Thursday, September 12, 2013

"သေခြင်းရဲ့တံခါးများ"

September 5, 2013 at 7:47am
“မြင်စေသတည်း” (Now You See Me) ဆိုတဲ့ ရုပ်ရှင်ထဲမှာ ဇာတ်သိမ်းခန်းရောက်တော့ မင်းသမီးက သူ့ရဲ့လျှို့ဝှက်ချက်တွေကို အပြီးအပိုင် သော့ခတ်လို့ သိမ်းထားလိုက်ပါသတဲ့။ တံတားဘောင် သံဇကာကွက်တွေမှာ သော့ခလောက်တစ်လုံးခပ်ပြီး သော့တံကလေးကို ဟိုးဝေးဝေး မြစ်ထဲကို လွှင့်ပစ်လိုက်တယ်။ တို့ဆီက နတ်ရေကန်ထဲ အကြွေစေ့ကလေးတွေ ပစ်တာကျနေတာပဲ။ သူတို့အရပ်ကလူတွေမလည်း လျှို့ဝှက်ချက်တွေ ဘယ်လောက်များတယ် မများတယ်။ တံတားအပြည့် သော့အပြည့် သံဇကာအပေါက်နဲ့အစေ့ပဲ။ ဟိုးအရင်က ကြည့်ဖူးတဲ့ “တူပျော်ပျော်” (Happy Together) ဇာတ်ကားထဲမှာလည်း ခံစားချက်တွေ မွန်းကြပ်ပြီး မထွေးနိုင်မအံနိုင် ဖြစ်လာတဲ့အခါ ကက်ဆက်ခွေကလေးထဲမှာ ဖွင့်အံပြီး ကမ္ဘာကြီးရဲ့ အဆုံးတစ်နေရာလို့ သူတို့သိကြတဲ့ တောင် အမေရိကတိုက် အငူထိပ်စွန်း မီးပြတိုက်ကလေးပေါ်ကနေ ဝေးနိုင်သမျှ ဝေးဝေးရောက်အောင် လွှင့်ပစ်လေ့ရှိကြသတဲ့။
မယုံသော်လည်း ကိုယ့်အဖို့ရာ စိတ်ပြေတယ်ဆိုတဲ့ တို့ဆီက ဘုရားမှာ စနေထောင့်ပန်းလှူမယ် ကိစ္စမျိုးတွေ ထင်ပါတယ်။ ဓဇဂ္ဂသုတ်ထဲက စကားနဲ့ ပြောရရင် အဲသလိုလုပ်လိုက်လို့ စိတ်ထဲခံစားနေရတာတွေ ပျောက်ချင်လည်း ပျောက်သွားမယ်။ ပျောက်ချင်မှလည်း ပျောက်မယ်ပေါ့။ သို့သော်လည်း မပျောက်သော်ရှိ ပျောက်သော်ရှိ၊ ဒါလေးလုပ်လိုက်ရတာ ဘာမှလည်း အပန်းကြီးတဲ့ ကိစ္စလည်း မဟုတ်။ လောလောဆယ်မှာ ကိုယ့်ဘာသာကိုယ် စိတ်နဲ့လူနဲ့ ကပ်မှမကပ်တာ။ ဒီလိုပဲ လုပ်မိလုပ်ရာ အမှုမဲ့ အမှတ်မဲ့ လုပ်လိုက်လို့ ဘယ်သူ့မှလည်း ထိခိုက်စရာ မရှိဘူးလေ။ စိတ်ပညာဆရာတွေက ဘယ်လို မှတ်ချက်ပေးမလဲ မပြောတတ်ပေမယ့် ဆန္ဒပြင်းပြနေတဲ့သူတွေအတွက်တော့ အာသာပြေလိုပြေငြားပေါ့လေ။

လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ဘယ်သူတစ်ဦးတစ်ယောက်မှ ၂၄ / ၇ အမြဲတမ်း စိတ်ချမ်းသာနေရတယ်ဆိုတာ မရှိဘူး။ စိတ်ညစ်တယ်ဆိုတာ အနည်းနဲ့အများပဲ ကွာမယ်။ လူတိုင်း ကြုံဖူးတယ်။ မတူတာကတော့ ဘယ်လိုရင်ဆိုင်သလဲဆိုတာပဲ ကွာမယ်။ တို့ငယ်ငယ်တုန်းကတော့ မေဆွိကတောင် ပြောတယ်။ “ကိုကိုထင်ရာမလုပ်နဲ့။ စိုးရိမ်လို့ပြောမယ်။ စိတ်ညစ်ရင် ဂီတာတီးပါလား ကိုကိုရယ်” တဲ့။ “စိတ်ညစ်လို့ အရက်ကိုသောက်တယ်။ အရက်သောက်တော့ စိတ်ပိုညစ်တယ်။ အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည်” ဆိုတဲ့ ဘဘဦးသုခရဲ့ “ဂုဏ်” သီချင်းလည်း ရှိတယ်။ သူ့စိတ်နဲ့သူ ညစ်တာပဲ။ ဂီတာတီးချင်တီး၊ အရက်သောက်ချင်သောက်။ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တချို့ကျတော့ စိတ်ညစ်တယ်ဆိုပြီး သေခြင်းရဲ့တံခါးများကို ကိုယ်တိုင်ဆွဲဆွဲဖွင့်သွားတာကျတော့ တို့လည်းပဲ စိတ်ညစ်ညစ်နဲ့ စာတစ်ပုဒ်ရေးဖို့ အကြောင်းဖန်လာတယ်။

မကြာသေးခင်က တပည့်တပန်းအတော်များများရှိတဲ့ ဆရာသမားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်
ရှောဘရားသားပြကုန်တော့ ဒီကိစ္စမျိုးတွေ နည်းတော့ မနည်းတော့ဘူးနော် လို့ သတိထားမိလာတယ်။ (တစ်ဌာနတည်းမို့ အထက်အရာရှိ နှိပ်စက်တာလား ဆိုပြီး လာမယိုးနဲ့နော်။ ဖြစ်ချင်းဖြစ် ကျောင်းသားတွေ နှိပ်စက်တာပဲ ဖြစ်ရမယ်။ ကျုပ်တောင် စာမေးပွဲစစ်ပြီးတိုင်း ငါသေချင်တယ် ငါသေချင်တယ် ဖြစ်လာတာ။) အရပ်တကာနယ်တကာ လှည့်လာတုန်းကလည်း ဒါမျိုးတွေ ခဏခဏတွေ့ခဲ့ရပါတယ်။ စိတ်ချမ်းသာလှပါတယ်ဆိုတဲ့ ဘူတန်မှာတောင် လေးငါးခြောက်ယောက် မျက်စိအောက်တင် ပြေးမလွတ်ပဲ မြင်ခဲ့တာ။ အမ်းမှာဆိုရင် မှုခင်းဆရာဝန်မရှိတော့ ဒီအမှုမျိုးလာရင် ကိုယ့်ဆီပဲ ရထားလာလာဆိုက်လို့ သက်သေတွေလည်း လိုက်ဖူးပေါင်းများပြီ။ ဘ၀အကြောင်းက ပါလာလို့ပဲ လို့ အမြဲတမ်းကောက်ချက်ချနေကျပေမယ့် အဲ့ဒါကြီးက ကာကွယ်လို့ရော မရနိုင်ဘူးလား ဆိုတာက ကိုယ်နဲ့ဆိုင်တဲ့ဘက်ကမို့လို့ အဲသည်ဘက်ကို စောင်းပေးပြီးတွေးပါတယ်။ ဘာသာရေး အဆုံးအမအားဖြင့်
“ဒါမျိုးမလုပ်ရဘူး။ ဒါမျိုးလုပ်ရင် ပထန် ၅၀၀ နဲ့ ၅ ကမ္ဘာခံရလိမ့်မယ်” လို့ ခြောက်လှန့်ထားတာတောင် မကြောက်မရွံ့ နောက်မတွန့်သူတွေချည့်ပဲ။ သူတို့ ဘာတွေများ အဲ့လောက်တောင် စိတ်ညစ်နေကြပါလိမ့်။ အပေါ်မှာ ပြောခဲ့တဲ့နည်းတွေ စမ်းမကြည့်ကြဘူးလား။ စမ်းကြည့်ပေမယ့် မသက်သာလို့လား။ စိတ်ညစ်တဲ့အကြောင်းရင်းခံက တစ်ယောက်နဲ့တစ်ယောက် မတူပေမယ့် သူတို့အားလုံး တူတာတစ်ခုတော့ ရှိတယ်။ သေချင်တဲ့စိတ်လေ။ မတော်တဆလည်း မဟုတ်ဘူး။ သူများပယောဂလည်း မပါဘူး။ သူတို့စိတ်ထဲမှာကိုက သေခြင်းတရားကို လိုလိုလားလား ရှိနေကြတာ။

အများအားဖြင့် ထင်ထားကြတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အလုပ်ဆိုတာ သာမာန်စိတ်အခြေအနေနဲ့လူတွေ လုပ်လေ့မရှိဘူး။ စိတ်ကျရောဂါဝေဒနာခံစားနေရတဲ့သူတွေသာ လုပ်လေ့ရှိတာ လို့ ယေဘုယျအားဖြင့် အဲသလိုပဲ ယုံကြည်ကြတယ်။ ကိုယ်လည်းပဲ ဆရာဝန်ပီပီ အဲသလိုပဲ မြင်တယ်။ ဒါပေမယ့် သေချာတွေးကြည့်တော့ မဟုတ်သေးဘူး။ စိတ်ကျရောဂါဝေဒနာသည်တွေဟာ လူပုံအလယ်မှာ တင့်တယ်စွာ ၀တ်စားသွားလာ လုပ်ကိုင်နေပါ့မလား။ တချို့ဆို လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့အချိန်၊ အလှသွေးကြွယ်တုန်းမှာ ပဟေဠိဆန်စွာ နှုတ်ဆက်သွားတာ။ (ဥပမာ မာရီလင်မွန်ရိုး ) အဲဒီလူတွေ စိတ်ကျရောဂါရှိပါတယ်လို့ လာပြောရင် သူတို့ကိုကုတဲ့ဆရာဝန်တောင် ယုံမှာ မဟုတ်ဘူး။ ဟိုးအောက်ခြေမှာ စားဝတ်နေရေးကို ပင်ပန်းကြီးစွာ ရုန်းကန်ရှင်သန်နေရတဲ့သူတွေမှ အားမနာ။ တရားမရှိလိုက်တာ လို့ ပြောရင်လည်းရတယ်။ ဒါပေမယ့် အဲဒါလည်း ဟုတ်သေးဘူး။ သူတို့က ကိုယ့်ထက် ပိုတရားရှိလို့လည်း ဖြစ်ချင်ဖြစ်မှာလေ။ မမြဲတဲ့တရား၊ ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောကို ကိုယ့်ထက် ပိုပြီးနားလည်ထားပြီးသား။
ကော်ဇောနီပေါ်ရောက်အောင် ရွှေဇွန်းကိုက်မွေးလာခဲ့သူတွေ မဟုတ်ဘူး။ ခြေမဲ့လက်မဲ့ဘ၀ကနေ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်လို့ သည်ဘ၀သည်အခြေအနေရောက်လာတာ။ အတက်လမ်းကို အဲ့လောက် ပြင်ဆင်လာခဲ့ရတဲ့သူတွေဟာ အဆင်းလမ်းကိုလည်း မပြင်ပဲ မနေဘူး။ ကံကြမ္မာက ပစ်ချလိုက်တဲ့အတိုင်း လူအို စန်းကျ၊ ရှိသမျှ ထုတ်ရောင်း၊ အပေါင်းအသင်းတွေ စွန့်ခွာ၊ လူတကာက သနားကြည့်ကြည့်မယ့် ဒဏ်တွေကို သူတို့မာနက လက်မခံနိုင်ဘူး။ အဲ့ဒီဇာတ်သိမ်းခန်းကြီးက ထည့်မရိုက်ရင် မရဘူးလားလို့ ကိုယ့်ဘာသာကိုယ် ဇာတ်ညွှန်းပြန်ဆွဲကြည့်။ ခုနေချိန်မှာ အနိုင်နဲ့ပိုင်းလိုက်ရင် ငါ့ကိုနှစ်ပေါင်းများစွာ တသသဖြစ်နေကြမှာ မလွဲဘူးလို့ တွေးမိလိမ့်မယ်။

သေရမှာ မကြောက်ဘူးလားဆိုတော့ သူတို့နေရာရောက်လာဖို့ သေတာထက်ဆိုးတဲ့ ခါးသီးမှုတွေကို ထုံနေအောင် ခံစားဖူးပြီးသား၊ သေလောက်အောင် ကောင်းတဲ့ ချိုမြိန်မှုတွေကိုလည်း မြိန်ရေယှက်ရေ သုံးဆောင်ပြီးသား။ သူတို့ဘ၀ကြီးကို မကျေနပ်လို့ သေချင်တာ မဟုတ်။ ကျေနပ်လွန်းလို့။ တော်ပြီ။ ရပြီ။ နောက်လာမှာတွေက သည့်ထက်လည်း ထူးကောင်းစရာမရှိ။ ခံစားရဖို့သက်သက်သာ ရှိတော့တယ်။ ဒါကြောင့် ကိုယ့်ဘ၀ကိုယ် သည်လောက်နဲ့ရပ်လိုက်ဖို့ ဆုံးဖြတ်တာ။ သေတယ်ဆိုတာက အခုမသေလည်း နောင် သေကိုသေရဦးမှာ။ သူ့ဘာသူ ကံအကြောင်းအတိုင်း ရှင်ပြုတုန်းက ရွှေထီးဆောင်းတာကလေးတွေကို တသသနဲ့ စားမြုံ့ပြန်ပြီး အိုသေနာသေ သေရမှာထက်စာရင် လှလှပပ ကျော့ကျော့မော့မော့ စိတ်တိုင်းကျ ပြင်ဆင်နှုတ်ဆက်ပြီး သေပန်းပွင့်ချင်တာ။ …. ။ အဲသလိုမျိုး တွေးကြမယ် ထင်ပါတယ်။ ကလီယိုပါထရာ မြွေဖမ်းတာ စိတ်ကျရောဂါကြောင့်တော့ ဘယ်ဟုတ်မလဲနော့။ ဒါကြောင့် ဒီလိုလူမျိုးတွေအတွက် အန်တီဒီပရက်ဆန့်တွေက သိပ်တော့ အလုပ်ဖြစ်လိမ့်မယ် မထင်ပါဘူး။

နောက်အမျိုးအစားတစ်ခုကတော့ အဲဒါနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် မတူဘူး။ အမှတ်မထင်ကြုံရတဲ့ စိတ်ဖိစီးမှုဒဏ် ကို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားတာ။ “Acute Severe Stress Reaction” တဲ့။ အရင်တုန်းကတော့ အဲဒီရောဂါလက္ခဏာကို မူလကျီသွန်နီလုပ်တယ် လို့ထင်ကြတယ်။ စိတ်ပူပန်ခြင်းများလို့ ဂေါက်သွားတာပေါ့။ “Anxiety Neurosis” လို့လည်း ခေါ်တယ်။ ငိုရင်းယိုရင်း တက်ချက်သွားတာတို့၊ ဗိုင်းကနဲလဲပြီး သတိလစ်သွားတာတို့ပေါ့။ အလှူလုပ်ရင်း လူလည်ခေါင် အဘကဆူလိုက်လို့ နှာနှပ်ပြီး ဆေးရုံတင်ထားရတဲ့ ယောင်္ကျားရင့်မကြီးတစ်ယောက်တောင် တွေ့ဖူးတယ်။ အဲလိုဖြစ်နေရင် လူတွေ ဘေးကနေ ၀ိုင်းပြောကြတယ်လေ။ ကြားဖူးလား။ “ငိုချလိုက်။ ငိုချလိုက်။ ကျိတ်မထားနဲ့။ အားရပါးရ ဖွင့်ထုတ်ပလိုက်။” တဲ့။ စိတ်ထွက်ပေါက် တစ်ခုခု ပေးလိုက်ရင် သက်သာသွားတတ်တယ်။ “များစိတ်ကို သိတယ် မှတ်လား။ များက စိတ်တိုလာပြီဆို သများကို တစ်ခုခု လုပ်ရင်လုပ်ရ၊ မလုပ်ရရင် ကွကိုယ် လုပ်ပလိုက်ရမှ ကျေနပ်တာ။” ဆိုပြီး ကိုယ့်ခေါင်းကို စုံကိုင်ထုနေတဲ့ အေသင်ချိုဆွေကြီးတွေလည်း မြင်ဖူးမှာပါ။

လူတွေမှာ တခါတလေတော့ စိတ်ဆင်းရဲမှုတွေ၊ စိတ်ဖိစီးမှုတွေ မလှုပ်သာမလှည့်သာအောင် ဘက်ပေါင်းစုံက စုပြုံတိုက်ခိုက်လို့ ချောင်ပိတ်မိနေသလို ခံစားရတဲ့အခါလည်း ရှိတတ်တယ်။ ဒီလိုနေရာမှာ တချို့လူတွေက သေခြင်းရဲ့တံခါးများကို ထွက်ပေါက်အဖြစ် ဆွဲဖွင့်သွားတယ်။ သူသေသွားခဲ့ရင် တစ်စုံတစ်ယောက်သောသူအတွက် သောကပရိဒေ၀တွေ ပြင်းပြင်းထန်ထန် ခံစားရစ်စေလိုတဲ့ စေတနာလည်း ပါကောင်းပါမယ်။ ဆေးတစ်ခုခု သုံးစွဲထားခဲ့မယ် ဆိုရင် ပိုဆိုးတာပေါ့။ သူ့စိတ်ခံစားမှုတွေက အတိုင်းအဆမဲ့ ပြင်းထန်နေတယ်။ ဘာကိုမှ မဆင်ခြင်နိုင်တော့ဘူး။ Overwhelm ဖြစ်နေတယ် ခေါ်မှာပေါ့။ အချိန်တစ်ခုပေးလိုက်ရင်တော့ အဲဒီခံစားချက်တွေက သွေးအေးသွားပြီး သေချင်တဲ့စိတ်လည်း ရှိတော့မှာ မဟုတ်ဘူး။ မူးလို့ပြောတာ ဘွာတေး ဘွာတေး ဖြစ်သွားမှာ။ ဒါပေမယ့် မွှန်ထူနေတုန်းအချိန် ခြေလွန်လက်လွန်ဖြစ်သွားရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်မို့ မတတ်နိုင်ဘူးလေ။ ဒါမျိုးကျတော့ Acidental suicide လို့ ခေါ်ရမလား မသိပါဘူး။

ဆေးပညာလောကမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ယူသနီးဆယားဆိုတာလည်း တကယ်တော့ ဆူဆိုက်တစ်မျိုးပဲ။ ဒါပေမယ့် သူက ဆရာဝန်တွေ ဆရာမတွေ အကူအညီယူပြီး အမှုတွဲထဲ ဆွဲထည့်သွားတယ်။ မျှော်လင့်ချက်ကင်းမဲ့လို့ ကုသပျောက်ကင်းဖွယ် မရှိတော့တဲ့ ရောဂါဝေဒနာသည်တွေဟာ ရှေ့ဆက်ရမယ့် ခါးသည်းတဲ့ ဝေဒနာရက်တွေကို ဆက်မခံစားချင်တော့ဘူး။ သွေးရူးသွေးတမ်း ကယောင်ကတမ်းနဲ့ ပင်ပန်းကြီးစွာ ဝေဒနာနှိပ်စက်လို့ အသက်ထွက်ရရင် အာရုံနှလုံးသွင်း မကောင်းလို့ ဘ၀ကူးလည်း မကောင်းနိုင်ဘူး။ ဒါကြောင့်မို့ သူတို့ရဲ့ နောက်ဆုံးထွက်သက်ကို သူတို့ဆန္ဒအရ ညင်ညင်သာသာနဲ့ အဆုံးသတ်နိုင်အောင် ဆရာဝန်က ကူညီပေးရတယ်။ တစ်ခါတစ်ခါ အသက်ငင်နေတဲ့လူနာကို ဆရာဝန်တွေက အသေအလဲ အသက်လုနှိပ်နယ်နေရင်တောင် လူနာရှင်တွေက မကြည့်ရက်တော့ပဲ “ညင်ညင်သာသာ အသက်ထွက်တဲ့ ဆေးကလေးသာ ထိုးပေးပါဆရာ” လို့ တောင်းပန်သလိုပေါ့။ (အိမ်ပြန်ခေါ်သွားမလို့ နှစ်နာရီခံဆေး ထိုးပေးပါ ဆရာ ထက်စာရင် တော်သေးတာပေါ့)

နောက်တစ်မျိုးကတော့ တော်တော် အံ့သြဖို့ကောင်းတယ်။ လူဆိုတာ ကိုယ့်ဘာသာကိုယ် သေချင်သေလေ။ ကိုယ့်အသက်ကိုယ်ပိုင်တယ် လို့ ထင်ရင်ပေါ့။ ဒါပေမယ့် သူများအသက်တွေကိုလည်း မင်းတို့သတ်သေလိုက်ပါလား လို့ ခိုင်းလာရင် သေမယ့်သူ မရှိဘူး မထင်ပါနဲ့။ ပေါမှပေါဗျာ။ စပိုင်ရုပ်ရှင်ထဲကလို မင်းကို ရန်သူဘက်ကမိသွားရင် လည်ပင်းမှာဆွဲထားတဲ့ အဆိပ်ပုလင်းလေး ဖောက်သောက်လိုက် လို့ ခိုင်းတာတို့၊ ကိုရီးယားကားတွေထဲကလို မပြောပြဘူး။ သတ်ရင်သတ် ဆို ကိုယ့်လျှာကိုယ်ကိုက်ပြီး သတ်သေခိုင်းတာတို့ မဟုတ်ဘူးဗျ။ သူတို့အနောက်နိုင်ငံတွေမှာ လူတွေ ရာနဲ့ချီပြီးတော့ အစုလိုက်အပြုံလိုက် သတ်သေသဘင်ကြီးတွေ ဆင်ယင်ကျင်းပကြတယ်။ အထူးသဖြင့်တော့ Secte လို့ခေါ်တဲ့ အစွန်းရောက် ဘာသာရေး အသင်းအဖွဲ့တွေမှာပေါ့။ အဲဒီအမှုတွေပြီးကတည်းက ရှိပြီးသား ဘာသာကြီးတွေအပြင် ဘယ်ဘာသာအသစ်ကိုမှ တရားဝင်ခွင့်မပြုတော့ဘူး။ ကိုယ်တို့ဗုဒ္ဓဘာသာတွေက ကံ ကံ၏အကျိုးကို ယုံသလိုပဲ။ သူတို့ဘာသာတွေကလည်း ထာဝရဘုရားသခင်ကို ယုံကြည်သူတွေဆိုတော့ “လူတစ်ယောက်အဖို့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဟာ ဘုရားသခင်က ပြဌာန်းရမယ့် အရာသာ ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘုရားသခင်ကိုယ်စား အဲဒီတာဝန်ကို ၀င်ဆောင်ရွက်ခွင့် မရှိဘူး။” လို့ ယုံကြည်ကြတယ်။

ဒါပေမယ့် “ကိုယ့်ကိုယ်ကိုယ် အသေခံပြီး သာသနာတော်ကြီးအကျိုးကို သည်ပိုးကြကုန်လော့။” ဆိုတဲ့ ဘာသာတစ်ခုက ဆုံးမသင်ပြထားတယ် ဆိုတာကိုတော့ မယုံကြည်ပါဘူး။ ထာဝရဘုရားသခင်ပါဆိုမှ လူတွေကအသက်စွန့်ပြီး မကာကွယ်ရင် သူ့သာသနာ ပျောက်ကွယ်သွားစရာလား။ ပြောင်းပြန်ကြီးတွေ ဖြစ်ကုန်ပြီ။ ဒီလူတွေဟာ စောစောက Secte အဖွဲ့ကလူတွေလို ကိုယ့်ကိုယ်ကိုယ် ဘုရားသခင် တရားဝင်တပ်မရတာကြောင့် ရှိပြီးသား ဘုရားသခင်အရိပ်ခိုပြီး သာသနာညစ်နွမ်းရာ ညစ်နွမ်းကြောင်း ပြုမယ့် ဓမ္မန္တရာယ်တွေ မဟုတ်ရင် ဘာလဲ။ ဒါပေမယ့် သူတို့အန္တရာယ်ဟာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ၉ / ၁၁ တိုက်ကွက်နဲ့ အမေရိကန်ကြီးတောင် ငုတ်တုတ်မေ့သွားစေတယ်။ အိန္ဒိယမှာဆို အဲဒီကောင်တွေရှို့တာနဲ့တင် သခွပ်ပင်က မီးတကျီကျီ။ ၀န်ကြီးချုပ်တွေ မျိုးပြုတ်မတတ် ကုန်ပြီ။ မျိုးဆက်နဲ့ပျိုးထောင်ထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို သေဖို့ကလွဲရင် ဘာမှ သုံးစားမရသူတွေနဲ့ တစ်သက် တစ်သက်ချင်း ဘူးသီးနဲ့ ၀က်သားကို လဲစားသလို စားချင်နေတော့ အဆုံးသတ်ရင် တိုင်းပြည်နစ်နာတာပဲ အဖတ်တင်မယ်။ သူများအသက်တွေကို ကျားစီးဖားစီး အများကြီးသေအောင်သတ်ပြီး ငါနဲ့အတူခေါ်သွားမယ်ဆိုတဲ့သူတွေရဲ့ စိတ်ထဲမှာ ရှိနေတာ စိတ်ကျရောဂါ မဟုတ်တာတော့ သေချာပါတယ်။

ဒီလူတွေမှာ ဖြစ်နေတဲ့ ပြဿနာကတော့ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ ရောဂါမဟုတ်ပါဘူး။ တိုင်းပြည် လူမျိုးစုလိုက် နိုင်ငံရေးထွက်ပေါက်ပိတ်နေတဲ့ ရောဂါပဲ လို့ မြင်ပါတယ်။ အရင်းကိုစစ်ပြီး အမြစ်ကိုမလှန်နိုင်ရင် လက်တုန့်ပြန်သံသရာမှာ အဖြေရှာလို့လည်း ရနိုင်မှာ မဟုတ်ပါဘူး။ လူတွေမှာ သေသော်မှတည့် သြော်ကောင်း၏ ခံစားချက်တွေ ပြင်းထန်လာတာနဲ့အမျှ အသက်ကိုရင်းလိုက်ရင် ဘာတွေ အလျော်အစားရနိုင်သလဲဆိုတဲ့ အတွေးတွေ ဆက်လာမှာပဲ။ ဒီအချိန်မှာ လူ့အသက်ကို ၀ယ်ပြီး သုံးချင်ရာသုံးလို့ရနိုင်သလား ဆိုတဲ့ အရသာဟာ အာဏာ၊ ပါဝါကြီးသလောက် အတ္တကလွဲရင် အမျှော်အမြင်မရှိတဲ့ မသမာသူတွေအတွက် သည်းခြေကြိုက် ဖြစ်လာပါတယ်။ အရင်တုန်းကတော့ သည်စိတ်ခံစားချက်မျိုးကို အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ရုရှား အမေရိကန် အားပြိုင်မှုအကြားက မြေစာပင်နိုင်ငံတွေမှာသာ တွေ့ရလိမ့်မယ် လို့ ထင်ခဲ့ပေမယ့် အခုတော့ ကိုယ့်ဆီမှာလည်း တော်တော်နီးနီးစပ်စပ် ခံစားလို့ရနေတာ နှစ်နဲ့ချီလာပြီ။ ပွဲစားနဲ့ အဆက်အသွယ်သာရရင် မြန်မာပြည်ကလည်း အိတ်စပို့ကွာလတီ အသေခံဗုံးခွဲသမားတွေ ထွက်လာတော့မှာပဲ။ စိတ်နာကျည်းမုန်းတီးမှုတွေကို တွန်းကန်အားအဖြစ်သုံးပြီး လမ်းမှားကနေ ထွက်ပေါက်ပေးတဲ့ တံခါးပေါက်တစ်ခုပေါ့။

အကြောင်းရင်းတွေကို သိပြီဆိုရင် ကာကွယ်လို့ မရနိုင်ဘူးလား ဆိုတာလည်း ကိုယ့်ဘာသာကိုယ်ပဲ ဆက်တွေးကြည့်ကြပါ။ တကယ်တမ်းစိတ်ကျရောဂါ ခံစားနေရသလား။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသမှုယူပေါ့။ စိတ်ဝေဒနာကို ဆေးဝါးတွေက အထိုက်အလျောက် သက်သာစေလိမ့်မယ်။ ဒါပေမယ့် ကာကွယ်မှုတော့ မပေးနိုင်ဘူး။ ကာကွယ်မှုဆိုတာက မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ပေးရမှာ။ တစ်ယောက်တည်းထားလို့ မရဘူး။ မျက်စိအောက်မှာ ထားမှ။ စကားနည်းတဲ့ နှုတ်ဆိတ်တဲ့သူတွေဟာ သူ့စိတ်ထဲမှာတော့ အတွေးတွေနဲ့ အမျှင်မပြတ် တရစပ်ပြောနေတာ။ သူဘာတွေတွေးနေသလဲ ကိုယ်မသိနိုင်ဘူး။ ကိုယ်နဲ့ စကားစမြည်ပြောနေမှ သူ့စိတ်သူ့အတွေး အကဲခပ်လို့ ရမယ်။ သိထားဖို့က ဆူဆိုက်ဆိုတာ တစ်ယောက်တည်းရှိနေမှ အောင် မြင်တာ။ သတ္ထုချကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အဓိက အလိုအပ်ဆုံးအချက်က သေချင်တဲ့စိတ် လို့ ဆိုခဲ့လေတော့ အဲဒီစိတ်ကို ပျောက်သွားအောင် ထပ်ကာထပ်ကာ ပေါ်မလာအောင် တားဆီးထားနိုင်တဲ့ နည်းတွေဟာ တနေ့တခြား အတွေ့ရများလာတဲ့ မိမိကိုယ်ကိုယ် သတ်သေခြင်းတွေအတွက် အထိရောက်ဆုံး ကာကွယ်မှု ဖြစ်ပါလိမ့်မယ်။

စိတ်ခံစားမှုတွေကို ကုသတဲ့နေရာမှာ “အချိန်” လောက်တော်တဲ့ သမားတော်ကြီး မရှိခဲ့ဖူးဘူး။ (တွေ့အောင်ရှာကုမလို့ ဆေးခန်းလိပ်စာ လာတောင်းနေမှ ဒုက္ခ) စိတ်ဆိုတဲ့သဘောကိုက ပြောင်းလဲတတ်လေတော့ အချိန်တွေကြာလာတာနဲ့အမျှ သေချင်စိတ်အစား ရှင်သန်လိုစိတ်တွေ ပြောင်းလဲဖြစ်ပေါ်လာလိမ့်မယ်။ ဒီအတောအတွင်းမှာတော့ အချိန်မတိုင်သေးဘူးဆိုရင် အဖော်ကို တစ်ခါ အားကိုးရပြန်တာပေါ့။ ကိုယ့်ကို မသေသေချင်အောင် အသက်ရှင်ချင်စိတ်တွေ ကုန်ခမ်းသွားအောင် အနီးကပ် ညှော်ပေးရှို့ပေးမယ့် Facilitator တော့ မဖြစ်စေနဲ့ပေါ့။ အားပေးဖေးကူ တိုင်ပင်နှစ်သိမ့်ပေးမယ့်သူကိုပြောတာ။ (ဒါကြောင့် အိမ်ကဟာမကြီးကို ပစ်ပစ်ပြီး မီးငယ်တို့ အသီးဝယ်ဖို့ဆိုပြီး အချစ်ရိပ်အောက်ဝယ် လုပ်ကြတာနေလိမ့်မယ်) စိတ်မှာဖြစ်တဲ့ အညစ်အကြေးကို စိတ်ကသာလျှင် စင်ကြယ်အောင် ဆေးကြောပေးနိုင်တယ်တဲ့။ ဆိုလိုတာက စိတ်ညစ်ရင် စိတ်ကို စိတ်နဲ့ပဲ သန့်စင်ပေးရတယ်။ တည်ငြိမ်အောင် ထားရတယ်။ စိတ်မငြိမ်ပဲ တရားထိုင် ရိပ်သာဝင် သွားမလုပ်နဲ့။ ပိုဆိုးတယ်။ စိတ်ဆိုတာ ငြိမ်ခိုင်းလေ ပြေးလေ။ ချုပ်လေ။ လွတ်လေ။ စိတ်အလိုလိုက်တာ မကောင်းပေမယ့် ကိုယ့်စိတ်ကလေးကိုယ် အာရုံတစ်ခုခုနဲ့ ချော့ပြီး ငြိမ်အောင် ထားရတယ်။ ကောင်းမှုရယ် မကောင်းမှုရယ် မဟုတ်ဘူး။ ကိုယ့်စိတ်က မွေ့လျော်တဲ့အလုပ်ကလေးနဲ့ စိတ်ကိုအရင် အနယ်ထိုင်ခိုင်းပြီးမှ ကောင်းရာကောင်းကြောင်းဘက်ကို ပါလာအောင် အသိဥာဏ်ကလေးနဲ့ ပြန်မျှားခေါ်ရတယ်။ ဆင်ရိုင်းများ ကျုံးသွင်းသလိုပေါ့။ ယဉ်လာပြီ ငြိမ်လာပြီဆိုမှ တရားထိုင်။ တရားထူးရတာ မရတာ အသာထား ကိုယ့်ဘာသာထိမ်းမနိုင်သိမ်းမရဖြစ်နေတဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထိမ်းပြီး အဖြစ်အပျက်တွေရဲ့သဘောကို အပြင်ထွက်ပြီး ကြည့်တတ်လာလိမ့်မယ်။ တရားဘက်တော့ အသက်ရှည်သတဲ့။ သက်တမ်းအတိုင်း နေရတာချင်းတူရင်တောင် တရားသဘောနားလည်ပြီးနေရတာက အနှစ်သာရရှိတာပေါ့။ အလွယ်တကူ နားလည်အောင် ပြောရရင်တော့ ဘုရားကုကုတယ် ဆိုပါတော့လေ။ အလုပ်ဖြစ်ပါတယ်။ မယုံရင် တို့ဆီက မင်းသမီးတွေ ထွက်ပေါက်ပိတ်လာရင် သီလရှင်ပြေးပြေးဝတ်တာ ကြည့်ပါလား။ ကဲ ဒီနှစ် မြန်မာအမျိုးသမီးနေ့ ဖက်ရှင်ပြပွဲကျရင် ဖြူဖြူကျော်သိန်းကို သီလရှင် ၀တ်ခိုင်းပြီး Cat Walk လျှောက်ခိုင်းလိုက်မယ်နော်။ မျက်စိထဲ မြင်ယောင်ပြီး လိုက်ဆိုကြ။

“သနပ်ခါးမပါ နံသာမလုး။ ကတုံးလေးပါတုံး။ မြန်မာရင်ဖုံးကလေးနဲ့ လိုက်ပါတယ်။
ဖြေဖ၀ါးမှာ ပုံတော်ဘိနပ် ပန်းနုရောင်လေး။ ကန်တော့ဆွမ်းပါ မယ်ဆရာလေးရယ်။”

Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...