Tuesday, September 10, 2013

" ရုပ်ရှင်ဝေဖန်ရေး နည်းသွားရခြင်းအကြောင်း ရုပ်ရှင်ဝေဖန်ရေးဆရာ ဦးဝင်းငြိမ်းနှင့်တွေ့ဆုံခြင်း "



အထက်တန်း ကျောင်းသားဘဝကတည်းက ရုပ်ရှင်ကြည့်ရတာကို ဝါသနာပါခဲ့ပြီး မန္တလေးမြို့မှာ အထက်တန်းကျောင်းသားဘဝကတည်းက မန္တလေးရုပ်ရှင် ခြံ၊ ရွှေမန်း ရုပ်ရှင်ခြံတို့မှာ ရုပ်ရှင်ရိုက်တာသွား သွားကြည့်ခဲ့သူ၊ အဲဒီကတည်းက ဒေါ်ဝါဝါဝင်းရွှေ၊ ဒေါ်ခင်သန်းနု၊ ဦးထွန်းဝေ၊ ဦးရွှေဘ အစရှိတဲ့ သရုပ်ဆောင်များ နဲ့ သိကျွမ်း ခင်မင်ခဲ့သူ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်း အား ရုပ်ရှင်ဝေဖန်ရေး အကြောင်းတွေ ရေးဖြစ်ခဲ့ပုံကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- ဝေလင်းဟန်ဆိုတဲ့ ကလောင်အပြင် တခြား ကလောင်ဘယ်နှစ် မျိုးနဲ့ ရေးဖြစ်ခဲ့တာရှိပါသလဲ။

ဖြေ- ဝေလင်းဟန်ဆိုတာက ကျွန်တော့်ရဲ့ ဂီတဝေဖန်ရေး ကလောင်ပါ။ ရုပ်ရှင်ကို ဒီကလောင်နာမည်နဲ့ မရေးပါဘူး။ ရေးရင် ဝင်းငြိမ်း၊ မိုးကျော်ထွန်းတို့နဲ့ပဲ ရေးပါတယ်။



မေး- ဆရာ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဝေဖန်ပြီး ရေးသားတဲ့ အခါမျိုးမှာ အမှတ်တရရှိခဲ့တဲ့ ဇာတ်ကားမျိုးရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ- မှတ်မိတာတစ်ခုကိုပြော ရရင် ဒါရိုက်တာသက်မောင်မောင်က သူရိုက်ထားတဲ့ " အောင်မြင်သောနေ့" ဇာတ်ကားကို ရုပ်ရှင်မြှင့်တင်ရေးမှာ အထူးပွဲ ဖိတ်ပြခဲ့ပါတယ်။ ဒေါ်မြင့် မြင့်ခိုင် သီလရှင်ဝတ်ပြီး ထွက်လာတဲ့အချိန် သားဖြစ်တဲ့ စိုးသူက မေမေလို့ ခေါ်လိုက်တာကြောင့် သံယောဇဉ်ငြိသွားတဲ့ သဘောနဲ့ ကောဇောအနားသတ်ချည်မျှင် ကလေးများနဲ့ မြင့်မြင့်ခိုင် ခြေသည်းတို့ ညှိသွားတာကို ပြပါတယ်။

ဒါကလည်း ထင်ထင်ရှားရှား ပြရမှာဆိုတော့ Big Close up နဲ့ ပြပါတယ်။ ဒီကားမှာ မြင့်မြင့်ခိုင်က တကယ် ခေါင်းတုံးတုံးပြီး သီလရှင်ဝတ်ပြတာ
ပါ။ ဒါပေမဲ့ခြေသည်းကို ပြလိုက်တဲ့ နေရာမှာတော့ ခြေသည်းက ရှည်နေပါတယ်။ ရုပ်ရှင်ပြီးသွားတော့ ကျွန်တော်က " မကြူ ခေါင်းတုံးတောင်တုံးနိုင်ပါလျက်နဲ့ ခြေသည်းဘာကြောင့်
မလှီးတာလဲ" လို့ မေးမိပြီး " ဒီကားမှာ မကြူအကယ်ဒမီရမှာ သေချာတယ် ရရင်လည်းကောက်နုတ်ချက်ပြတဲ့အခါ အဲဒီအခန်းက ပိတ်ကားအပြည့်မြင်ရလိမ့်မယ်" လို့ ပြော ဖြစ်ပါတယ်။

ဒီတော့ မြင့်မြင့်ခိုင်က သူ ခြေသည်းလှီးထားပါ တယ်လို့ငြင်းပါတယ်။ ကျွန်တော် ဆက်ပြောစရာမရှိတော့ပါဘူး။ တကယ်လည်း သူအကယ်ဒမီရ သွားပါတယ်။ ကောက်နုတ်ချက်ပြတော့

အဲဒီအခန်းက ပိတ်ကား ပြည့်မြင်ရပါတယ်။ ဆုယူပြီးတော့ မြင့်မြင့်ခိုင်က မလုံမလဲနဲ့ " သူက အဲဒီကဒ်ကို ပြန်ရိုက်ပါရစေလို့ပြောတာ။ ကိုနိုင်(ဒါရိုက် တာသက်မောင်မောင်) က အရေး မကြီးပါဘူးလို့ ပြော တာကြောင့် ပြန်မရိုက်ဖြစ်တာ" လို့ဆိုပါတယ်။

နောက်တစ်ယောက်ရှိသေးတယ်။ ချိုပြုံးပေါ့။ " အမေ့ခြေရာဇာတ်ကား" မှာ ရာဘာ ဖိနပ်အစုတ်ကြီးနဲ့ အပြေးအလွှားလာနေတာကို ကင်မရာက ရိုက်ပြလိုက်တော့ ခြေသည်းရှည်ကြီးနဲ့ ကျွန်တော် ပြောတော့ မချိုက " အဲဒီ...က ကျွန်မကို ခြေထောက်ရိုက်မယ် လို့မပြောဘူး။ အခုပြမှပဲ
မြင်ရတာ" လို့ဆိုပါတယ်။ ဒီအခန်းကလည်း အကယ်ဒမီကောက်နုတ်ချက်ထဲမှာ ပါပါတယ်။

ဒါတွေကတော့ ကျွန်တော် စာမျက်နှာပေါ်မှာမတင်ဘဲ သူတို့နဲ့ပြော ဖြစ်ခဲ့တာတွေပါ။

စာမျက်နှာပေါ်တင်ဖြစ်ခဲ့တာ မှတ်မှတ်ရရပြော ရရင်တော့ အကယ်ဒမီတွေ အများကြီးရသွားတဲ့ " တိုက်ပွဲခေါ်သံ" ဇာတ်ကားပါ။

ဒီဇာတ်ကားက နိုင်ငံခြားရုပ်ရှင်ကားတစ် ကားဖြစ်တဲ့ Power of One ကို ဘာသာပြန်ပြီးရိုက်တာပါ။ ဘာသာပြန်တယ်လို့ ကျွန်တော်သုံးတာက အားလုံးထပ် တူထပ်မျှဖြစ်နေလို့ပါ။

အကယ်ဒမီရဲ့မူဝါဒမှာ နိုင်ငံခြားကားကိုမှီငြမ်းရင် သရုပ်ဆောင်ဆုတွေ ပေးခွင့်ရှိပေမယ့် ဇာတ်ကားဆုမပေးရပါဘူး။ အကယ်ဒမီဆုပေးပွဲပြီးတော့ အဲဒီတုန်းက လျှမ်းလျှမ်းတောက် နေတဲ့
လျှပ်တပြက်ဂျာနယ်မှာ ကျွန်တော်ရေးလိုက်တာကို ကိုမြတ်ခိုင်က မျက်နှာဖုံးဆောင်းပါးအဖြစ် တင်ပေးခဲ့တယ်။ ကျွန်တော်ရေးခဲ့တာက တည့်တည့် ရေးတာမဟုတ်ဘဲ " ဟောလီးဝုဒ်
ရုပ်ရှင်လောကက မြန်မာကားကိုခိုးချနေပြီ " ဆိုပြီး ပြောင်းပြန်ရေးခဲ့တာပါ။ အဲဒီလိုရေးခဲ့လို့လည်း စာပေစိစစ်ရေးကနေ လွတ်ခဲ့ပါတယ်။

နားလည်သူတွေ လည် သွားပေမယ့် နားမလည်သူတွေက တကယ်လားလို့ ဖုန်းတဂွမ်ဂွမ် ဆက်ပြီးမေးကြတယ်။ ဒီကားက မြန်မာ့ရုပ်ရှင် သမိုင်းမှာပထမဆုံး ဇာတ်ညွှန်းဆုပေးခဲ့တဲ့ကားပါ။

မေး- လူအမုန်းများတဲ့ ရုပ်ရှင်ဝေဖန်ရေးကို ဆရာ့အနေနဲ့ ဘာကြောင့် လုပ်ဖြစ်ခဲ့ပါသလဲ။

ဖြေ- ရုပ်ရှင်ကို ချစ်တာကတစ်ကြောင်း၊ အမြင်မတော်တာတွေ့ရင် မနေနိုင်မထိုင်နိုင် ပြော ချင်တဲ့ကျွန်တော့်စိတ်ကြောင့် တစ်ကြောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်နာမည်က ဗုဒ္ဓဟူးနာမ်
ဖြစ်ပေမယ့် ကျွန်တော်က အင်္ဂါသားပါ။ အင်္ဂါသားများက ဆရာ လုပ်ရမယ်ဆိုရင်ကိုယ့်ထမင်း ကိုယ်စားပြီး ဘကြီးနွားကျောင်းတတ်ကြပါသတဲ့။ ကျွန်တော်လည်း
အဲဒီလိုဖြစ်မယ်ထင်ပါတယ်။ မှန်တာပြောရင် ဘယ်လောကမှာပဲ ဖြစ်ဖြစ်မုန်းတတ်ကြတာဓမ္မတာ ပါပဲ။ဝေဖန်ရေးရေးပြီးဆိုမှ တော့ အမုန်းခံရမှာကြောက် မနေတော့ပါဘူး။
မကြိုက်ရင်လဲသေလိုက်လို့ပဲ သဘောထားပါတယ်။

မေး- အခုလက်ရှိ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဝေဖန်အကြံပြု ချင်ပါသလဲဆရာ။

ဖြေ-ဇာတ်လမ်းကညံ့၊ သရုပ်ဆောင်ကချာ၊ ရိုက်ကူးပုံကသုံး မရဒါတွေများနေတော့ ဝေဖန်ချင်စိတ်လည်း မရှိတော့ပါဘူး။ ဝေဖန်ရင်လည်း ကျွန်တော် အသက်ရှည်မယ်မထင်ပါဘူး။ ခေတ်ကာလသားသမီးတွေက တယ်လည်းလက်စောင်းထက်ကြသကိုး

မေး- အခုခေတ်မှာ ရုပ်ရှင်ဝေဖန် ရေးရေးတာမျိုး တွေ နည်းသွားရ ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့သဘောထားလေးကို သိချင်ပါတယ်။

ဖြေ- ဟုတ်တယ်။ ရုပ်ရှင်ဝေဖန် ရေးဆိုတာမရှိသလောက် ရှားသွားပြီ။ ကျွန်တော်တို့ကလည်း တစ်လောကလုံးနဲ့ ရင်းနှီးပတ်သက်နေတော့ မြန်မာပီပီ ကိုယ်မြင်တာကိုရေးပြီး စာမျက်နှာ
ပေါ်တင်တာထက် ပုဂ္ဂိုလ်ချင်းတွေ့ပြီး အားနည်း ချက်တွေကို ထောက်ပြတာလောက်ပဲ လုပ်ကြတော့တယ်။

ဟိုတလောက ဂယက်ထသွားတဲ့ ဗီဒီယိုကားတစ်ကားဆိုရင်
ဒါရိုက်တာကလည်း ကိုယ့်ညီလို၊ ကိုယ်တူလို ဖြစ်နေ၊ သရုပ်ဆောင်ကလည်း ကိုယ့်တူ၊ ကိုယ့်သားလိုဖြစ်နေတယ်။ ဒါ ရိုက်တာကို မေးချင်တယ်။ မင်းနိုင်ငံခြားကရထားတဲ့ဒီပလိုမာ တွေ ဟာ ဒီလိုဇာတ်ဝင်ခန်းမျိုး ရိုက်ဖို့ လားလို့၊ မင်းသားကိုလည်း မေးချင်တယ်။ မင်းကိုယ်တိုင်က ဒီဇာတ်ဝင်ခန်းကိုလိုလိုလားလားဘာကြောင့်များ ရိုက်ချင်ရတာလဲလို့။

မေး- ဖေ့စ်ဘုတ်ပေါ်က ရုပ်ရှင် ဝေဖန်ရေးတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင်လေ့လာသုံးသပ်မိတာ တွေ ရှိပါသလား။

ဖြေ- ဖေ့စ်ဘုတ်ဆိုတာ ဆိုရှယ်မီဒီယာဖြစ်တဲ့အတွက် ကောင်းကျိုးအတွက် သုံးသင့်တဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ မြန်မာလူငယ် တော်တော်များများကတော့ တလွဲအသုံးချနေ ကြတယ်။ ဒါကြောင့် ကျွန်တော် တင်စရာရှိတာကို တင်ပေမယ့် သူများရေးတာကိုဖတ်ခဲပါတယ်။ ဖတ်ရင်လည်း ယုံကြည်မှု မရှိလှပါဘူး။

သိမ့်သိမ့်
-------------------------------------
Popular Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...