ပန်းချဉ်ပေါင် နှင့် ချဉ်ပေါင်ပန်း
ဘိလပ်ချဉ်ပေါင်
မနေ့ က ဖေ့စ်ဘုတ်မှာ ချဉ်ပေါင်သီး ပုံလေးတွေ တွေ့ လို့ နက်ထဲမှာ လျှောက်ရှာမိတယ် ။ ချဉ်ပေါင်ရဲ့ မျိုးရင်းတွေ ချဉ်ပေါင်မှာ ပါဝင်တဲ့ ဓာတ်သတ္တိတွေ အပြင် အသုံးပြုပုံတွေကို တွေ့ရတယ်။ အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ မြန်မာဝီ ကီ ကနေ ချဉ်ပေါင်မှာ ဘိလပ်ချဉ်ပေါင် ၊ ချဉ်ပေါင်လက်ခြား ၊ ဗမာ ချဉ်ပေါင် ၊ ပန်းချဉ်ပေါင် ဆိုပြီးရှိတာမှာ ပန်းချဉ်ပေါင်ဟာ မစားရဘူးလို့ ပြောထားတာတွေ့လိုက်ရတယ်။
သိပ္ပံ အခေါ် တွေ မျိုးရင်းတွေအရ Hibiscus sabdariffa ထဲမှာ အတူတူ ဆိုပေမဲ့ ကျွန်တော်တို့ အညာဘက်မှာတော့ ချဉ်ပေါင်တွေက အမျိုးမျိုးရှိတယ် ၊ အခေါ်လည်းကွဲတယ် ။ ဘိလပ်ချဉ်ပေါင် ၊ ရွှေချဉ်ပေါင် ၊ ပန်းချဉ်ပေါင် ၊ ဗမာချဉ်ပေါင် ဆိုပြီးတော့ပေါ့ ။
ဘိလပ်ချဉ်ပေါင် က မျိုးစိတ် အများဆုံးထင်တယ် ။ အလက် ၃ လက် ၊ ထောင့် ၃ ထောင့်ပါတဲ့ ချဉ်ပေါင် ရှိသလို ။ လက်ကြား တွေလည်း ရှိတယ် ။ အနီ ၊ အဖြူ ဆိုပြီး လည်း ၂ မျိုး ကွဲသေးတယ် ။ တချို့ ကတော့ အဲဒီ ဘိလပ်ချဉ်ပေါင် ကိုပဲ ချဉ်ပေါင်ဖြူ ချဉ်ပေါင်နီ ဆိုပြီး ခွဲ ခေါ်ကြတယ် ။ အဖြူ ဆိုပေမဲ့ သူ့ အရိုးတွေ ၊အပွင့်တွေ ၊ အသီးတွေ က အစိမ်းရောင်သန်းသန်းလေးပဲရှိတာ ။ အရွက်ထူတယ် ၊ အစိမ်းရင့်တယ် ၊ အချဉ်ကဲတယ် ၊ ရာသီဥတုဒဏ် ကိုပို ခံနိုင်တယ် ။ အညာဒေသ ရေသိပ်မရ တဲ့ ကုန်းခေါင်ခေါင်တွေက အစ ရှင်သန်နိုင်စွမ်းရှိတယ် ။ အညာဘက် ယာတွေ ထဲမှာ အစိုက်များတယ် ။ ဘိလပ် ချဉ်ပေါင်ကို အများအားဖြင့် စားတဲ့ခါ အရွက်ရင့် ကို ပဲ ခူးပြီး စားလေ့ရှိတယ် ။ အရွက်နုရင် ချွဲကျိကျိနိုင်လို့ ။ နောက် ချဉ်ပေါင် တွေထဲမှာ အသီး ပါ စားလို့ရတာ က ဘိလပ်ချဉ်ပေါင်ပဲရှိတယ် ။
နောက် ရွှေချဉ်ပေါင် ။ ရွှေချဉ်ပေါင် က ဘိလပ်ချဉ်ပေါင်လို ရုံ လိုက် မပေါက်ဘူး ။ ရှည်မျှောမျှော ပဲ ။ ဘိလပ်ချဉ်ပေါင်ထက် အရပ်ပိုရှည်တတ်တယ် ။ သူ့ အရွက်က ဘိလပ်ချဉ်ပေါင်ထက်ပါးတယ် ။ အစိမ်းဖျော့တယ် ။ သိပ်မချဉ်ဘူး ။ ဟင်းရည် ချက်သောက်ရင် ဘိလပ်ရွက် ချဉ်ရည် လို ချဉ်စုပ် မနေပဲ ပြေပြေလေး အရမ်းသောက်လို့ ကောင်းတယ် ။ အဲဒါကြောင့် ရွှေချဉ်ပေါင် လက်ကြား ဝက်သားနဲ့တောင် မလဲ ဘူး လို့ ပြောတာ ။
နောက်တစ်မျိုးက ဗမာချဉ်ပေါင် ။ ချဉ်ပေါင်ခါး (သို့) ချဉ်ပေါင် ဝိုင်း လို့ လည်းခေါ်တယ် ။ သူလည်း ပဲ ဘိလပ်ချဉ်ပေါင်လို အဖြူ အနီ ၂ မျိုးရှိတယ် ။ ကျွန်တော် ထင်တယ် အညာဒေသ က လွဲလို့ အတော်များများ မှာ ဗမာချဉ်ပေါင်ကိုမြင်ဖူးကြမထင်ဘူ
နောက် တစ်မျိုးက ပန်းချဉ်ပေါင် ။ သူလည်းရွှေချဉ်ပေါင်လိုပဲ ။ အရွက်ပါးတယ် ။ အရွက်ရဲ့ အ အရောင်က နုတယ် ။ အရွက်ရဲ့ အနားလေးတွေက ဘိလပ်ချဉ်ပေါင်လို အချောမဟုတ်ဘူး ။ လှိုင်းတွန့် ကလေးတွေ နဲ့ ။ ပန်းပွင့် လှတယ် ။ အရပ်ရှည်တယ် ။ သူလည်း အသီးစားလို့မရဘူး ။ ဒါပေမဲ့ အရွက် က စားလို့ရတယ် ။ ဒါပေမဲ့ မြန်မာဝီကီ ထဲ ဖတ်ကြည့်တော့ ပန်းချဉ်ပေါင်ကို စားလို့ မရဘူးလို့ ရေးထားတယ် ။
ကျွန်တော့် အထင်တော့ ချဉ်ပေါင်ပန်း နဲ့ ပန်းချဉ်ပေါင် ကို လွဲ နေတာထင်တာပဲ ။ ကျွန်တော် တို့ အညာဘက် က လူတွေ ကတော့ ခွဲ ခေါ်တယ် ။ မြန်မာစကား က တခြား ဘာသာစကားတွေ နဲ့ မတူတာလေးရှိတယ် ။ ဘာလဲ ဆိုတော့ နာမဝိသေသန က ရှေ့မှာ မဟုတ်ပဲ နောက် ကနေ အထူးပြုတာလေးတွေရှိတယ် ။ ဥပမာ လူကောင်း (ကောင်းသော + လူ) ။ ရွာပျက် (ပျက်ဆီးနေသော + ရွာ) ။ "သခွားမွှေး" (မွှေးသော +သခွါးသီး )အဲလိုမျိုးပေါ့ ။ ဒါပေမဲ့ ( နာမ် + နာမ် ) နာမ် ခု တွဲထားတဲ့ အခေါ်တွေမှာ တော့ နောက် နာမ် က သာ နာမ် အဖြစ် အဓိပ္ပါယ်သက်ရောက်စေပြီးတော့ ၊ ရှေ့ နာမ်က နာမဝိသေသန အဖြစ်သာ အဓိပ္ပါယ်သက်ရောက် စေပါ တယ် ။ ဥပမာ " ပန်းသစ်တော် " (ပန်း+သစ်တော်) ဆိုပါစို့ ။ ရှေ့ က ပန်းသည် " ပန်းသီးနှင့်တူသော" ဆိုတဲ့ နာမဝိသေသန အဖြစ်အဓိပ္ပါယ်ရပြီး တော့ "သစ်တော်သီး" ဆိုတာ ကမှ သူ့ ရဲ့ ဆိုလိုရင်း နာမ် ဖြစ်ပါတယ် ။ ဆိုတော့ "ပန်းသစ်တော် " လို့ ပြော လိုက် ရင် ပန်းသီးနဲ့ တူသော သစ်တော်သီး ကို ပြောချင်တာဖြစ်ပါတယ် ။ ပန်းသီး ကို ပြောချင်တာ မဟုတ်ပါဘူး။ နောက် "ဗူးသဘောင်္" ဆိုရင် ဗူးသီး နဲ့ တူသော ၊ ဗူးသီး လောက်ရှိသော သဘောင်္သီး ကို ဆိုလိုတာပါ ။
"ပန်းနှမ်း" ဆိုရင်လည်း အဲဒါက ပန်းမဟုတ်ပါဘူး ။ ပန်း နှင့် တူသော နှမ်းပင် ဖြစ်ပါတယ် ။ သူ့ရဲ့အသုံးဝင် မှု သည် နှမ်း တွေလို အစေ့ရမယ် ။ အဲဒီ အစေ့ ကို ကြိတ် ရင် ဆီရမယ် လို့ အဓိပ္ပါယ်သက်ရောက်ပါတယ် ။
အခုလည်း "ပန်းချဉ်ပေါင်" သည် "ပန်း နှင့် တူသော ချဉ်ပေါင်ပင်" လို့သာ နားလည်ကြ ပါတယ် ။ သူရဲ့ မူလ နာမ် သည် ချဉ်ပေါင် ပင် ဖြစ်တာကြောင့် ချဉ်ပေါင်ရွက်ရဲ့ ဂုဏ်သတ္တိ ၊ အရည်ချင်းတိုင်း ချဉ်သော အရသာရှိသလို ၊ စားလို့လည်းရပါတယ် ။ "ချဉ်ပေါင် ပန်း" ကတော့ စားလို့ မရဘူး ။ ဘာလို့ လဲဆိုတော့ သူက ချဉ်ပေါင်ပင် နဲ့ အသွင် သဏ္ဍန် သာတူနေပေမဲ့ သူ့ရဲ့ မူလ ဗီဇ သည် ပန်း ဖြစ်နေလို့ပါ ။ ဒါ က မှန်တာ ၊ မှားတာ ကို ပြောလိုတာ မဟုတ်ပါဘူး ။
မြန်မာတွေ နာမည်ခေါ် တဲ့ ဓလေ့ နဲ့ ဒေသိယ စကား ကို ဗဟုသုတ ဖြစ်ရုံ ပြောချင်တာပါ ။
ချဉ်ပေါင် ကတော့ ကျွန်တော်တို့ အညာဒေသအတွက် စွယ်စုံ အစားစာ ဖြစ်သလို ၊ အခြေခံ အစားစားလည်းဖြစ်ပါတယ်။ လက်လုပ်လက်စား အတော်များများ အိမ်တွေကို ဘာချက်တုန်း လို့ မေးကြည့်ရင် ။ ချဉ်ရေ ၊ ငြုပ်သီးထောင်း ဆိုတဲ့ အဖြေ က ၁၀ ခါမှ ၇ ခါလောက်ကြားရမယ်ထင်ပါတယ် ။ ချဉ်ပေါင်ရွက် ကို အများအားဖြင့် ချဉ်ရည် ချက်စားကြပေမဲ့ တချို့ ကျတော့လည်း ငါးပိကောင်းကောင်းလေး နဲ့ ဟင်းချို လုပ်သောက်တာလည်းရှိတယ် ။ ဘိလက်ချဉ်ပေါင်သီးတွေ ပေါ် ချိန်ဆိုရင် ... ချဉ်ပေါင် ရွက်ရယ် ၊ ချဉ်ပေါင်သီး ခွံ ရယ် ရောပြီး ... ပဲ ပြုတ် ရည် နဲ့ ချက်စားရတာ အတော်အရသာရှိတယ် ။
ပဲပြုတ် ရည်ဆိုတာ က ပဲပြားကြီးတို့ ၊ပဲနီလေးတို့ ၊ ထော့ပတ် ပဲ တို့ ကို ပြုတ်ထားတဲ့ အရည် ကို ပြောတာ ။ ချောင်း ငါးလေးတွေ နဲ့ ချက်စားတာ ရှိသလို ၊ ဝက်သား နဲ့ ချက်တာလည်းရှိတယ် ။ ချဉ်ပေါင်ကြော် ကတော့ မျှစ် ၊ ငါးပိ ၊ ပုဇွန်ဆိတ် တို့ နဲ့ ရောကြော်ကြ တယ် ။ ကြိုက်တတ်တဲ့သူတွေကတော့ ချဉ်ပေါင် ရွက်လေး လတ်လတ် ကို ရေဆေး ၊ ဆားလေးနည်းနည်းခပ်ပြီးရောကျိတ် သတ္တုရည် လေး လုပ်သောက်ရင် ရင်အေးတယ်လို့ဆိုတယ် ။ ချဉ်ပေါင်သီး အခွံ ကို မြေပဲ ၊ ငရုတ်သီး စိမ်းမီးဖုတ် ၊ ကြက်သွန်ဖြူလေးတွေ နဲ့ ရောထောင်းပီး စားရတာလည်း အရသာတစ်မျိုးပဲ ။ ထူးထူးခြားခြား ရခိုင်တွေကတော့ ချဉ်ပေါင်သီးကို ချဉ်ရေချက်ပြီး အဖတ် မစားပဲ အရည်ပဲသောက်လေ့ရှိတယ် ။ ချဉ်ပေါင်ရွက် ၊ ချဉ်ပေါင်သီး ကို အခြောက်လှန်း ပြီး ကြာကြာ အထားခံအောင်လုပ်ကြတယ် ။ ခြောက်ပြီးသား ကို ထောင်း ပြီး အမှုန့် လေးတွေ အဖြစ်လည်း သိမ်းထားကြတယ် ။ အချဉ် သုပ်လေး ဘာလေး လုပ်ချင် တဲ့ခါ ကြက်သွန်နီလေး ၊ မြေပဲဆံ လေးနဲ့ အဲဒီ အမှုန့်လေး ကို ရေနွေးစိမ်ပြီး သုပ်စားကြတယ် ။ ချဉ်ပေါင် ချဉ်ပေါင်သီးအခြောက်ကို ထန်းညက်မဖြစ်ခင် .. သနဲရည် (တင်လဲရည်) နဲ့ ကြိုပြီး ယိုထိုးစားတာတွေလည်းရှိတယ် ။ တချို့ နိုင်ငံ တွေ မှာတော့ ဝိတ် ကျဖို့ ဖျော်ရည် ၊ လ္ဖက်ရည် အနေနဲ့ လုပ်သောက်ကြတာတွေလည်းရှိ တယ်လို့ ဆိုတယ် ။ ကျွန်တော်တို့ နယ်မှာတော့ ချဉ်ပေါင်စေ့ ပေါတော့ ချဉ်ပေါင်စေ့ ကို ဆားရည်လေးစိမ်ပြီး အပျင်းပြေ လှော်စား ကြတာ ရှိသလို ၊ ဝါစေ့ ပင်ပေါက်လို အပင်ပေါက်လေးတွေ လုပ်ပြီး ချက်စားကြတာလည်းရှိတယ် ။
(ရုပ်ဆိုး)
Photos Credit to >> Original Photographers
0 comments:
Post a Comment