Wednesday, November 13, 2013

အခန်း (၈) ဂျွန်သက်ခိုင်



`စကားမစပ် လက်ရှိအချိနှ်မှာ ခင်ဗျားရဲ့တစ်လ၀င်ငွေဟာ ဘယ်လောက်ရှိသတုန်းဗျ´
`ရော၊ခက်နေပါလား၊ပြည်ပမှာနေတဲ့သူအချင်းချင်း ၀င်ငွေနဲ့အသက်ကို မမေးရဘူးဆိုတာ ခင်ဗျား မေ့နေလေရော့သလား´
`သိပါတယ်ဗျာ။ ခင်ဗျားနဲ့ ကျနော်က လူရင်းတွေပဲ။ ပြောမှာသာပြောစမ်းပါ´
`ထိုင်းဘတ်သုံးသိန်း ၀န်းကျင်ဆိုပါတော့´


`များလှချည့်လားဗျာ၊အတော့်ကို ဟန်ကျနေပြီပဲ´
`အင်း၊ဗမာပြည်ထဲမှာ ကျွန်တော်ကျင်လည်ခဲ့စဉ်အချိန်တုန်းက ရှာနိုင်ဖွေနိုင်ခဲ့တဲ့ ၀င်ငွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဘာမှပြောပ လောက်တဲ့ ငွေတော့ မဟုတ်ဘူးဗျ။ ဒါပေမဲ့တန်ဖိုးချင်းတော့ အတော်ကွာတယ်ဆိုရမယ်´
`ငွေဟာငွေပဲမို့ အတူတူလို့ မဆိုနိုင်ဘူးလားဗျာ´
`မတူဘူးဗျ၊အများကြီးခြားနားတယ်။ဟိုအရင် ကျနော်ရှာခဲ့တဲ့ငွေဟာ လူလည်လူတတ်လုပ်ပြီး ရှာခဲ့တဲ့ငွေ၊သူများ မျက်ခုံး မွှေးပေါ် စင်္ကြန်လျှောက်ပြီး ရခဲ့တဲ့ငွေ၊အခု ကျနော်ရနေတဲ့ ၀င်ငွေဟာ သမာအာဇီဝလို့ ဆိုနိုင်တဲ့ငွေ၊လွယ်လွယ်ရှာလို့ ရတဲ့ငွေတွေကို ကျနော်ကိုယ်တိုင် တန်ဖိုးထားရကောင်းမှန်း မသိခဲ့သလို၊ ကြာရှည်လည်း မခံခဲ့ဘူး။ပုံပြင်တစ်ပုဒ် ခင်ဗျား ကြားဖူးမယ် ထင်ပါရဲ့။သူဌေးကြီးတစ်ယောက်က စည်းမဲ့ကမ်းမဲ့ သုံးဖြုံးနေတဲ့သားကို တစ်နေ့ တစ်ကျပ်မရှာနိုင်ရင် အိမ်ပြန် မလာနဲ့ ဆိုပြီး စည်းကမ်းထုတ်တော့ သူဌေးသားဟာ သူ့မိခင်ဆီက လွယ်လွယ်ရတဲ့ငွေတစ်ကျပ်ကို သူ့အဖေသူဌေးကြီးဆီ ညနေတိုင်း အပ်သတဲ့။ လာအပ်တဲ့ငွေတစ်ကျပ်ကို သူဌေးကြီးက လှမ်းယူပြီး၊မီးပုံထဲ ပစ်ထည့်တယ်။ညနေတိုင်း တစ်ကျပ်
ပေး၊ လှမ်းယူ၊ မီးပုံထဲ ပစ်ထည့်နေရာကနေ၊ တစ်နေ့တော့ သူဌေးကတော် ခရီးလွန်တဲ့နေ့လည်းရောက်ရော သူဌေးသား ဟာ ငွေတစ်ကျပ်ရဖို့ ထင်းခွဲ၊ရေခပ်၊နဖူးကချွေး ခြေမကျအောင် လုပ်လိုက်ရတယ်။အဲဒီညနေမှာ သူ့အဖေလက်ထဲကို၊ ငွေတစ်ကျပ်လည်း အပ်ရော ထုံးစံအတိုင်း မီးပုံထဲပစ်ထည့်လိုက်တာကို သူဌေးသားက ဇွတ်လိုက်ဆယ်သတဲ့။ငွေတန်ဖိုးနဲ့ ငွေရှာရတဲ့ဒုက္ခကို သူသိသွားပြီလေ။ ဒီသဘောပါပဲဗျာ။အခုကျနော်ရနေတဲ့ဝင်ငွေဟာ အခက်အခဲမျိုးစုံကြားမှာ ကျနော့် ကိုယ်စွမ်းဥာဏ်စွမ်းတွေကိုသုံးပြီး သမာအာဇီဝနည်းနဲ့ ရှာဖွေထားတဲ့ငွေမို့၊နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ တန်ဖိုးထား တတ်နေပြီဗျ။ကျနော် ထိုင်းနိုင်ငံဘက်၊ ရောက်လာကာစ အချိန်မှာ ထိုင်းဘတ်တစ်ဘတ်ကို ဘယ်လိုများ ရှာရပါ့မလဲဆိုတဲ့ အခြေအနေကနေ အစပြုခဲ့ရတယ်ဆိုပါတော့ဗျာ´
`လုပ်စမ်းပါအုံးဗျ။ ထိုင်းနိုင်ငံမှာ ခင်ဗျားငွေရှာခဲ့တဲ့ အတွေ့အကြုံလေး။ ကျနော်တော့ဗျာ။တစ်လဘတ်သုံးသောင်းလောက် ရအောင်တောင်၊ အခုအချိန်အထိ ကျားကုပ်ကျားခဲလုပ်နေရတုန်းပါပဲ´
ခြေခင်းလက်ခင်းသာသော တစ်ညနေတွင်ဖြစ်၍၊နေရာကား.. ဖူးခက်မြို့မ၊စံမကောင်းအရပ်ရှိ၊ခေါင်ရန်းတောင်ထိပ်ပေါ်တွင် ဖြစ်သည်။စကားပြောဖော်၊အတွေးတူရာ မိတ်ဆွေရှားလှသော ဤအရပ်တွင် အလုပ်ပါးချိန်တိုင်းလိုလို ကျနော်နှင့်ကိုသက် ခိုင်၊ ဆိတ်ငြိမ်သောနေရာများတွင် စကားလက်ဆုံကျလေ့ရှိသည်။ ခေါင်ရန်းတောင်ထိပ်ပေါ်သို့ရောက်အောင် အတန်ငယ် မတ်စောက်သော ကားလမ်းကို တက်ခဲ့ကြရသည်။ခေါင်ရန်းတောင်ထိပ်မှ လှမ်းမျှော်ကြည့်လျှင် ဖူးခက်မြို့မတစ်ခုလုံးကို အပေါ်စီးမှ လှမ်းမြင်နေရသည်။ရောင်စုံတိမ်များ၊ဟိုတစ်ကွက် သည်တစ်ကွက်ရှိနေသော ခေတ်မီအဆောက်အဦများ၊ အဝေးဆီက မှိုင်းညို့ညို့တောင်တန်းများမှာ ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ်သဖွယ်ပါတကား။
ထိုအချိန်ထိုနေရာတွင် ယိုးဒယားမြေရောက် ကိုသက်ခိုင်၏ ဘ၀ခရီးတစွန်းတစကို ကျနော် သိခွင့်ရခဲ့ပြန်ပါသည်။ ကိုသက်ခိုင်သည် တောင်အောက်ကရှုခင်းများဆီသို့ ငေးမျှော်ရင်း၊ သူ့စိတ်အစဉ်ကို အတိတ်ဆီသို့ စေလွှတ်ကာ အေးဆေး တည်ငြိမ်စွာ ဇာတ်ကြောင်းလှန်နေလေ၏။သူ့နဘေးမှာ ကျနော်ရှိနေသည်ကိုပင် သူမေ့လျော့နေဟန်ရှိလေသည်။
`ဟုတ်တယ်ဗျ။ကိုလှမောင်ရွှေနဲ့ ဦးကြီးစိန်တို့ဆီက ငွေတွေ ရလိုက်တယ်ဆိုပေမဲ့၊ရေခြားမြေခြားကို တရားမ၀င်ရောက်လာ တဲ့ဘ၀မို့၊ ဘာမှမလုပ်တတ်၊မကိုင်တတ်တဲ့ အခြေအနေ၊ရှေ့ဘ၀ခရီးကလည်း မရေမရာ၊ တော်တော်ကို ဂဏှာမငြိမ်ရတဲ့ ကာလတွေပါပဲဗျာ။ရတဲ့ငွေထဲက အာရှဓနဘဏ်ကို ဆပ်ရမဲ့ငွေသိန်းလေးရာကျော်လောက်လည်း ဆပ်လိုက်တယ်။ဒီငွေကို ကျနော်မဆပ်ပဲနေမယ်ဆိုရင် နေသာသပေါ့ဗျာ။ ဒါပေမဲ့ မလုပ်ကောင်းတဲ့အလုပ်ဗျ။ ဇာတ်လမ်းက ဒီလို။
ရဲဘက်စခန်းမရောက်ခင် နှစ်နှစ်ဝန်းကျင် ၂၀၀၁ခုနှစ်လောက်ကပေါ့။စမ်းချောင်းဘက်မှာ ကျနော် ကန်ထရိုက်တိုက် တစ်လုံးဆောက်တော့ ငွေလိုတာနဲ့ အိမ်ပိုင်ရှင်ဦးရွှေသန်းရှေ့မှာ ညည်းမိတော့ သူက သူ့အိမ်ဂရန်ကိုထုတ်ပေးသဗျ။ ဒီတုန်းက အိမ်ဂရန်တွေ အာမခံတင်နိုင်ရင် အာရှဓနဘဏ်က ငွေထုတ်ချေးတယ်။ သိန်းထောင်၊သောင်းချီတဲ့ ချေးငွေ တွေကို လွယ်လွယ်နဲ့ကို ထုတ်ချေးတာ။အာရှဓနဘဏ်ဆီကို ဒီငွေတွေ ဘယ်လို ရောက်လာသလဲဆိုတာ စဉ်းစားကြည့်ရင် လွယ်လွယ်နဲ့သိနိုင်ပါတယ်။ဦးအိုက်ထွန်းနောက်ကွယ်မှာရှိနေတဲ့ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေအကြောင်း အတော်များများကို ကျနော်ရိပ်စားမိပါတယ်။
အဲဒီတုန်းက အစိုးရကလည်း သိသိကြီးနဲ့ လွှတ်ထားခဲ့တာပါပဲ။ခင်ဗျားလည်း ကြားဖူးနေမှာပါ။တိုတိုပြောရရင် မူးယစ် ဆေးဝါးကနေရတဲ့ငွေတွေဆိုတာ အလွယ်တကူခန့်မှန်းနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ အာရှဓနဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြီးတိုင် လုပ်ငန်းရပ်ဆိုင်းသွားခဲ့တယ်။ဘဏ်လုပ်ငန်းရပ်သွားချိန်မှာ ဘဏ်ကို အကြွေးဆပ်ရမဲ့သူတွေအတွက်တော့ ဖိုးကျိုင်းတုတ်ပေါ့ဗျာ။
ဦးအိုက်ထွန်းကိုယ်တိုင်လည်း ကျနော်ပြန်ဆပ်ရမဲ့ငွေတွေကို အပြည့်ဆပ်စရာမလိုပဲ၊ ရာခိုင်နှုန်းတချို့ဆပ်ရင် ပြေလည် အောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ကမ်းလှမ်းရှာပါတယ်။သူ့ဖာသာ ဘယ်ကရတဲ့ငွေဖြစ်ဖြစ်ဗျာ။ကျနော့်စိတ်ထဲရောက်နေ တာက အိမ်ရှင်ဦးရွှေသန်း ကြုံရမဲ့ဒုက္ခပါပဲ။ဒါကြောင့် အာရှဓနဘဏ်ကို တစ်ခွန်းမှ ဈေးမဆစ်ပဲ ဆပ်စရာရှိတဲ့အကြွေး၊ အကုန်ထိုးဆပ်လိုက်ရောဆိုပါတော့။
ကျနော်ဟာ ဘ၀ရပ်တည်ရာ တစ်နေရာရလိုရငြား ထိုင်းတစ်နိုင်ငံလုံးနီးပါး၊စင်္ကာပူမလေးရှားသာမက ဂျပန်အထိပါ ရောက်ခဲ့ပေမဲ့ ခြေတိုပြီးငွေကုန်ရုံဘ၀မှာ တ၀ဲဝဲလည်နေခဲ့တယ်။စင်္ကာပူမှာ ကုမ္ပဏီထောင်တယ်။ထိုင်းမှာ ကုမ္ပဏီဖွင့် တယ်။ဝင်ငွေကတော့ နတ္ထိ။ကျနော်ကျင်လည်ခဲ့တဲ့စရိုက်မျိုးနဲ့ ပြည်ပနိုင်ငံတစ်ခုမှာ ရပ်တည်ဖို့ မဖြစ်နိုင်လောက်ဘူးဆိုတာ ကျနော် တဖြည်းဖြည်းရိပ်စားမိလာတယ်ဗျ။နောက်ဆုံးတော့ ရနောင်ဈေးနားမှာ အိမ်တလုံးငှားပြီး၊ငွေဘယ်လိုရှာရပါ့ မလဲဆိုတာကို မိုးလင်းမိုးချုပ် စဉ်းစားခန်းဖွင့်ရပါတော့တယ်
ဗမာပြည်မှာ သိန်းပေါင်းများစွာရှာဖွေနိုင်ခဲ့တဲ့ ငါဟာ ထိုင်းဘတ်တစ်ဘတ်ကို ဘယ်လိုရှာရပါ့မလဲလို့ အကြိမ်ပေါင်းများစွာ တွေးမိတဲ့အထိပါပဲ။မဲဆောက်ဘက်မှာ အခြေကျနေတဲ့ မိတ်ဆွေတွေက အတိုက်အခံအဖွဲ့အစည်းတစ်ခုခုမှာ ၀င်လုပ်ဖို့ ကမ်းလှမ်းပေမဲ့ ကျနော့်ဘ၀အခြေအနေနဲ့ မအပ်စပ်ပဲ ယောင်ဝါးဝါးလုပ်ရမဲ့ ကိစ္စမျိုးကို မလုပ်ချင်ပြန်ဘူးဗျ။ရှင်းအောင်ပြော ရရင် ကျနော့်ဘ၀ရပ်တည်ရေးအတွက် နာမည်ခံတော်လှန်ရေးသမား၊အစိုးရဆန့်ကျင်ရေးသမား ကျနော်မဖြစ်ချင်ဘူး။ ဟန်ဆောင်ရတဲ့အလုပ်ကို ကျနော်မုန်းတယ်။
ပြောနေရင်းသတိရပြီဗျ။ကျနော် ထိုင်းဘက်ကိုရောက်ပြီး စီးပွားရေးစလုပ်ဖြစ်ခဲ့တာဟာ မဲဆောက်တံတားကြီးထိပ်မှာ အစ ပြုခဲ့တယ်လို့ဆိုနိုင်တယ်။ဘာရယ်လို့ မယ်မယ်ရရ ရည်ရွယ်ချက်မရှိပဲ မဲဆောက်ကို ကျနော် ရောက်ခဲ့တဲ့ တစ်ခေါက်ပေါ့။
မြ၀တီဘက်က အသိတစ်ယောက်ကို နယ်စပ်တံတားထိပ်မှာချိန်းထားတာကြောင့် တံတားထိပ်မှာ ကျနော်ရပ်စောင့်နေရင်း၊ မလှမ်းမကမ်းက မော်တော်ဆိုင်ကယ်တွေ ရောင်းတဲ့ ဆိုင်ကြီးတစ်ခုဆီကို ကျနော့်မျက်စိရောက်သွားတယ်ဗျ။ဆိုင်ကယ် အသစ်စက်စက်တွေမှာ ရောင်းဈေးကဒ်ပြားတွေကပ်ထားတာကို ကြည့်နေရင်း ရနောင်းဘက်က အသိတစ်ယောက်ပြောဖူး တဲ့ `ဆိုင်ကယ်တွေ ကော့သောင်းဘက်ပို့ရင် ကိုက်တယ်´ဆိုတဲ့ စကားသံကို အမှတ်ရလာတယ်။ဒါနဲ့ ကော့သောင်းက မိတ်ဆွေကို လှမ်းဖုန်းဆက်ပြီး `မော်တော်ဆိုင်ကယ်တစ်စီးကို ဘယ်လောက်အမြတ်ပေးမလဲ´ မေးလိုက်တော့ သူက ဘတ်လေးရာပေးမယ်ဆိုပဲ။တစ်ဘတ်အမြတ်ရရင်တောင် သေပျော်ပါပြီဆိုတဲ့ ခံစားချက်မျိုးဝင်နေတဲ့ ကျနော်ဟာ ရှည်ရှည်ဝေးဝေးမစဉ်းစားတော့ပဲ တံတားထိပ်က အေတီအမ်စက်(ဘဏ်တိုင်)မှာငွေထုတ်ပြီး ဆိုင်ကယ်လေးစီးဝယ်လိုက် ပါလေရော။ ကျနော်ငွေချေပြီးလို့ ဆိုင်ရှင်က `ဆိုင်ကယ်တွေကို ဘယ်ပို့မှာတုန်း´မေးတော့ ကျနော်က ကော့သောင်းကို ပို့မှာလို့လည်း ဖြေလိုက်ရော ဆိုင်ရှင်ဟာ ကျနော့်မျက်နှာကို အံ့သြတကြီး မော့ကြည့်လေရဲ့။ကျနော့်အမှားကို ကျနော် ချက်ချင်းသိလိုက်ပါပြီ။အမှန်တော့ ကော့သောင်းပို့မဲ့ဆိုင်ကယ်ကို ရနောင်းမှာ ၀ယ်ရမဲ့အစား မိုင်ပေါင်းတစ်ထောင် ကျော်ဝေးတဲ့ မဲဆောက်မှာ လာဝယ်တဲ့ ကျနော်လောက်တုံးတဲ့သူ ရှိပါအုံးမလားဗျာ။
ဆိုင်ရှင်ဟာ မအူမလည်ဖြစ်နေတဲ့ ကျနော့်ကို သနားတယ်ထင်ပါရဲ့ ။ ကော့သောင်းရောက်အောင် ရနောင်းက ဆိုင်ခွဲနဲ့ ချိတ်ပေးရှာတယ်။ နောက်ဆုံးတော့ ဆိုင်ကယ်လေးစီးဟာ၊ပါကင်အတိုင်း ကော့သောင်းကိုရောက်သွားရောဆိုပါတော့။ ဘယ်လောက်မြတ်သလဲ ဟုတ်လား။တပြားမှ မမြတ်တဲ့အပြင် ဆိုင်ကယ်လေးစီးဖိုးလုံး ဆုံးသွားသဗျာ။အေးလေ။ ဆိုင်ကယ်လေးစီးကို ဘယ်လိုဘယ်ပုံ ရောင်းပေးပါ့မယ်ဆိုပြီး ရွှန်းရွှန်းဝေအောင် ပြောခဲ့တဲ့ ကော့သောင်းကမ်းနီးငါးဖမ်း ဥက္ကကြီး ကိုမိုးကျော်ဟာ ဆိုင်ကယ်ရောင်းရတဲ့ ငွေတွေကို သူ့အလုပ်မှာငွေလိုလို့ သုံးထားပါရစေဆိုပြီး၊အတိုးလိုလို အမြတ် လိုလို တစ်လလေးငါးထောင် ပေးနေရာက၊ လေးငါးလလည်းကြာရော ကော့သောင်းမှာရှိတဲ့ အိမ်ကိုပါရောင်းပြီး ကိုယ်ယောင်ဖျောက်သွားတော့တာပါပဲ။ဆိုင်ကယ်လေးစီးဖိုးနဲ့တော့ရှောင်တာဘယ်ဟုတ်မလဲဗျ။ရန်ကုန်အိမ်ကနေ ကျနော့် ဆီကို လူကြုံပါးလိုက်တဲ့ငွေတွေပါပေါင်းရင် စုစုပေါင်းဘတ်သုံးသိန်းဝန်းကျင်ရှိမယ်။ တခြားအကြွေးတွေ လည်ပင်း နစ်နေတော့ အိမ်ကို အန်တီအုန်းလက်ထဲ၊ရရာဈေးနဲ့ထိုးအပ်ခဲ့ရတာ။တကယ်တော့ မိုးကျော့်ခြေလှမ်းကို ကျနော်ရိပ်မိလို့ ကျနော်ငွေကို မရ၊ရတဲ့နည်းနဲ့ ပြန်ယူနိုင်အောင် ကျနော်အကွက်ချခဲ့ပါသေးတယ်။ ခင်ဗျားကို ကျနော်ပြောဖူးတာ မှတ်မိမယ်ထင်ပါရဲ့။မိုးကျော်ကို ရနောင်းဘက်ချော့ခေါ်ပြီး ပါးစပ်ထဲက သွေးအတောင့်လိုက်ကျတဲ့အထိ မှတ်လောက် သားလောက်အောင်လုပ်ဖို့ ကြံခဲ့ပေမဲ့ လုပ်သမျှခံရမဲ့ မိုးကျော်ကို တကယ်တမ်းနဖူးတွေ့၊ဒူးတွေ့ကျတော့ ကျနော်မလုပ် ရက်ပြန်ဘူးဗျာ။
အဲဒီအချိန်တုန်းက နောက်ကြောင်းမအေးတဲ့ ကျနော်ဟာ တုံးတိုက်တိုက်၊ကျားကိုက်ကိုက်လုပ်တတ်တဲ့ အကျင့်တွေကို ဆင်ခြင်ဥာဏ်ကြီးကြီးထားပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နေတာလည်းပါမယ်ဗျ။ကျနော့်မှာ ရွေးစရာလမ်းမရှိပါဘူး။ ယိုးဒယား မြေမှာ ဘယ်လောက်ကြမ်းတဲ့ ခရီးလမ်းပဲဖြစ်ဖြစ် ရှေ့ဆက်ပြီး ခရီးနှင်ဖို့ပဲ ရှိပါတော့တယ်။ ရနောင်းမှာ နှစ်လလောက်ကြာ တော့ ကျနော်စိတ်ကူးတမျိုးဝင်လာပြန်ရောဗျာ။ ကျနော်မနက်တိုင်းရောက်နေကျ ရနောင်းဈေးထဲမှာ ဗမာပြည်ထွက် စားသောက်ကုန်၊ဆေးဝါးအပါအ၀င် ပစ္စည်းအတော်များများ အကြီးအကျယ်အရောင်းအ၀ယ်ဖြစ်နေတာတွေ့မိရာက စတယ် ဆိုပါတော့။လူတကာ မလုပ်နိုင်တဲ့ အလုပ်မျိုးကိုတောင်လုပ်လာခဲ့သေးတာ၊ဒီအရောင်းအ၀ယ်လောက်တော့ လုပ်နိုင်တန် ကောင်းရဲ့ဆိုပြီး ဗမာပစ္စည်းရောင်းဖို့ ကြံပြန်ရောဆိုပါစို့။ တကယ်တော့ ထိုင်းမှာဗမာပစ္စည်းရောင်းတယ်ဆိုတာ မာဖီးယား ဆန်ဆန်အလုပ်တမျိုးပါပဲ။အကောက်ခွန်၊ရဲအပါအ၀င် ထိုင်းအာဏာပိုင်တွေနဲ့ စည်းဝါးရိုက်ထားနိုင်မှ၊ ဇယားနိုင်မှ လုပ်လို့ ရ တဲ့အလုပ်မျိုးဆိုတာ ကျနော်မသိခဲ့ပါဘူး။ထိုင်းနယ်စပ်မှာ လူတလုံးသူတလုံးဖြစ်နေသူမှန်သမျှ ထိုင်းထဲကို ဗမာအလုပ် သမားတွေခိုးသွင်းတာ၊ ငွေလွှဲလုပ်ငန်းနဲ့ ဗမာပစ္စည်းအရောင်းအ၀ယ်လုပ်တဲ့သူလောက်ပဲရှိလေရဲ့ဗျာ။
ဟုတ်ပါတယ်၊ နယ်စပ်တွေမှာ ဒီဇယ်၊ဓာတ်ဆီတွေ၊သစ်မျိုးစုံနဲ့ ငါးဖမ်းလုပ်ငန်းတွေကို ဒေသခံအာဏာပိုင်တွေ၊နယ်စပ်လက် နက်ကိုင်တွေနဲ့ပေါင်းပြီး အကြီးအကျယ် စီးပွားဖြစ်နေကြတာမှန်ပါတယ်။ ခင်ဗျားစဉ်းစားကြည့်လေ။ အဲဒီအ၀န်းအ၀ိုင်းထဲကို ကျနော့်လက်ထဲမှာရှိတဲ့ ငွေလေးနှစ်ပြားတပဲနဲ့၊ထိုင်းစကား တစ်၊နှစ်၊သုံး၊လေးတောင် မရေတတ်ဘဲနဲ့ ဘယ်လိုဝင်တိုး မတုန်း။
ဒါနဲ့ပဲ ကျနော်လည်း ရနောင်းမှာဗမာပစ္စည်းရောင်းမဟဲ့ဆိုပြီး မဒမ်သက်ခိုင်ကို သံကြိုးလှမ်းရိုက်လိုက်တော့၊တသက်လုံး အိမ်ရှင်မဘ၀နဲ့ခေါက်ရိုးကျိုးနေတဲ့ ဒေါ်သက်ဝေတို့ လုပ်ငန်းကျွမ်းကျင်ပုံများ သြချလောက်ပါရဲ့ ။ဦးချိန်တီ၊ လူပျံတော် ပတ္တမြားသွေးဆေးနဲ့ ငန်းနီကျော်တို့လို မြန်မာဆေးပစ္စည်းမျိုးစုံ၊ အထုပ်ကြီးငယ်တွေကို ရန်ကုန်လေဆိပ်ကနေ လေယာဉ် ပျံနဲ့ တင်လွှတ်သဗျာ။ရန်ကုန်ကနေ ကော့သောင်းဘက်ကို ကမ်းရိုးတန်းသင်္ဘောတွေနဲ့ ပစ္စည်းတွေပို့ရတယ်ဆိုတာ ခမျာ မသိရှာဘူး။ တကယ့်အိုးနင်းခွက်နင်းပါပဲဗျာ။
ပစ္စည်းရောက်လာရင် ဈေးကွက်ထဲအရောက်ပို့နိုင်ရမှာမို့ ဈေးကွက်ရှာဖို့ ဟိုမေးဒီမေးနဲ့ ဗမာပစ္စည်းအရောင်းအ၀ယ်ကောင်း လှပါချည်ရဲ့ဆိုတဲ့ ဖူးခက်မြို့ကို ယောင်လည်လည်ရောက်ခဲ့ရောဆိုပါတော့။ ဖူးခက်မှာကျနော်နဖူးတွေ့၊ဒူးတွေ့ကြုံရတာက တော့ ဗမာပစ္စည်းဝယ်မဲ့ဖောက်သည်တွေ မဟုတ်ပါဘူး။လူဦးရေသောင်းချီပြီး အသေအပျောက်ရှိတဲ့ ထိုင်းနိုင်ငံဆူနာမီ ရေဘေးဟာ ကျနော်ကို အသင့်စောင့်ကြိုနေလေရဲ့ဗျာ။ကျနော်အမှတ်မမှားဘူးဆိုရင် ထိုင်း၊အင်ဒိုနီးရှား၊အိန္ဒိယ၊သီရိလင်္ကာ အပါအ၀င် အာရှနိုင်ငံအတော်များများကို ပျက်စီးခြင်း ငါးပါးဆိုက်အောင်ဂြိုဟ်ဝင်မွှေခဲ့တဲ့ စူနာမီရေလှိုင်းကြီးဟာ (၂၀၀၄) ခုနှစ်၊ဒီဇင်ဘာ (၂၆)ရက်နေ့မှာ ရိုက်ခတ်ခဲ့ပါတယ်။ကိုယ်တွေ့စူနာမီဆိုပါတော့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...