Tuesday, September 10, 2013

သတင်းစာဖတ်ခြင်း

Eleven Media Group's photo.

ဆောင်းပါးရှင် - မောင်ကြည်

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပြုလိုက်သည့်နောက်ပိုင်း နေ့စဉ်ပုံမှန် သတင်းစာ ဖတ်ဖြစ်နေပါသည်။ ယခင်ကဆိုလျှင် သတင်းစာကို နာရေးနှင့် ကြော်ငြာလောက်သာ ဖတ်သည့်လူများပင် ယခုအခါ သတင်းစာ တကိုင်ကိုင်နှင့်။
ယခင်ကထက် သတင်းစာကို ပိုပြီးစိတ်ဝင်စားလာ ကြတာကတော့ အမှန်ပါပဲ။ မနက်စောစော ရုံးသွားချိန်တွင် လိုင်းကားစီးသွားရာ လမ်းတစ်လျှောက်ရှိ ဂျာနယ်ဆိုင်တိုင်း လိုလိုမှာ သတင်းစာရွေးသူ၊ သတင်းစာဝယ်သူ၊ သတင်းစာ ဖတ်သူများကို တွေ့နေရပါသည်။ တချို့က ကားမှတ်တိုင်မှာ ကားစောင့်ရင်း သတင်းစာဖတ်လျက်။ တချို့က ကားပေါ်သို့ သတင်းစာ ချိုင်းကြားညှပ်ရင်း တက်လာသည်။ ထိုင်ခုံတစ်နေရာလောက်ရလျှင် သတင်းစာကို ကောက်လှန်တော့သည်။ တချို့က လက်ဖက်ရည်ဆိုင်ထိုင်ရင်း သတင်းစာ ဖတ်နေကြသည်။ ထိုမြင်ကွင်းများကိုကြည့်ရင်း ဆရာဇော်ဂျီ ရေးခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကို သတိရမိသည်။ ဆရာဇော်ဂျီ အင်္ဂလန်မှာ ကျောင်းသွားတက်စဉ်က မနက်မိုးလင်းသည်နှင့် အင်္ဂလန်သားတွေကို နေရာတိုင်းလိုလိုမှာ သတင်းစာကိုင်လျက် သတင်းစာဖတ်လျက် တွေ့ရသည်ဟု ရေးထားသည်ကို ဖတ်ရပါသည်။ ဆရာဇော်ဂျီ ထိုဆောင်းပါးရေးပြီး ၇၂ နှစ်အကြာ ယခုမြန်မာနိုင်ငံမှာလည်း ထိုမြင်ကွင်းကို မြင်တွေ့နေရပါပြီ။

မည်သို့ပင်ဆိုစေ လက်ဖက်ရည်တစ်ခွက် တန်ဖိုးလောက်သာရှိသော သတင်းစာတစ်စောင်၏ ဈေးနှုန်းသည် ယခုခေတ်မှာ ဖတ်ပျော်သည်။ ဖတ်ရတာ တန်သည်ဟု ဆိုရပေမည်။ ငွေကျပ် ၂၀၀ မကသော တန်ဖိုးတွေကို သတင်းစာက ကျွန်တော်တို့ကို ပြန်ပေးနေသောကြောင့် ဖြစ်ပါသည်။ သတင်းစာကို ဘယ်လိုလူမျိုးမဆို၊ ဘယ်လိုနေရာမှာမဆို၊ ဘယ်လိုပုံစံနဲ့ပဲ ဖတ်ဖတ်၊ ဘယ်လိုသဘောထားနဲ့ပဲဖတ်ဖတ် ဖတ်လို့ရပါသည်။ အသိပညာ လိုချင်သည့်စိတ်နဲ့လည်း ဖတ်လို့ရသည်။ ထူးခြားအံ့သြဖွယ်ရာတွေ မြင်ချင်သိချင်သည့် စိတ်နဲ့လည်း ဖတ်လို့ရသည်။ ဗဟုသုတ တိုးပွားလိုသည့် စိတ်နဲ့လည်း ဖတ်လို့ရသည်။ အပျင်းပြေ အချိန်ဖြုန်းလိုသည့် သဘောနဲ့လည်း ဖတ်လို့ရသည်။

သတင်းစာသည် ချိုချဉ်ဖန်ခါး အဆီအအိမ့်ပါသော ထမင်းပွဲ တစ်ပွဲလိုပါပဲ။ သတင်းစာ တစ်စောင်က ကျွန်တော်တို့ကို အရသာ အမျိုးမျိုးအဖုံဖုံ ပေးစွမ်းနိုင်ပါသည်။ အဆီအဆိမ့်နှင့်တူသည့် စဉ်းစားဆင်ခြင်စရာ ခပ်လေးလေးသတင်းမျိုးလည်း ပါသည်။ ထိုသတင်းမျိုးဖတ်ပြီး ဦးနှောက်ထူပူသွားလျှင် အအီပြေစေမည့် အချဉ်အရသာပါသော ဖျော်ဖြေရေး သတင်းမျိုးကိုဖတ်ပြီး ကိုယ့်စိတ်ကို ပြန်ဖြေလို့ ရပါသည်။ ငါးပိရည်နှင့် တွဲဖက်စားရမည့် အတို့အမြှုပ်နှင့်တူသော သတင်းမျိုးလည်း ရှိပါသေးသည်။ ခံတွင်းလိုက်စေမည့် အသုပ်လို သတင်းမျိုးလည်း ရှိပါသေးသည်။ ထိုကဲ့သို့ သတင်းအရသာစုံကို ခံစားရင်း ဘ၀၏ ကျေနပ်နှစ်သိမ့်မှု ပီတိကို သတင်းစာတစ်စောင်က ပေးစွမ်းနိုင်လိမ့်မည်ဟု ထင်ပါသည်။

သတင်းစာသည် ပြတင်းပေါက်နှင့်လည်း တူပါသည်။ ထိုပြတင်းပေါက်မှတစ်ဆင့် ကျွန်တော်တို့ဘေးအိမ်က ကိစ္စမှအစ အင်္ဂါဂြိုဟ်ပေါ်က ကိစ္စအဆုံး အားလုံးကို သိမြင်ခံစား ထိတွေ့နိုင်ပါသည်။ သတင်းစာမှတစ်ဆင့် ကမ္ဘာကြီး အကြောင်းကို သိခွင့်ရသည်။ သတင်းစာမှတစ်ဆင့် ကိုယ့်နိုင်ငံအကြောင်းကို သိခွင့်ရသည်။ သတင်းစာမှတစ်ဆင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာသာသနာ အရေးအားလုံးကို သိခွင့်ရပါသည်။ နောက်ဆုံးကုန်ကုန်ပြောရလျှင် သတင်းစာမှတစ်ဆင့် ကိုယ့်အကြောင်းကိုယ် ပြန်သိခွင့်ရပါသည်။ သတင်းစာသည် မိမိပတ်ဝန်းကျင်ကို ထင်ဟပ်ပြသော ကြေးမုံတစ်ချပ် ဖြစ်သလို ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နေရသည့် ကြေးမုံတစ်ချပ်လည်း ဖြစ်သည်။

သတင်းစာသည် ကျွန်တော်တို့ကို သတင်းအချက်အလက်တွေ ပေးသည်။ ထို့အပြင် သတင်းအချက်အလက် သက်သက်ပေးရုံ မဟုတ်။ ထိုအချက်အလက်တွေပေါ် မူတည်ပြီး ကျွန်တော်တို့ကို တွေးတောစရာ၊ ဆင်ခြင်သုံးသပ်စရာ များကိုလည်း ပေးပါသည်။ သတင်းစာသည် ကျွန်တော်တို့ကို မကြာခဏ မေးခွန်းပြန်မေးလေ့ ရှိသည်။ သတင်းစာထဲမှာ အမြဲလိုလို ပါလေ့ရှိသော နိုင်ငံရေးပြဿနာ၊ လူမှုရေး ပြဿနာ၊ စီးပွားရေး ပြဿနာနှင့်ဆိုင်သော သတင်းအချက်အလက်များသည် တကယ်တော့ ကျွန်တော်တို့ကို မေးနေသည့် မေးခွန်းများ ဖြစ်ပါသည်။ ဥပမာဆိုပါစို့။ သတင်းစာထဲမှာ ကျွန်တော်တို့ မဖတ်ချင်သော သတင်းမျိုးလည်း ပါလာတတ်ပါသည်။ ခုနောက်ပိုင်း မကြာခဏ ဖတ်နေရသည့် "အဖေက သမီးကို ...." "ဦးလေးက တူမကို ...." "ကိုဘယ်သူက အရွယ်မရောက်သေးသော မဘယ်သူကို ...." စသည့်သတင်းမျိုးကို ကျွန်တော်တို့ မဖတ်ချင်ပါ။ ဖတ်မိလျှင် စိတ်ဆင်းရဲရသောကြောင့် ဖြစ်သည်။ သို့သော် သတင်းစာက ကျွန်တော်တို့ သိသင့်သည် ထင်သောကြောင့် သိဖို့လိုအပ်သည်ဟု ယူဆသောကြောင့် ထိုသတင်းမျိုးကို ဖော်ပြပေးလေ့ ရှိပါသည်။ ထိုသတင်းမျိုးကို ဖတ်ရသောအခါ "ကဲ ဘယ်လိုလုပ်ကြမလဲ၊ ကျုပ်တို့ လူ့အဖွဲ့အစည်းက အဲဒီလို ဖြစ်နေပြီ၊ ခင်ဗျားတို့ ဒီပြဿနာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလဲ" ဟု သတင်းစာက ကျွန်တော်တို့ကို မေးခွန်းထုတ်နေ သလိုပါပဲ။ ထိုကဲ့သို့သော သတင်းမျိုးသည် ကျွန်တော်တို့အတွက် အဖြေရှာရမည့် ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်သည်။

သတင်းစာသည် အသံတိတ်ရုပ်ရှင်ကို ကြည့်ရသည်နှင့်လည်း တူပါသည်။ အသံတိတ်ရုပ်ရှင်သည် အသံမထွက်ပါ။ လှုပ်ရှားနေသော ရုပ်ပုံများအောက်မှာ စာတန်းထိုးပေးပါသည်။ ထို့အတူ သတင်းစာသည် အသံမထွက်ပါ။ ဓာတ်ပုံများအောက်မှ စာသားများကိုဖတ်ရင်း ကျွန်တော်တို့ စိတ်နားထဲမှာ မြည်လာသည့် အသံတို့ကို ပြန်ခံစားရခြင်း ဖြစ်ပါသည်။ ခုနောက်ပိုင်း သတင်းစာဖတ်လျှင် ကျွန်တော်သည် သတင်းစာသားများသာမက သတင်းဓာတ်ပုံများကိုပါ သေချာစွာ သတိထားကြည့်လေ့ ရှိပါသည်။ ရုပ်သေဟု ထင်ရသော သတင်းဓာတ်ပုံများသည် သေချာကြည့်လျှင် လှုပ်ရှားနေသော ရုပ်ပုံများအဖြစ် မြင်တွေ့ရပါလိမ့်မည်။ သတင်းစာထဲမှာပါသည့် ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှ ကလေးငယ်များ မတ်တတ်ရပ်နေသည့် ပုံများကို မြင်ရသောအခါ သင်မည်ကဲ့သို့ ခံစားရပါသလဲ။ ဆီးရီးယား စစ်တပ်၏ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ကလေးအလောင်းများကို မြင်ရသောအခါ သင်မည်ကဲ့သို့ ခံစားရပါသလဲ။ တင်ပါးတွင် မွေးရာပါ အသားပိုပါလာသည့် ကလေးတစ်ယောက်၏ ဓာတ်ပုံကို တွေ့ရသောအခါ သင်မည်ကဲ့သို့ ခံစားရပါသလဲ။ ထိုကဲ့သို့သော သတင်းဓာတ်ပုံများသည် ကျွန်တော်တို့ ရင်ထဲမှာ ငုပ်လျှိုးနေသည့် ကရုဏာတရားကို ပြန်လည်တူးဖော်ပေးသည်နှင့် တူပါသည်။ ကျွန်တော်တို့ ရင်ထဲမှာ စေတနာရှိသည်။ မေတ္တာရှိသည်။ ကရုဏာ ရှိသည်။ ကိုယ်ချင်းစာတရား ရှိသည်။ ထိုအရာများ ရှိမှန်းကို သတင်းစာက ပြန်လည်သတိပေးတတ်ပါသည်။ ငါ့ပတ်ဝန်းကျင်မှာ ငါတစ်ယောက်တည်း မဟုတ်ပါလား။ ဒုက္ခသုက္ခနှင့် ကျင်လည်လှုပ်ရှား ရုန်းကန်နေကြရရှာသော သူတို့လည်း ရှိပါသေးလားဟု တွေးမိနိုင်ပါသည်။ ထို့ကြောင့် သတင်းစာသည် ကျွန်တော်တို့စိတ်ကို ကျွန်တော်တို့ ပြန်မြင်လာအောင် လုပ်ပေးနိုင်စွမ်း ရှိသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

သတင်းစာသည် ကျွန်တော်တို့ကို ခံစားမှုအမျိုးမျိုး ပေးစွမ်းနိုင်ပါသည်။ ကလေးအရွယ် မြေးဖြစ်သူက အဘွားလုပ်သူကို သေနတ်နှင့်ပစ်သည့် သတင်းကို ဖတ်ရသောအခါ အံ့သြထိတ်လန့်ကာ ဘုရားတမိပါသည်။ သို့သော် အွန်လိုင်းပေါ်မှာ ချစ်သူတွေဖြစ်သွားပြီးနောက် အောက်ပိုင်းသေနေသည့် ၎င်းချစ်သူရှိရာ တိုင်းတစ်ပါးသို့ သွားရောက်ကာ မင်္ဂလာပွဲကျင်းပသည့် အမျိုးသမီး သတင်းကို ဖတ်ရသောအခါ ကြည်နူးချမ်းမြေ့ ရပြန်ပါသည်။ အသက် ၄၀ အရွယ် ဆရာဝန်က ကိုယ့်ကိုယ်ကိုယ် သတ်သေသည့်သတင်း ဖတ်ရသောအခါ စိတ်ထဲမှာ ညှိုးနွမ်းသွားသည်။ စိတ်ဓာတ်ကျချင်သလိုလို ခံစားလိုက်ရသည်။ သို့သော် သတင်းစာ၏ နောက်တစ်မျက်နှာကို လှန်လိုက်သောအခါ အသက် ၆၄ နှစ်အရွယ် အမေရိကန် အမျိုးသမီးက ကျူးဘားမှ ဖလော်ရီဒါသို့ သုံးရက်ကြာ ရေကူးသည့် သတင်းကို ဖတ်ရသော အခါမှာတော့ စိတ်အားတက်လာ ရပြန်ပါသည်။ ထိုအမျိုးသမီးက "ကျွန်မတို့ ဘယ်တော့မှ လက်လျှော့အရှုံး မပေးသင့်ပါဘူး" ဟု ပြောလိုက်သောအခါ "သူတောင် ဒီလိုလုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမှာပေါ့" ဟု အားတင်းမိပါသည်။ သတင်းစာက ထိုကဲ့သို့လည်း ခံစားမှု အမျိုးမျိုးကို ပေးစွမ်းနိုင်ပါသည်။

သတင်းစာ၏ အသက်တစ်ရက်ဟု ပြောကြသည်။ ဒီနေ့ထုတ် သတင်းစာတစ်စောင်သည် နောက်တစ်နေ့သို့ ကူးသွားသောအခါ အသုံးမ၀င်တော့ဟု ဆိုလိုချင်ပုံ ရပါသည်။ နေ့ကျော်သွားသော ထမင်းနဲ့ဟင်းကို သိုးသွားသည်ဟု ပြောကြသလို နေ့ကျော်သွားသော သတင်းကိုလည်း သတင်းသိုးသွားသည်ဟု ပြောကြသည်။ သို့သော် ထမင်းသိုးကို လွှတ်မပစ်ဘဲ နေပူမှာဖြန့်လှန်းကာ ပြန်ကြော်စားလျှင် စားကောင်းသော အစားအစာတစ်ခု ဖြစ်လာနိုင်သလို သတင်းသိုးကိုလည်း ဒီအတိုင်းမထားဘဲ အသုံးချတတ်လျှင်လည်း တန်ဖိုးရှိသော သတင်းတစ်ခုအဖြစ် အသုံးဝင်နိုင်ပါသည်။ နောက်ဆုံး သတင်းတစ်ပုဒ်သည် အသုံးချ တန်ဖိုးမရှိတော့လျှင်တောင်မှ သမိုင်းတန်ဖိုးအဖြစ် ဆက်လက်တည်ရှိ နေဦးမှာပါ။ ထို့ကြောင့် ယနေ့ထုတ် သတင်းစာသည် မနက်ဖြန်အတွက် သမိုင်းဟု ပြောဆိုကြခြင်း ဖြစ်ပါသည်။

မည်သို့ဆိုစေ သတင်းစာသည် ကျွန်တော်တို့၏ နေ့စဉ်လူမှု ဘ၀ထဲတွင် အရေးပါသည့် နေရာ၌ ရပ်တည်နေသည်မှာ သေချာပါသည်။ ကိုယ်ခန္ဓာ အာဟာရ ဖွံ့ဖြိုးဖို့ နေ့စဉ်ပုံမှန် အစားစားရသလို စိတ်အာဟာရ ဖွံ့ဖြိုးဖို့ နေ့စဉ်ပုံမှန် သတင်းစာ ဖတ်နေရဦးမည် ထင်ပါသည်။

ဆောင်းပါးရှင် - မောင်ကြည်

ရွှေဂုံတိုင်မီးပွိုင့်အနီး သတင်းစာဖြန့်ချိ ရောင်းချနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...