ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၃ ) အမျိုးသားနှင့် အမျိုးသမီး မည်သူကပို၍ မြင့်မြတ်သနည်း
September 20, 2013 at 11:17am
အမျိုးသားများသည် အမျိုးသမီးများထက် မူလဗီဇအားဖြင့် ပို၍မြင့်မြတ်ကြ၏ဟု ယူဆကြသတတ်။ ပို၍ဆိုးသည့်အချက်မှာ မိန်းမဘဝဟူသည် ခွေးထီးလောက်မှ မမြင့်မြတ်ဟု ထင်မှတ်ယူဆကြသည်ကိုလည်း မိမိငယ်စဉ်က တွေ့ဖူးကြားဖူးခဲ့သည်။ ထိုအမြင်ထိုအယူအဆတို့သည် လွဲခြင်းကြီးလွဲ၍ မှားခြင်းကြီးမှားလေစွ။ တဖက်သတ်ဆန်လွန်းလေစွ၊ အဆင်ခြင်ဥာဏ်ကင်းမဲ့စွာ တွေးမှတွေးလေစွ။ မြတ်ဗုဒ္ဓ၏ဒေသနာတော်များအရ ခွေးသည်အဟိတ်တိရစ္တာန် အပါယ်ဘုံသားဖြစ်ပြီး လုံးဝတရားထူးမရနိုင်သော အောက်တန်းစားသာဖြစ်၍ အမျိုးသမီးသည် သဟိတ်လူသားဖြစ်ကာ တရားထူးရနိုင်သော အဆင့်မြင့်တန်းစား သုဂတိဘုံသားဖြစ်လေ၏။ အဘိဓမ္မာတရားတော်အရ ပဋိသန္ဓေစိတ်အားဖြင့်လည်း လူသားနှင့်ခွေးသည် မတူခြားနားကွဲပြားပါ၏။ ထို့ပြင် ပစ္စုပ္ဗန်တည့်တည့်ကြည့်လျှင် အနေအထိုင် ဆက်ဆံရေး အပြုအမူ အကျင့်အကြံ အစားအစာ တွေးခေါ်မျှော်မြင်မှု ယဉ်ကျေးမှုကိုလက်ခံကျင့်သုံးမှု စသည့်အချက်များတို့ဖြင့်လည်း လူနှင့်တိရစ္ဆာန်သည် ခြားနားလွန်းလှ၏။ ထိုအချက်တို့ကို နဲနဲလေးမျှမစဉ်းစားဘဲ တမင်နှိမ်ချကာ အစဉ်အလာအားဖြင့်မှား၍ အကြင်နာမဲ့စွာ ခွဲခြားကြည့်မြင်ခြင်း၊သတ်မှတ်ကျင့်သုံးနေခြင်းသည် ဝမ်းနဲဘွယ်ကောင်းလေစွ။
ထို့ပြင် အမျိုးသမီးများသည် ယုတ်ညံ့သောကြောင့် ဘုရားရင်ပြင်၏ အထက်ပစ္စယံသို့ မတက်ရ၊ တက်ခွင့်မရှိဟုလည်း ယုံကြည်ကြပြန်လေ၏။ ဤကဲ့သို့လွဲမှားစွာ ထင်မြင်ယူဆနေကြခြင်းသည် ယဉ်ကျေးမှုနှင့် ဘာသာတရားတို့ ရောထွေးယှက်တင် ကျင့်သုံးမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့ပြီးလျှင် အချိန်ကာလကြာမြင့်စွာ ကျင့်သုံးလာခဲ့သော အမှားတစ်ရပ်ပင်ဖြစ်သည်ဟု ထင်မြင်ယူဆမိသည်။ ဤသို့အမျိုးသမီးများကို နှိမ်ချ၍ လွဲမှားသည့်အယူအဆအစဉ်အလာကို အမျိုးသမီးများကိုယ်တိုင်ကရော အမျိုးသားများကပါ တူညီစွာလက်ခံထားကြသည်ကိုလည်း ယေဘုယျအားဖြင့်တွေ့မြင်နိုင်၏။ အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ဒေသနာတော်များတွင် အမျိုးသားဖြစ်ခြင်းကြောင့် ပို၍မြင့်မြတ်သည်၊ အမျိုးသမီးဖြစ်ခြင်းကြောင့် ပို၍ယုတ်ညံ့သည်ဟူသော တရားဓမ္မမျိုးကိုမတွေ့ဖူးချေ။ သဒ္ဓါ သီလ သုတ စာဂ ပညာ စသောသူတော်ကောင်းတရားများရှိသူသည်သာမြင့်မြတ်၍ ထိုတရားများကင်းမဲ့သူသည် နိမ့်ကျသူပင်ဖြစ်သည်။ သို့သော် ပြုမူပုံ တွေးကြံပုံ ပြောဆိုပုံစသော နေ့စဉ်ဘဝနေထိုင်မှုပုံသဏ္ဌာန်မှာတော့ ငယ်စဉ်မှစ၍ သေသည်အထိ တစ်သက်တာကွဲပြားခြားပါသည်။ ထို့ပြင် ခန္ဓာကိုယ်၏ အတွင်းပိုင်းရော အပြင်ပိုင်းပါ တည်ဆောက်ပုံနှစ်ခုစလုံးသည်လည်း မတူကြချေ။ သို့သော် ထိုအပြုအမူများနှင့်ခန္ဓာကိုယ်တည်ဆောက်ပုံကွဲပြားမှုတို့သည် မြင့်မြတ်ခြင်း ယုံညံ့ခြင်းနှင့် မသက်ဆိုင်ချေ။ သဘာဝအရကွဲပြားခြင်းသက်သက်သာဖြစ်လေသေည်။ ထို့ကြောင့် လိင်ကွဲပြားမှုနှင့်မွေးဖွားမှုတို့သည် မြင့်မြတ်ခြင်းနှင့်ယုတ်ညံ့ခြင်းတို့၏ ပေတံမဟုတ်ဘဲ သူတော်ကောင်းတရားကျင့်သုံးမှုနှင့် မကျင့်သုံးမှုသည်သာ မြင့်မြတ်ခြင်းနှင့်ယုတ်ညံ့ခြင်းတို့၏ ပေတံဖြစ်ကြောင်း ဓမ္မပဒ၌ ဘုရားရှင်ဟောတော်မူပါသည်။
အိန္ဒိယ တရုပ်နှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံမူစလင်နိုင်ငံများတွင် အမျိုးသမီးများ၏ဘဝသည် ယနေ့ထိထက်တိုင် အနှိမ်ခံဘဝမှာပင်ရှိသေးသည်ကို တွေ့မြင်နိုင်သည်။ ဝမ်းနဲစရာပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာလူမျိုးအနေဖြင့် အမျိုးသမီးဖြစ်ရသည်မှာ အလွန်ကံကောင်းသည်ဟုဆိုချင်ပါသည်။ အကြောင်းမှာ ဘာသာတရားအရလည်း မခွဲခြားသော တန်းတူအခွင့်အရေးပြည့်ဝသောဘဝကိုပိုင်ဆိုင်ထားပြီးလျှင် မိခင်ဖြစ်လာသောအခါတွင်လည်း ဘုရားနှင့်တဂိုဏ်းထဲထားကာ အလေးအမြတ် အသိမှတ်ပြုမှုကိုခံယူရသောကြောင့်ပင်ဖြစ်သည်။ ထို့ပြင် လူ့လောကအတွက် ဦးဆောင်နိုင်မှု၊ စွမ်းဆောင်နိုင်မှု၊ စွန့်လွှတ်စွန့်စားမှုနှင့် တီထွင်နိုင်မှုစွမ်းရည်တို့သည် ယေဘုယျအားဖြင့် အမျိုးသားများက သာလွန်သည်ဟုဆိုက မှားအံ့မထင်ပါ။ သို့သော် အမျိုးသမီးများသည် အမျိုးသားများ၏ ရှေ့ဆောင်ရှေ့ရွက်ပြုမှုကို နောက်လိုက်အနေဖြင့် အားပေးကာ အထောက်အပံ့ပြုသည့်နေရာတွင်တော့ အားကောင်းသည်ဟုဆိုရမည်ဖြစ်သည်။ မည်သို့ဆိုစေ အမျိုးသားနှင့်အမျိုးသမီးဟူသော ဤဖိုနှင့်မ သဘာဝစုံတွဲသည် လောကတွင်မည်သို့မျှသီးခြားခွဲ၍မရနိုင်ဘဲ အမြဲတစေ အတူတွဲ၍ရှိနေဦးမည်မှာအမှန်ပင်ဖြစ်သည်။ ကမ္ဘာဦးကာလမှသည် နောင်ခေတ်အဆက်ဆက်တိုင်အောင် အမျိုးသားများသည် ကာယအား လက်ရုံးအားကိုး၍ လွှမ်းမိုးခဲ့သည့်အချိန်မှ စတင်ကာ ဦးဆောင်သူနေရာကို ယနေ့ထိထက်တိုင် မိသားစုတွင်ရော လူမှုအဖွဲ့အစည်းများတွင်ပါ နေရာယူလာခဲ့ကြသည်။ သို့သော် ယနေ့ကာလတွင် နည်းပညာများထွန်းကားတိုးတက်လာခြင်းကြောင့် ကာယအား လက်ရုံးအားကို အသုံးပြုမှုများ အားနဲလာသောအခါ ဥာဏအားအသုံးပြုမှုသည် ပို၍အသုံးဝင်လာသည်ကို တွေ့ရ၏။ ဤသို့ဥာဏအားအသုံးပြုမှုသည် ခရီးတွင်လျှက် အကျိုးဖြစ်ထွန်းလာသောအခါ အမျိုးသမီးများလည်း အမျိုးသားများနည်းတူ ရင်ဘောင်တန်း၍ အတူတွဲကာ ချီတက်နိုင်စွမ်း လုပ်ကိုင်နိုင်စွမ်းရှိသည်တို့ကို တွေ့လာရ၏။ အမျိုးသမီးများ၏ ကံစွမ်းရည်နှင့် ဥာဏ်စွမ်းရည်ထူးတို့သည် အစဉ်အလာနှင့်ယဉ်ကျေးမှုတို့၏ ကန့်သတ်မှုဘောင်အတွင်းမှ ရုန်းထွက်လွတ်မြောက်လာကြ၏။ ကြိုဆိုဝမ်းသာရမည့် အချက်ပင်ဖြစ်သည်။
အမျိုးသမီးများသည် ကာယအားမှလွဲ၍ ဥာဏအားမနိမ့်ကျကြောင်းမှာ ယနေ့ခေတ်ကာလအခြေအနေများအရ အထင်အရှားပင်ဖြစ်၏။ သို့သော် အထက်တွင်တင်ပြခဲ့သည့်အတိုင်း ကမ္ဘာ့သမိုင်းကို ပြန်လည်၍ကြည့်လျှင်မူကား တီထွင်ဖန်တီးလိုစိတ်ပြင်းပြမှု၊ စွန့်လွှတ်စွန့်စားလိုစိတ်ရှိမှု၊ တိုက်ရဲခိုက်ရဲသည့် ရဲစွမ်းသတ္တိရှိမှုတို့၌တွင်မူ အမျိုးသားသည် အမျိုးသမီးထက် ယေဘုယျအားဖြင့်သာသည်ဟုဆိုရမည်ပင်ဖြစ်သည်။ တနည်းဆိုသော် ဦးဆောင်လိုစိတ်သည် အမျိုးသားကပို၍ အားကောင်းခဲ့သည်ဟုဆိုရပေမည်။ ထို့ကြောင့်ပင် အမျိုးသားများက လွှမ်းမိုးခဲ့ကာ ဦးဆောင်သူ မြင့်မြတ်သူအရှင်သခင်အဖြစ်ဖြင့် နေရာယူခဲ့ကြဟန်ရှိ၏။ သဘာဝအရကြည့်လျှင်လည်း အမျိုးသမီးသည် မျိုးဆက်သစ်ကလေးငယ်ကို ကိုယ်တိုင်လွယ်ကာမွေးဖွားဖို့ နို့ချိုတိုက်ကျွေးဖို့နှင့် အနီးကပ်ပြုစုစောင့်ရှောက်ဖို့တာဝန်သည် သဘာဝကပေးထားသော တာဝန်ဖြစ်သည်။ အမျိုးသမီးများ ထိုတာဝန်ကိုကျေပွန်စွာဆောင်ရွက်နိုင်အောင် အမျိုးသားများက မိသားစု၏စားဝတ်နေရေးပြေလည်ရန်အတွက် ရှေ့တန်းမှရင်ဆိုင်ရသည်။ ထိုအတွက်လည်း သဘာဝက အမျိုးသားများကို ကာယအားကိုပိုပေးထားသည်မှာ သဘာဝကျလှသည်။ ဆိုလိုသည်မှာ ယုတ်ညံ့ခြင်းနှင့်မြင့်မြတ်ခြင်းတို့သည် အမျိုးသားဖြစ်ခြင်း အမျိုးသမီးဖြစ်ခြင်းတို့နှင့်လုံးဝမသက်ဆိုင်ချေ။ အမှန်စင်စစ်သော်ကား သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ဗတည်းဟူသော သူတော်ကောင်းတရား ခုနစ်ပါးကို လက်ကိုင်ထား၍ ကျင့်သုံးသူသည် ဤဘဝတွင်လည်းမြင့်မြတ်၏။ နောင်ဘဝတွင်လည်းမြင့်မြတ်၏။ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အထက်ပါသူတော်ကောင်းတရားခုနစ်ပါးရှိလည်းမရှိ၊ ကျင့်လည်းမကျင့်သုံးပါက ယခုဘဝ၌ဖြစ်စေ နောက်ဘဝ၌ဖြစ်စေ ယုတ်ညံ့သူပင်ဖြစ်၏။ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် လူသား၏အဆင့်အတန်းကို သူတော်ကောင်းတရားကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်၏။
လူသားတစ်ယောက်၏ အဆင့်အတန်းသည် အဇ္ဈတ္တသန္တာန်ကိုအရင်းခံကာဖြစ်ပေါ်လာသည့် သူကျင့်သုံးနေသော အကျင့်အကြံ အပြောအဆိုတို့တွင်သာ မူတည်ပါ၏။ ရာထူးစည်းစိမ် ဂုဏ်သိရ်အရှိန်အဝါတို့ကို အခြေခံခြင်းလည်းမရှိ၊ ဗဟိုလည်းမပြုချေ။ သို့သော် လောကပညတ်အပေါ်ယံအနေဖြင့်တော့ အခြေခံ၏။ ဗဟိုလည်းပြု၏။ တနည်းဆိုသော် မြတ်ဗုဒ္ဓသည် လူသား၏ မြင့်မြတ်မှုနှင့်ယုတ်ညံ့မှုကို ပြင်ပသန္တာန်၌ရှိသော အခြေအနေဖြစ်ရပ်ဖြစ်စဉ်နှင့် အလွှာတို့ကိုကြည့်၍ မဆုံးဖြတ်ပေ။ ဘုရင်ဖြစ်ခြင်းကြောင့် မြင့်မြတ်သည်၊ ဆင်းရဲသားပြည်သူဖြစ်ခြင်းကြောင့် ယုတ်ညံ့သည်ဟု ဆုံးဖြတ်၍မရဟုဆိုလိုပါသည်။ လူသား၏အဇ္ဈတ္တ၌ရှိသော ပါရမီအရည်အသွေး စိတ်ဓာတ်သဘာဝနှင့် ကိုယ်ကျင့်တရားတို့ကို အခြေပြု စံနမူနာထား၍သာ ဆုံးဖြတ်၏။ အမျိုးသားဖြစ်ခြင်းကြောင့်မြင့်မြတ်သည် အမျိုးသမီးဖြစ်ခြင်းကြောင့် ယုတ်ညံ့သည်ဟူသော ဟောကြားချက် သင်ကြားချက်တို့ကိုလည်း ပိဋကတ်တော်တွင် မိမိမတွေ့ဘူး မနာကြားဘူးပေ။ ထို့ကြောင့် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သဒ္ဓါ သီလစသော သူတော်ကောင်းတရားဖြစ်သည့် မူလလူသားအရင်းအမြစ်တရားတို့ ရှိသူ ကျင့်သုံးသူသည်မြင့်မြတ်၏။ ထိုတရားများရှိလည်းမရှိ ကျင့်လည်းမကျင့်သုံးသူသည် ယုတ်ညံ့၏။ ယနေ့ခေတ်စားနေသော စကားလုံးနှင့်ပြောရလျှင်မူကား Human Resources လူသားအရင်းအမြစ်ဟူသည် ထိုသူတော်ကောင်းတရား ခုနစ်ပါးတို့ပင်ဖြစ်လေ၏။
ထိုသို့လူသားအရင်းအမြစ်ဖြစ်သည့် သူတော်ကောင်းတရားများ ရှင်သန်အားကောင်းသောကြောင့်ပင် ယသောဓရာလောင်းလျာသည် မြင့်မြတ်သည့် ဘုရားအလောင်းတော်နှင့်အတူပေါင်းဖက်၍ ပါရမီဖြည့်နိုင်ခဲ့ခြင်းဖြစ်သည်။ အနှိုင်းမဲ့လူသားကောင်းကျိုးကို ဘုရားအလောင်းတော်နှင့်တွဲဖက်၍ ကူညီလုပ်ကိုင်နိုင်စွမ်းရှိခဲ့သည်။ အကယ်၍ မိန်းမက ယုတ်ညံ့သည်မှန်လျှင် ယသောဓရာသည် ဘုရားအလောင်းနှင့်တွဲဘက်၍ ပါရမီမဖြည့်ဆည်းနိုင်ရာ။ တွဲဖက်၍ လောကကောင်းကျိုးကိုမသယ်ပိုးနိုင်ရာ။ ဆိုလိုသည်မှာ အမျိုးသမီးများသည် မူလသဘာဝဗီဇသဘာဝပဋိသန္ဓေစိတ်အနေဖြင့် အမျိုးသားများအောက် ယုတ်ညံ့ကြသည်မဟုတ်၊ မူလသဘာဝလူသားဗီဇပဋိသန္ဓေစိတ်နှင့်လူသားဇာတ်သဘောအရ အတူတူပင်ဖြစ်၏။ ( ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် ဖိုမျိုးစေ့ မမျိုးစေ့ သို့မဟုတ် ကမ္မဇရုပ်ကိုမဆိုလို၊ လူသားဗီဇသဘာဝ တနည်းဆိုသော် လူသားပဋိသန္ဓေစိတ်ကိုသာ ဆိုလို၏။ အဘိဓမ္မာတွင် ယောကျာ်း ပဋိသန္ဓေစိတ် မိန်းမပဋိသန္ဓေစိတ်ဟူ၍ သီးခြားမလာ မပါရှိပေ။ )
ဤသို့ ရှုထောင့်စုံမှ သုံးသပ်ကြည့်လျှင် အမျိုးသမီးဖြစ်ခြင်းကြောင့် ယုတ်ညံ့သည်၊ အမျိုးသားဖြစ်ခြင်းကြောင့် မြင့်မြတ်သည်ဟု ယူဆ၍မရနိုင်ကြောင်းမှာ ထင်ရှားလှ၏။ ထို့ကြောင့် အမျိုးသမီးများသည်လည်း မိမိတို့ကိုယ်မိမိတို့ ယုတ်ညံ့သည်ဟု ဆက်လက်၍ အထင်မှား အမြင်မှား မဖြစ်စေလိုပါ။ အမျိုးသားများကလည်း အမျိုးသမီးများအပေါ်ဝယ် တဖက်သတ်အထင်သေးမှုမျိုးမဖြစ်စေလိုပေ။ အထူးသဖြင့် ပြောလိုသည်မှာ အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ လောကအတွက် အသုံးဝင်တန်ဘိုးရှိသော အဆင့်မြင့်လူသား လူသတ္တဝါဖြစ်၏ ဟူသောအချက်ပင်ဖြစ်ပါ၏။ သို့အတွက်ကြောင့် အမျိုးသမီးထုအနေဖြင့် မိမိတို့၏ မူလစွမ်းပကား အရည်အသွေးတို့ကို လောကအတွက် ယသောဓရာကဲ့သို့ဖြစ်စေ၊ အခြားအခြားသော ပါရမီရှင်တို့ကဲ့သို့ဖြစ်စေ ကြိုးစားဆောင်ရွက်နိုင်ရန် တိုက်တွန်းအပ်ပါ၏။ သို့သော် အမျိုးသမီးဘဝဖြင့် မရနိုင် မရောက်နိုင် မဖြစ်နိုင်သော အရာတို့လည်း ရှိသေး၏။ ယင်းတို့မှာ...
( ဆက်လက်ဖေါ်ပြပါမည် )
Director of Religious Education
0 comments:
Post a Comment