Monday, April 14, 2014

“လောင်းမှာလား သင်္ကြန်ရေ”

 
         သင်္ကြန်ဆိုတာ နှစ်တိုင်းနှစ်တိုင်း ဧပြီ ၁၃ အကြိုကစလို့ ၁၄၊ ၁၅၊ ၁၆  ပဲ ရှိတယ်။ အက်ြနှစ်ရက်ပါရင် စုစုပေါင်း ၄ ရက်ဖြစ်သွားတယ်ဆိုပေမယ့်လည်း ကိုယ်တို့ မြန်မာတွေကတော့ ဘယ်တော့မှ ရေကစားလို့ မ၀နိုင်ပါဘူး။
မော်လမြိုင်မှာဆို နှစ်ဆန်းတစ်ရက်နေ့လည်း ပက်ကြတုန်းပဲ လို့ တတပြီး မော်လမြိုင်ရောက်အောင်ပဲ သင်္ကြန်နောက်ကလိုက်ရကောင်းနိုးနိုး သံယောဇဉ် အမျှင်မပြတ်ရှိတတ်ကြပါတယ်။ ဟိုးတုန်းက အကြိုနေ့ ပက်လေ့ပက်ထမရှိပေမယ့် အခုများဖြင့် အကြိုနေ့မှာကတည်းက မဏ္ဍပ်ဖွင့်ပွဲလုပ်တယ်ဆိုပြီး ထိန်းမနိုင်သိမ်းမရ ပက်ကုန်ကြလေရဲ့။ ဒီ့ထက်စောပြီး မကြိုနိုင်ကြတော့ဘူးလို့လည်း မထင်လေနဲ့။ သင်္ကြန်ပိတ်ရက်မစခင် နောက်ဆုံးရုံးတက်ရက်ဟာ ကိုယ့်အလုပ်ကိုယ့်ဌာနမှာ စတုဒီသာလေးတွေကျွေးပြီး ကိုယ့်ဝန်ထမ်းအချင်းချင်း တုတ်တုတ်ရွှဲအောင် ရေလောင်းကြပြန်သေးတယ်။ ဆေးကျောင်းနောက်ဆုံးနှစ်တုန်းက အဲသလို သင်္ကြန်မျိုး လမ်းမတော်ကျောင်းမှာ နွှဲခဲ့ရတာ ပျော်ဖို့ကောင်းသလား မမေးပါနဲ့။ အိမ်ပြန်လမ်းမှာ တကိုယ်လုံးရွှဲရွှဲနစ်နစ်နဲ့ လူတကာဝိုင်းကြည့်ခံရတယ်။ ရန်ကုန်မြို့ရဲ့ နံမည်ကျော် စကော့ဈေးသင်္ကြန်လည်း သည်အတိုင်းပဲ။ ခုလာမယ့်သင်္ကြန်ကျရင် ဘာတွေဝတ်မယ် ဘာတွေဆင်မယ်၊ သူများတွေ ဘယ်လိုလန်ထွက်နေကြတယ် ငေးရင်းမောရင်း ဈေးဝယ်ထွက်ရင်း စကော့ဈေးတစ်ဈေးလုံးရွှဲအောင် ရေကစားကြတယ်။ လူကြီးတွေကဖြင့် သည်လောက်နေပူကြီးထဲ နာဖျားကုန်မှဖြင့်ဆို ပူပူပင်ပင် ဆူဆူဆဲဆဲ ရှိပေမယ့် ကိုယ်ကတော့ လူငယ်ပီပီ ပျော်ခဲ့တာပဲ။

          သည်နှစ်သင်္ကြန်မှာလည်း အဲသလို အကြိုသင်္ကြန်ကျတာတွေ မရှိပဲ ဘယ်နေပါ့မလဲလေ။ မနေ့က ဆေးရုံပေါ်မှာတောင် ရေတွေလောင်းကြ၊ မုန့်တွေလည်စားကြလုပ်ကြသေးတယ်။ ညဘက်ရောက်တော့ ပြည်လမ်းတစ်လျှောက် ကမ္ဘာအေးဘုရားလမ်းတလျှောက်က မဏ္ဍပ်ကြီးတွေမှာ ရေမီးအစုံနဲ့ လေထီးခုန်နေကြတာ လေးငါးရက် ရှိနေပြီ။ လက်မှတ်တွေကြိုရောင်းနေတာတဲ့လေ။ ဆောင်းဘောက်အကြီးကြီးတွေ သံစုံဖွင့်ပြီး အတိုအပြတ် အဟိုက်အကြပ်ကလေးတွေ ထွန့်ထွန့်လူးနေတာများ နိုက်ကလပ်တွေ လမ်းပေါ်ရောက်လာသလား အောင့်မေ့ရတယ်။ ကားတွေကလည်း အဲ့နားရောက်ရင် သင်္ကြန်လည်သလို ဖြည်းဖြည်းလေး ဘီးလှိမ့်ပြီး လက်ကမ်းကြော်ငြာလေးတွေယူ။ ကနေတာလေးတွေ မျက်စိအစာကျွေး၊ ဘယ်မဏ္ဍပ်က ကိုယ်လိုချင်တာလုပ်ချင်တာတွေနဲ့ ကိုက်မလဲလို့ စနည်းနာကြတယ်။ ငယ်ငယ်တုန်းက တစ်ရက် ၃၅ကျပ်နဲ့ ရေပက်ခံကားလည်ဖို့ တော်တော်စဉ်းစားနေတဲ့ကိုယ်ဟာ သည်မဏ္ဍပ်ကြီးတွေပေါ်မှာ ရေကစားခွင့်ပေးတဲ့ ဈေးကို မေးတောင် မမေးရဲဘူး။ တစ်ရက်ကို သုံးလေးသောင်းလောက်ရှိတယ် လို့ပဲ အကြမ်းဖျင်းသိခဲ့တယ်။ လက်မှတ်ကုန်သွားပြီ။ ၀ယ်မရတော့ဘူး။ဆိုတဲ့ မဏ္ဍပ်တွေကဆို မျက်နှာလေးတွေဝင့်နေအောင် ချီထားတယ်။ ကိုယ့်မဏ္ဍပ်လူစည်ဖို့ လက်မှတ်များများ ရောင်းရဖို့အတွက် စောစောက မလက်တို မပေါင်တိုကလေးတွေ ငှားထားတဲ့အပြင် ဆယ်လီဗျစ်တီကြီးများကိုလည်း သင့်ရာကြိုက်ဈေးပေးလို့ ပင့်ထားရတယ်။ လူတွေပါးစပ်ဖျားမှာက စိုင်းစိုင်းမဏ္ဍပ်၊ ဖွေးဖွေးမဏ္ဍပ်၊ ဖြူဖြူ့မဏ္ဍပ်၊ နီနီ့မဏ္ဍပ်နဲ့ပဲ ရေပန်းစားမှာ မဟုတ်လား။ ဒါလည်း သူစီးပွားရေးနဲ့သူမို့ ပြောစရာ မရှိပါဘူး။ စင်တစ်စင်ဆောက်ခွင့်ပါမစ်ရဖို့ သိန်းပေါင်းများစွာပေးရတယ်။ အခိုင်အခံ့ဆောက်ရတယ်။ ရေပိုက်ဆင်ခ၊ မီးဆင်ခ၊ အသံပိုင်း၊ အစစအရာရာ ငွေတွေပုံနေအောင် လမ်းခင်းထားရတာ။ ဘယ်သူကမှ အရှုံးမခံနိုင်ဘူး။

            ဒါနဲ့ပဲ နောက်ထပ် လူစည်အောင် လာဘ်ခေါ်တဲ့ နည်းတစ်နည်းသုံးကြပြန်ပါတယ်။ အဲ့ဒါကတော့ “Lady Free” တဲ့။ နံမယ်လေးက ယဉ်ကျေးသလောက် ကိုယ့်ဘာသာ အနက်ပြန်လိုက်မိတာကတော့  သာမီးလေးတို့က ရေကစားချင်သတဲ့လား။ ငယ်ရင်ငယ်ပစေ။ ချောရင်ပြီးရော။ ကုက္ကိုကြီးတို့ မဏ္ဍပ်ပေါ်တက်ခဲ့။ ဗြားမှ ပေးဇယာလိုပု။ ရော့ ရေပိုက်၊ အင့် ဒါလေးသောက်။ ဆွဲဆရာရေ့။ ကွေ့မယ် ကိုင်ထား။လို့ပါပဲ။ နိုက်ကလပ်တွေမှာလည်း အဲ့လိုပဲလေ။ ဒါလေးတွေလာမှ ပုရိသကြီးကြီးငယ်ငယ်တွေက ကုန်ချင်ကုန် ခန်းချင်ခန်း ဇာတ်လမ်းရှာပလိုက်မယ်ဆိုပြီး အညှီရှိရာ ယင်အုံတာ မဟုတ်လား။ ဒါ သင်္ကြန်လေ သင်္ကြန်။ ဘယ်မဏ္ဍပ်ကြည့်ကြည့်။ နတ်သမီးလေးလိုလှပါတယ်။ သင်္ကြန်မယ်လေးတွေ လှပါတယ်။ ကလည်းက လှလည်းလှတော့ သင်္ကြန်မယ်လေးတွေ မရှက်တတ်တယ် ဖြစ်နေတာ။

          ဒါပေမယ့် သင်္ကြန်ပိုးဆိုတာ အရက်ကြိုက် ကြက်ပိုက်တတ်တဲ့ ယောင်္ကျားသားတွေမှာချည့် ရှိတာ မဟုတ်ဘူးလေ။ မိန်းကလေးတွေလည်း သင်္ကြန်ပျော်ချင်ကြတာပေါ့။ မိန်းမပျိုကလေးတွေ သင်္ကြန်ရေကစားမယ့်ကြံရင်တော့ ကျားရဲရာ ကြမ္မာမယိုးသာဆိုသလို အသိဥာဏ်ကလေးတွေ ကိုယ်နှင့်မကွာရှိပါမှ ဘ၀နောက်ကြောင်းအေးပေလိမ့်မယ်။ နို့မို့ သင်္ကြန်တစ်ခါပျော်လိုက်မိတာ တစ်ဘ၀လုံး ပြောင်းလဲသွားရတယ်ဆိုရင် နည်းနည်းလေးမှ မတန်ဘူး။ အို ဘာတွေလာပြောနေမှန်းလည်း မသိဘူး။ မီးတို့က ရိုးရိုးသားသား သင်္ကြန်ရေကစားတာဆိုရင်တောင်မှ ကိုယ့်အနေအထိုင် အပြောအဆို ၀တ်စားဆင်ယင်မှုဟာ မိကောင်းဖခင် သားသမီးမှန်း သိသိသာသာ ကွဲကွဲပြားပြား ရှိနေမှ လက်ရဲဇက်ရဲရှိတဲ့သူတွေ တော်ရုံမစော်ကားနိုင်မှာပါ။ သိပ်ပြီးခေတ်ဆန်ချင်လွန်းလို့၊ ပဲဆီ နှမ်းဆီ ဆက်ဆီဖြစ်အောင် ၀တ်တာများသွားရင် မူးမူးမိုက်မိုက် ထထကြွကြွရှိသူတွေရဲ့အမြင်မှာတူတူလိုက်မလား သွားမယ်မေ။လို့ ခေါ်ချင်စရာ ဖြစ်နေပါလိမ့်မယ်။ ပါးစပ်က သားပြောမယားပြော ပြောတာမျိုးလောက်တော့ဖြင့် သည်အချိန်မှာ လူတိုင်းခွင့်လွှတ်နိုင်ကြပါရဲ့။ လက်တွေ ပါပါလာတတ်လွ်းလို့သာ။ မယုံရင် ဇွန်သဉ္ဖာမှန်ကြည့်တဲ့ပုံမျိုးနဲ့ မဏ္ဍပ်ရှေ့သွားရပ်ကြည့်ပါလား။ တဖြန်းဖြန်းနဲ့ ဖူးဖူးကိုယောင်သွားမယ်မှတ်။ (ခွက်စောင်းခုတ်ခံရမယ် လို့ ပြောတာ)

          ကိုယ်လည်း ငယ်ရာကကြီးလာတာမို့ သင်္ကြန်တွင်း လူငယ်ဘ၀ ဇာတ်လမ်းရှာတာ အပြစ်တော့ မပြောလိုပါဘူး။ သက်တူရွယ်တူအချင်းချင်း ရေသဘင်ပွဲရောက်မှ နီးနီးစပ်စပ် ဆုံရတွေ့ရတာ မဟုတ်လား။ ဒါပေမယ့်လည်း ဘ၀တစ်သက်တာ လက်တွဲဖို့ကတော့ သူ့အကြောင်းကိုယ့်အကြောင်း သိစရာတွေ အများကြီးလိုသေးတယ်။ ဆုံချင်ရင်လည်း ဆုံလိုက်ဦး။ ယုံချင်ရင်လည်း ယုံလိုက်ဦး။ ပုံသာမပုံလိုက်မိစေနဲ့။ သမီးမိန်းကလေးမွေးထားတဲ့ဖအေမို့လို့ သင်္ကြန်ရောက်ရင် သူ့လိုကောင်နဲ့တွေ့မှာစိုးပြီး ရင်တမမ ရှိနေရှာတယ် လို့ မထင်နဲ့နော်။ တကယ်တော့ သားယောင်္ကျားလေးတွေက ပိုစိတ်ပူရတာပါ။ တစ်နေကုန် ရေထဲအရက်ထဲစိမ်နေရင်းကနေ လစ်ရင်လစ်သလို အိပ်မက်ရိုင်းထဲ ရောက်သွားကြတာတွေ အများကြီးပဲ။ ချဉ်ချဉ်တူးတူး မူးပြီးရောအခါ မဟုတ်လား။ မနက်ခင်းတုန်းကတော့ အလှဆုံး အလန်းဆုံးတွေကို မှန်းတာငမ်းတာပါပဲ။ မူးလာလေ ကောင်မလေးတွေက လှလာလေ။ နောက်ဆုံးတော့ ဘာလာလာ ညားဖြစ်ကုန်ရော။ ယာဉ်မတော်တဆဖြစ်တာ ခိုက်ရန်ဖြစ်ပွားတာဆိုတာတွေက သင်္ကြန်တွင်းစံချိန်ကို ဘယ်အခါမှ မချိုးနိုင်ဘူး။ သင်္ကြန်တွင်းမှာ ဘယ်မိဘမဆို ကိုယ့်သားသမီးလေးတွေကို စိတ်ပူရှာမှာပဲ။ ငယ်တုန်းရွယ်တုန်း ပျော်ချင်ပါးချင်ရှာမယ်လေဆို ခွင့်ပြုတယ် ခွင့်လွှတ်တယ် လုပ်ထားပေမယ့် အချိန်တန် အိမ်ပြန်မရောက်ရင် ခေါင်းမီးတောက်ကြရလိမ့်မယ်။ (ကိုယ်လည်း အခုမှပဲ အမေတွေအဖွားတွေ ကိုယ်ချင်းစာနိုင်ပေတော့တယ်)

          ကိုယ့်တုန်းကတော့ ကိုယ့်ဆင်ခြေနဲ့ကိုယ်ဗျ။ “တစ်သက်လုံး ကိုယ့်ဦးနှောက်နဲ့ကိုယ် ထိန်းလာတာ။ ဒီသင်္ကြန်လေး သုံးရက်ကျမှာ ဘာဖြစ်သွားမှာမို့လဲ။” ပေါ့။ ဟုတ်တယ်။ ဒါကြောင့် ကိုယ့်သားသမီးကျတော့ သင်္ကြန်ရက်ကလေးရောက်မှ ဗိုင်းကောင်းကျောက်ဖိ သင်နေလို့ မဖြစ်ဘူး။ အစကတည်းက ကျားကျားမမ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားထိန်းသိမ်းတတ်အောင် သွန်သင်ဖို့ပဲ ရှိတယ်။ အဲဒီအကျင့်က ကိုယ့်မြန်မာမှာပဲ ကျန်တော့တယ်။ သူများနိုင်ငံတွေမှာ မကျန်တော့ဘူး။ သူတို့ဆီမှာ အသက်ကလေး နှစ်ဆယ်အစိတ်ရောက်တာတောင် ဘယ်ရင်ခွင်မှ မအိပ်ဖူးသေးဘူးဆိုရင် လူကြားမကောင်း သူကြားမကောင်းမို့ ထုတ်လို့တောင် မပြောဝံ့တဲ့ဘ၀။ သရော်စရာ လှောင်စရာလို့တောင် ထင်ကြတယ်။ တစ်ခုခုတော့ ချို့ယွင်းနေတာ ဧကန်လို့ ကောက်ချက်ချကြတယ်။ အသက်သုံးဆယ်ကျော်အောင် မိဘအိမ်ကပ်နေတဲ့ အပျိုကြီး လူပျိုကြီးများဆို “ဆန်ကုန်မြေလေး၊ ဒီအရွယ်ကြီးထိအောင် မိဘကို ဒုက္ခပေးလို့ ကောင်းတုန်း။ ရှက်စရာကြီး။” လို့ အတင်းပြောခံရတယ်။ လူဦးရေအင်မတန်နည်းပါးပြီး ရှေးရိုးဓလေ့စရိုက်နဲ့နေတဲ့ ဘူတန်မှာတောင် သမီးမိန်းကလေးတွေ အရွယ်ရောက်လာရင် မိဘများက အပျိုခန်းခွဲသိပ်ရတယ်။ လူပျိုဝင်ဖို့တံခါးပေါက် ဖောက်ပေးရတယ်။ သူအရွယ်ရောက်ပြီမို့ သူ့ချစ်သူနဲ့နေတာကို ခွင့်ပြုပေးရတယ်။ ဘာမှ ထွေလီကာလီ ရှုတ်ရှုတ်ယှက်ယှက် မရှိဘူး။ ကလေးရှိရင် ပေးစားပလိုက်တာ။ သူတို့ဆီမှာ အသက် ဆယ့်လေး ငါးနှစ်နဲ့ ကလေးအမေဖြစ်နေတာ မဆန်းဘူး။ ဒါဆို သားယောင်္ကျားလေးမွေးထားရင် ဘယ်လိုလုပ်ကြမတုန်း။ မပူပါနဲ့။ သားတို့ မတတ်သေးရင် သင်ပေးပြပေးမယ့် အန်တီတွေ မမတွေ ပုံလို့ပုံလို့။ အိမ်လာလည်လိုက်။ ဒါလေးတွေက ထမင်းစားရေသောက်ပါ။ အားလုံးပွင့်ပွင့်လင်းလင်းပဲ။ ဘူတန်မှာ ပြည့်တန်ဆာ လုံးဝမရှိဘူး။ လိုမှမလိုအပ်ပဲနဲ့။ လူနှစ်ယောက် ချစ်မိတယ်။ ဒါဆိုပြည့်စုံနေပြီ။ ကျန်တာ ဘာမှမလိုဘူး။ အသွေးအသားဆိုတာ အရောင်းအ၀ယ်လုပ်စရာ မဟုတ်ဘူး။ ကြည်ဖြူဖို့ပဲ လိုတာ။

          ကိုယ်တို့ဆီမှာကျတော့ လူပျိုဂုဏ် အပျိုဂုဏ်ဆိုတာကြီးတွေက ခေတ်မမီတော့တဲ့ အယူအဆတွေလို့သာ ပြောတာ စွန့်တော့ မစွန့်နိုင်ကြသေးဘူး။ ဘယ်တုန်းက ဘယ်သူနဲ့ ဘယ်လောက်ထိ ဖြစ်ခဲ့တယ်ပျက်ခဲ့တယ်ဆိုတာကြီးကို ကိုယ့်နောက်ကို အရိပ်လိုကပ်ပါလာတယ်။ ကာယကံရှင်ကသာ ကိုယ့်အိမ်ထောင်ဘက် ကိုယ့်ဘာသာ မမှတ်မိချင်နေမယ်။ အရပ်ကတော့ ပုဆိုးတန်းတင်ထားလိုက်ရင် ရေစစ္စတြီပြုလုပ်ပြီးသားပဲ။ တမုဆိုး ကိုးခုလပ်တဲ့အထိလည်း မှတ်မိတယ်။ နုညက်အိစက်နေတဲ့ မင်းသမီးချောကလေးတွေ အမေရိကားကလူတွေနဲ့မှ ဖူးစာဆုံတာ အဲ့ဒါကြောင့်လည်း ပါတယ်။ ဒီကလူတွေက ပတ်ဝန်းကျင်ဒဏ်ကို မခံနိုင်ကြဘူး။ ကောလာဟလပဲဖြစ်ဖြစ် သွားလေရာ အကြည့်ခံ အပြောခံရတဲ့အခါ ကျွဲမြီးတိုတာပေါ့။ ဒါကြောင့် မြန်မာပြည်ထဲမှာပဲ နေဦးမယ်ဆိုရင် ရွာလွန်ရွက်တိုက်လုပ်လို့ မရနိုင်ဘူး။ သူ့အရပ်သူ့ဇာတ်ကို အောင့်အည်းပြီးကရမယ်။ လူပျိုက လူပျိုလို၊ အပျိုက အပျိုလိုနေရမယ် မဟုတ်လား။

          အဲသလောက်ကတော့ သွန်သင်ရတာ သိပ်မခက်ပါဘူး။ တို့ဆီကကလေးတွေ သိပ်ဟော့ဟော့ရမ်းရမ်း မရှိလှဘူး။ မိဘမျက်စိအောက်မှာ လိမ်လိမ်မာမာနေတဲ့ ကလေးတွေအများကြီး။ တကယ်တမ်း သွန်သင်ချင်တာက အဲသည်မျက်လုံးဒေါက်ထောက် ကြည့်နေတဲ့ မိဘဆိုတာကြီးတွေကိုပဲ သွန်သင်ချင်တာပါ။ လူငယ်တွေ အချစ်ဇာတ်လမ်းမှာ အကန့်ဆိုတာ ပါခဲပေမယ့် ဒယ်ဒီမာမီတို့က ကိုယ့်သားသမီးရဲ့ ချစ်သူကို အကဲဖြတ်တဲ့အခါ စိန်ကဲကျောက်ကဲဖြတ်သလိုဖြတ်တယ်။ ဒီကောင် ဘာကောင်လဲ။ ဘယ်သူ့သားသမီးလဲ။ ဘယ်လိုအခြေအနေရှိသလဲ။ အိုကေနဲ့ဆို အိုကေပလိုက်ရော။ မျက်စိမှိတ်ထားလိုက်တာ။ ဒါကြောင့်မို့လို့ စပွန်ဆာကောင်းကောင်းပေးနိုင်တဲ့သူကြီးတွေဆို ဘယ်မိဘအိမ်တက်တက်၊ “လာပါ ထိုင်ပါ။ ကာဖီလေး သောက်ပါဦး။ သားရေ သမီးရေ။ ဒီမှာ မင့်ကိုကြီး မင့်မကြီး ရောက်နေတယ်။” လို့ ဧည့်ထောက်ခံရတဲ့ ဘ၀ကို ရောက်သွားရော။ သူတို့စိတ်ထဲမှာ ကိုယ့်သားသမီးလေး နောင်ရေးတော့ စိတ်အေးရပြီ လို့ အောင့်မေ့သွားတတ်တယ်။ တကယ်တော့ သူတို့မသိတာ ပြိုင်ကားကြီးစီးပြီး ကွန်ဒိုမီနီယံပေါ်မှာ နေရင်းနဲ့လည်း ဒူးနဲ့မျက်ရည်သုတ်နေရတဲ့ဘ၀တွေ အများကြီး ရှိတယ် ဆိုတာ။ စိတ်ထဲက ဆင်းရဲလာရင် သကြားတွေ ပျားရည်တွေကလည်း မချိုနိုင်တော့ဘူး။ ဆိုက္ကားသမားမယား ကျတဲ့မျက်ရည်ဟာ ဗိုလ်ချုပ်ချွေးမ ငုတ်တုတ်မှိုင်ရင်း သုတ်နေရတာနဲ့ မတူဘူးလို့များ ထင်နေသလား။ အပြင်ကဟာတွေသာ မတူတာ ရင်ဝမှာ ပူတာချင်းတော့ အတူတူပဲ။ မိဘကိုယ်တိုင်က စပွန်ဆာခိုင်လို့ ယိုင်ချင်ချင်ဖြစ်နေရင် ကလေးရဲ့စိတ်ဓါတ်ကလေး ပျက်စီးသွားတတ်တယ်။

          အံ့ဖွယ်ပေါသော တို့တောရွာမှာ စပွန်ဆာတွေ တွင်ကျယ်လာတာ မင်းသမီးလေးတွေ မိန်းမချောလေးတွေကိုမှ မဟုတ်ပါဘူး။ ယောင်္ကျားသားကလေးတွေက ပိုလို့ ဆိုးပါတယ်။ သူတို့လည်း ဘူးကောင်းမှစင်ခံ ဘ၀တက်လမ်းအတွက် အချစ်ကိုအရင်းအနှီးပြုတယ် လို့ ထင်ချင်ထင်ကြလိမ့်မယ်။ အဲ့ဒါကြီးရင်းပြီးတော့ တက်လာရတဲ့ဘ၀က အောင်မြင်ကျော်ကြားမှုဆိုတာ ဘာအနှစ်သာရမှ မရှိတဲ့အကြောင်း ကိုယ်တိုင်သိလာတဲ့အချိန်မှာ နောက်ကျသွားပြီ။ ငယ်တုန်းရွယ်တုန်း စပွန်ဆာရှာ ရိပ်သိမ်းစုဆောင်းရသမျှလေးတွေနဲ့ အသက်အရွယ်ရလာတော့မှ ကိုယ်ကပြန် စပွန်ဆာပေးစရာလေးတွေ လိုက်ရှာယူရပါလေရော။ ငွေကိုမျှော်မြင်တဲ့အချစ်ဆိုတာ ကိုယ်ကယူပြီးပေးရတာ မကောင်းသလိုပဲ ကိုယ်ကပေးပြီး ယူရတာလည်း မကောင်းဘူး။ ဘယ်ဟာမှ မစစ်ဘူးလေ။ ဒီအသိတွေ အတွေးအမြင်တွေရဖို့ လူတချို့ဟာ သူတို့တစ်ဘ၀လုံး ရင်းနှီးပေးဆပ်ခဲ့ရတယ်။ နောက်ဆုံးတော့ သိသာသိတယ်။ ပြန်မပြင်နိုင်တော့ဘူး။ မှားမှန်းမသိသေးတဲ့ နောက်လူတွေ ဆက်မမှားအောင် နမူနာပြတာပဲ ရှိပါတယ်။ ဘယ်သူ့ကိုမှ စောင်းပါးရိပ်ခြည် စကားတင်း မဆိုပါဘူး။ သင်္ကြန်မှာ ရေလျှံတဲ့ဘောစိတွေနဲ့တိုးရင် တံလျှပ်ကိုရေထင်ကြမှာကိုစိုးလို့ သတိပေးပါတယ်လေ။

          မန္တလေးဈေးချိုရောက်လို့ ထိုးမုန့်တန်းဘက် လှည့်ဖြစ်ရင် ဘယ်ဆိုင်ကဖြစ်ဖြစ် လာပါ ထိုင်ပါ။ စားပါ သောက်ပါ အမြည်းပန်းကန်လေးတွေ တန်းစီနေအောင် ကျွေးကြလိမ့်မယ်။ ကြိုက်လို့ လိုချင်လို့ ၀ယ်ရင်တော့ အမြည်းပန်းကန်ချပြီး အထုပ်ကလေးနဲ့ သပ်သပ်ရပ်ရပ် ရောင်းမှာ။ အမြည်းက အမြည်း အရောင်းကအရောင်း။ အမြည်းတွေမကုန် လွှင့်ပစ်ဖို့ပဲ ရှိတယ်။ ခေတ်ကာလ သားသမီးများ ရည်းစားထားတဲ့အခါမလည်း ထိုးမုန့်ဆိုင် ၀င်ထိုင်သလို အမြည်းဘယ်လောက်ထိ ကျွေးမှာတုန်း၊ နှိုက်မြည်းကြည့်ပြီးမှ ၀ယ်ချင်ကြတယ်။ မြည်းပြီးရင်တော့ အထုပ်သစ်ကိုသာ တောင်းရော။ ထိုးမုန့်အမြည်းစားပြီး မ၀ယ်ပဲ ထွက်သွားလို့ ဘယ်သူမှ စိတ်မဆိုးဘူး။ ကြိုက်မှဝယ်။ မကြိုက် မ၀ယ်နဲ့ပေါ့။ လူအမြည်းနှိုက်စားပြီး မ၀ယ်ပဲထွက်သွားတော့ တစ်ယောက်က နှစ်ယောက်ဆို ရောင်းတန်းကဆင်းပြီး အမြည်းဗန်းထဲရောက်ကရော မဟုတ်လား။ အလှူအိမ်က လက်ဘက်ခွက်လို ဇွန်းလှည့်စောင့်နေတဲ့သူတွေအများကြီး ဆို ကြံဖန်ဂုဏ်ယူနေမယ့်သူတွေက ရှိသေး။ သည်နှစ်သင်္ကြန်တွင်းဝတ်ဖို့ မြန်မာစာတန်းထိုး တီရှပ်ကလေးတွေ လုပ်ရောင်းဦးမှပါပဲလေ။ “လူကိုယူပါ အမြည်းကိုချမ်းသာပေးပါ” တို့။ “တကယ်ချစ်ရင် နှိုက်မမြည်းကြေး။”  တို့ ဘာတို့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...