည်။ တစ်ခုခုကို လိမ်ညာဖို့ စိတ်မဝင်စားသော်လည်း လှိျု့ဝှက်ဖို့ စိတ်ဝင်စားတတ်သည်။ ရင်းနှီးမှုဒဏ်ကို မခံနိုင်သော ယောကျာ်းသားများအတွက် ဝမ်းနည်းစကားဆိုဖို့ ဝန်လေးတတ်သူဖြစ်သည်။ ရံဖန်ရံခါတွင် လျစ်လျူရှုတတ်သူ၊ သည်းခံစိတ်ရှည်နိုင်စွမ်းသူ၊ သို့သော် ရံဖန်ရံခါတွင်  လက်စားချေတတ်သူဖြစ်သည်။ ကျွန်မကို နားလည်သည်ဟု ပြောသူသည် အကြီးအကျယ်လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။ ကျွန်မသည် တစ်စုံတစ်ယောက်အတွက် ပြဌာန်းစာအုပ် မဟုတ်။ ကျွန်မကို ဖတ်ရှုရန် ဘယ်သူ့မှာမှ အဘိဓါန်မရှိ။

      ကျွန်မ၏ အကြီးမားဆုံးသော ချွတ်ယွင်းချက်တစ်ခုမှာ ပျော်ရွှင်နှစ်သိမ့်ဖွယ်ရာ ကာလများထက် နာကြည်းဖွယ်ရာ ကာလများကို ပိုမိုမှတ်မိတတ်ခြင်းဖြစ်သည်။ ရုပ်ရှင်ထဲက လေဆာရောင်ခြည်သေနတ်ကို မကြာခဏ သတိရနေတတ်သည်။ လက်ဖက်ရည်စားပွဲတစ်ခုတွင်လူတစ်ယောက်မျက်နှာကို ဂငယ်ပုံစံ ကွဲသွားအောင် လက်ဖက်ရည်ပန်းကန်ပြားဖြင့် ပေါက်ရိုက်ပစ်ခဲ့သော ပန်းချီဆရာတစ်ဦးကို ကျွန်မ ချီးကျူးပါ၏။ လူဆိုသည်မှာ ကိုယ့်လွတ်လပ်ခွင့်ကို ထိပါး၍ စော်ကားလာလျှင်တော့ လက်တုန့်ပြန်ဖို့ လိုအပ်သည်မဟုတ်လား။ ခက်နေသည်မှာ ကျွန်မက သွေးမြင်လျှင် မူးတတ်ခြင်းပင်ဖြစ်သည်။


(၅)

      မိုးသက်လေနှင့်အတူ လွင့်နေသော ပြတင်းခန်းဆီးဘောင်မှ ဖြတ်လျက် မာလကာရွက်ခြောက်တစ်ခု ဝဲလွင့်ကျလာချိန်၌ မာလကာရွက်ခြောက်လို ခပ်လိမ်လိမ်မျက်နှာတစ်ခုကို ပြန်လည်မြင်ယောင်သွား၏။  အဲဒီ မာလကာရွက်နှင့်တူသောမျက်နှာသည် ကျွန်မအပေါ်မှာ မလိုမုန်းထားစိတ်ဖြင့် အတင်းပြောခဲ့သူ၏ မျက်နှာဖြစ်သည်။ သူမျက်မှန်တပ်ထားသည်။ မျက်မှန်တပ်ထားပြီး ဘာမှ မမြင်တတ်သူတစ်ယောက်နှင့် စကားပြိုင်ဆိုင်ပြောဖို့ ကျွန်မစိတ်မဝင်စားပါ။ လူတစ်ယောက်ကို နောက်မှနေ၍ အလစ်ချောင်းရိုက်တတ်သော သတ္တဝါအမျိုးအစားကို လူဟုခေါ်ရမှာ နည်းနည်းစဉ်းစားဖို့ကောင်း၏။ အရည်အချင်းတစ်ခုကို လက်ခံဖို့ ယှဉ်ပြိုင်ကစားပွဲတစ်ခု လိုအပ်မည်ထင်လျှင် ယှဉ်ပြိုင်ဖို့ သဘောတူ့ပါသည်။ အားကစားစိတ်ဓါတ်ဆိုတာ ရှုံးနိမ့်သူများ၏ လက်သုံးစကားပါတဲ့လေ။ ရှုံးသူကို လက်ဖြတ်ကြေး၊ သို့မဟုတ် တစ်သက်လုံး ကျွန်ခံကြေး။ သို့မဟုတ် သတ်သေကြေး၊ ဘယ့်နှယ်လဲ။ လွင့်စင်လာသော မာလကာရွက်ခြောက်ကို လက်ထဲမှာ ဆုပ်ခြေပစ်လိုက်သောအခါ ကြေမွသွားလေသည်။

      ထိုအခိုက် ပြတင်းခန်းဆီးကြားမှ မိုးရေစက်ကို တွေ့ရသည်။ မိုးရွာပြန်ပြီလား။

      မိုးရွာနေစဉ် အပြင်ထွက်လမ်းလျှောက်ရခြင်းသည် အင်မတန် စိတ်ဝင်စားဖွယ်ကောင်းသည်။ မိုးစက်မိုးပေါက်များ ကျွန်မထံပြေးဝင်လာပုံကို သဘောကျ၏။  လှိုင်းများပြေးလာသလို မိုးဖွဲကလေးများပြေးလာလျှင် အသံတစ်ခု တွဲပါလာတတ်သည်။  နေကောင်းရဲ့လား...တဲ့။ ကျွန်မ သိပ်နှစ်သက်သော နှုတ်ခမ်းပါးတစ်စုံမှ နှုတ်ဆက်လေ့ရှိသော အနည်းငယ်အော၍ တိမ်ချင်သောအသံတစ်ခုဖြစ်သည်။ အဲဒီလူတစ်ယောက်သည် ကျွန်မထံ စာရေးလျှင်လည်း နေကောင်းရဲ့လားဟု အရင်ရေးတတ်သည်။ သူ့အသံကြားလျှင် လမ်းလျှောက်ရတာ ပို၍ ပျော်စရာကောင်းလာသည်။ အရိပ်ဖြစ်ပေါ်ခြင်းမှ ကင်းလွတ်သောကြောင့်လည်း မိုးရေထဲမှာ လမ်းလျှောက်ခြင်းကို ကျွန်မ နှစ်သက်ပါသည်။

      သို့သော် ခုနေလမ်းလျှောက်လျှင် ကျွန်မ မတွေ့ချင်သူများကို လမ်းမှာဖြစ်ဖြစ်တွေ့သွားနိုင်သည်။ ညနေခြောက်နာရီကျော်လျှင် လက်ဖက်ရည်ဆိုင်ထိုင်တတ်သူများ ဖြစ်၏။ မမြင်တာကြာပြီနော်ဟု နှုတ်ဆက်မည့်သူများဖြစ်၏။ ဘယ့်နှယ်လဲ ဖြေနိုင်တယ်မဟုတ်လားဟု နှုတ်ဆက်မည့်သူများဖြစ်၏။ ကျွန်မဆံပင်ထက်မှ ပြုတ်ကျသွားသော စပယ်ကုံးလေးကို နမ်းပါရစေဟု ခွင့်တောင်းခဲ့ဖူးသည့် ခပ်ကြောင်ကြောင်လူတစ်ယောက်နှင့် တွေ့နိုင်သေးသည်။ အဲဒီလူကိုပြုံးပြဖို့ သိပ်ခက်ခဲတာပါပဲ။ သူ့ကိုမြင်လျှင် ကျွန်မမျက်နှာကိုက အလိုလို ရှုံ့တွသွားမည်ထင်သည်။ ကံဆိုးလျှင် ''မိမိအထက်အရာရှိနှင့်ပတ်သက်သမျှ အောက်ခြေသိမ်းဆောင်ကြဉ်းပေးခြင်းကို ဂါရဝတရားဖြစ်သည်'' ဟု ရောထွေးပြောခဲ့ဖူးသူတစ်ယောက်နှင့်ပင် ဆုံနိုင်သည်။ ကျွန်မတွေ့ဖူးသော ပါးစပ်များထဲမှာတော့ သူ့ပါးစပ်သည် အနံဆုံးဖြစ်၏။ သူ့ကိုတွေ့လျှင်တော့ ကျွန်မ ခပ်ဝေးဝေးမှ ခွာ၍ သွားပါသည်။ (အညစ်အကြေးများသည် အသားချင်းထိလျှင်၊ အင်္ကျီစချင်းထိလျှင် အခြားတစ်ယောက်ထံ လျင်မြန်စွာ ကူးစက်တတ်ကြောင်း ကျွန်မသိ၏။ တစ်စုံတစ်ယောက်နှင့် ထိမိတိုင်းထိမိတိုင်း ထိမိသည့်အရေပြားကို ဆပ်ပြာဖြင့် လေးငါးခါထပ်ဆေးကြောပစ်တတ်သော စိတ်ရောဂါသည် မလေးတစ်ဦးကို ကျွန်မ အများနည်းတူ မရယ်မောခဲ့တာသေချာပါသည်။) ဒါ့ထက် ကံဆိုးလျှင် ကျွန်တော်က ဆင်းရဲသားတွေ၊ တောင်သူတွေအကြောင်းရေးတဲ့ ဘဝသရုပ်ဖော် ၀တ္ထုမျိုးမှ သဘောကျတာဟု ယောင်တိယောင်ကန်း ပြောတတ်သူတစ်ယောက်နှင့်ပင် တွေ့နိုင်သည်။ ဆင်းရဲတာ တစ်ခုတည်းဟာ ဘဝမဟုတ်ပါဘူးဟု ကျွန်မက ဆွေးနွေးလျှင်လည်း နားလည်မည့်လူအမျိုးအစားမျိုးမဟုတ်ပါ။

      အင်းလေ.. ဘယ်မှ မထွက်တော့ပါဘူး။ စာဖတ်ဖို့အကြွေးတွေ ကျန်သေးသည်။

      ခုတင်ပေါ်မှ ကြမ်းပြင်ပေါ်ခြေချလိုက်စဉ်မှာပင် လှေကားမှ တက်လာသော ခပ်ဖွဖွခြေသံတစ်ခု ကြားလိုက်သည်။ ခွာမြင့်ဖိနပ်သံမဟုတ်၊ ယိုးဒယား ဖိနပ်သံမဟုတ်၊ ရာဘာခံ သားရေဖိနပ်သံမျိုးဖြစ်နိုင်သည်။ ယောက်ျားဖိနပ်သံဖြစ်လိမ့်မည်။ ဘယ်လိုပါလိမ့်။ မီးပြင်သမားလာရအောင်ကလည်း မီးပြတ်မနေပါ။ မီတာဖတ်ဖို့ လူတစ်ယောက်ယောက်များလား။နွားနို့ပို့သည့် လူငယ်လေး၏ ဖိနပ်သံလည်း မဟုတ်ပါ။ ညနေခြောက်နာရီ စာပို့သမားလည်း မလာပါဘူးလေ။ ခြေသံသည် ပျဉ်ခင်းကြမ်းပေါ်နင်းလာရင်း ဟိုဘက်က အခန်းများရှိရာသို့ မသွားဘဲ ကျွန်မအခန်းဘက်သို့ ကွေ့လာသည့်အခါ ကျွန်မ ရုတ်တရက် မတ်တပ်ရပ်လိုက်မိတော့၏။ ခြေသံသည် ရွံ့ရည်ထဲမှ ဖြတ်သန်းလာခဲ့ရသော ဖိနပ်၏အသံမျိုးဖြစ်၏။ စိုစွတ်သည့် ဖိနပ်သံဖြစ်သည်။ တံခါးဖွင့်ပေးလိုက်လျှင်  ဘယ်လိုမျက်လုံးမျိုးကို တွေ့ရမလဲ။

      ခြေသံသည် အခန်းရှေ့မှာ ရပ်သွား၏။ သို့သော် တံခါးခေါက်သံ ထွက်မလာပါ။ အပြင်ဘက်ကလည်း ငြိမ်သက်နေပြီး ကျွန်မအခန်းထဲမှာလည်း ငြိမ်သက်နေသည်။ သူ သော့ပေါက်မှ ချောင်းကြည့်နေသလား။ ခဏကြာတော့ ခြေသံကို ကြားရပြန်သည်။ ပြန်လှည့်ထွက်သွားသော ခြေသံဖြစ်လေသည်။ ကျွန်မသည် နေရာမှာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ တံခါးဖွင့်ပေးလိုက်ဖို့ ကောင်းသည်လားဟု စဉ်းစားမိသော်လည်း သူ့ခြေသံလှေကားဆီမရောက်မီပင် ကျွန်မ ခုတင်ပေါ်ပြန်ထိုင်လိုက်ပါသည်။



(၆)

      ကျွန်မ ငယ်ငယ်တုန်းက မိုးရေထဲတွင် စက္ကူလှေကလေးတစ်ခုလုပ်ပြီး ရေထဲချလွှတ်လိုက်စဉ် ရေမြောင်းထဲမှာ မျောပါနေသော အသီးခြောက်ကလေးတစ်ခုကို မြင်၍ အကြာကြီး ရပ်ကြည့်နေ လိုက်ဖူးသည်။ လှမ်းဆယ်ယူကြည့်ဖို့ စိတ်မဝင်စားခဲ့ပါ။

      အခုလည်း ကျွန်မ ရေထဲမှာ တလိမ့်လိမ့်မျောပါနေခြင်းမဟုတ်ဟု ဘယ်သူ ငြင်းနိုင်မလဲလေ။

ဂျူး


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...