Thursday, April 17, 2014
ပါဝင်ပြီးတော့ သင်ယူလိုက်ပါ
မနေ့တစ်နေ့က ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်မှာ“မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ်နှင့် အသက် (၂၀) အကြား လူငယ်ဦးရေ (၁၀) သန်းကျော်ရှိနိုင်ပါကြောင်း ခန့်မှန်းထားပါသည်” ဆိုတာတွေ့လိုက်ရတယ်။ နည်းနည်းနောနောအင်အားမဟုတ်ဘူး။
လူငယ်တွေဆိုတော့ (၁) ပညာတတ်ဖို့ ကျောင်းမှန်မှန်တက်ကြမယ် ဒါမှမဟုတ် ပြင်ပမှာ သင်ယူနိုင်စရာ အတတ်ပညာတွေ သင်ယူကြမယ်။ (၂) လုပ်ငန်းအသီးသီးမှာ စတင်ပြီးအလုပ်သင်ပဲဖြစ်ဖြစ် ဝန်ထမ်းငယ် အနေနဲ့ဖြစ်ဖြစ် စလုပ်မယ်။ (၃) ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို သေးသေးလေးပဲ ဖြစ်ဖြစ် စလုပ်ကြည့်မယ် ဆိုပြီးတွေးမိပါတယ်။
တွေးမိသမျှကတော့ “ဝင်ငွေ”ရရှိဖို့တွေပဲ ဖြစ်နေပါတယ်။ အဲဒါကလည်းလိုအပ်တယ်လေ။ မြန်မာနိုင်ငံကမိသားစုအားလုံးနီးပါးဟာစား၊ ဝတ်၊ နေရေးအတွက် ရုန်းကန်နေကြရတယ် မဟုတ်လား။
မြန်မာနိုင်ငံတိုးတက်ဖို့ ဆိုရာမှာ အထက်ကဖော်ပြခဲ့တဲ့ အချက် (၃) ချက်မှာမဖြစ်မနေ ဝင်လုပ်ဆောင်ဖို့ လိုသလို နံပတ် (၄) ဖြစ်တဲ့ “ဒီမိုကရေစီ အလေ့အထများနှင့် အကျွမ်းဝင်ရေး”ဆိုတာကိုလည်း လုပ်ရပါတော့မယ်။
ပိုက်ဆံဝင်အောင် မနည်းလုပ်နေရတဲ့အထဲခေါင်းရှုပ်စရာတွေ … မလုပ်ချင်ပါဘူးလို့ တွေးလိုက်ရင် မှားသွားပါလိမ့်မယ်။
မိမိကိုယ်တိုင်က ဒီမိုကရေစီကို နှစ်သက်တဲ့သူဖြစ်တယ်ဆိုရင် တကယ်ရင့်ကျက်တဲ့ ဒီမိုကရေစီပေါ်ထွက်လာဖို့ မိမိကိုယ်တိုင် အစပြု မပါဝင်ရင် မဖြစ်တော့လို့ပါပဲ။
အခုလက်ရှိ မြန်မာနိုင်ငံ အကူးအပြောင်း ကာလမှာ နိုင်ငံရေးပါတီတွေ ပေါ်လာနေပါပြီ။ နိုင်ငံရေးအယူအဆတွေလည်း များပြားလာနေပါပြီ။ ထို့အတူ အစိုးရမဟုတ်တဲ့ ““လူမှုရေး အသင်းအဖွဲ့(NGO) တွေ ” လည်း ပေါ်ထွက်လာနေပါပြီ။
နောက်ထပ်တိုးလာမှာကတော့ ဒေသတွင်း (အာဆီယံနိုင်ငံများ) က စီးပွားရေးလုပ်ငန်းမျိုးစုံနဲ့ အခြားနိုင်ငံကြီးများက စီးပွားရေး လုပ်ငန်းမျိုးစုံ မြန်မာပြည်ထဲ တစတစ ၀င်လာမှာတွေ ရှိနေပါတယ်။
လူငယ်တစ်ယောက်အနေနဲ့ ပြောင်းလဲလာနေတဲ့ အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်ဖို့ရယ်၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ပါဝင်ဖန်တီးနိုင်ဖို့အတွက်ရယ်၊ အများအကျိုးအတွက် လုပ်ဆောင်တဲ့ အဖွဲ့တွေမှာ ပါဝင်ဖို့ လိုလာပါလိမ့်မယ်။
ရှင်းလင်းအောင် ပြောကြည့်ရမယ်ဆိုရင် ရပ်ကွက်၊ ကျေးရွာတွေမှာ ရှိနေပြီးသော သာရေး၊ နာရေး ကူညီမှု အသင်း၊ စေတနာရှင် သွေးလှူရှင်များ အဖွဲ့၊ တစ်ပိုင်တစ်နိုင် အလှူဒါနပြုကြတဲ့ အဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်တဲ့ အဖွဲ့၊ မကျန်းမမာသူတွေကို ကူညီမစတဲ့ အဖွဲ့ စတာတွေမှာ ပါဝင်ဖို့ ဆိုလိုတာပါ။
အဲသလို ပါဝင်လို့ ဘာထူးမှာလဲလို့ မေးလာမယ်ဆိုရင်တော့ (၁) လူအများနဲ့ အလုပ် လုပ်တတ်ဖို့ သင်ယူလေ့လာခွင့် ရပါမယ်။ (၂) အများသဘောနဲ့ စည်းဝေးတိုင်ပင်တာ၊ တာဝန်ယူရတာတွေကို အလေ့အကျင့်ဖြစ်သွားပါမယ်။ (၃) မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကောင်းကျိုးအတွက် ပြောဆိုလုပ်ကိုင်ရာမှာ ပိုအားရှိလာပါမယ်။ (၄) မိမိကိုယ်ကို ယုံကြည်မှု တိုးတက် လာပါလိမ့်မယ်။
အစည်းအဝေးတွေ ဘာတွေမှာ စကားမပြောတတ်ဘူး။ လူအများကြီးနဲ့ အလုပ်လုပ်တော့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ ရှိနိုင်တယ်။ ဖြစ်ပါ့မလား အချိန်အလကားကုန်မယ်။ အဲသလိုတွေးမိနိုင်စရာ ရှိပါမယ်။
အားပေးချင်တာကတော့ ဘယ်သူမှ မွေးကတည်းက အကုန်လုံးတတ်ကျွမ်းမလာပါဘူး။ လုပ်ရင်းကိုင်ရင်း သင်ယူကြရတာချည်းပါဘဲ။
အစည်းအဝေးတွေမှာ စကားမပြောတတ်သေးပေမယ့် အဖွဲ့အစည်းရဲ့ သဘောသဘာဝ(ဘယ်လိုဖွဲ့တယ်၊ ဘယ်လိုလုပ်ဆောင်တယ်၊ ဘာအတွက် လုပ်ဆောင်နေတယ်) တွေကို သိအောင် စလေ့လာနိုင်ပါတယ်။
ပြီးမှ ကိုယ်ကူနိုင်တာကိုသူများနဲ့တွဲဘက်ပြီးကူမယ်။ တဖြည်းဖြည်းနဲ့မှ ကိုယ့်အမြင်၊ ကိုယ့်သုံးသပ်ချက်တွေကို တင်ပြပြောဆိုမယ်။
အများအကျိုး တကယ်ဆောင်ရွက်တဲ့ အဖွဲ့တစ်ခုခုမှာ ပါဝင်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံလှလှပပတိုးတက်ဖို့ ကိုယ်တိုင် လုပ်ဆောင်နေခြင်း ဖြစ်သွားပါလိမ့်မယ်။ ဒီမိုကရေစီအလေ့အထတွေကိုလည်း လေ့လာသင်ယူခွင့် ရပြီးသား ဖြစ်သွားပါမယ်။
အဲဒီကနေ တစ်နေ့နိုင်ငံကို အုပ်ချုပ်တဲ့ လွှတ်တော်၊ အစိုးရအဖွဲ့ စတာတွေမှာ ပါဝင်နိုင်တဲ့ အရည်အသွေးတွေ သေချာပေါက် ရလာနိုင်မှာပါ။ ကြိုးစားပြီး ပါဝင်သင်ယူလိုက်ပါလို့ အားပေးလိုက်ချင်ပါတယ်။
ကိုပီတိ
၁၉၊ ၂၊ ၂၀၁၄
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...