Saturday, April 2, 2011

လျူရှောင်ဘိုနှင့် တရုတ်ဒီမိုကရေစီ

Saturday, 02 April 2011 13:28 ရဲနွယ်မိုး

နော်ဝေနိုင်ငံ နိုဘယ်ဆုကော်မတီက ၂၀၁၀ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုကို တရုတ်ပြည် လူ့အခွင့်အရေးနဲ့ အကြမ်းမဖက် လှုပ်ရှားမှု အချိန်ကြာမြင့်စွာ ဆောင်ရွက်ရင်း  အကျဉ်းကျနေသူ လျုရှောင်ဘိုကို
ချီးမြှင့်ကြောင်း ၂၀၁၀ အောက်တိုဘာ ၈ ရက်နေ့တွင် ကြေငြာခဲ့သည်။
လျူရှောင်ဘို မှာ တရုတ်အတိုက်အခံ စာရေးဆရာဖြစ်ပြီး စာအုပ် ၁၁ အုပ်နှင့် အက်ဆေးများစွာ ရေးသားသူ ဖြစ်သည်။ ၁၉၈၉ ခုနှစ် တီယန်မင် အရေးအခင်း ကတည်းက တရုတ် ဒီမိုကရေစီ လှုပ်ရှားမှုမှာ အဓိက ထင်ရှားသူ ဖြစ်လာသည်။ ၁၉၈၉-၉၁ တွင် စတင် အဖမ်းခံခဲ့ရပြီး၊ ၁၉၉၆- ၉၉ တွင် ဒုတိယအကြိမ် ပြန် အဖမ်းခံခဲ့ရသည်။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ‘လွတ်လပ်တဲ့ တရုတ် ကလောင်ရှင်များ အဖွဲ့’ ဥက္ကဌ နဲ့ Democratic China မဂ္ဂဇင်း အယ်ဒီတာ တာဝန်ကို ယူခဲ့သည်။


လျူ က တရုတ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တောင်းဆိုဖို့အတွက် နာမည်ကျော် ‘Chapter 8’ စာတမ်းကို အဓိက ပြုစုရေးသားခဲ့သည်။ ထိုချာတာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုကြောင့် ၂၀၀၉ ဇွန် ၂၃ ရက်နေ့တွင် ‘နိုင်ငံတော်အာဏာ ပျက်စီးအောင် ဆူပူလှုံဆော်မှု’ ဥပဒေဖြင့် နောက်ထပ် ၁၁ နှစ် ထောင်ချခံခဲ့ရသည်။ လက်ရှိ လျောင်နင် ပြည်နယ် ရှီင့်ချို့အကျဉ်းထောင်ထဲတွင် ရောက်နေသည်။
ဇနီးဖြစ်သူ လျူရှီယာ ကိုလည်း ဆုကို ကိုယ်စားသွားမယူနိုင်အောင် နေအိမ်အကျယ်ချုပ် ချထားသောကြောင့် ဒီဇင်ဘာ ၁၀ ရက် နော်ဝေနိုင်ငံ အော်စလိုမြို့ ဆုပေးပွဲ အခမ်းအနား မတက်နိုင်ဘဲ ရှိသည်။ ဆွေးမျိုးသားချင်းများကိုလည်း အစိုးရက တားမြစ်ထားသောကြောင့် ၂၀၁၀ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုမှာ လက်ခံယူမယ့်သူမရှိတဲ့ ထူးထူးခြားခြား အခမ်းအနား ဖြစ်သွားခဲ့ရသည်။ ပိုဆိုးတာက တရုတ်အစိုးရ ငြူစူမှာ စိုးတဲ့အတွက် ကုလသမဂ္ဂ၊ အာစီယံ အပါအ၀င် ဘယ်နိုင်ငံ ဘယ် အဖွဲ့အစည်းကမှ နိုဘယ်ဆုကို ကိုယ်စား လက်ခံယူမပေးခြင်းမှာ ပြောစမှတ် ဖြစ်ခဲ့ရသည်။
အောက်ဖော်ပြပါ စာတမ်းမှာ ၂၀၀၅ အောက်တိုဘာ ၁၉ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီက ဖြန့်တဲ့ ‘တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှု’ စက္ကူဖြူစာတမ်းအပေါ် လျူရှောင်ဘိုက တုံ့ပြန် ရေးသားထားခြင်း ဖြစ်သည်။ တရုတ်ရဲ့ ဧကရာဇ်စိုးမိုးမှု၊ အာဏာရှင်အုပ်ချုပ်မှု ရှည်လျားတဲ့ သမိုင်းကြောင်းကို စိတ်မကောင်းကြီးစွာ ဖော်ပြရင်း လူထုအတွက် ဘာခြားနားမှုမှ မရှိသေးတာကို တင်ပြထားသည်။ ‘လွတ်လပ်တဲ့ တရုတ်ပြည်ပေါ်ထွက်မှု’ မှာ လက်ရှိအာဏာရထားသူတွေနဲ့ သူတို့ပေါ်လစီတွေထဲက လာမှာမဟုတ်၊ ‘လူထုပါဝါ’ ကနေသာ ပေါ်ထွက်လာမည်ဟု သူ့စာတမ်းတွင် အဆုံးသတ်ထားသည်။
*******************************
တရုတ်လူထုက ကွန်မြူနစ်ပါတီဦးဆောင်တဲ့ ဒီမိုကရေစီနဲ့သာ ထိုက်တန်ပါသလား
၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာနက ‘တရုတ်ပြည် ဒီမိုကရက်တစ် နိုင်ငံရေး တည်ဆောက်မှု’ ခေါင်းစဉ်နဲ့ စက္ကူဖြူ စာတမ်းတစ်ခုကို ထုတ်ဝေခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ အာဏာရကတည်းက ပထမဆုံး ထုတ်ဝေတဲ့ ဒီမိုကရေစီ တည်ဆောက်ရေး စာတမ်းဖြစ်ပေမဲ့၊ ဒီမိုကရေစီနဲ့ ပတ်သက်လို့ ဆုပ်ဆုပ်ကိုင်ကိုင် ဘာအချက်အလက်မှ မပါရှိပါဘူး။
စာတမ်းရဲ့ အနှစ်သာရပိုင်းမှာ ‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’၊ တရုတ်ကွန်မြူနစ်ပါတီ (CCP)ရဲ့ အာဏာဆိုင်ရာ သီအိုရီ’ နဲ့ ‘ပါတီရဲ့ အသိဥာဏ်ပညာဆိုင်ရာ သီအိုရီ’ ဆိုတဲ့ အကြောင်းအရာ သုံးခုကို အခြေတည် ဆွေးနွေးထားပါတယ်။
‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’ ပိုင်းမှာ စီးပွားရေး အားနည်းချက်တွေ၊ လူထုနေထိုင်မှု အရည်အသွေး နိမ့်ကျမှုတွေကို ထည့်ဆွေးနွေး မထားပါ။ ပါတီခေါင်းဆောင်မှု နေရာအတွက် သမိုင်းဖြတ်သန်းမှုအရ ရွေးချယ်မှုနဲ့ တရုတ်လူထုရဲ့ အလိုက်သင့်ရွေးချယ်မှု ကိစ္စကိုသာ အလေးပေး ဆွေးနွေး ထားပါတယ်။ ဆိုလိုတာက တိုင်းပြည်ခေါင်းဆောင်မှုကို လူထုဆန္ဒအရထက် သမိုင်းကြီးမြတ်မှုနဲ့သာ ဖန်တီးသွားမယ်လို့ ပြောထားခြင်း ဖြစ်ပါတယ်။
ရှင်းနေပါတယ်။ ‘အမျိုးသားအခြေအနေများဆိုင်ရာ သီအိုရီ’ ရဲ့ ရည်ရွယ်ချက်ထဲမှာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ စံနှုန်းတွေကို ငြင်းပယ်ထားပါတယ်။ အရေးပါတဲ့ အမျိုးသားအခြေအနေ ဆိုတာတွေကို ရှေ့တန်းတင် လှုံဆော်ပြီး၊ လက်ရှိ CCP ပါတီနဲ့ အစိုးရရဲ့ တရားဝင်မှုဆိုင်ရာ (legitimacy) မရိုးမသား ပြဿနာများကို ဖုံးဖိထားခြင်းသာ ဖြစ်ပါတယ်။
‘ပါတီအာဏာဆိုင်ရာ သီအိုရီ’ မှာတော့ လက်ရှိကျင့်သုံးနေတဲ့ ပုံစံဖြစ်တဲ့ ပါတီက အမြင့်ဆုံးအာဏာ ရယူထားမှုကို ထပ်အတည်ပြုပေးထားခြင်း ပါပဲ။ လူထုအချုပ်အခြာ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်ဖြစ်၊ အခြေခံဥပဒေထဲမှာ ရေးထားတဲ့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုဖြစ်ဖြစ်၊ အမျိုးသားလွှတ်တော် ကိစ္စဖြစ်ဖြစ်၊ ပါတီရဲ့ ‘ဒီမိုကရက်တစ်ဗဟိုပြုရေး’ အမည်ခံ ဟန်ပြမှုပဲဖြစ်ဖြစ်၊ ဥပဒေပြုရေးလုပ်ငန်းဖြစ်ဖြစ်၊ အောက်ခြေ လူထုအတွက် ဒီမိုကရေစီဖြစ်စဉ်တွေပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အားလုံးက CCP အာဏာပိုင်အဖွဲ့ရဲ့ လမ်းညွှန်မှုကိုပဲ လိုက်နာကြရမယ်။  လူထု အချုပ်အခြာ အာဏာ အတွက် တကယ်တန်း ဘာမှ လုပ်ခွင့်မရှိပါဘူး။
နောက် ‘CCP ရဲ့ အသိဥာဏ်ပညာဆိုင်ရာ သီအိုရီ’ မှာတော့ တရုတ်ပြည်ရဲ့ လက်ရှိ အောင်မြင်မှုတွေဟာ ပါတီကြောင့် ဆိုတာကို သိဒ္ဓိတင် ကြော်ငြာခြင်းပါ။ ကြီးမားတဲ့ ကျရှုံးမှုတွေကို ကာကွယ်ဖို့အတွက် အောင်မြင်မှုတွေ ချဲ့ကား ဖော်ထုတ်ထားတာပါ။ တိုင်းပြည်မှာ ဒီမိုကရေစီ စိုးစဉ်းမျှရရှိတယ်ဆိုရင် အဲဒါက ပါတီရဲ့ အသိဥာဏ်ပညာကြောင့်လို့ ပြောဆိုချင်တာပါ။ ပါတီရဲ့ ဥာဏ်ပညာကြီးကြီး ခေါင်းဆောင်မှုနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ခဲ့တာလို့ ပြောဆိုခြင်းပါ။ တရုတ်လူထုရဲ့ ကြိုးစားအားထုတ်မှုနဲ့ အသီးအပွင့် ရလဒ်တွေကြောင့် ဖြစ်လာတာကို ဘာတစ်ခုမှ အသိအမှတ်ပြု မဖော်ပြပါ။
စက္ကူဖြူစာတမ်းရဲ့ အချုပ်က လူထုရဲ့ အချုပ်အခြာအာဏာဖြစ်တဲ့ ဒီမိုကရေစီရဲ့အထက်မှာ ပါတီအာဏာ ရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးကို မောင်းခတ် တဲ့သဘော သက်ရောက်နေပါတယ်။ ပါတီအာဏာသည်သာ အမြင့်မြတ်ဆုံး ဖြစ်တယ်။ ‘လူထုရဲ့ အကြီးအကဲက ပါတီ’ ဖြစ်တယ်။ ‘ဒီမိုကရေစီရဲ့ အကြီးအမှုးက CCP ပါတီ’ ဖြစ်တယ်။ အမျိုးသားလွှတ်တော် (NPC) က ပါတီအာဏာပိုင်အဖွဲ့ရဲ့ ရုပ်သေး ဖြစ်တယ်။ တရုတ်လူထု နိုင်ငံရေးရာ အတိုင်ပင်ခံ ညီလာခံ (CPCC) ဆိုတာ အဆင်တန်စာ အခမ်းအနားပဲ ဖြစ်တယ်။ တရားရေးစနစ်က ပါတီအာဏာပိုင်အဖွဲ့ရဲ့ ကရိယာ တန်ဆာပလာ သာဖြစ်တယ်။ လူ့အခွင့်ရေး၊ ဒီမိုကရေစီ စတဲ့ စကားလုံးတွေဟာ စာတမ်းရဲ့ ခန်းစီးလိုက်ကာများသဖွယ် ဖြစ်တယ်။
CCP အာဏာပိုင်အဖွဲ့က ထုတ်ဝေတဲ့ လူ့အခွင့်အရေးအမြင် စာတမ်းလိုပါပဲ။ ယခု ဒီမိုကရေစီရေးရာ စာတမ်းကလည်း မုသားတွေ ပြည့်နှက်နေပါတယ်။ ဥပမာ၊ စက္ကူဖြူစာတမ်းထဲမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အာဏာအားလုံးကို လူထုကသာ ပိုင်ဆိုင်တယ်” လို့ ဖော်ပြထားချက် ပါပါတယ်။ သို့သော် ၁.၃ ဘီလီယံ ရှိတဲ့ တရုတ်ပြည်သူတွေခမျာ ပါတီအာဏာပိုင်များ လိုသလို အမောင်းခံရတဲ့ သိုးအုပ်ကြီးများသာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ သမ္မတ ရွေးကောက်ပွဲမှာ လူထုပါဝင်ဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။
နောက် ဥပမာတစ်ခုက စာတမ်းထဲမှာ “ပါတီတွင်း ဒီမိုကရေစီ ဖွံဖြိုးရေး” ဆိုတာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ၆၈ သန်းသော ပါတီအဖွဲ့ဝင်တွေမှာ ပါတီကျေးကျွန်အဆင့်ထက် မပိုပါ။ ပါတီအကြီးအကဲကို ရွေးချယ်ဖို့ သူတို့မှာ အမှန်တကယ် အခွင့်အလမ်းမရှိပါဘူး။
အဲဒီ ‘တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှု’ စက္ကူဖြူစာတမ်းဟာ သက်သက်ကြွားလုံး ထုတ်ထားမှုသာ ဖြစ်ပါတယ်။ တရုတ်ပြည် ဒီမိုကရက်တစ်နိုင်ငံရေး တည်ဆောက်မှု ဗန်းပြကြွေးကြော်ပြီး၊ အမြင့်ဆုံးပါတီ အာဏာပိုင်အဖွဲ့ရဲ့ အာဏာရှင်စနစ်အတွက် လူထုက အကာကွယ်ပေးဖို့ စာတမ်းပါပဲ။
**********************************
၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ မော်စီတုန်း တီယန်နန်မင်ရင်ပြင် ဂိတ်ပေါ်တက်လာပြီးနောက် တစ်တိုင်းပြည်လုံးအနှံ့မှာ လူထုက “သူဟာ လူထုအတွက် မဟာကယ်တင်ရှင်ကြီးပါ” ဆိုတဲ့ သီချင်းကို သံပြိုင် ကြွေးကြော် အော်ဟစ်ခဲ့ရပါတယ်။ ၁၉၈၄ အောက်တိုဘာ ၁ ရက်နေ့မှာ တိန့်ရှောင်ပိန် တီယန်နန်မင် ရင်ပြင်ပေါ်မှာ တပ်တွေစစ်ဆေးတော့ ‘ဟလို ရှောင်ပိန်’ ဆိုပြီး သူ့လက် ဝှေ့ယမ်းပြရင်း နိုင်ငံ့ဗိသုကာကြီး အဖြစ်နဲ့ လူထုအားလုံးရဲ့ ထောက်ခံမှု ရယူပါတယ်။ ပြီး သူက “လူတချို့ အရင်ဆုံး ချမ်းသာ ပလေ့စေ” (let some people get rich first.) လို့ပြောရင်း လူလက်တစ်ဆုပ်စာအတွက်သာ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တယ်။
၁၉၉၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ကျန်ဇီမင်း တပ်တွေ စစ်ဆေးတော့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ရှိခဲ့တယ်။ အဲဒီကြားကပဲ တော်လှန်ရေးလမ်းကြောင်းနဲ့ တရုတ်ပြည်အနာဂတ် အမွေဆက်ခံမယ့် အဓိက ဦးဆောင်မှုနေရာ ရရှိသွားပြန်တယ်။ သူက တရုတ်အင်ပါယာအတွက် ကြီးမားရက်ရောတဲ့ ဆန်းသစ်တီထွင်မှု သီအိုရီ နောက်ထပ်ဖန်တီးပြီး၊ ချမ်းသာကြွယ်ဝတဲ့ အရင်းရှင်များကို CCP ပါတီထဲ အဖွဲ့ဝင်ဖြစ်ခွင့်ပေးတယ်။ အခု ဟူကျင်တောင်း တပ်တွေစစ်ဆေးတဲ့အခါ ‘သူ့ချစ်စွာသော ပြည်သူတွေ’ အတွက် ဘယ်လို ရုပ်ပုံ ဖော်မယ်ဆိုတာ ကျနော် မသိသေးပါဘူး။
လက်ရှိ အာဏာရ အုပ်စုအတွင်းမှာ ဖယ်ရှားခံခဲ့ရတဲ့ ကျောက်ဇီယန့် နဲ့ ဟူယောင့်ပန်း တို့ပုံစံမျိုး၊ လူထုကို ကောင်းကောင်းဆက်ဆံပြီး ခေတ်သစ်နိုင်ငံရေး သဘောကျက်မိတဲ့ အဆင့်မြင့်အရာရှိတွေ ရှိနိုင်ကောင်းတယ် ဆိုတာကို ကျနော် မငြင်းပါဘူး။ သူတို့ဟာ ကောင်းမွန်တဲ့ မူဝါဒဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အများကြီး စွန့်စားလုပ်ချင်ကြမှာပါ။ သို့သော် အဲဒီ အရာရှိကောင်းတွေဟာ CCP ပါတီစနစ်အောက်မှာ ရေရှည် ဆက်မရှင်သန်နိုင်ကြပါဘူး။ ဒီလိုဖြစ်သွားရတဲ့အခါ လူထုအဖို့လည်း အထက်က ပါတီဘော့စ်တွေ ပေးကမ်းမယ့် အခွင့်အရေးနဲ့ အကျိုးရလဒ် ကိုပဲ ထိုင်စောင့်ကြရပါတယ်။
*************************************
နောက်ကို ခြေလှမ်းတစ်ထောင်လောက် ဆုတ်ပြီး တရုတ်ပြည်ကြီးကို ပြန်ကြည့်ပါဦး။ ကျနော်တို့ တိုင်းသူပြည်သားများဟာ ဥာဏ်အမြှော်မြင် ပြည့်စုံတဲ့ အုပ်စိုးသူနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုရင်၊ သို့မဟုတ် ဧကရာဇ် အချို့ရဲ့ မျက်နှာသာပေးမှု ခံစားခဲ့ရတယ်ဆိုရင် သူတို့ လူ့အခွင့်အရေး ချိုးဖောက်စော်ကားတာတွေ ရှိလင့်ကစား အကျိုးခံစားခွင့် ဆုပ်ဆုပ်ကိုင်ကိုင် ရရှိမှုအတွက် ခွင့်လွှတ်နိုင်ကြမှာပါ။
ဒါပေမဲ့ သိပ်ကိုဝမ်းနည်းစရာ ကောင်းလွန်းပါတယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေဟာ ဒုက္ခအကြီးအကျယ် ခံစားနေကြရတယ်။ ဘိုးဘွားဘီဘင် ရှေးအတီ မျိုးဆက်ပေါင်းများစွာကနေ ကနေ့အထိ လူထုအပေါ် သနားကြင်နာမှု ပြမယ့်၊ ပညာဥာဏ်ရှိတဲ့ အုပ်ချုပ်သူမျိုးကို တစ်ကြိမ်တစ်ခါတောင် မဆုံခဲ့ကြရပါဘူး။
ဒါ့အပြင် တရုတ်မင်းဆက် သံသရာစက်ဝန်းသမိုင်းမှာ၊ မင်းဧကရာဇ်ရဲ့ လူထုအပေါ် ရက်ရော လိုက်လျောတတ်တဲ့ အပြုအမူဟာ သူ နန်းစတက်ချိန်မှာပဲ ရှိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့က အုပ်ချုပ်သွားတဲ့ မင်းဆက်က သူ့နောက်ဆုံးနှစ်တွေအတွင်း ဘာကောင်းကျိုးမှ မဆောင်ရွက်ဘဲ တိုင်းပြည်ကို အကျပ်အတည်း ဘေးဒုက္ခပေါင်းစုံနဲ့ ချန်ထားရစ်ခဲ့လို့ပါပဲ။ အသစ် နန်းတက်လာသူကလည်း လိုအပ်ချက်အရ လုပ်ဆောင်တာထက်၊ သူ့နိုင်ငံရေးအာဏာကို ကြံ့ခိုင်အောင်ထိန်းဖို့ ခေတ္တလိုက်လျော လုပ်ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်။
ကျနော်တို့ တိုင်းသူပြည်သားတွေဟာ ကြီးသူရဲ့ စောင့်ရှောက်မှုအပေါ် လုံးဝမှီခိုနေရတဲ့ ကလေးငယ်လေးတွေ လိုပါပဲ။ အသိဥာဏ်ရှိရှိ အုပ်ချုပ်မယ့် မင်းလောင်းပေါ်လာဖို့ ရာစုတွေချီပြီး ထိုင်စောင့်နေရတဲ့ သူတွေပါပဲ။ တရုတ်လူထုဟာ ချိနည့်ယိုင်နဲ့ပြီး ဘယ်တော့မှ ရင့်ကျက် ကြီးပြင်း မလာသေးဘူးလို့ဆိုရင် လွန်မလား။ သူတို့ဟာ ရှေးဦးလူတွေ ကြယ်လနက္ခတာရာတွေ ရှိခိုးသလိုမျိုး၊ ဒူးထောက်ပြီး တရုတ် ဧကရာဇ် မင်းတွေကို အခုထိ ခယ၀ပ်တွား မော်ဖူးနေရတုန်းပဲလား။
******************************
မော်ခေတ်နဲ့ နှိုင်းစာရင် မော်ခေတ်လွန် ပြည်မကြီးမှာ ကျနော်တို့ ပြည်သူတွေ အစားအသောက်၊ နေထိုင်မှုနဲ့ တစ်ဦးချင်း ရွေးချယ်ပိုင်းခွင့်တွေဟာ များပြားတဲ့ အကန့်အသတ်အောက်မှာပဲ အကျိုးအမြတ်တွေ ရှိလာတယ်ဆိုတာ လုံးဝသံသယ မရှိပါဘူး။ ‘လူတန်းစား တိုက်ပွဲ’ ကို ဦးစားပေးတဲ့ မော်ရဲ့ အိုင်ဒီအိုလော်ဂျီနဲ့ နှိုင်းစာရင် တိန့်ရှောင်ပိန်ရဲ့ လက်တွေ့ကျတဲ့ ‘ကြောင်သီအိုရီ’ က ပိုပြီး သွက်လက်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိပါတယ်။
သို့သော် အဲဒီအပြောင်းအလဲတွေရဲ့ ဘယ်အရာကမှ ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ ရှိမြဲအနေအထားကို အခြေခံကျကျ ပြောင်းလဲ ပေးတာမရှိပါဘူး။ ဟောဒီမြေပေါ်မှာ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံ တွေ အကြား ခေတ်အဆက်ဆက် ဆက်ဆံရေးဟာ တစ်ပုံစံထဲပါပဲ။ ဒီနေ့အထိ လည်း မပြောင်းမလဲပါပဲ။
လူထုရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားဆိုင်ရာ ဆုံးဖြတ်ချက်၊ တိုင်းပြည်ရဲ့ ကံကြမ္မာ၊ လူ့အဖွဲ့အစည်းတိုးတက်မှု၊ သာမန်လူထုများရဲ့ ဘ၀အရည်အသွေး အားလုံးကို အာဏာရှင်များကပဲ ချုပ်ကိုင်ထားပါတယ်။ အားလုံးသော တိုးတက်မှုတွေဟာ အပေါ်ကပိုင်းရဲ့ ပေးကမ်းစွန့်ကြဲမှုက လာပါတယ်။ အဲဒီအတွက် အပြုခံလူထုက အုပ်ချုပ်သူကို သစ္စာရှိကြောင်း၊ ကျေးဇူးတင်ကြောင်းပြသဖို့ ‘သက်ကျော် ရာကျော် ရှည်ပါစေ’ အော်ဟစ်ရ ပါတယ်။
မကြာခင် နှစ်များအတွင်းမှာ အရပ်ဖက် လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားခွင့်တွေ တိုးတက်လာသော်လည်း၊ အဲဒီအခွင့်အရေးတွေကို ကာကွယ်ဖို့ မှေးမှိန်နေတဲ့ ပကတိလက်တွေ့အခြေအနေတွေကိုလည်း ကျနော်တို့ ရှာကြည့်ရပါမယ်။ တကယ်တော့ အာဏာရှင်စနစ်ယန္တရားနဲ့ ကျေးကျွန် ယဉ်ကျေးမှု အခြေခံအုတ်မြစ်ကို ကိုင်လှုပ် ဖယ်ရှားပစ်နိုင်မယ့် အေက်ခြေလူထုလှုပ်ရှားမှုတွေ တရုတ်မှာ အတိုင်းအတာ ကြီးကြီး ပေါ်ထွက်လာဖို့၊ အောင်မြင်ဖို့ လမ်းစ အခုထိမမြင်ရသေးပါဘူး။
ဒါဟာ ဘာကြောင့်လဲ။
ဝန်ခံရရင် အာဏာရှင်များရဲ့ ဖိနှိပ်လွန်းအားကြီးမှုကြောင့် ပါပဲ။ ဖိနှိပ်ခံရလွန်းတော့ လူထုအဖို့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ သူတို့အတွက် ဘာမှ ထူးခြား လာမှာ မဟုတ်ဘူးလို့ မြင်လာကြတယ်။ လူထုရဲ့ စိတ်ထဲမှာ အသိဥာဏ်မဲ့မှု၊ သူရဲဘောကြောင်မှုနဲ့ မျက်ကန်းဖြစ်နေမှုတို့ဟာ အဖိနှိပ်ခံ ဖြစ်နေရခြင်းနဲ့ သူတို့ လွတ်မြောက်ခြင်း အကြား ဘာမှ မကွာခြားဘူးလို့ မြင်တဲ့အထိ ဖြစ်လာပါတယ်။
သူရဲဘောကြောင်မှုနဲ့ သံသယစိတ် လွန်ကဲမှုကြောင့်ပဲ အဖိနှိပ်ခံရခြင်းဆိုတာ အပစ်ပယ်ခံရခြင်း ခွဲခြားဆက်ဆံခံရခြင်းလို့ အဓိပ္ပါယ် ပေါ်လာပါတယ်။ ဒါနဲ့ပဲ အာဏာရှင်ရဲ့ ကြံရာပါ၊ လက်ပါးစေ၊ ကျိုးကျိုးနွံ့နွံ့ နှုတ်ဆိတ်နေသူများ ဖြစ်သွားကြရပါတယ်။ ဘယ်အခါမှာများ ကျနော်တို့ တိုင်းသူ ပြည်သားတွေဟာ စစ်မှန်တဲ့ လွတ်မြောက်မှုအတွက်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် အစမ်းသပ် ခံကြမလဲ။ ဘယ်အချိန်ကျမှ တရုတ်ပြည်ဟာ အာဏာရှင် မင်းအဆက်ဆက် စိုးမိုးမှုအောက်မှ ကသောင်းကနင်း အခြေအနေတွေနဲ့ အဆိုးသံသရာ သမိုင်းစက်ဝန်း ထဲကနေ ဖောက်ထွက်နိုင် ကြမလဲ။
မျိုးဆက်ပေါင်းများစွာကနေ ယနေ့ CCP စိုးမိုးထားတဲ့ နေ့ရက်များအထိ ကျနော်တို့ လူထုခေါင်းထဲမှာ ဒုက္ခပေးနေတဲ့ ဝေါဟာရတွေ ရှိပါတယ်။ ‘လွတ်လပ်ရေး ရပြီးနောက်’ ‘တိုင်းပြည်စတည်ထောင်ကတည်းက’ ‘ကွန်မြူနစ်ပါတီမရှိဘဲ တရုတ်ပြည်သစ် ဖြစ်မလာနိုင်ဘူး’ ‘ခမ်းနားထည်ဝါတဲ့ တပ်မတော်ကြီး’ တို့ဟာ လူထုရဲ့ အခြေခံသမိုင်းနားလည်မှုဖြစ်ပြီး၊ စိတ်ထဲမှာ အနည်ထိုင်နေတဲ့ ဘာသာဗေဒ အလေ့အကျင့်စရိုက်များပါပဲ။
လူထုရဲ့ စကားပြောမှု ရေးသားမှုတွေမှာ အဲဒီ အသုံးအနှုန်းတွေက ကျယ်ကျယ်ပြန့်ပြန့် အဆင်တန်ဆာလို ဖြစ်နေတယ်။ CCP ရဲ့ သမိုင်းကို နောကျေအောင်သိတဲ့ ပညာတတ်တွေ လစ်ဘရယ်ကျသူတွေ တောင်မှ CCP အာဏာရယူပြီးနောက် မရေမတွက်နိုင်တဲ့ ရာဇ၀တ်မှု ကျူးလွန်တဲ့အကြောင်း ဖော်ထုတ်ရေးသားတဲ့အခါ အဲဒီဝေါဟာရ အသုံးနှုန်းတွေ အပ်ကြောင်းထပ်အောင် ပါနေပါတယ်။
အလားတူပါပဲ။ ၁၉၈၉ ဇူလိုင် ၄ တီယန်နန်မင် လူသတ်ပွဲအကြောင်း ယနေ့ လူအများစုကြီး ပြောကြတဲ့အခါ၊ ‘ကသောင်းကနင်း ကာလ’ တို့၊ ‘အရေးတော်ပုံ’ ဆိုတဲ့ အသုံးနှုန်းတွေကို သတိထား ရှောင်ရှား ပစ်လိုက်ကြတယ်။ ကြီးမားတဲ့ ငြိမ်းချမ်းတဲ့ ချီတက်ပွဲနဲ့ အစုလိုက်အပြုံလိုက် သွေးထွက်သံယို သတ်ဖြတ်ခံရမှု အတွေ့အကြုံတွေ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကနေ့ ပေကျင်းမြို့ လူထုကတောင် အဲဒီ ဝေါဟာရတွေ ပစ်ပယ်လိုက်ကြ တယ်။
တကယ်တော့ အာဏာပိုင်တွေက မီဒီယာတွေကနေ ‘ကသောင်းကနင်း ကာလ’ နဲ့ ‘အရေးတော်ပုံ’ ဆိုတဲ့ အသုံးအနှုန်းတွေကို ‘နိုင်ငံရေးဆိုင်ရာ နှောင့်ယှက်မှုများ’ လို့ ဘယ်လို ၀ါဒဖြန့်ပြောင်းလဲပစ်ပစ်၊ မှန်ကန်တဲ့ လူထု ဘာသာစကားတွေကို များများ ပြောင်းမပစ်နိုင်ပါဘူး။
၁၉၉၉ ခုနှစ် ကျန်ဇီမင်း အစိုးရ ဖာလွန်ဂေါင်းဂိုဏ်းကို နှိပ်ကွပ်ဖြိုခွဲပြီးနောက်မှာ အထက်တန်းကျောင်းနဲ့ ကောလိပ်စာအုပ်တွေထဲ ‘အစွန်းရောက် ကိုးကွယ်ယုံကြည်မှု’ ဆိုတဲ့ အသုံးနှုန်းဝင်လာပြီး ကျောင်းသားတွေကြားထဲ ရိုက်ထည့်တယ်။ ကာလရှည်ကြာစွာ ကျေးကျွန်ပြုနိုင်ဖို့အတွက် လူထုစိတ်ထဲ အတင်း အိုင်ဒီအိုလော်ဂျီ သွတ်သွင်းခြင်းဟာ ဘာသာစကားနဲ့ သမိုင်းမှတ်ဥာဏ်တွေကို အများကြီး ထိခိုက်စေပါတယ်။
မြင့်မြတ်တဲ့ ဘာသာဗေဒ-ဒဿန ပညာရှင်ကြီး Ludwig Wittgenstein ရဲ့ အဆိုအမိန့် တစ်ခု ရှိပါတယ်။ “ဘာသာစကားဆိုတာ အစဉ်အလာနေထိုင်မှု မြင်ကွင်းတွေကို ဖော်ပြတဲ့ ကရိယာ (tool) တစ်ခု မဟုတ်ဘူး။ လှုပ်ရှားသက်ဝင်နေတဲ့ အပြုအမူ (action) သာဖြစ်တယ်။ တစ်ဦးတစ်ယောက်က မိမိကိုယ်ကို ဖော်ပြဖို့ ဘာသာစကား အသုံးပြုတဲ့ နည်းလမ်းကို ရွေးချယ်လိုက်ပြီဆိုရင် ဒါဟာ တွေးဖို့ ရွေးချယ်လိုက်တာပဲ။ သူဟာတွေးဖို့ ရွေးချယ်တယ်ဆိုရင် နေထိုင်ဖို့ ရွေးချယ်တာပဲ” လို့ ဆိုခဲ့တယ်။
ဒါကို ထပ်ချဲ့ပြောမယ်ဆိုရင် တစ်ဦးတစ်ယောက်ဟာ အုပ်ချုပ်သူအပေါ် လေးလေးနက်နက် ကျေးဇူးတင်မှုကို ဘာသာဗေဒနည်းနဲ့ ဖော်ပြတယ်ဆိုရင် အဲဒါ ကယ်တယ်ရှင် မျှော်ကိုးစိတ် ကိုယ့်ဟာကို ဖန်တီးလိုက်တာပဲ။ အဲဒီ ကယ်တင်ရှင် အားကိုးစိတ်က မလွှဲသာမရှောင်သာပဲ အထက်က ပေးသနားမှုကို စောင့်မျှော်ရတဲ့ (ကျားသနားမှ နွားချမ်းသာရမယ့်) ကျေးကျွန်ဘ၀နေနည်းကို ဦးတည် သွားစေတယ်။ ကယ်တင်ရှင်မရှိရင် တစ်စုံ တစ်ဦးဟာ အိမ်ခြေရာမဲ့ ခွေးလေခွေးလွင့်သဖွယ် သနားစရာကောင်းတဲ့ စိတ်ခံစားချက်နဲ့ အခြေအနေဆိုးမျိုး ရောက်သွားမှာကို ကြောက်နေတတ် ပါတယ်။
***********************************
အချိန်တိုင်း အချိန်တိုင်းမှာ လူထုဟာ ထိပ်ဆုံးအုပ်ချုပ်သူတွေထံကနေ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့ မျှော်လင့်ချက်ကြီးကြီး ထားကြပါတယ်။ ဒါပေမဲ့ အချိန်တိုင်း စိတ်ပျက်မှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ အဆိုးဆုံးအပိုင်းကတော့ CCP ဦးဆောင်တဲ့ အပြောင်းအလဲမှာ ဘာမှထူးထူးခြားခြား ပြောင်းလဲဖို့ မျှောင်လင့်ချက် မရှိပေမဲ့လည်း၊ လူထုရဲ့ စိတ်ပျက်မှုတစ်ခုပြီး နောက်စိတ်ပျက်မှုတစ်ခုဟာ ပြီးဆုံးသွားတယ်ရယ်လို့ မရှိဘူး။ ဒါက ဘာကြောင့်လဲ။
အချို့ကတော့ တိုင်းပြည်ရဲ့ အမျိုးသားအခြေအနေတွေကြောင့်လို့ ဆိုတယ်။ အချို့ကလည်း ဒီလောက် ကြီးမားတဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်ကသာ ထိန်းချုပ်ထားနိုင်မယ်လို့ ပြောကြတယ်။ တချို့ကျတော့ CCP ဟာ အဏာသိပ်ကြီးလွန်း၊ ရင်းမြစ်တွေအပေါ် လက်ဝါးကြီးအုပ်ထားလွန်းလို့ အခြားဘယ်အင်အားစုကမှ ပြောင်းလဲဖို့ စိန်မခေါ်နိုင်ဘူးလို့ ပြောကြတယ်။ အချို့ကလည်း အတိုက်အခံအုပ်စုတွေဟာ ပေါ်ပြူလာနိုင်ငံရေး လမ်းကြောင်း လိုက်လွန်းလို့ သူတို့အာဏာရရင် CCP ထက်တောင် ပိုဆိုးဦးမယ်လို့ ပြောကြတယ်။
အချို့ကလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလုပ်ခင် စီးပွားရေးဖွံ့ဖြိုးမှု အရင်လုပ်သင့်တယ်လို့ ပြောတယ်။ စီးပွားရေးဖွံဖြိုးမှုကသာ တိုင်းပြည်တည်ငြိမ်မှုကို ထိန်းထားနိုင်မယ်၊ CCP လုပ်ဆောင်တာ မှန်တယ်လို့ ပြောပါတယ်။ အခြားသူတွေကလည်း ပြည်မကြီးရဲ့ လူဦးရေက သိပ်များလွန်းပြီး အသိပညာ နုံနဲ့တာကြောင့်မို့ အထက်က ဆောင်ရွက်ပေးတာသာလျှင် အသင့်တော်ဆုံးလို့ ဆိုပါတယ်။
အဲဒီ အားလုံးသော ပြောဆိုချက်တွေကိုကြည့်ရင် တကယ်လို့ CCP သာမရှိခဲ့ရင်၊ CCP သာ ပြုတ်ကျသွားခဲ့ရင် သူ့နေရာ ထိထိရောက်အစားထိုးဖို့ ဘယ်သူနေရာယူနိုင်မလဲပေါ့။ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ တရုတ်နိုင်ငံရေး ကျယ်ကျယ်ပြန့်ပြန့် မြင်သူတွေက ဒီမေးခွန်းကို မဖြေနိုင်ကြတော့ဘူးလား။ ဒါကြောင့်မို့လဲ အပေါ်က ချပေးတဲ့ မဖြစ်စလောက် ပျော်ရွှင်မှု လက်ဆောင်လေးတွေ ကိုသာ လူထုက ရွေးချယ်နေကြရတာပေါ့။
ဒီတော့ ကျနော်တို့ တိုင်းသူပြည်သားတွေ ကိုယ့်ဟာကိုယ် အရှင်သခင်ဖြစ်ဖို့လည်း မပြင်ဆင်ဘူး၊ တိုက်ယူဖို့လည်း မကြိုးစားဘူး၊ တစ်ဦးချင်း အခွင့်အရေးအတွက် ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင်ဖြင့်၊ လက်ရှိ အုပ်ချုပ်သူတွေ မရှိတဲ့အခါ တိုင်းပြည်ဖရိုဖရဲနဲ့ ချောက်ထဲကျသွားမယ်ဆိုတဲ့ အယူအဆကိုပဲ မသိစိတ်မှ စွဲနေကြမှာပဲ။ ဒီအယူအဆပုံစံဟာ CCP ရဲ့ ကာလရှည်လျားစွာ အိုင်ဒီအိုလော်ဂျီ ရိုက်သွတ်သွင်းမှုကနေ လာတာ ဖြစ်ပါတယ်။ ဒီယူဆချက်ဟာ ကနေ့အထိ မပြောင်းသေးတဲ့ တိုင်းသူပြည်သားများရဲ့ ကျေးကျွန် စရိုက်သဘာဝ ကနေ လာတာဖြစ်ပါတယ်။
**************************************
အာဏာရှင်တွေဟာ သမိုင်းဆိုင်ရာ အချက်အလက်တွေကို လျစ်လျူရှုပြီး အဲဒီအယူအဆမျိုးကို ဘာကြောင့် အမြဲရိုက်သွင်းနေတာလဲ။ အကြောင်းရှိပါတယ်။ သူတို့ဆုံးဖြတ်တဲ့ မူဝါဒတိုင်း၊ သူတို့ပြောတဲ့ အရာရာတိုင်းမှာ အဆုံးစွန် ရည်ရွယ်ချက်တစ်ခုထဲသာ ရှိပါတယ်။ အဲဒါကတော့ အာဏာကို လုံးဝ ထိန်းချုပ်ထားရေးပါပဲ။
သို့သော် အဲဒီ အပေါ်ကရိုက်သွင်းတဲ့ အယူအဆကို လူထုအနေနဲ့ လက်ခံဖို့ ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအယူအဆကို ထောက်ပံ့ပေးနေတဲ့ စနစ်ဟာ လူထုကို လူသားတွေ အဖြစ် အသိအမှတ်မပြု၊ မဆက်ဆံတဲ့ စနစ်ဖြစ်နေလို့ပဲ။ ဘာကြောင်မှ လက်ခံစရာ မရှိပါဘူး။
တကယ်လို့ ကျနော်တို့ တိုင်းသူပြည်သားများဟာ သမိုင်းဆိုင်ရာ မှန်ကန်တဲ့ အချက်အလက်တွေကို မေ့ပစ်ပြီး၊ အထက်ကလာတဲ့ အယူအဆမှာပဲ မိန်းမောယုံကြည်နေကြမယ်ဆိုရင် သူတို့ပေးတဲ့ မရေမရာ မျှော့်လင့်ချက်တွေကိုပဲ ကျေနပ် လက်ခံနေရဦးမှာပဲ။ တစ်ကြိမ်တစ်ခါ မျှော်လင့်ချက်အတွက် ကိုးကြိမ်ကိုးခါ သေခဲ့လျှင်တောင်မှ ကောင်းမြတ်တဲ့ အုပ်ချုပ်သူ ပေါ်ပါစေလို့ ဆုတောင်းနေကြရဦးမှာပဲ။
အောက်ခြေလူထု လှုပ်ရှားမှုတွေရယ်၊ တစ်ဦးချင်း ရပိုင်ခွင့်ရယ်အတွက် တိုက်ပွဲဝင်ခဲ့သူတွေကို အာဏာရှင်စနစ် ပြောင်းလဲဖို့ ဆောင်ရွက်နေသူတွေလို့ လက်ခံဖို့ထက် အဟန့်အတားလို့ပဲ မြင်နေကြဦးမှာပဲ။ ပေါ်လစီကောင်း တစ်ရာခိုင်နှုန်းလောက် ချပေးပြီး၊ ၉၉ ရာခိုင်နှုန်း ဆိုးသွမ်းနေတဲ့ အစိုးရအပေါ် ဆန့်ကျင်နေသူတွေကို အတားအဆီးလို့ မြင်နေကြဦးမှာပဲ။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ထောင်သွင်းအကျဉ်းချမှုတွေ၊ ပြည်ပြေးဘ၀တွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတာတောင်မှ အာဏာရှင်တွေကို “အမှားမရှိသော၊ ခမ်းနားကြီးမြတ်သော၊ ဘုန်းတန်ခိုး ဂုဏ်ဒြပ်ကြီးမားသော” စတဲ့ ဂါထာပရိတ်မွှန်းပြီး ကျေးဇူးတင်မဆုံး ဖြစ်နေကြဦးမှာပဲ။
**********************************************
တန်(င) မင်းဆက်ခေတ် ကဗျာဆရာကြီး ဘိုင်ချူးယိ က “တောမီးတွေ သူတို့ကို ဘယ်တော့မှ မဖျက်ဆီးနိုင်ပါ.. နွေဦး လေပြေထဲမှာ ထပ် ကြီးထွားဦးမှာ…” လို့ အုပ်ချုပ်သူတွေအတွက် ရေးဖွဲ့တယ်။ တရုတ်ပြည်မကြီးရဲ့ အဲဒီကျော်ကြားတဲ့ ကဗျာဟာ လူထုကို သတ္တိရှိရှိ မားမားမတ်မတ်ရပ်နိုင်ဖို့ ဖွဲ့ဆိုတာ မဟုတ်ဘဲ၊ လူထုကို အမြဲဒူးထောက်မှု ကျင့်သားရစေဖို့ တိုက်တွန်းထားတာ ဖြစ်တယ်။ ဧကရာဇ် ထီးနန်းအောက်မှာ အရပ်ဖက်နဲ့ စစ်ဖက်အရာရှိတွေဟာ အုပ်ချုပ်သူ ‘သက်ကျော်ရာကျော် ရှည်ပါစေ’ သုံးကြိမ်သုံးခါ အော်ဟစ်ရင်း ဒူးထောက် ဦးချနေကြရတယ်။
တီယန်နန်မင် ထိပ်မှာ အာဏာရှင်က သူ့လက်ကို ဝှေ့ပြလိုက်တော့ ကမ္ဘာ့အကြီးမားဆုံး ရင်ပြင်ကြီးဟာ အာဏာရှင်ကို ကေင်းချီးဩဘာပေးတဲ့ ကျေးကျွန်များရဲ့ ပင်လယ်ပြင်ကြီး ဖြစ်သွားရတယ်။ ၁၉၁၁ ချင်(င) မင်းဆက် ပြိုကျပြီး CCP အာဏာရကတည်းက ကျနော်တို့ တိုင်းသူပြည်သားတွေဟာ သူတို့ဘိုးဘွားတွေထက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပိုဒူးထောက်လာကြရတယ်။
‘လူဟာ တရားမျှတမှု လွတ်လပ်မှုနဲ့ မွေးဖွားလာတယ်’ လို့ မှန်ကန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ လောကတရားက ဆိုဆုံးမထားတယ်။ တကယ်တော့ ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဖြစ်မှု၊ မတရား မမျှတမှုတွေဟာ အုပ်ချုပ်သူရဲ့ အာဏာအလွန်အကျွံ ကျင့်သုံးမှုနဲ့ ပညာဥာဏ် အမြှော်အမြင်ကြောင့် ဖြစ်စေတာမဟုတ်ဘူး။ အအုပ်ချုပ်ခံ လူထုရဲ့ ဒူးထောက်မှုကြောင့်သာ ဖြစ်နေကြရတာပါ။
သုံးကြီမ် ဦးချရပြီး၊ ကိုးကြိမ် ဒူးတုပ်ပြရတဲ့ အင်ပါယာခေတ် ကုန်ဆုံးခဲ့ပြီး နှစ် ၁၀၀ ကျော် ယနေ့အချိန်ကာလမှာ ကျနော်တို့ တိုင်းသူပြည်သားတွေ ကိုယ့်ကိုယ်ကို အရှက်ရအောင် ပြုမူနေကြဦးမှာလား။ ဒူးထောက်ရတဲ့ အခြေအနေကို ကာကွယ်ဖို့ အမျိုးမျိုး အကြောင်းပြနေကြဦးမှာပဲလား။ လူနေမှုအဆင့်အတန်းကောင်းကောင်း ရဖို့နဲ့ ချမ်းသာတဲ့သူတွေ ပါတီထဲ ၀င်ခွင့်ရရေးအတွက် အာဏာရှင်တွေကို ကျေးဇူးတင်မဆုံး ဒူးထောက် မော်ဖူးမဆုံး ဆက်လုပ်နေကြဦးမှာပဲလား။
လွတ်လပ်တဲ့ တရုတ်ပြည်ကြီး ပေါ်ထွန်းဖို့အတွက် အာဏာရှိသူတွေထံက ‘ပေါ်လစီသစ်တွေ’ ထိုင်မျှော်နေခြင်းဟာ ဆိုးရွားရူးသွပ်လွန်းပါတယ်။ လူထုကြားမှာပဲ ‘အားအင်သစ်တွေ’ ဆက်တိုးချဲ့နိုင်ရေး မျှော်လင့်ကြဖို့ပဲ ရှိရပါမယ်။ လူထုအတွက် ဂုဏ်သိက္ခာ (dignity) ကို အယူအဆအရရော တရားဝင်မှုအရာပါ ထူထောင်နိုင်တဲ့ နေ့ဟာ ကျနော်တို့ တိုင်းသူပြည်သားများရဲ့ လူ့အခွင့်အရေးအတွက် အင်စတီကျူးရှင်း ဆိုင်ရာ အကာအကွယ် ရရှိတဲ့ နေ့ပါပဲ။

ရည်ညွှန်း။ Can it be that the Chinese People deserve only ‘CCP party-led democracy” by Liu Xiaobo

ရဲနွယ်မိုး
မှတ်ချက်။ အလင်းရနံ ဂျာနယ် အမှတ် (၅ ) တွင် ဖော်ပြပြီးဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...