တောင်ငူဇာတိဖွား မြန်မာ့ရိုးရာလက်ဝှေ့ကျော် စောရူဘီ ကွယ်လွန်
တောင်ငူ၊ ဧပြီ
၁၉၈၀ခုနှစ်ဝန်းကျင်က မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် နာမည်ကျော်ထင်ရှားခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့ကျော် စောရူဘီ အသက် (၆၇)နှစ်သည် ဧပြီလ ၄ ရက်နေ့ နေ့လည် ၁ နာရီတွင် တောင်ငူမြို့ သောသီခိုအထူးကုဆေးရုံကြီးတွင် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သားဖြစ်သူ စောအယ်ထီးကော် ၏ပြောကြားချက်အရသိရသည်။
ဦးစောရူဘီကို ၁၉၄၇ ခုနှစ်က တောင်ငူမြို့ ၁၉ ရပ်ကွက် မြို့ကြီးလမ်းရှိ နေအိမ်တွင် ဆင်ပိုင်ရှင် ဖခင် ဦးကျောက်ခဲ မိခင် ဒေါ်နော်ဒေလေတို့ မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို ၂ ဦးအနက် အငယ်ဆုံးသားဖြစ်သည်။
၁၉၆၄ ခုနှစ်တွင် တောင်ငူမြို့မ လက်ဝှေ့အသင်းသို့ဝင်ရောက်ပြီး လက်ဝှေ့ပညာများကို ဆည်းပူးလေ့လာခဲ့ပြီး ၁၉၆၉ ခုနှစ် တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်၍ ရန်ကုန်တက္ကသိုလ်တွင် စိတ်ပညာ အဓိကဖြင့် တက်ရောက် နေစဉ် ရန်ကုန်တက္ကသိုလ် စိတ်ပညာကျောင်းသားများ လက်ဝှေ့အသင်းမှနေ၍ ကျောင်းသားပွဲများတွင် စတင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။
၁၉၇၇ခုနှစ် မလေးရှားနိုင်ငံ၌ ကျင်းပသည့် (၁၀)ကြိမ်မြောက် အရှေ့တောင်အာရှကျွန်း ဆွယ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ရာ ကြေးတံဆိပ်ဆုရရှိခဲ့ပြီး မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်များတွင် ၀ိတ်ကြီးတန်းတွင် လက်ဝှေ့ပွဲပေါင်း (၃၀)ခန့်ထိုးသတ်နိုင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် မြန်မာ့ရိုးရာလက်ဝှေ့သို့ ကူးပြောင်းခဲ့ရာ မြန်မာနိုင်အနှံ့ကျင်းပသည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့ များတွင်ကျင်းပသည့် အထိမ်းအမှတ် စိန်ခေါ်ပွဲများတွင် ၁၉၈၇ ခုနှစ် အထိ မြန်မာ့ရိုးရာလက်ဝှေ့ပွဲပေါင်း ၄၀ ကျော်ထိုးသတ်ခဲ့ပြီး လက်သီးဘုရင်စောရူဘီ ဟုနာမည် လူကြိုက်များခဲ့သည်။
နာမည်ကျော်ပြိုင်ဘက် လက်ဝှေ့သမားများမှာ ရန်ကုန်အောင်ဒင်၊ ဘနှစ်၊ ကျိုက်ကော်တင်ရွှေ၊ ဖားအံကျားကြီး၊ မြ၀တီမောင်ရုံး၊ သမန်းကျား၊ စစ်ကိုင်းကျောင်းသားနှင့် သထုံရွှေဝါထွန်း တို့ဖြစ်ကြောင်းသိရသည်။ မျိုးဆက်သစ်လက်ဝှေ့အားကစားသမားများပေါ်ထွန်းရေးအတွက် `ဂွယ်သော်ထော´လက်ဝှေ့ကလပ် ကို တည်ထောင်ခဲ့ပြီး ၄င်းမွေးထုတ်ပေးခဲ့သော လက်ဝှေ့ကျော်များမှာ ဂျိုးရူဘီ နှင့် သားဖြစ်သူ အယ်ထီးကော် (ရွှေခါး ပတ်ချန်ပီယံ) တို့ဖြစ်ကြောင်းသိရသည်။
0 comments:
Post a Comment