Tuesday, November 5, 2013

ပျင်းပျင်းရှိ မိုးပေါ်တက်မိတဲ့ နေ့

ဗိုလ် နင့် November 4, 2013 at 10:20am

၁။ 
အဲဒီနေ့က ရေသန့်ဗူးကြီးနဲ့ တွေ့တယ်။
“ခင်ဗျား စဉ်းစားကြည့်ဗျာ”
“ဘာများလဲဗျ”
သူက ငူငူငိုင်ငိုင်နဲ့ပါ။ ပြီးတော့ သက်ပြင်းတစ်ချက်ချပြီး ပြောတယ်။
“ကျွန်တော် အရင်လို မသန့်တော့ပါဘူးဗျာ”

“အင် .. ဘာဖြစ်လို့လဲ
ခင်ဗျား ရွှံ့ဗွက်ထဲ ချော်လဲသွားလို့လား”
“မဟုတ်ရပါဘူးဗျာ”
“ဒါဆို ခင်ဗျားကို ထုတ်လုပ်တဲ့သူတွေ
သေချာ မထုတ်လုပ်ကြလို့လား”

“မဟုတ်သေးဘူးဗျ
ခင်ဗျားစဉ်းစားကြည့်
လူ့အသိုင်းအ၀ိုင်းဆိုတာ ရှိသလို
ရေသန့်ဗူး အသိုင်းအ၀ိုင်းဆိုတာလည်း ရှိတာပေါ့ဗျ”
“အဲ ……………. အင်း………..
ဟုတ်တာပေါ့ ကိုရေသန့်ဗူးကြီးရယ်
ဘာဖြစ်လို့လဲ
ရေသန့်ဗူးအသိုင်းအ၀ိုင်းကြီးက မသန့်တော့လို့လား”
“အဲလိုလည်း မဟုတ်သေးဘူးဗျ
ရေသန့်ဆိုတာကတော့ ရေသန့်ပါပဲ
ခက်နေတာက ပါးစပ်တွေဗျ”
“ဘယ်လိုဗျာ .. ပါးစပ်တွေ ဟုတ်လား
ပါးစပ်တွေက ဘာဖြစ်နေလို့လဲ”
“ဘာဖြစ်ရမလဲဗျ..
ပါးစပ်တော်တော်များများက မသန့်တော့ဘူးဗျ
အဲဒါ ကျုပ် စိတ်ညစ်နေတာ
အဆိုးဆုံးက ကျုပ်တို့ကို တော်တော်များများက
အရက်ဆိုတဲ့ ကောင်နဲ့ ပေါင်းခိုင်းတယ်
ပိုဆိုးတာက တစ်ချို့က ကွမ်းတွေ ၀ါးဝါးပြီး ပလုတ်ကျင်းတယ်
သေရောဗျာ ……
နေပါဦး ခင်ဗျားရော အဲလို လုပ်ဖူးလား”
ကျွန်တော် ဘာမှ ပြန်မပြောရဲတော့ဘဲ လှည့်ပြန်ခဲ့ပါတယ်။ သူပြောတာလည်း ဟုတ်နေတာပဲ။ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းက ရေတွေကို သန့်အောင်လုပ်တယ်။ ပြီးတော့လည်း ရေသန့်ဗူးတွေကို ထုတ်လုပ်ပြီး ရေသန့်ဗူး အသိုင်းအ၀ိုင်းကို နာမည် ပျက်အောင် လုပ်ကြတယ်။ ခက်ပါတယ်ဗျာ။
“ညီလေး .. ရိုးရိုးရေသာ ချကွာ
အရက်ပြင်းပြင်းထဲကို ရောရမှာ ရေသန့်တွေကို အစ်ကို အားနာလို့ပါ”
“ဗျာ ..”
စားပွဲထိုးလေးက ကျွန်တော့် စကားကို နားမလည်ရှာပါဘူး။

၂။

နေသာ လေသာတဲ့ တစ်နေ့မှာတော့ ကျွန်တော် ပျင်းပျင်းရှိတာနဲ့ မိုးပေါ် ပျံတက်ခဲ့ပါတယ်။ မိုးပေါ်ရောက်တော့ စာကလေးတစ်ကောင်နဲ့ တိုးတယ်။
“ကွိကျိ ကွိကျိ ကွကျကွကျ”
“အွန် .. ဘာလဲဟ
မင်းဘာပြောနေတာလဲ ငါနားမလည်ဘူး”
“ကွိကျိ ကွိကျိ ကွကျကွကျ”
“ဟေ့ကောင် ချီးထုပ် စာကလေး
ဘာပြောနေတာလဲဟ”
စာကလေးကလည်းဗျာ စာကလေးပါပဲ။ မျက်လုံးလေးကို ပြူးလို့ပေါ့။ ခဏနေတော့ ကျွန်တော် ထပ်ပြီး တက်လိုက်တာ စွန်ရဲတစ်ကောင်နဲ့ ဝေဟင်မှာ တိုးတယ်။
“ရှရွှီး ရှရွှီး ရှလွတ် ရှလွတ်”
“တိန် .. လာပြန်ပြီ နောက်တစ်ကောင်
ဘာလဲဟာ မင်းတို့ ငှက်တွေ စကား ငါနားမလည်ဘူးဟ”
“ရှရွှီး ရှရွှီး ရှလွတ် ရှလွတ်”
ကျွန်တော် စိတ်ညစ်ညစ်နဲ့ မိုးပေါ်ကို ထပ်တက်ခဲ့ပါတယ်။

၃။

အဲလိုနဲ့ ထပ်တက်လိုက်တော့ အသံတစ်ခုကြားရတယ်။
“ဟေ့ကောင်လူ .. မင်းက ဘာလာလုပ်တာလဲ”
“အွန်”
အသံသာ ကြားရပြီး ဘာမှ မမြင်ရတာမို့ ကျွန်တော်လှန့်တော့ သွားပါတယ်။
“ဘယ်သူလဲဗျ ဘယ်က ပြောနေတာလဲဗျ”
“အံမယ် .. ငါစောင့်ကန်လိုက်ရ သမုဒ္ဒရာထဲ ပြုတ်ကျသွားဦးမယ်”
“အွန် .. ခင်ဗျား ဘယ်သူလဲ ဘယ်ကလဲ .. ဘယ်မှာ ပုန်းနေတာလဲ”
“ဟေ့ကောင် ငါက လေကောင်းလေသန့်ကွ”
မြတ်စွာ ဘုရား။ ရေသန့်ဗူးနဲ့ တွေ့ပြီးပြီ။ ခုလေသန့်ဆိုပါလား။
“ဘာလဲ ငါကတော့ လေသန့်ပါကွာ
ရှူတဲ့ နှာခေါင်းတွေက မသန့်ဘူးလို့ ပြောမလို့လား ခင်ဗျားက”
“ဘာကွ .. ကြည့်ရတာ မင်းရေသန့်ဗူး စကားတွေ လာပြောနေပြီပဲ”
ကြည့်စမ်း။ ဒီလေက သိနေပါလား။
“ဟုတ်ပါဘူးဗျာ ကျွန်တော်လည်း ပျင်းပျင်းရှိ မိုးပေါ်တက်လာတာပါ
ခင်ဗျားနဲ့ တွေ့ရတာ ၀မ်းသာပါတယ် ကိုလေကောင်းလေသန့်ကြီး
ကျွန်တော် ခင်ဗျားကို ရှူတော့မယ်နော်
ရှူး……………………….”
“ဟေ့ကောင် .. ဟေ့ကောင် ….
မင်း .. မင်း …….. မင်း……………. ငါ့ကို”
သူ့စကား မဆုံးခင် ကျွန်တော်က အားရပါးရ ရှူသွင်းလိုက်ပါတယ်။ ခဏနေတော့ ကျွန်တော် တစ်မျိုးကြီး ဖြစ်လာတယ်။ စိတ်ထဲမှာ လေလံလို့။ အို………….။ ဘာဖြစ်တာလဲ။ ဟာ………….။ ကျွန်တော် ခန္ဓာကိုယ် တစ်ခုလုံး လေးလံလာတယ်။ တဖြည်းဖြည်း။ တဖြည်းဖြည်း။ ကျွန်တော် မရတော့ဘူး။
အား…………………………..
အား……………………………………………………
အား……………………………………………………………
ကျွန်တော် မိုးပေါ်က ပြုတ်ကျလာပါတယ်။

၎။

မြေပေါ်လည်း ရောက်ရော ကျွန်တော်က စာရေးကိရိယာ ဆိုင်ကို ရောက်နေတယ်။
“ဘာလိုလို့လဲရှင့်”
အမယ် … အရောင်းစာရေးမလေးက ချောချောလေးပါ။ နှာတံလေးက သွယ်သွယ်၊ မျက်လုံးလေးက ပြူးပြူး၊ ပါးလေးက ဖေါင်းဖေါင်းနဲ့ဗျ။ ချစ်စရာလေးပေါ့။
“ဒီမယ် ဘာလိုလို့လဲရှင့်”
ဟုတ်သား… သူ့ဆိုင်ရှေ့ ပြုတ်ကျလာမှတော့ ကျွန်တော် တစ်ခုခုတော့ ၀ယ်ရတော့မှာပေါ့။
“ဟို …….
ဟိုဝှာလေ ……..ဗျာ
ဟို………. ခဲတံရှိလားဗျ”
“ရှိတယ် .. တစ်ချောင်းကို တစ်ရာ နှစ်ဆယ်ရှင့်
ရော့ ..  ဒီမယ်”
“ဗျာ .. တစ်ရာနှစ်ဆယ်လား
တစ်ဒါဇင်ဆို ဘယ်လောက်လဲဗျ”
“တစ်ဒါဇင်လား.. ဆယ့်နှစ်နဲ့ မြှောက်လိုက်လေ”
“ခင်ဗျာ”

၅။

ခင်ဗျားတို့တော့ ဘယ်လို ထင်မလဲ မသိပါဘူး။ ကျွန်တော်က သင်္ချာ မကျွမ်းကျင်တော့ ခုထိကို မြှောက်လို့ မပြီးသေးပါဘူး။ သူ့မျက်နှာ လှလှလေးကို ကြည့်ရင်းပေါ့။

-       ရင်နင့်အောင်         -

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...