မိန်းမ တစ်ယောက်ရဲ့ ဒိုင်ယာရီ
April 5, 2014 at 4:56am
စာမျက်နှာ - ၁
အတ္တကို ခြေတစ်ဖျားစာ ထောက်ပြီး ရပ်ကြည့်မိတယ်
မျက်စိတစ်ထွာလောက်မှာ မိုင်ချီပြီး ၀င်လာတဲ့
လိင်အသားပေး အာသာဖြေစိတ်တွေက ဖွားခနဲ
ခေတ်ကြီးက တိုလိုက်တာမေမေရယ်
ကျမတို့တွေလည်း ခြောက်လက်မလောက် ရှည်တဲ့ ဘောင်းဘီတွေနဲ့ပေါ့။
စာမျက်နှာ -၂
စပါယ်ယာက တွန်းတင်တာများလို့
ယောင်ကိုင်းလာတဲ့ တင်ပါးများ
ကျမ မရှက်ပါဘူး မောင်ရယ်
ဒီခေတ်ကြီးမှာ အရာရာ ပွင့်လင်းသွားပြီ မဟုတ်လား။
ရုန်းရင်း ဆန်မခတ်ပါဘူး
ခဏတိုင်း အထောက်ခံရတော့လည်း
အဆိုတွေ တင်သွင်းဖို့ မေ့လာတာက များပါတယ်။
စာမျက်နှာ - ၃
အင်တာနက်ဆိုင်သွား ခိုးကြည့်မှာက
မောင်ပြထားတဲ့ Porn Site
ညဘက်ဆို ချက်တင်က စာကြောင်းတွေက
မောင်ရေးပို့နေတဲ့ လိင်အသားပေး စာသားများ
ကျမက အင်တာနက်သုံးတတ်ပါတယ်
မြန်မာစာ ကောင်းကောင်းရိုက်တတ်ပါတယ်
သူဌေးတစ်ယောက်ရဲ့ အင်တာဗျူးမှာ
ကျမ ခုဆို ရဲရဲ ၀ံ့ဝံ့ ဖြေဆိုနိုင်ပြီပေါ့။
စာမျက်နှာ - ၎
ကျမလည်း လူပဲ လိင်ခိုးဆက်ဆံမှာပေါ့
ပြဿနာက အပျိုစစ်ခြင်း မစစ်ခြင်းလား
ရှင်တို့ ပါးစပ်ထဲက လောက်ကောင်တွေထွက်ထွက်လာတာကျမ စိတ်ဝင်စားပေးရမလား
တစ်လ ခုနှစ်သောင်းတန် အလုပ်တစ်ခုနဲ့အငယ်ကောင်ကို ကျောင်းမထားနိုင်ဘူး အမေ
ဟန်းဆက်ပေးထားတဲ့ ရုံးက မန်နေဂျာအကြောင်း
နောက်ထပ် မမေးပါနဲ့တော့။
စာမျက်နှာ - ၅
သူ့အမျိုးသမီးကို ကျမ သတ်ချင်တယ်
သူ့အမျိုးသမီးကို သူဘယ်လောက်ထိ ချစ်ပါကြောင်းသူ့စကား နားထဲ တဟုန်ထိုး ၀င်လာတာက
ကျမ အ၀တ်အစားတွေ ပြန်မ၀တ်ရသေးခင်ပေါ့
ကိစ္စမရှိပါဘူး အဲလို အဖြစ်တွေနဲ့ ကျမ ရိုးအီနေပြီပဲ
၃ လစာလောက် ကိုရီးယားနိုင်ငံထုတ် Skin Care တွေ
နောက်ရက် လျှော့သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စာမျက်နှာ - ၆
နေကြာပန်းထဲက နေကြာစေ့နဲ့ လှော်ပြီးသား နေကြာစေ့
ရှင်တို့ ဘာရွေးမလဲ
အဟက် .. အရံသင့် စားမယ့် အရာကိုပဲ ရွေးမှာမလား
ကျမက လှော်ပြီးသား နေကြာစေ့ပါ
ဒါတင်မက ပါကင်လှလှလေး ထုတ်ပိုးထားဖို့
ကျမ ဆံပင်တွေ ခြောက်သောင်းဖိုး ဖြောင့်လိုက်တယ်
ထုတ်ပိုးမှု ပုံစံကွာသွားတာနဲ့ ဈေးကြီးလာမယ်ဆိုတာတော့
ရှင်တို့ သိထားပြီးသား မဟုတ်ပါလား။
စာမျက်နှာ - ၇
လည်လွန်းတဲ့ ဘီး ချီးသင့်တယ်တဲ့
ချီးပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျမ စိတ်မ၀င်စားပါဘူး
ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လောက်ပဲ သန့်သန့်
အချိန်တန်တော့လည်း ဇစ်ကိုပဲ ချွတ်ကြတော့တာပါ
ဒေါက်ဖိနပ်ခပ်မြင့်မြင့် စီးထားတဲ့ ကျမ နောက်ပိုင်းကို
ဟော ခုဆို … လူတစ်ယောက် ကပ်ပါလာပြီ
သူ့ကားအဖြူလေးနဲ့ မြို့ထဲကို တစ်ပတ်လောက် လိုက်ရလည်း
မဆိုးဘူးမလား ရှင်ရဲ့။
စာမျက်နှာ - ၈
စတွေ့တာကတော့ ကလပ်ထဲမှာပေါ့
သူပြောတဲ့ အကြံနဲ့ ကျမ ဓါတ်ပုံအရိုက်ခံခဲ့တယ်
ခုဆို ကျမဟာ တဟုန်ထိုး နာမည်ကြီးသွားတဲ့
အင်တာနက်မှာ အဆဲခံရဆုံး မိန်းမတစ်ယောက်ပေါ့
ကျမ အရင်လို မအားတော့ပါဘူး
ဖုန်းတွေ တစ်ဂွမ်ဂွမ်လာပြီး ဈေးတွေ ထိုင်ဖြေနေရတယ် အမေရယ်။
စာမျက်နှာ - ၉
ခေတ်ကြီးက ခါးပါတယ် အမေရယ်
ခါးသက်လာခဲ့တာ များလာတော့
တက်ခါစကလို မနံတော့တဲ့ အိမ်သာတစ်လုံးလိုပါပဲ
အဲဒီ အဆိပ်တွေနဲ့ ကျမ ယဉ်ပါးလာတယ်
လာမယ့် လပြည့်နေများ အမေ ဘုရားရောက်ခဲ့ရင်
လေးခါ မြောက်ဖျက်ချလိုက်ရတဲ့
အမေ့မြေးလေးကို အမျှဝေပေးပါ။
စာမျက်နှာ - - -
လောကကြီးက ဘာမှ မပေးခဲ့တော့
ကျမမှာ ရှိတာကိုပဲ ရင်းနှီးလုပ်ကိုင်ခဲ့တာပဲ
ဘယ်သူ့ကိုမှ ကျမ ထိခိုက်အောင် မလုပ်ခဲ့ပါဘူး
ကျမကိုပဲ အနာတရတွေ သူတို့ ပေးနေကြတာ
ပျင်းလာရင် ကျမ ဓါတ်ပုံကို ဆဲထားကြတဲ့
ထောင်ပေါင်းများစွာသော လူတွေကို ကျမ ရယ်မယ်
ကိစ္စမရှိပါဘူး ဆဲဆိုမုန်းတီးနေကြတဲ့ လူတွေကိုကျမ ခန္ဓာကိုယ်နဲ့ ပစ်ပေါက်ပြီး ညှို့ငင်လိုက်ရင်
ပါလာမယ့် လူတွေ အများကြီး
ကျမ ယုံတယ်။
- ရင်နင့်အောင် -

0 comments:
Post a Comment