Wednesday, November 6, 2013

ဘာကြောင့် စာရေးသလဲ…

November 5, 2013 at 7:48pm

ကိုဏီလင်းညိုရဲ့ စတေးတပ် ကို မနေ့က ဖတ်ရတယ်...
မလေး ပြန်ရေးထားတဲ့ စာရေးခြင်း ပညတ်ကို ဒီနေ့မနက် ဖတ်ရတယ်...
အဲဒီစာနှစ်ပုဒ်ကို ဖတ်အပြီးမှာ ၂၀၁၂ ဇွန်လ တုန်းက icn2 - Tag လို့ ရေးဖြစ်တဲ့ ဒီပိုစ့်ကို သတိရသွားလို့ ပြန်တင်ပါတယ်...း-)



ဘာကြောင့် စာရေးသလဲ ဆိုတဲ့ မေးခွန်းကို မေးလာခဲ့ရင် ဘယ်လိုအချိန်မှာမဆို ကျွန်မ ဖြေမယ့် အဖြေက တစ်ခုတည်း ပြီးတော့ ဘယ်တော့မှ မပြောင်းမလဲ တသမတ်တည်း ရှိနေပါတယ်၊ အဲဒါကတော့ ဝါသနာကြောင့် စာရေးပါတယ် ဆိုတဲ့ အဖြေပါပဲ…။ ဒီအဖြေဟာ ယေဘုယျ ကျလွန်းတဲ့ အဖြေဖြစ်သော်လည်း Universal Truth ဆိုတာလို အမြဲတမ်းအတွက် မှန်ကန်တဲ့ အဖြေတခုလည်း ဖြစ်နေပြန်သေးတယ်။ ဝါသနာပါလို့ စာရေးတယ် ဆိုတဲ့ တိုရှင်း ပြတ်သားတဲ့ အဖြေရဲ့ နောက်ကွယ်မှာ အဲဒီလို စာရေးရတာာ ဝါသနာပါဖို့၊ အခုလို စာတွေ ရေးဖြစ်ဖို့ကို ဘယ်လို အကြောင်းအရာတွေက စေ့ဆော်ပါသလဲ ဆိုရင်တော့ ဖြေစရာ အဖြေ တော်တော်များများ ရှိနေပါတယ်။


(၁)
စာရေးခြင်းရဲ့ အစဟာ စာဖတ်ခြင်း ဖြစ်တယ်။
စာဖတ်ဝါသနာကို ပျိုးထောင်ပေးခဲ့တဲ့ မိဘတွေရဲ့ သွန်သင် ဆုံးမမှုနဲ့ သူတို့ရဲ့ ကျေးဇူးတွေကြောင့် စပြီး စာဖတ်တတ်တဲ့ အရွယ်ထဲက နေ့စဉ် ဖတ်လာခဲ့တဲ့ စာအုပ်တွေဟာ စာရေးခြင်းဆိုတဲ့ ဝါသနာကို တစထက် တစ ရှင်သန် ခိုင်မာလာစေခဲ့ပါတယ်။ ငယ်ငယ်ကတော့ စာအုပ်တစ်အုပ်ရရင် ဇာတ်လမ်းကို သိချင်ဇောနဲ့ အလောတကြီးနဲ့ အမြန်ပြီးအောင် ဖတ်ပြီး နောက်တစ်ရက် နှစ်ရက် ကြာမှ အေးအေးဆေးဆေး တခေါက် ပြန်ဖတ်တတ်တယ်။ ဇာတ်လမ်း ဇာတ်ကွက်ရဲ့ အချိုးအကွေ့လေးတွေကို စကားလုံး အဖွဲ့အနွဲ့ထက် ပိုပြီး မက်မောမိတယ်။ အခု အသက်အရွယ်မှာတော့ စာတစ်အုပ်ကို တစိမ့်စိမ့် ခံစားရင်း ဖြေးဖြေးသာ ဖတ်ချင်မိတော့တယ်။ ဖတ်ဖြစ်တဲ့ စာအုပ်တွေတိုင်းမှာ ဖတ်နေရင်း တပိုင်းတစနဲ့ ဖြစ်စေ၊ အဆုံးထိ ဖတ်ပြီးသွားတဲ့ အချိန်မှာ ဖြစ်စေ တွေးနေမိတဲ့ အကြောင်းက ကိုယ်တိုင်သာဆို ဘယ်လိုလေး စီစဉ်လိုက်မယ် ဘယ်လိုလေး ရေးလိုက်မယ်လို့ ဆိုတဲ့ စိတ်ကူးယဉ် အတွေး တချို့ပါ…။ ဒါဟာလည်း ဖတ်ဖြစ်တဲ့စာကို မနှစ်သက်လို့ ပေါ့ပေါ့တန်တန်စိတ်မျိုးနဲ့ ပြောင်းလဲပစ်ချင်တာ မဟုတ်ပဲ ဇာတ်ကောင်တွေထဲကို ကိုယ်တိုင်ကိုယ်ကျ ရောနှော ပါဝင် စီးမျော ခံစားရင်းက ဖြစ်စေချင်တဲ့ အတွေးတချို့နဲ့ စိတ်ထဲကနေ ရေးကြည့် နေမိတဲ့ သဘောပါ…။ ဒီလိုနဲ့ အိပ်ယာဘေးက ဖတ်လက်စ စာအုပ်ပုံဟာ တဖြေးဖြေး မြင့်လာလေတယ်။

(၂)
စကားအရာမှာ မကျွမ်းကျင်တဲ့အတွက် အကြောင်းအရာတခုကို စကားနဲ့ ပြောမယ့်အစား စာနဲ့သာ ချရေးလိုက်ချင်တဲ့စိတ် ကျွန်မမှာ အမြဲတမ်း ရှိနေတတ်တယ်။ အဲဒီစိတ်ဟာလည်း စာရေးဖြစ်ဖို့ တွန်းအားပေးတဲ့ အချက်တွေထဲက အဓိက ကျတဲ့ အချက်တစ်ချက် ဖြစ်နေတာ တွေ့ရပါတယ်…။ စာသင်ခန်းထဲမှာ ကိုယ့်အကြောင်း ကိုယ် ပြောပြီး မိတ်ဆက်ပါလို့ ဆိုလာတဲ့အခါတိုင်း လူကြောက်တတ်တဲ့ ကျွန်မဟာ ကျွန်မနာမည် ဘယ်သူပါ ဆိုတာအပြင် ဘာစကားကိုမှ ဝေဝေဆာဆာ ဖွယ်ဖွယ်ရာရာ မပြောတတ်ခဲ့ပေမယ့် Myself ဆိုတဲ့ စာစီစာကုံးမှာ အမှတ်အများဆုံးနဲ့ ပထမဆု ရခဲ့ဖူးတယ်။ အဲဒီအခိုက်အတံ့လေးကို ပြန်တွေးမိတိုင်း ကျွန်မဟာ စာရေးခြင်းကို စကားပြောခြင်းထက် ပိုနှစ်သက်တယ်ဆိုတာ ကိုယ်တိုင် သေချာလာခဲ့တယ်။

(၃)
ကျွန်မက တွေးရတာကို ကြိုက်တယ်…။

ကြုံခဲ့ဖူးတဲ့ သက်ရှိ သက်မဲ့တွေရဲ့ အကြောင်း၊ တွေ့မြင်ရတဲ့ မြင်ကွင်းတစ်ခု၊ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်၊ ကြားလိုက်ရတဲ့ စကားတစ်ခွန်း (သို့) သီချင်း တပိုင်းတစ၊ ကြည့်လိုက်ရတဲ့ ရုပ်ရှင် တစ်ကွက်… စတာတွေနဲ့ ပတ်သက်ပြီး မဆုံးနိုင်တဲ့ အတွေးတွေ ကျွန်မဆီမှာ အမြရှိနေတတ်တယ်…။ စိတ်အတွေးဆိုတာ လေထက်တောင် လျှင်မြန်တတ်တဲ့ သဘာဝရှိတာမို့ ကျွန်မ နှစ်သက်သော ကျွန်မ စွဲလမ်းသော တချို့တချို့သော အတွေးတွေကို ဘယ်သောအခါမှ မပျောက်ပျက်စေလိုတဲ့ စိတ်ဆန္ဒကြောင့် စကားလုံးတွေအဖြစ် အသွင်ပြောင်းပြီး မှတ်တမ်းတင်ပါတယ်။

နောက်တခုက ကျွန်မက စိတ်ကူးယဉ်တတ်တယ်။
ကျွန်မရဲ့ ပတ်ဝန်းကျင်ကို စိတ်ကူးယဉ်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေအဖြစ် ပြောင်းလဲပစ်လို့ မရတဲ့အခါမျိုးတွေမှာ သူတို့တတွေကို စာတစ်ပုဒ်ထဲမှာ အကွက်ကျကျ နေရာချ ထည့်သွင်းပြီး ဆေးစက်ကျရာ အရုပ်ထင်စေခဲ့တယ်။ တကိုယ်ကောင်းဆန်လိုက်တာလို့ ပြောရင်လည်း ခံရရုံပါပဲ…။ တိမ်တွေကို ကိုယ်လိုချင်တဲ့ အချိန်မှာ ကိုယ်လိုရာ ပုံသဏ္ဍါန်မျိုးနဲ့ မြင်ရစေဖို့၊ ကျယ်လွင့်လွင့် မြက်ခင်းစိမ်းတခုနဲ့ ရောင်စုံသက်တန့်ကြီးတစ်ခု မျက်စိရှေ့မှောက်ကို ရောက်လာစေဖို့ ဆိုတာတွေကို စာထဲမှာ ကျွန်မ ချက်ချင်း ဖန်တီး တည်ဆောက်ယူလို့ ရတယ်မဟုတ်လား…။

(၄)
ထွက်ပေါက်ဆိုတာ လူတိုင်းအတွက် တချိန်ချိန်မှာ တကယ်ကို လိုအပ်တယ်။
ပတ်ဝန်းကျင်ကို စိတ်နဲ့မတွေ့တာ စိတ်တိုင်းမကျတာတွေတွေ များလာတဲ့အခါ စိတ်ကို တနည်းနည်းနဲ့ ထွက်ပေါက်ပေးဖို့ ကြိုးစားမိတာ ကျွန်မတစ်ယောက်တည်း မဟုတ်ဖူးလို့ ထင်ပါတယ်။ သူများတွေ ဘယ်လိုနည်းနဲ့ စိတ်ထွက်ပေါက်ရှာကြသလဲ ဆိုတာကို ကျွန်မ စိတ်ဝင်စားပါတယ်။ ကျွန်မအတွက်ကတော့ စာရေးခြင်းဟာ အကောင်းဆုံးနဲ့ အဆင်အပြေဆုံး စိတ်ထွက်ပေါက်တခုပါပဲ…။ စိတ်ထဲမှာ ရှိသမျှ ကောင်းခြင်း ဆိုးခြင်းတွေကို စကားလုံးတွေအဖြစ် သွန်ချလိုက်တဲ့အခါ ရာခိုင်နှုန်းပြည့် မဟုတ်တောင် တော်တော်ကြီးကို ပေါ့ပါးလွတ်လပ်သွားတာ… ဒီလိုမှ မဟုတ်ရင် မလိုလားအပ်တဲ့ ကြမ်းတမ်းမှုတွေ ပူလောင်မှုတွေဟာ ကျွန်မကို ဝါးမြိုသွားကြတော့မှာလေ…။

(၅)
ရယ်စရာတော့ ကောင်းနေမလားပဲ…။
ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ အပတ်စဉ်ထုတ် Times နဲ့ Newsweek ဂျာနယ်တွေ ရှိတယ်။ စာဖတ်တာ ဝါသနာပါတယ် ဆိုပေမယ့် အဲဒီစာအုပ်တွေက မူလတန်း ကျောင်းသူ ကျွန်မအတွက်တော့ တော်တော်လေးကို ခက်နေပါသေးတယ်။ ဒီတော့ စာအုပ်ထဲက ဓါတ်ပုံတွေ၊ ကြော်ငြာတွေကိုပဲ ကျွန်မ ကြည့်ပါတယ်။ တနေ့မှာ ဓါတ်ပုံတပုံကို ကျွန်မ တွေ့တယ်။ အဲဒီဓါတ်ပုံဟာ ကျွန်မကို နေ့ပေါင်းများစွာ လပေါင်းများစွာ ဆွဲဆောင်ထားလေတယ်။ တကယ်တော့ ဓါတ်ပုံက ဖေါင်တိန်ကြော်ငြာတဲ့ ဓါတ်ပုံ ရိုးရိုးလေးပါ။ ဖေါင်တိန်ကိုင်ထားတဲ့ ညာဖက်လက်ကလေးတခု မျဉ်းကြောင်းတွေပါတဲ့ စာအုပ်တစ်အုပ်ပေါ်မှာ စာရေးနေတဲ့ ပုံကလေး... လက်ကလေးက မိန်းကလေးလက်ဆိုတာကို ပန်းနုရောင် လက်သည်းနီလေးတွေက ဖေါ်ပြနေပါတယ်။ တကယ်လို့များ တချိန်ချိန်မှာ ကျွန်မဟာ စာတွေ ရေးတဲ့ စာရေးသူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဖေါင်တိန်ကောင်းကောင်း တစ်ချောင်း ဝယ်ပြီး အဲဒီလို ဓါတ်ပုံမျိုး ရိုက်ဖြစ်အောင် ရိုက်မယ်လို့လည်း စိတ်ထဲမှာ တိတ်တိတ်လေး တေးထားမိတယ်။ ခုတော့ ကျွန်မ စာတွေရေးနေဖြစ်ပါတယ် ဒါပေမယ့် ဖေါင်တိန်လည်း မဝယ်ဖြစ်သေးသလို အဲဒီဓါတ်ပုံမျိုးလည်း အခုချိန်ထိ မရိုက်ဖြစ်သေးပါဘူး။

(၆)
ရင်ခွင်မှာ... မခံစားရပဲ အကြောင်းမဲ့တော့... သီချင်းမဖြစ်ဖူး အချစ်ရယ်… တဲ့…။
မှန်တာပေါ့… ဒါကြောင့် စာဖတ်သူတွေ အနေနဲ့ ကျွန်မကိုယ်တိုင် ခံစား စီးမျောပြီး ရေးခဲ့တဲ့ ကျွန်မရဲ့ စာတွေထဲမှာ ကျွန်မကို… ပြီးတော့ ကျွန်မရဲ့ စေတနာကို ကောင်းကောင်း ရှာတွေ့နိုင်ပါတယ်။ အမြဲတမ်းမဟုတ်တဲ့ တချို့ တချို့သော အချိန်တွေမှာတော့ ကျွန်မဟာ ကိုယ်ရေးတဲ့ စာတွေထဲမှာ ကိုယ်တိုင်တောင် ပြန်ရှာလို့ မတွေ့နိုင်အောင် ပျောက်ဆုံးနေတတ်ပြန်တယ်။

(၇)
၂၀၁၁ Blog Day အမှတ်တရ ပိုစ့်မှာ ဒီလို ရေးဖြစ်ခဲ့တယ်…

"တနေ့ပြီး တနေ့ အသက်တွေက ပိုကြီးလာတာ အခုဆိုရင် လူ့ဘဝသက်တမ်းရဲ့ တစ်ဝက်ကို ကျော်လွန်ခဲ့ပြီ။ အသက်တွေ ကြီးလာတာနဲ့အမျှ တာဝန်တွေ ဝတ္တရားတွေ ပိုများလာတယ်။ တာဝန်တွေ ပိုများလာတာနဲ့ အမျှ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ အဲဒီလို ကိုယ်ပိုင်အချိန်တွေ နည်းလာတာနဲ့အမျှ လူက စိတ်ဖိစီးမှုတွေ များလာတယ်။ အလိုမကျတာတွေ များလာတယ်။ စိတ်ရော လူရော ပင်ပန်းလာတယ်။ မကြည်လင်ဘူး မလန်းဆန်းဘူး။ အလိုလိုနေရင်း ဒေါသတွေ ကြီးလာတယ်။ မလိုအပ်ပဲနဲ့ စိတ်တွေ မာကျော ခက်ထန်လာတယ်။ အရာရာကို အဆိုးဖက်က မြင်တတ်လာတယ်…။ အေးအေးချမ်းချမ်း သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လိုမှ တွေးလို့မရတော့ဘူး။ ဘယ်အရာကမှ ကိုယ့်စိတ်ကို သက်သာရာ မရစေခဲ့ဘူး။ တနေ့လုံးနေလို့ သီချင်းတစ မဆိုမိ မညည်းမိခဲ့ဘူး။ စာ ကဗျာ တကြောင်းတလေနဲ့ မပျော်မွေ့ဖြစ်ခဲ့ဘူး။

တနေ့တာ အချိန် နှစ်ဆယ့်လေးနာရီမှာ အိပ်ချိန် ရှစ်နာရီ နှုတ်လိုက်ပြီး ကျန်တဲ့ အချိန် ဆယ့်ခြောက်နာရီ၊ အဲဒီအထဲကမှ အလုပ်ချိန် ဆယ်နာရီကို နှုတ်လိုက်ရင် ကျန်တဲ့ အချိန် ခြောက်နာရီမှာ ကိုယ့်အတွက် (သို့) ကိုယ့်စိတ်ကလေး သက်တောင့်သက်သာ ဖြစ်သွားစေဖို့အတွက် ဘာများ လုပ်မိပါလိမ့်၊ ကိုယ့်ဆန္ဒလေး (သို့) ကိုယ့်ဝါသနာလေး တခုခုအတွက် အချိန်ဘယ်လောက်များ ပေးမိပါလိမ့်လို့ တွေးမိလိုက်တဲ့ တနေ့မှာ ကျွန်မ ဘလော့ဂ်လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။ စာတွေ ရေးဖြစ်ခဲ့ပါတယ်…"

အရိုးဆုံးဟာ အဆန်းဆုံးလို့ ဆိုကြတယ်…။
ကျွန်မအတွက်ကတော့စာရေးခြင်းနဲ့ ပတ်သက်လို့ ရည်ရွယ်ချက် ရည်မှန်းချက် မျှော်လင့်ချက် ရယ်လို့အများကြီး ပြောစရာ မရှိသလို အောင်မြင်မှု ထင်ပေါ်ကျော်ကြားမှု နဲ့ ဂုဏ် ဒြပ် ဆိုတာတွေကလည်း ကိုယ်နဲ့ မဆိုင်သလို ဟိုး ခပ်ဝေးဝေးမှာပဲ ရှိနေကြပါတယ်…။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ နေ့တဓူဝ တွေ့မြင် ကြားသိ ဖတ်မှတ် နေရသမျှတွေကို အတွေးထဲ ထည့်တွေးရင်း၊ စိတ်ကူးတွေ ယဉ်ရင်း အဲဒီ အတွေးတွေကိုလည်း စကားလုံးတွေ ဝါကျတွေအဖြစ် အချိန်ရှိနေသရွေ့ ရိုးရိုးသားသား ပုံဖေါ်ရင်း စာတွေ အများကြီး ဆက်ရေးဖြစ်နေအုံးမှာပါပဲ…။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...