Monday, September 23, 2013

ရင်းနှီးမြှုပ်နှံမှုများ ဘာကြောင့် wait and see ဖြစ်ရသလဲ

 The Voice Weekly's photo.

ကိုရီးယားကလည်း wait and see၊ ဂျပန်ကလည်း ‘အခြေအနေ အားလုံးကို လေ့လာသုံးသပ်နေပါတယ်၊’ အမေရိကန်ကလည်း စောင့်ကြည့်နေတယ်၊ တရုတ်ကတော့ အရင်ကတည်းက ခွင်ရိုက်ပြီး ဝင်ထားတော့ အတည်ပြုပြီးသား ပရောဂျက်တွေ ပြန်သုံးသပ်မှာကို စိုးရိမ်နေတယ်။
စင်ကာပူကတော့ အစိုးရက ‘go’ လို့ ဆိုလိုက်ရင် ဝင်လာမှာပဲ။ စလုံးမှာ တွေ့ ခွင့်ရလိုက်တဲ့ လူငယ်စီးပွားရေး သမားတွေကတော့ Business အကြောင်း ပြောကြရင် ပါးစပ်က ဒေါ်လာ သန်းက မချတော့ဘူး၊ တကယ်လည်း ရှိကြပုံရပါတယ်။

တချို့ကုမ္ပဏီတွေလည်း စတင်ခြေလှမ်းစ ပြုနေပါပြီ။ ယပက်လက်ကတော့ အရင်ကတည်းက ဝင်လိုက် ထွက်လိုက်ဆိုတော့ ဘယ်နေရာ ခွင်ကောင်းတယ်ဆိုတာ သိပြီးဖြစ်လို့ သူတို့နိုင်ငံမှာ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် လုပ်လို့မရတဲ့ စီးပွားရေး လုပ်ငန်းမျိုးတွေ မြန်မာကိုပြောင်းဖို့ ကြိုးစားကြတယ်။ ဥပမာ - ရေ အမြောက်အမြားလိုတဲ့ ပရောဂျက်တွေပေါ့။ ဘန်ကောက်မှာ အဝီစိတွင်း တူးခွင့်မရတော့ဘူးလေ။ မလေးရှားကတော့ Labour Intensive (လုပ်သား အသုံးရများတဲ့ လုပ်ငန်း) တွေ ပြောင်းချင်ကြတယ်။ သူတို့ပြည်တွင်းမှာ အလုပ်သမား ပြဿနာက တက်တော့မယ်။ တန်ချောင်အုပ်စုကတော့ နစ်ဆန်း ကားစက်ရုံဆောက်ဖို့ ပထမဆုံး ဝင်လာကြပါပြီ။ ဗီယက်နမ်ကတော့ အလုံးအရင်းနဲ့ ဝင်လာချင်ပေမယ့် မြန်မာက လုပ်ငန်းတွေကို စိစစ်ခွင့်ပြုနေတာကြောင့် အနည်းအကျဉ်းပဲ ဝင်ရောက် လာနိုင်သေးတယ်။ ဒါပေမဲ့ ဟိုတယ် ပရောဂျက်ကြီး တစ်ခုကတော့ ထင်ထင်ရှားရှားကို ဝင်ရောက် လုပ်ကိုင်နေပါပြီ။ အီးယူ (ဥရောပသမဂ္ဂ) ကလည်း တခြားနိုင်ငံတွေလိုပဲ wait and see လုပ်နေဆဲ ဖြစ်ပါတယ်။ ကဲ ဘာကြောင့်များ wait and see ဖြစ်နေရပါလဲ SWOT analysis နဲ့ သုံးသပ်ကြည့်ရင် မကောင်းဘူးလား။

Strength (အားသာချက်)
(၁) အစိုးရက ရင်းနှီးမြှုပ်နှံမှုများကို လိုလိုလားလား လက်ခံနိုင်ခြင်း
(၂) လူဦးရေသန်း ၆၀ ကျော်သော ဈေးကွက်ရှိနေခြင်း
(၃) နိုင်ငံပြင်ပမှာ အလုပ်လုပ်နေသော မြန်မာလူမျိုး workforce (လုပ်သားအင်အား) များစွာ ရှိနေခြင်း
(၄) ပြည်တွင်း၌ သယံဇာတ အမြောက်အမြား ရှိနေခြင်း
(၅) တက္ကသိုလ်ကောလိပ် စက်မှုကျောင်းများ ဒေသအနှံ့အပြား အများအပြား ရှိနေခြင်း (ဆရာအရည်အသွေး တိုးတက်လာစေရန် အချိန်တိုအတွင်း ဆောင်ရွက်နိုင်၊ ကျောင်း သင်ခန်းစာ/သင်ကြားရေးစနစ်များကို အားသာချက် ရှိလာအောင်လုပ်နိုင်)
(၆) labour workforce (လုပ်သားအင်အား) ကြီးကြီးမားမား ရှိနေခြင်း
(၇) လုပ်ခလစာမှာ မျှတသော လုပ်ခလစာ ဖြစ်နေခြင်း
(၈) ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံတကာက လက်ခံနိုင်သော ဥပဒေဖြစ်နေခြင်း

Weakness (ပျော့ကွက်)
(၁) လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်း၊ Private Power Producers အပိုင်း၌ အားနည်းခြင်း (အစိုးရက ဦးစားပေးအဆင့် (၁) မှာထား၍ လုပ်ကိုင်နေပြီ ဖြစ်ပါသည်)
(၂) မြေနေရာ ဈေးကြီးနေခြင်း၊ ရုံးခန်း ငှားရမ်းခ ဈေးကြီးနေခြင်း (မြေဈေး ကျဆင်းရေးအတွက် နည်းလမ်းမျိုးစုံ လုပ်ကိုင်လျက် ရှိပါသည်)
(၃) ဆက်သွယ်ရေး/အင်တာနက် နိုင်ငံတကာအဆင့် မမီသေးခြင်း (နိုင်ငံတကာ ကုမ္ပဏီနှစ်ခု ဝင်ရောက် လုပ်ကိုင်လျက် ရှိပါသည်။)
(၄) ငွေကြေးကဏ္ဍ/ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း
(၅) ဗျူရိုကရေစီ ယန္တရားဆန်သော လုပ်ငန်းဆောင်ရွက်မှုများ မပပျောက်သေးခြင်း
(၆) ကျွမ်းကျင်လုပ်သား ရှားပါးမှု (သို့သော် နိုင်ငံပြင်ပတွင် ရောက်နေသော မြန်မာလုပ်သားများ အခြေအနေကောင်းလျှင် အချိန်မရွေး ပြန်ဝင်လာနိုင်ခြင်း)
(၇) logistic (ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်း) အပိုင်း ဈေးကြီးနေခြင်း (ဆိပ်ကမ်း၊ ပြည်တွင်းကားခများ)

Opportunity (အခွင့်အလမ်း)
(၁) Rate of Returns မှာ အချိန်တိုအတွင်း အရင်းကျေကာလသို့ ရောက်နိုင်ခြင်း
(၂) လုပ်ငန်းချဲ့ထွင်နိုင်ရန် အခြေအနေများ ရှိနေခြင်း (ရင်းနှီးမြှုပ်နှံမှု ကာလမှာ ၇၅ နှစ်အထိ ရှိနေခြင်း
(၃) ကြီးမားသော ဈေးကွက်ကြီးနှစ်ခုသို့ ချဲ့နိုင်သော အခြေအနေ ရှိနေခြင်း(တရုတ်နှင့် အိန္ဒိယ)
(၄) ASEAN Economic Community (အာဆီယံ စီးပွားရေး အသိုက်အမြုံ) အခွင့်အလမ်းများ ရရှိနိုင်ခြင်း
(၅) living Cost (နေစရိတ်) နိမ့်ခြင်း
(၆) မပျက်စီးသေးသော ရေမြေတောတောင် သဘာဝများ ရှိနေခြင်း

Threat (အခက်အခဲ)
(၁) နိုင်ငံရေး အခြေအနေ တည်ငြိမ်သည်ဟု ဆိုနိုင်သော်လည်း အချိန်မရွေး ပေါက်ကွဲနိုင်ခြင်း
(၂) ယခင်အစိုးရ လက်ထက်များ၌ မူဝါဒများ အမျိုးမျိုး ပြောင်းလဲတတ်သော အလေ့အကျင့်များ ရှိခဲ့ခြင်း
(၃) အလုပ်သမားသပိတ်များ ကြုံရဖွယ်ရှိခြင်း (labour law အလုပ်သမားဥပဒေ အားနည်းနိုင်ပါသည်)
(၄) လျှပ်စစ်ဓာတ်အားခများ ဈေးကြီးမြင့်နိုင်ခြင်း
(၅) စက်မှုဇုန်များ ဖော်ထုတ်လုပ်ကိုင်ရန် အခက်အခဲများ ရှိနေခြင်း
(၆) ပြည်တွင်းရှိ လုပ်ငန်းများမှာ ငွေအင်အား နည်းပါးသဖြင့် Down Stream industry အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် အဟန့်အတားများ ရှိနေခြင်း
(၇) ပြည်တွင်းလုပ်ငန်းများ အနေဖြင့် ပြည်တွင်းဘဏ်များမှ ငွေချေးရန် အခက်အခဲ ရှိနိုင်ခြင်း
(ဂ) မိမိနိုင်ငံကဲ့သို့ အခြေအနေတူသော အိမ်နီးချင်းနိုင်ငံများ ပတ်ဝန်းကျင်၌ ရှိနေခြင်း
အထက် S WOT နည်းအရ အကျဉ်းချုပ် သုံးသပ်ချက်တွင် Strength အရ အားသာချက်များ ရှိနေပြီး Weakness နှင့် Threat များအပိုင်း၌ အချိန်တိုအတွင်း ကုစားပေးနိုင်မည့် အနေအထား ရှိနေခြင်းကြောင့် အခက်အခဲများကို အချိန်နှင့်အမျှ ကျော်လွှား သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။ ရေးထားတာတွေကတော့ အကြမ်းဖျင်း သုံးသပ်ချက်ပါ။

လာဘ်ပေးလာဘ်ယူကတော့ နာမည်သာ ကြီးနေတာပါ၊ Threat ထဲ၌ လာဘ်ပေးလာဘ်ယူ မပါဝင်နိုင်ပါ။ ရင်းနှီးမြှုပ်နှံသူတို့ကတော့ လာဘ်ပေး လာဘ်ယူကို သိပ်အလေးမထားကြပါ။ မောင်တိုင်ပင် မြင်တာ ကတော့ ငွေကြေးကဏ္ဍနဲ့ မြေဈေးကြီးခြင်းပါပဲ။ Samsung ဆိုရင် သူတို့ကို ပေးဖို့ လျာထားတဲ့မြေကို Huawai ကို ပေးလိုက်လို့ စိတ်ခုတယ်လို့ ကြားတယ်။ နိုင်ငံတိုင်းလိုလိုက ခေါ်ချင်နေတဲ့ Samsung ဆိုတော့ ဒါလောက်တော့ ရှိမှာပေါ့။

တန်ချောင်အုပ်စုရဲ့ နစ်ဆန်း မော်တော်ကား စက်ရုံဆိုရင် MIC အတည်ပြုချက် ရဖို့ကို အခက်အခဲပေါင်းများစွာ ကျော်လွှား လုပ်ခဲ့ရပါတယ်။

တချို့သော အခက်အခဲများက ဗျူရိုကရေစီ စနစ်ကြောင့် ဖြစ်ပေါ်သော ပြဿနာများ၊ chicken or egg (ဂျာအေး သူ့အမေရိုက်) ပြဿနာများ၊ စနစ်ဟောင်းကိုပဲ ဖက်တွယ်လိုသော ဝန်ထမ်းများ၏ စိတ်ထားများကြောင့် ဖြစ်ပေါ် လာသော ပြဿနာများ ဖြစ်ကြတာကို တွေ့ပါတယ်။ ဒါတွေကို စိတ်ရှည်ရှည်ထား၍ ကျော်လွှားရပါတယ်။

အမှန်တော့ ကိုယ်က လာစေချင်တာ မဟုတ်လားဗျာ။ ကိုယ်က လာချင်အောင် အကုန်လုံး အဆင်ချောအောင် လုပ်ပေးနိုင်ရင် ကောင်းတာပေါ့။


(မောင်တိုင်ပင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...