Sunday, November 10, 2013

အမှိုက်ထဲက "ရွှေ"

November 10, 2013 at 6:26am
 
 အမှိုက်ဆိုတဲ့ စကားလုံးက လူတွေနဲ့ မကင်းနိုင်သလို ၊ ရွှေဆိုတဲ့ စကားလုံးကလည်း လူတွေနဲ့ မကင်းတတ်ပါဘူး ...... အမှိုက်ဆိုတာ တန်ဖိုးမရှိတဲ့ အရာ စွန့်ပစ်ပစ္စည်းပါ ..... ရွှေဆိုတာက တန်ဖိုးထားကြတဲ့ တန်ဖိုးရှိတဲ့အရာ .........

အဲဒီတန်ဖိုးမရှိတဲ့ အမှိုက်တွေထဲကမှ တန်ဖိုးရှိတဲ့ ရွှေတွေကို သဲ့ယူထုတ်ဖို့ ကြိုးစားဖြစ်ကြပါတယ် ..... ကျွန်မတို့တွေ စလုံးရောက်မြန်မာတွေဟာ စီးတီးဟောကို  အကြောင်းအမျိုးမျိုးကြောင့် ရောက်ဖြစ်နေကျပါ ..... အဲဒီနားက ခရစ္စယာန်ဘုရားကျောင်းနဲ့ အနီးတဝိုက်မှာ မြန်မာတွေ ပုံစံအမျိုးမျိုးနဲ့ ရှိနေတတ်ကြပါတယ် ..... စနေ တနင်္ဂနွေတွေဆို လူတွေ ပိုများပါတယ် ...... အဲဒီအနီးတဝိုက်မှာ အမှိုက်တွေရော ၊ ကွမ်းသွေးတွေရော အများကြီး ရှိနေတတ်ပါတယ် ...... တစ်ခါတစ်လေ စိတ်ပျက်မိတာပေါ့ ...... အမှိုက်ကောက်ပေးရမယ်လို့တော့ တွေးမိတယ် ...... ဒီစိတ်ကို ၂၀၀၁ တုန်းက ရခိုင်မှာ English စာ သင်တန်းတက်တုန်းက ဆရာက ထည့်ပေးလိုက်ခဲ့တာပါ ...... ကျွန်မ ၁၆ နှစ်အရွယ်မှာ အထက်တန်း အလယ်တန်းကျောင်းတွေကို လိုက်ပြီး သန့်ရှင်းရေးတွေလုပ် မိုးရေထဲမှာ မြက်တွေ ပေါက်ခဲ့ဖူးပါတယ် ...... တကယ်ပြောရင် ကျွန်မတို့ကို အပိုလုပ်တွေ လုပ်သလို မေးငေါ့ခံရတာများခဲ့ပါတယ် ...... ဒါပေမယ့် ကိုယ်တွေ အရမ်းပျော်ခဲ့တယ် ..........
အခုလည်း ကျွန်မက စဉ်းစားရုံပဲ စဉ်းစားဖြစ်ပေမယ့် ၊ ကို ဆန်းမောင်မောင် က စီးတီးဟောနဲ့ ပက်သက်တဲ့ သူ့ခံစားချက်ကို ချရေးခဲ့တယ် ....... အဲဒီမှာပဲ အစ်မမေဇင်က အမှိုက်ကောက်ပေးကြမလားလို့ စမေးပါတယ် ..... မြင်မြင်ချင်း ကိုဆန်းမောင်မောင်ကို ကျွန်မဆက်သွယ်လိုက်ပါတယ် ...... ကိုဆန်းမောင်မောင်က လိုလိုလားလားပဲ သူ့ဖုန်းနံပါတ်တွေပေးပြီး အခုမှအစီစဉ်တွေ ဆွဲမှာမို့ ဘုရားကျောင်းနဲ့ စီးတီးဟောက မန့်နေ့ခ်ျမန့်တွေကို အကြောင်းကြား ခွင့်တောင်းပြီးရင် အကြောင်းပြန်ပေးမယ်ပြောပါတယ် ...... အဲနေ့ ညနေမှာပဲ အဆင်ပြေသွားပြီ အစီစဉ်တွေ စဆွဲမယ်ဆိုတော့ ကိုဆန်းမောင်မောင်က Green and Clean Group Page လေးကို ဖွင့်လိုက်ပါတယ် ...... လိုအပ်မယ့် လက်အိတ် ၊ အမှိုက်ကောက်တဲ့ ညှပ် ၊ အမှိုက်အိတ်နဲ့ ၊ နှာခေါင်းဖုံးတဲ့ မက်ခ်စ်လေးတွေ ၊ လက်ဆေးဆပ်ပြာ အလှူရှင်တွေ သူ့ထက်ငါ အပြိုင်ထွက်လာခဲ့ပါတယ် ...... အမှိုက်ကောက်ရင်း မောရင် သောက်ရအောင် ရေသန့်အလှူ ၊ ဖျော်ရည်အလှူတွေလည်း ပါပါတယ် ...... အမှိုက်ကောက်ရင်း လက်ကမ်းစာစောင်လေးတွေလည်း ဝေကြမယ်ပေါ့ ................
ပထမနေ့ (၃.၁၁.၂၀၁၃)
ကျွန်မတို့ စီးတီးဟောမှာပဲ ၃ နာရီခွဲချိန်းထားကြပါတယ် ..... စောရောက်နေလို့ လက်ကမ်းစာစောင်လေးတွေ ခေါက်ရင်း စောင့်နေလိုက်ကြပါတယ် ..... တဖွဲဖွဲနဲ့ ရောက်လာကြတာ လူအယောက် ၄၀ ကျော်သွားပါတယ် ...... Green and Clean ဆိုတဲ့ စတေကာ သေးသေးလေးတွေတပ်ထားလိုက်ကြပါတယ် ....... အဲဒါက အရင်ဆုံး အဖွဲ့ဝင်အဖြစ် လက်မှတ်ပါ ..... တုံ့ပြန်မှုတိုင်းကို ပြုံးပြီး ရင်ဆိုင်ဖို့ ၊ သူတို့ကို အနှောင့်အယှက်ပေးသလိုမဖြစ်ဖို့ ၊ တစ်ခုခုတုန့်ပြန်ခံရရင် အကောင်းဆုံး ပြောပြဖြေရှင်းဖို့ တိုင်ပင်ပြောကြားကြပါတယ် ..... ပြီးရင်တော့ ငါးယောက်တစ်အုပ် ခွဲလိုက်ကြပါတယ် ..... လက်တစ်ဘက်စီမှာ လက်အိတ်စွပ် ၊ တစ်ဖွဲ့က နှစ်ယောက်က ညှပ်ကိုင်၊ နှစ်ယောက်က အမှိုက်အိတ်ကိုင် ၊ တစ်ယောက်က လက်ကမ်းစာစောင်ဝေဖို့ အသင့်ပြင်ထားတယ်ဆိုရင်ပဲ Green and Clean ရဲ့ ယူနီဖေါင်းစုံပါပြီ ...... ပထမဆုံး ဘုရားကျောင်းထဲ သွားမယ်ဆိုတော့ အမှိုက်ကောက်ဖို့ တက်ကြွနေကြတဲ့ အဖွဲ့တွေဟာ သွားရင်းနဲ့ လမ်းကူးနေရင်းတောင် ကောက်ကောက်သွားကြပါတယ် ...... ရယ်ရယ်မောမောပါပဲ ..........
ဘုရားကျောင်းထဲကို လက်အိတ်တွေ ၊ နှာခေါင်းဖုံးလေးတွေနဲ့ လူအယောက်သုံးဆယ်လောက်က ညှပ်တွေလည်း ကိုင်လို့ ဝင်လာတယ်ဆိုတော့ ထူးထူးဆန်းဆန်းကြည့်ကြပါတယ် ...... ကျန်တဲ့ ၁၀ ယောက်ကျော်လောက်ကို စီးတီးဟောဘက်မှာပဲ ထားခဲ့တာပါ ...... ပထမဆုံး ရင်ဆိုင်လိုက်ရတာ ဘုရားကျောင်းက လုံခြုံရေးကိုပါပဲ ..... ခွင့်ပြုချက် ယူပြီးပြီဖြစ်ကြောင်းပြောတော့မှ ကျေးဇူးတင်ပါတယ်တဲ့ ..... သူတို့ကို အမှိုက်တွေမပစ်ကြဖို့ ၊ ကိုယ့်အမှိုက်တွေကို သေချာသိမ်းဆည်းဖို့ ပြောပြပေးပါတဲ့ ..... မင်းတို့က နိုင်ငံသားချင်းချင်းဆိုတော့ ပြောရအဆင်ပြေမှာပါတဲ့ ...... ကိုယ်တွေလည်း ပြုံးပြီး ကြိုးစားကြည့်ပါ့မယ်လို့ပြောခဲ့ကြပါတယ် ...... ဒီလိုနဲ့ လူတွေကြားထဲ ကျနေတဲ့ အမှိုက်တွေကို ကောက်ရင်း လက်ကမ်းစာစောင်တွေပါဝေရင်းပေါ့ ......
ကျွန်မတို့ကို နားမလည်တဲ့ မျက်လုံးတွေနဲ့ ကြည့်တာ ၊ အားနာတဲ့မျက်လုံးတွေနဲ့ ကြည့်တာ ၊ မလိုအပ်ဘဲ လျှောက်လုပ်နေတယ်ဆိုတဲ့ မျက်လုံးတွေ အစုံပါပဲ ..... ဟုတ်ကဲ့ အားကျတဲ့ မျက်လုံးနဲ့ ကြည့်တာလည်း ပါကောင်းပါနိုင်ပါတယ် ..... ပါလည်း ပါခဲ့ပါတယ် ..... (အဲဒါတော့ ဒုတိယနေ့မှာ ပြောပြပါမယ်) ..... ဒါပေမယ့် ၉၅ ရာခိုင်နှုန်းက လက်ကမ်းစာစောင်လေးတွေကို လက်ခံကြပါတယ် ...... အဲစာစောင်ထဲမှာ မြန်မာတွေ အခက်အခဲတစုံတရာဖြစ်ရင် ဆက်သွယ်ရမယ့် ဓါတ်တော်တိုက်ရဲ့ ဖုန်းနံပါတ်နဲ့ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတဲ့ Home Helpline ရဲ့ ဖုန်းနံပါတ်ကို ကြောဘက်မှာ ရေးထားပါတယ် ..... ပြီးတော့ ကျွန်မတို့ Green and Clean ရဲ့ အမှိုက်တွေစနစ်တကျပစ်စေဖို့ Message လေးပါ ပါတယ် ..... လက်ကမ်းစာစောင်ကို ကမ်းပေးပေးချင်းမှာ ကြော်ငြာမဟုတ်ပါဘူး ၊ အလှူကောက်တာ မဟုတ်ပါဘူး ၊ အရောင်းမြှင့်တင်ရေးလည်း မဟုတ်ပါဘူး ၊ ကံစမ်းမဲလည်း မဟုတ်ပါဘူးလို့ ပြောပေးခဲ့ရပါတယ် ...... ဒါပေမယ့် အများစုက လက်ခံယူကြတဲ့အတွက်လည်း ဝမ်းသာရပါရဲ့ ...... ဘုရားကျောင်းဝင်းတစ်ခုလုံး ပြီးသွားတော့ စီးတီးဟောမှာပဲ ပြန်ချိန်းပြီး အတွေ့အကြုံတွေကိုဖလှယ် ၊ အမောလည်းဖြေကြပါတယ် ....... တကယ်ဆိုရင် စစချင်းဝင်တုန်းက လူတွေကို ရှိန်နေတာမျိုးတွေ ရှိခဲ့ကြတဲ့သူတွေလည်း ပါပါတယ် ..... အမှိုက်လေးတွေ ကောက်ရင်းနဲ့ ကျေနပ်ပျော်ရွှင်လာကြတာပါ ........
ဒုတိယပိုင်းကို စီးတီးဟောမှာပဲ ၅လွှာလုံးခွဲပြီး အမှိုက်ကောက် ၊ စာစောင်ဝေ လုပ်ခဲ့ကြပါတယ် ..... မှန်တာပြောရင် ကျွန်မဟာ လမ်းဘေးစာကို မစားတတ်လောက်အောင် ရွံတတ်တဲ့သူပါ ...... ကျွန်မလို ၊ ကျွန်မထက် ရွံတတ်သူတွေ ပါပါလိမ့်မယ် ........ ဒါပေမယ့် လက်အိတ်လေးတစ်ဘက်စီစွပ်ပြီး လူတွေရဲ့ စွန့်ပစ်ထားတဲ့ တစ်သျှူးစက္ကူ ၊ စီးကရက်အပိုင်းအစတွေအပါအဝင် ရှိရှိသမျှအမှိုက်တွေကို လက်ရော ညှပ်ရော သုံးပြီး ကောက်ခဲ့ကြပါတယ် ........ ကျွန်မ စာစောင်သွားပေးတော့ စိတ်မဝင်စားဘူးလို့ ပြောတဲ့ အစ်ကို ၃ ယောက်ကို ကြုံခဲ့ပါတယ် ..... ကျွန်မလည်း ပြုံးပြပြီး ဆောရီးနော် ၊ ကျေးဇူးတင်ပါတယ်လို့ ပြောပြီး နောက်ကိုဆုတ်လာခဲ့ပါတယ် ...... စိတ်မကောင်းတော့ ဖြစ်သွားမိခဲ့တယ် ....... စီးတီးဟောပြီးတော့ ဘုရားကျောင်းထဲ ပြန်သွား လက်ကျန်လေးတွေကို ပြန်ကောက်ပြီး စကားတွေ ပြောဖြစ်ကြပါတယ် ..... စိတ်မကောင်းဖြစ်စရာ ထပ်ကြုံပြန်ပါပြီ ..... အမှိုက်သေချာပစ်ဖို့ရန် တိုက်တွန်းထားတဲ့ ကျွန်မတို့ရဲ့ လက်ကမ်းစာစောင်လေးကို ပစ်ချသွားတာ ကြုံလိုက်ရလို့ပါ .......ကျွန်မစိတ်မကောင်းဖြစ်တာကို ကိုဆန်းမောင်မောင် စကားကြောင့် ပြန်ပြေသွားခဲ့တယ် ....... ဒီလိုပါပဲ တုန့်ပြန်မှုတွေ အမျိုးမျိုးရှိပါလိမ့်မယ် ၊ လက်မထောင်ပြသွားတဲ့ လူတွေပိုများပါတယ်တဲ့လေ ...... ဟုတ်တာပေါ့ ......... အကောင်းချည်းပဲ မျှော်လင့်ထားလို့မရဘူးလေ .......... ဒါပေမယ့် အဲဒီနေ့က လူတွေအတော်များများဟာ အမှိုက်ကို ခါတိုင်းလို ပစ်ပစ်ချတာမျိုးထက် သေချာပစ်တာမျိုးကို မြင်လိုက်ရလို့ ကျေနပ်မိကြပါတယ် .......
ချွေးတွေတရုန်းရုန်းနဲ့ ကျွန်မတို့ Green and Clean အုပ်စုဟာ အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ကြပါတယ် ..... သူတို့အပျော်တွေ တစ်ယောက်က တစ်ယောက်ကို ကူးလူးပြီး အားလုံးအပြုံးပန်းတွေ ပွင့်လို့ .............
ဟုတ်ကဲ့ ကျွန်မ ဘဝမှာ ကိုယ့်ကိုကိုယ်ကျေနပ်မိတဲ့ ရက်တွေထဲ တစ်ရက် ပေါင်းထည့်ခဲ့ပါတယ် ..................
"စင်္ကာပူဟာ သန့်ရှင်းရေးစနစ်အရမ်းကောင်းတဲ့ နိုင်ငံပါ ....... ဒီနိုင်ငံထဲမှာ အမှိုက်လိုက်ကောက်တယ်ဆိုတာ အပိုအလုပ်လို့ မြင်ကောင်း မြင်ကြပါလိမ့်မယ် ........ ကျွန်မတို့ အုပ်စုလည်း ဒီအချက်ကို သိထားပါတယ် ........... ဒါပေမယ့်လို့ "ရွှေ"လို့ခေါ်ဝေါ်တဲ့ မြန်မာတွေ အမှိုက်ကို စနစ်တကျမပစ်တတ်ဘူးဆိုပြီး သူတို့သတ်မှတ်သွားမယ့် မြန်မာ့အဆင့်အတန်းကို ပြန်တင်စေချင်တဲ့စိတ်နဲ့ ဘယ်သူ့ကိုမှ အပြစ်စကားမဆို ၊ လက်ညိုးမထိုးဘဲ အမှိုက်ကိုစနစ်တကျပစ်ဖို့ ၊ မိမိသုံးထားတဲ့ အညစ်အကြေးတွေကို မိမိသေချာသိမ်းတတ်စေဖို့ ၊ မိမိဖြစ်တည်နေတဲ့ လူမျိုးကို နိုင်ငံသားကို မိမိရဲ့ မတော်တဆ လုပ်ရပ်လေးတွေနဲ့ အရောင်မစွန်းထင်းစေဖို့ဆိုတဲ့ Message လေးပေးချင်လို့ ပေးနိုင်ဖို့ကို ကိုယ်တွေရဲ့အားလပ်ရက်ထဲမှာ မနားဘဲ ကြိုးစားခဲ့ကြတာပါ ..... အဲဒီ Message လေးတစ်ခုရလိုက်တယ် ပေးလိုက်နိုင်တယ်ဆိုရင်ပဲ လူမျိုးခြားတွေ ကြားထဲမှာ မြန်မာတွေအတွက် မြန်မာနိုင်ငံသားတွေအတွက် တန်ဖိုးရှိတဲ့ "ရွှေ"ကို ရလိုက်တာလို့ပဲ ယုံကြည်ထားကြပါတယ် ......"
ကျေးဇူးပါ Green and Clean .....
(ဒုတိယနေ့ကို မနက်ဖြန် ဆက်ရေးပါရစေ)
သင်းချို

  1 comment:

  1. သဘောကျလို့ ရှယ်သွားတယ် လေးစားပါတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...