Monday, November 4, 2013

တော်သူများသာ ထိပ်ရောက်ရာဝယ်

Thanda Win November 4, 2013 at 4:50am


Meritocracy ဆိုတာ အရည်အချင်းကို ဦးစားပေးစနစ်ဖြစ်ပါတယ်။ ပင်ကိုယ်အရည်အသွေးနဲ့ စွမ်းဆောင်မှုပေါ်မှာမူတည်ပြီး ခေါင်းဆောင်ကို ရွေးချယ်တဲ့ စနစ်တစ်ခုပါ။
၁၉၅၈ မှာရေးသားခဲ့တဲ့ မိုက်ကယ်ယမ်းရဲ့ Rise of Meritocracy ဆိုတဲ့ စာအုပ်နာမည်ကြောင့် ဒီစကားလုံးစတင်ပေါ်ပေါက်လာပါတယ်။


တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်ဟာလည်း တော်သူရွေးစနစ်ကို အားပေးလက်ခံခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဒီစနစ်ရဲ့ ကောင်းကွက်တွေကတော့ လူတွေဟာ သူတို့ရဲ့အားထုတ်မှုပေါ်မူတည်ပြီး အကျိုးအမြတ်ခံစားရပါတယ်။ ဒီစနစ်ထဲမှာ လူတွေဟာတက်ကြွပြီး အလုပ်ကြိုးစားကြတယ်။ ကောင်းကောင်းလုပ်ရင် ကောင်းကောင်းခံစားခွင့်ရမယ်လို့ သေချာနေကြတယ်။
ဒီစနစ်ထဲမှာ အတော်ဆုံး၊ ဥာဏ်ရည်အပြည့်ဆုံးတွေက တိုင်းပြည်ကိုဦးဆောင်တာမို့ အောင်မြင်မှုတွေ၊ လူ့အဖွဲ့အစည်းရဲ့ ရှင်သန်နိုင်မှုတွေနဲ့ အသီးအပွင့်ရလာဒ်တွေက မြင့်မားပါတယ်။ အကောင်းဆုံးခေါင်းဆောင်တွေကြောင့် တိုးတက်ဖွံ့ဖြိုးမှုတွေနဲ့ အဖွဲ့အစည်းဟာ အမြင့်ကိုရောက်လွယ်ပါတယ်။

နောက်ထပ်ကောင်းချက်တစ်ခုကတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဥာဏ်ရည်ဥာဏ်သွေးကလည်း လိုက်ပါမြင့်မားလာတာကိုတွေ့ရပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တာမို့ တစ်ဦးချင်းအနေနဲ့ တက်တက်ကြွကြွခွန်အားရှိရှိနဲ့ ပညာရပ်ပိုင်းဆိုင်ရာမှာကော၊ ဥာဏ်ရည်ပိုင်းဆိုင်ရာမှာပါ ကြိုးစားအားထုတ်ကြရပါတယ်။ ဒါကြောင့်လည်း ယေဘူယျဥာဏ်ရည်မှာ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ မြင့်မားလာတာဖြစ်ပါတယ်။

မကောင်းတဲ့အချက်တွေကတော့ ပြိုင်ဆိုင်မှုပြင်းထန်လွန်းတာမို့ မပျော်ရွှင်တဲ့လူသားတွေ များလာတာပါပဲ။ စိတ်ဖိစီးမှုတွေက မိမိကိုယ်တိုင်၊ ပတ်ဝန်းကျင်နဲ့ မိဘတွေစသဖြင့် ၀န်ထုပ်ဝန်ပိုးကြီးမားတတ်ပါတယ်။ နောက်ဆုံးမှာ စိတ်ရောဂါတွေအထိ ရတတ်ပါတယ်။

နောက်တစ်ချက်ကတော့ အောင်နိုင်သူနဲ့ ရှူံးနိမ့်သူလို့ ခွဲခြားပစ်လိုက်တဲ့အတွက် ကျရှူံးမှာကြောက်သူတွေဟာ မစွန့်စားရဲတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီအချက်ကြောင့် သိပ်မစွန့်စားရဲတော့ပဲ စီးပွားရေးမှာ ကျဆင်းလာတတ်ပါတယ်။ အခွင့်အရေးကောင်းတွေကို လက်လွှတ်လိုက်ရတာမို့ စီးပွားရေးအခက်အခဲတွေပေါ်လာတတ်ပါတယ်။

စင်္ကာပူဟာ နိုင်ငံရေးထဲမှာ တော်သူရွေးစနစ်ကိုကျင့်သုံးနေတဲ့နိုင်ငံတွေထဲက တစ်ခုပါ။ ဖင်လန်နိုင်ငံကလည်း ၁၉ ရာစုတုန်းကကျင့်သုံးခဲ့ပြီး ဗီနက်တီယမ်ရီပတ်ဘလစ်နိုင်ငံကလည်း ကျင့်သုံးပါတယ်။ အမေရိကန်နိုင်ငံကတော့ ပညာရေးစနစ်မှာ ကျင့်သုံးပြီး တော်သူတွေသာ ဆက်လက်သင်ကြားနိုင်ကြပါတယ်။

ဒီစနစ်ဟာ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ဥာဏ်ရည်ပေါ်မှာ ရွေးချယ်တာမို့ လူအများစုက နှစ်သက်လက်ခံကြပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ကတော့ ဒီစနစ်ဟာ လူအချင်းချင်းကြားမှာ ယှဉ်ပြိုင်မှုစစ်ပွဲတွေဖြစ်ပြီး ကိုယ်တိုင်ကလွဲလို့ ဘယ်သူ့ကိုမှ မယုံကြည်တော့တာမျိုးတွေဖြစ်နိုင်တယ်၊ သိပ်မတော်သူတွေက အမြဲရှူံးနိမ့်နေရတဲ့ အဖွဲ့အစည်းဖြစ်လာနိုင်တယ်လို့ စိုးရိမ်ကြပါတယ်။

စင်္ကာပူက တရုတ်လောက်တော့ သနားတယ်တဲ့
=========================
( National University of Singapore ရဲ့ ဧည့်ပါမောက္ခ ဘဲလ် နဲ့ Nanyang Technological University ပါမောက္ခ လီ တို့ရေးသားပြီး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ ဒီအန်အေမှာ ( ၃၁.၁၀.၁၃) တွင် ဖော်ပြခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ )

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက စင်္ကာပူနိုင်ငံရေးခေါင်းဆောင်များဟာ အာရှတန်ဖိုးဆိုတဲ့ အတွေးအမြင်ကို ရှေ့တန်းတင်ခဲ့ကြပါတယ်။ ရည်ရွယ်ရင်းကတော့ အနောက်တိုင်းဒီမိုကရေစီပုံစံဟာ အာရှဒေသတွင်းမှာအံမ၀င်ဘူးလို့ ဆိုချင်တာပါ။ ဒီအပေါ်မှာ ကမ္ဘာ့လူသားအားလုံးရဲ့ လူ့အခွင့်အရေးအခြေခံတန်ဖိုးများပေါ်မှာမူတည်ပြီး အကြီးအကျယ်ငြင်းခုန်ဆွေးနွေးပွဲတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဆွေးနွေးမှုတွေဟာ စင်္ကာပူခေါင်းဆောင်တွေ တီထွင်ဖန်တီးအသုံးပြုထားတဲ့ ခေတ်မီနိုင်ငံရေးစနစ်ဖြစ်တဲ့ တော်သူ၊ အရည်အချင်းရှိသူကို ဦးစားပေးရွေးချယ်မှုကိုတော့ လစ်လျူရှူခဲ့ကြပါတယ်။

တရုတ်ပြည်နဲ့ အနောက်တိုင်း နိုင်ငံရေးရဲ့ သီအိုရီမှာရော၊ လက်တွေ့ကျင့်သုံးရာမှာပါ ခေါင်းဆောင်တွေကို ကျွမ်းကျင်မှု၊ အရည်အသွေးသာလွန်မှုတွေပေါ်မူတည် ရွေးချယ်ခြင်းဟာ အဓိကဗဟိုချက်မဖြစ်ပါတယ်။ ကွန်ဖြူးရှပ်၊ ပလေတို၊ ဂျိမ်းမက်ဒီစန်နဲ့ ဂျွန်မေးတို့ဟာ ဥာဏ်ရည်ဥာဏ်သွေး၊ စိတ်ဓါတ်အရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်တွေကို ဘယ်လိုရွေးချယ်ကြမလဲဆိုတဲ့ အကောင်းဆုံးဗျုဟာအတွက် အတော်ခေါင်းခဲခဲ့ကြပါတယ်။

စင်္ကာပူမှာတော့ နိုင်ငံရေးမှာ တော်သူဦးစားပေးစနစ်ဟာ အဓိကဖြစ်နေဆဲပါ။ နိုင်ငံခေါင်းဆောင်တွေဟာ ဒီမိုကရေစီဖြစ်စဉ်ကို အတားအဆီးတွေ ပေါ်လာမယ်ဆိုရင်တောင်မှ အတော်ဆုံးဆိုတဲ့ အရည်အချင်းပြည့်သူတွေကိုသာ ရွေးချယ်နိုင်ရအောင် စနစ်ရဲ့ လည်ပတ်ပုံတွေကို ဆက်လက်ရှင်သန်စေပါတယ်။ ဒါကိုထောက်ခံမှုရဖို့အတွက် ကွန်ဖြူးရှပ်ယဉ်ကျေးမှုကို မကြာခဏသက်သေထူတတ်ပါတယ်။

ဝန်ကြီးချုပ်လီရှန်လွန်းက ကွန်ဖြူးရှပ်ရဲ့ စံနှုန်းတွေထဲမှာ စင်္ကာပူနိုင်ငံနဲ့ ကိုက်ညီတာကတော့ အစိုးရဆိုတာ လေးစားထိုက်တဲ့သူတွေ၊ လူထုအတွက် မှန်ကန်တာကိုလုပ်ပေးဖို့ တာဝန်ရှိတဲ့သူတွေ၊ လူထုရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကို ရရှိထားတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို တော်သူဦးစားပေးစနစ်ထဲမှာ ရွေးကောက်ပွဲတွေထက် ရေရှည်အမြင်ရှိသူတွေဖြစ်ရမယ်ဆိုတာက အရေးကြီးသလိုပဲ ပိုပြီးတန်းတူညီမျှခွင့်တွေ၊ နိုင်ငံရေးမှာပိုမိုပါဝင်ဆောင်ရွက်ခွင့်တွေကို ပေးရမယ်ဆိုတာကိုလည်း နားလည်ကြပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးဟောပြောပွဲတွေကို ပိတ်ပင်တားဆီးမှုတွေကို လျှော့ချပေးခဲ့ပြီး အတိုက်အခံတွေကို ထိခိုက်နစ်နာအောင်လုပ်တာတွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

ဒါ့အပြင် ၀င်ငွေမညီမျှမှုကိုလည်း လျှော့ချနိုင်ခဲ့ပြီး လူမှုရေးထောက်ပံ့မှုတွေကို တိုးမြှင့်ပေးခဲ့ပါတယ်။ လူလတ်တန်းစားတွေအတွက် ပညာရေးမှာရင်းနှီးမြှပ်နှံပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ပိုလက်လှမ်းမှီအောင် ကူညီထောက်ပံ့ပါတယ်။ ဒီခြေလှမ်းသစ်ကို ကရုဏာရှေးရှုပြီး တော်သူရွေးခြင်းလို့ အမည်တပ်ပါတယ်။

၁၉၉၀ ခုနှစ်လောက်ကတည်းက တရုတ်အရာရှိများဟာ စင်္ကာပူကို သွားရောက်ပြီး အတွေ့အကြုံတွေကို သင်ယူပါတယ်။ တရုတ်ပြည်လို နိုင်ငံကြီးတစ်ခုအတွက် စင်္ကာပူနိုင်ငံရေးစနစ်ကို တိုက်ရိုက်ပုံတူကူးလို့မရပေမယ့်လည်း တရုတ်ပြည်ရဲ့ လက်ရှိအရွေ့မှာ တော်သူဦးစားပေးစနစ်အတွက် စံနမူနာတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ စင်္ကာပူနမူနာကိုကြည့်ပြီး တရုတ်ပြည်ဟာ ခေတ်မှီပြီး နည်းလမ်းတကျရှိတဲ့ စနစ်တခုထဲမှာ နိုင်ငံရေးခေါင်းဆောင်တွေကို ဆယ်စုနှစ်နဲ့ချီလေ့ကျင့်သင်ကြားပေးရုံမက စစ်ဆေးစမ်းသပ်မှုအမျိုးမျိုးကိုလည်း လုပ်ငန်းအဆင့်တိုင်းမှာ ထည့်သွင်းထားနိုင်ခဲ့ပါတယ်။

ဒီလိုရွေးချယ်ထားတဲ့ခေါင်းဆောင်တွေဟာ စီးပွားရေးတိုးတက်မှုနဲ့ သန်းရာချီတဲ့လူတွေကို ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခြစားမှုတွေ၊ မညီမျှမှုတွေ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ တရားဝင်လာဘ်ယူမှုတွေ၊ နိုင်ငံရေးကွဲပြားမှုကို ခွင့်မပြုတာတွေနဲ့ ဘာသာရေးအငြင်းပွားမှုတွေကတော့ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

ဒါတွေကိုပြောင်းပြန်လှန်ပစ်ဖို့ဆိုရင် တရုတ်ပြည်ဟာ အာဏာအလွဲသုံးစားမှုတွေကို စစ်ဆေးနိုင်မယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို လုပ်ရပါတော့မယ်။ တော်သူဦးစားပေးစနစ်မှာလည်း ပုဂ္ဂိုလ်ရေးသစ္စာခံမှု၊ ကြွယ်ဝမှုနဲ့ ကျောထောက်နောက်ခံရှိမှုတွေပေါ်မှာရွေးချယ်တာမဟုတ်ပဲ ကိုယ်ပိုင်စွမ်းရည်နဲ့ စာရိတ္တတို့ကို အခြေခံရွေးချယ်ရပါမယ်။ ဒါ့အပြင် အရာရှိတွေကို ဂျီဒီပီတက်ရုံလောက်နဲ့ ဆုချီးမြှင့်တာမဟုတ်ပဲ လူမှုရေး၊ စီးပွားရေးမညီမျှမှုတွေကို လျှော့ချနိုင်ပြီး ပြည်သူတွေကို ပိုမိုအလေးထားတဲ့ အစိုးရဖြစ်ကြောင်း ပုံဖော်နိုင်ရင်လည်း ချီးမွမ်းမြှင့်တင်သင့်ပါတယ်။ ဒီနေရာမှာလည်း စင်္ကာပူရဲ့ ကရုဏာရှေးရှုပြီး တော်သူရွေးခြင်းပုံစံကို အတုခိုးနိုင်ပါတယ်။

ကမ္ဘာ့အင်အားချိန်ခွင်လျှာအပြောင်းအလဲတွေကြောင့် ရှေ့လျှောက် တရုတ်ပြည်ဟာ အနောက်တိုင်းဒီမိုကရေစီရဲ့ စံနှုန်းပေတံတစ်မျိုးထဲနဲ့ အတိုင်းခံရတော့မှာ မဟုတ်ပါဘူး။ တော်သူဦးစားပေးစနစ်ဟာ တရုတ်ပြည်ရဲ့ ရှိရင်းစွဲနိုင်ငံရေးယဉ်ကျေးမှုဖြစ်ပြီး တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးမှာလည်း အညွှန်းကိန်းတစ်ခုဖြစ်လာပါလိမ့်မယ်။

၁၉၉၀ တုန်းက ဘယ်သူကမှ တရုတ်ပြည်ဟာ ကမ္ဘာ့အချမ်းသာဆုံးနံပါတ်နှစ်နေရာကို အနှစ် ၂၀ အတွင်းရောက်လိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။ နောက်ထပ်အနှစ် ၂၀ မှာတော့ တရုတ်ပြည်ရဲ့ တော်သူရွေးစနစ်ဟာ အပြောင်းအလဲပုံစံသစ်တစ်ခုဖြစ်ရုံမက အနောက်တိုင်းဒီိမိုကရေစီကိုတောင် ဘယ်လိုစိန်ခေါ်နိုင်သလဲဆိုတာကို ကျွန်တော်တို့ဆွေးနွေးနေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘာသာပြန်သူ -- သန္တာဝင်း
(၀၄.၁၁.၁၃ )

http://www.dnaindia.com/analysis/column-singapore-s-compassionate-meritocracy-for-china-1911658


http://library.thinkquest.org/07aug/00540/meritocracy.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...