Wednesday, November 6, 2013

ဖြစ်မှဖြစ်ရလေ ပေါင်ချိန်ရယ်



"ဒုန်....... ဒုန်....... ဒုန်.......... ဒုန်..........."
(ခိုင်းဖုံးရုံးတော်ရှေ့မှ စည်တီးသံ)
"ဝယ်......................."
ပေါင်ချိန် ။ ။ ရုံးတော်ရှေ့မှ စည်တော်ကို ဘာကြောင့်တီးရသလဲ မောင်မင်း။



တိုင်တန်းသူ ။ ။ မတရားခံရလို့ပါ ပေါင်တာရဲ။ မတရားရိုက်နှက်ခံရပါတယ်။

ပေါင်ချိန် ။ ။ ဘယ်သူတွေက ဘာကြောင့် မောင်မင်းကို ရိုက်ကြသလဲ။ ရှင်းအောင်ပြောစမ်း။

တိုင်တန်းသူ ။ ။ ကျနော်မျိုးရဲ့အိမ်ကို ဧည့်စာရင်းလာစစ်တာ လ၀က ရောမပါဘူးလား မေးမိလို့ ရိုက်ခံရတာပါ။

ပေါင်ချိန် ။ ။ သယ်.......... ရာရာစစ။ တရားဥပဒေစိုးမိုးရေးအောက်မှာ ဒီလိုလုပ်လို့ရမလား။ မောင်မင်းဘာဖြစ်ချင်သလဲ။ ရုံးတော်ကိုလျှောက်တင်စမ်း။

တိုင်တန်းသူ ။ ။ (အားတက်သရောဟန်ပန်ဖြင့်) မှန်ပါပေါင်တာရဲ။ အာဏာပိုင်တွေ ဘာလုပ်လုပ် ဘာပြောပြော ပြန်ပြောမိရင် ၀တ္တရားနှောင့်ယှက်တယ်ဆိုပြီး ရိုက်ကြပါတယ်။ ဒါဟာ အာဏာပိုင်တွေကိုယ်တိုင်က အာဏာကိုအလွဲသုံးစားလုပ်နေကြတာပါ။

ပေါင်ချိန် ။ ။ (မုတ်ဆိတ်မွှေးကို လက်ဖြင့်သပ်ကာစဉ်းစားလျက်) သွေ့........ မှန်တယ်။

တိုင်တန်းသူ ။ ။ ဒါကြောင့် အာဏာပိုင်တွေကို အာဏာအလွဲသုံးစားလုပ်မှုနဲ့ တရားပြန်စွဲချင်ပါတယ်။

ပေါင်ချိန် ။ ။ ဟောင် ........။ မောင်မင်းပြောတဲ့အတိုင်းဆိုရင် အာဏာပိုင်တွေကို ပြန်လည်အရေးယူဖို့အတွက် ခိုင်ဖုံးရုံးတော်မှ မောင်မင်းအမှုကိုလက်ခံစဉ်းစားမယ်။

ကျန်ကျောင်း ။ ။ (အလောသုံးဆယ်လေသံဖြင့်) ပေါင်တာရဲ...............

ကျန်ကျောင်းသည် ပေါင်ချိန်ထံသို့ ပြေးသွားပြီး တီးတိုးတီးတိုးသဖန်းပိုးလုပ်လေသည်။ ပြီးနောက် ပေါင်ချိန်သည် အလွန်တရာအံ့သြသောမျက်နှာဖြင့် တိုင်တန်းသူဖက်သို့လှည့်ပြီး-

ပေါင်ချိန် ။ ။ မောင်မင်းဘယ်ကလာပြီးတိုင်သလဲ။

တိုင်တန်းသူ ။ ။ မြန်မာပြည်ကလာပါတယ်ပေါင်တာရဲ။

ပေါင်ချိန် ။ ။ ဒါဆိုမောင်မင်းဖြစ်တဲ့အမှုက မြန်မာပြည်မှာဖြစ်တာပေါ့။

တိုင်တန်းသူ ။ ။ မှန်ပါတယ်ပေါင်တာရဲ။ မြန်မာပြည်က တရားရုံးတွေ၊ ရဲစခန်းတွေ၊ အုပ်ချုပ်သူခေါင်းဆောင်တွေက ဒီလိုအမှုကို မမြင်ချင်ယောင်ဆောင် မျက်နှာလွှဲနေကြပါတယ်။ ဒါကြောင့် ခိုင်ဖုံးတရားရုံးကို ဗွီဒီယိုဇာတ်လမ်းတွဲတွေထဲမှာကြည့်မိလို့ အပင်ပန်းခံပြီး ပေါင်တာရဲရှေ့ အရောက်လာခဲ့ရပါတယ်။

ပေါင်ချိန် ။ ။ (ဦးခေါင်းကိုဘယ်ညာဖြေးလေးစွာခါယမ်းပြီး) အင်း......... မြန်မာပြည်၊ မြန်မာပြည်။ မြန်မာပြည်က အာဏာပိုင်တွေနဲ့ ဖြစ်တယ်ဆိုရင်တော့ ငါမပြောနဲ့။ မိုးနတ်မင်းတောင် မကယ်နိုင်ဘူးကွယ်။ ကျန်ကျောင်း... သူ့ကိုဆေးလေးဘာလေးလိမ်းပေးလိုက်၊ ဒဏ်ရာပျောက်တဲ့အထိ အေးအေးဆေးဆေးနားပါစေကွယ်။

ကျန်ကျောင်း ။ ။ သွေ့ပေါင်တာရဲ...........။

တိုင်တန်းသူ ။ ။ (မရဲတရဲလေသံဖြင့်) အမှုကိုဘယ်လိုလုပ်ပေးမှာလဲပေါင်တာရဲ။

ပေါင်ချိန် ။ ။ မြန်မာပြည်အာဏာပိုင်နဲ့ဖြစ်ခဲ့တဲ့ မောင်မင်းအမှုကို လက်ခံလိုက်ရင် ငါနဲ့တကွ ငါ့ရဲမက်တွေအားလုံးအလုပ်ပြုတ်ကုန်မှာဖြစ်ပြီး ခိုင်ဖုံးရုံးတော်လည်း ပိတ်လိုက်ရမှာဖြစ်တယ်။ အတည်တည်အဆက်ဆက်က နာမည်ပျက်မရှိနေလာခဲ့တဲ့ ခိုင်ဖုန်းရုံးနဲ့ပေါင်ချိန်ထန်းဟာလည်း မြန်မာပြည်အာဏာပိုင်တွေနဲ့ ပတ်သက်မိရင် စုတ်ပြတ်သွားမှာဖြစ်တယ်။ ဒါကြောင့် မောင်မင်းရဲ့အမှုအား ခိုင်ဖုံးရုံးတော်မှ ပလပ်လိုက်တယ်။
ဝန်ချောင်၊ မာဟန့်၊ ကျန်းလုံ၊ ကျောက်ဟု....................။

(ပြိုင်တူထူးသံ) ရှိပေါင်တာရဲ...........။

ပေါင်ချိန် ။ ။ ရုံးတော်နားမယ်။

"၀ယ်................................"

ခဏအကြာ ရုံးတွင်းမှရဲမက်တဦးထွက်လာပြီးလျှင် ခိုင်ဖုံးရုံးရှေ့ရှိစည်တော်ကြီးဘေးတွင် စာရွက်တရွက် လာကပ်သွားလေသည်။

"မြန်မာပြည်မှအာဏာပိုင်များနှင့်ပတ်သက်သော မည်သည့်အမှုကြီးငယ်ကိုမဆို ခိုင်ဖုံးတရားရုံးတော်မှ လက်ခံစဉ်းစားပေးမည်မဟုတ်ပါ"

မောင်ပါလ
၆.၁၁.၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...