Sunday, April 13, 2014

အိုးတစ်လုံးရဲ့ ဘဝ

အိုးတစ်လုံးရဲ့ ဘဝ

တရုတ်ဟန်မင်းဆက်ခေတ်ကထင်ရှားခဲ့တဲ့ ပုံပြင်လေးပါ။
တစ်ခါတော့ ဘုရင်ကြီးဟာ ကို အလွန်လှပတဲ့ အိုးတစ်လုံးလက်ဆောင်ဆက်သသတဲ့။ ဘုရင်ကြီးဟာ အဲဒီအိုးကို လှပလွန်းလို့ သူ့အိပ်ဆောင်ကုတင်ရဲ့ ဘေးနားမှာ စင်တစ်ခုလုပ်ပြီးထားရှိတယ်။

ညရောက်တဲ့အခါ ဘုရင်ကြီးက အိုးကို သေချာကြည့်ပြီး " အိုးရယ် မင်းဘာလို့ ဒီလောက်လှပနေတာလဲ " လို့မေးတယ်။
အဲဒီအချိန်မှာ အိုးက ထူးဆန်းစွာလှုပ်လာပြီးတော့ လူလိုစကားပြောသတဲ့
" ကျွန်တော်ဟာ ဒီလိုအိုးမဖြစ်ခင်က ရွှံ့စေးတုံး တစ်တုံးသာဖြစ်ပါတယ်။ တစ်နေ့တော့ အိုးလုပ်တဲ့လူဟာ ကျွန်တော့်ကို ယူသွားပြီးတော့ သူ့လက်တွေနဲ့ အပြင်းအထန် ကျွန်တော့်ကို ချေပါတယ်။ ကျွန်တော် အရမ်းခံရခက်ပြီး နာကျင်တာကြောင့် အိုးလုပ်သူကို ရပ်ဖို့ပြောပါတယ်။ သူကတော့ အချိန်မကျသေးလို့ပါတဲ့

နောက်တော့သူဟာ ကျွန်တော့်ကို လည်နေတဲ့ သစ်သားပြားပေါ်တင်ပြီး လှည့်ပါတယ်။ ကျွန်တော်ခေါင်းတွေ အရမ်းမူးပြီး စိတ်တွေ တကယ်ရှုပ်ထွေးတယ်။ ဒါကြောင့် အိုးလုပ်သူကို ရပ်ပါ လို့ပြောပေမယ့်လဲ သူဟာ အချိန်မကျသေးဘူးလို့ပြောပြီး ကျွန်တော့်ကို သူ့လက်နဲ့ပုံဖော်ပါတယ်။

ပြီးတော့ ကျွန်တော့်ကို အရမ်းပူပြင်းတဲ့ မီးဖိုထဲကို ထည့်ပြီးတော့ မီးရှို့ပါတယ်။ ကျွန်တော်အရမ်းပူတယ်။ ကျွန်တော့် အသားတွေ ခြောက်ကုန်တယ်။ အဲဒါကြောင့် ကျွန်တော် တံခါးကို ထုရိုက်ပြီး အိုးလုပ်သူကို ရပ်ဖို့ပြောပေမယ့် သူက အချိန်မကျသေးဘူးတဲ့

နောက်တော့ ကျွန်တော့်ကို ဆေးရောင်တွေခြယ်တယ်။ ဆေးတွေက ကျွန်တော့်ကို ရုပ်ပျက်စေပြီးတော့ အနံ့တွေကလဲ မွှန်ထူနေတာပဲ ကျွန်တော်လဲ ရပ်လိုက်ဖို့ပြောပါတယ်။ သူကလဲ အချိန်မကျသေးဘူးလို့ပြောတယ်။

နောက်ဆုံးတော့ ကျွန်တော့်ကို ကြပ်ခိုးစင်ပေါ်တင်ပြီးတော့ မှိုင်းတိုက်ပါတယ်။ တစ်ကိုယ်လုံးလဲ မီးခိုးတွေ မွှန်ပြီးတော့ အသက်ရှုကြပ်လို့ ရပ်လိုက်လို့ပြောပေမယ့် သူကတော့ အချိန်မကျသေးလို့ပါတဲ့

နောက်ဆုံးတော့ ကျွန်တော့ကို ခုံတစ်ခုပေါ်တင်ပြီး ပွတ်တိုက်ပြီးတော့ မှန်ထောင်ပြီး ပြပါတယ်။ မှန်ထဲမှာ ကျွန်တော် အရမ်းလှနေတယ်။ ဒါနဲ့ အိုးသမားကိုမေးလိုက်တယ်။ ဘာလို့ကျွန်တော် အရမ်းလှတဲ့ အိုးဖြစ်နေတာလဲပေါ့။

သူကပြန်ပြောတယ်။ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်နိုင်လေလေ အဲဒီအိုးဟာ လှပလာလေလေပဲ။ တဖြည်းဖြည်းနဲ့ သူ့ရဲ့ အရည်အသွေးကောင်းလာပြီးတော့ မြင်တဲ့သူတိုင်း စွဲမက်စရာဖြစ်သွားကြတယ်။ 

ငါတို့လူတွေလဲဒီလိုပဲ အခက်အခဲများစွာကို တစ်ဆင့်ဆင့် ဖြတ်ကျော်လာပြီးတော့ ငါတို့ကျွမ်းကျင်မှုတွေ အတွေ့အကြုံတွေ ရင့်ကျက်လာကြတယ်။ ငါတို့ရဲ့ အရည်အချင်းတွေ လဲ တက်လာကြပြီးတော့ လူအများက နှစ်ခြိုက်ကြတယ်။"

ရုတ်တရက် ဘုရင်ကြီးဟာ လန့်နိုးသွားတယ်။စကားပြောတဲ့အိုးကို ကြည့်လိုက်တော့ ဒီအတိုင်းပဲ။

မောင်စိုင်း
www.kanaung.net

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...