နွံ
ငယ်ငယ်က နွံ့ တွေ ဆော့လွန်းလို့  မိဘက ကိုယ့်ကိုအမြဲ မာန်မဲနေရတာပါ။ နွံ့ ဆိုတာ ဆော့ဖို့ တောင် မသင့်တော်တဲ့ နေရာတစ်ခုမဟုတ်လား။ ကိုယ်က နွံ့ မှာ ဆော့ဖူးတာပဲ ရှိတာ၊ တစ်ချို့ ကိုယ့်လို အရွယ်ကလေးတွေက နွံ ထဲကနေ ဘ၀ကို ရုန်းကန်ကြရတာပါ။
တစ်ချို့ သော သူငယ်ချင်းတွေဆို နွံထဲဆင်းပြီး ငါး(နှိုက်)ဖမ်းရတာ တစ်နေကုန်ဘဲ။ သူတို့ တစ်နေကုန် နွံထဲမှာ စိမ်နေမှ သူတို့ အိမ်
ရဲ့ ဟင်းစားရယ်၊ မီးဖိုချောင်စရိတ်လေးရယ် ဒီလောက်ပဲ ဖူလုံတာကိုတွေ့ ရတယ်။ ကိုယ့်မိဘက နွံထဲမဆင်းဖို့  တားနေတဲ့အချိန်မှာ၊
သူတို့ မိဘတွေက နွံထဲမဆင်းရင် ဆူပူနေတာကို မြင်ရတယ်။
ဒါတွေဟာ ဘ၀ပါလားဆိုတာ သိခွင့်ရခဲ့တယ်။ ဘယ်မိဘမှ ကိုယ့်သားသမီးကို နွံထဲ မရောက်စေချင်ပေမယ့် ဘ၀က ဒီလို အခြေအနေပေးလာတော့လည်း ခိုင်းရတာလို့ ပဲ မြင်မိပါတယ်။ ရွှံ့ နွံထဲမှာ နေခဲ့ရတဲ့အချိန်တွေက ကိစ္စမရှိပေမယ့် အနာဂါတ်ဘ၀နွံထဲမှာ မနစ်ဖို့ 
တော့ လိုတယ်။
ငါးကို ဖမ်းဆုပ်တဲ့ လက်ကလေးတွေကနေ အခွင့်အရေးတွေ ဖမ်းဆုပ်နိုင်တဲ့ထိ ဖြစ်လာဖို့ လိုပါတယ်။ မိဘက ကလေးဘ၀မှာ စီမံပေးနိုင်ပေမယ့် အရွယ်ရောက်လာရင် မိမိတို့ ကိုယ်တိုင် စီမံရေး၊ ခန့် ခွဲရေးတွေ လုပ်ကြရတယ်။ အချိန်ပြောင်းလဲလာတာနဲ့ အမျှ အတွေးတွေလည်း ပြောင်းလဲလာအောင် ဖန်တီးယူကြရမယ်။
နွံထဲက ဘ၀ကို ကြိုးစားမှု အင်အားတွေနဲ့  ရုန်းထွက်နိုင်ကြရမယ်။ ကလေးဘ၀ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တွေကို သယ်ဆောင်လာပြီး၊ စက်ဆုပ်ရွံဖွယ်ကောင်းတဲ့ ဓလေ့တွေကို ချန်ထားခဲ့ရလိမ့်မယ်။ ရွှံ့ နွံ ထဲက ဘ၀ကို မေ့ပစ်ခဲ့ပြီး ဘ၀နွံထဲမနစ်ရအောင် ကိုယ်တိုင်ကြိုးစားနိုင်ရမယ်။
လူတိုင်းဟာ ဘ၀အတွက် ရုန်းကန်ကြတာပါပဲ။ အနည်းဆုံးတော့ တစ်ကြိမ် ရုန်းရတယ်။ တစ်ကြိမ်ရုန်းလို့ လွတ်မြောက်သွားတဲ့သူရှိသလို၊ အကြိမ်ကြိမ်ရုန်းမှ လွတ်မြောက်သူလည်းရှိတယ်။ ရုန်းရဲ့နဲ့ မလွတ်မြောက်ဖူးဆိုရင်တော့ ကိုယ်က ရုန်းကန်တာမဟုတ်ဘဲ၊ တိုးဝင်နေတာဖြစ်လို့ ဆိုတာ သိလိုက်ပါ။
ဆော့ဖို့ တောင် မကောင်းတဲ့ ရွှံနွံတွေလိုပဲ၊ ဘ၀နွံဆိုတာလည်း တွေးကြည့်တာတင် စိတ်ပျက်ဖွယ်ပါ။ " နွံ " ဆိုတာ ဘယ်နေရာမှာမှမရှိသင့်တဲ့ အရာပါ။ နွံ နစ်နေရင်တောင် အမြန်ရုန်းထွက်ဖို့ လုပ်ပါ။ သိချိန်နဲ့ ၊ လုပ်ချိန်တစ်ထပ်တည်းဖြစ်တာဟာ အကောင်းဆုံးပါပဲ။
သိပြီး မလုပ်တာဟာ ညံ့ရာရောက်တာကြောင့် " နွံ " လို့ သိတာနဲ့  ခွန်းအားသုံးပြီး ရုန်းထနိုင်ဖို့  ကြိုးစားလိုက်ပါ။
True Man
0 comments:
Post a Comment