Tuesday, September 3, 2013

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၅ )

September 1, 2013 at 10:59pm
သုမေဓာရှင်ရသေ့သည် တစ်နေ့သောအခါ ဈာန်သမာပတ်မှ ထတော်မူ၍ ကောင်းကင်ခရီးဖြင့်ကြွချီတော်မူလာရာ ရမ္မာဝတီမြို့တော် ကောင်းကင်ယံသို့ ရောက်ရှိလာလေသည်။ ထိုသို့မြို့တော်၏ ကောင်းကင်ယံသို့ရောက်ရှိသောအခါ အောက်မြေအပြင်သို့ ငုံ၍ကြည့်မိလေသည်။ ထိုအခါ လူများစွာတို့သည် ပျားပန်းခတ်မျှလှုပ်ရှားသွားလာလျှက် အားတက်သရောလုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့မြင်ရသောကြောင့် ထိုအခြင်းအရာကို စုံစမ်းမေးမြန်းလိုစိတ်ဖြစ်ပေါ်လာခဲ့လေသည်။ ထို့ကြောင့်ပင် သူသည်အောက်မြေအပြင်သို့ဆင်းသက်၍ အခြေအနေမှန်ကိုစုံစမ်းကြည့်သောအခါ ဤသို့ သိရှိရလေ၏။
ဒီပင်္ကရာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျှက် ရမ္မာဝတီပြည်သို့ ကြွချီတော်ကာ သီတင်းသုံးနေတောမူ၏။ တိုင်းသူပြည်သား အများအပြားတို့အားလည်း တရားရေအေးတိုက်ကျွေးကာ ငြိမ်းအေးရာ နိဗ္ဗူတာသို့ ပို့ဆောင်တော်မူမည်ဖြစ်၏။ တိုင်းသူပြည်သား အားလုံးတို့သည်လည်း ဒီပင်္ကရာဘုရားရှင်၏ တရားတော်ကို ရိုသေဝမ်းမြောက် နှစ်ထောင်းအားရ နာယူကြမည်။ တရားတော်ကို နာယူကြပြီးသောအခါ ဘုရားအမှုးရှိသော သံဃာတော်အပေါင်းအား ဆွမ်းဖြင့်ပြုစုလုပ်ကျွေးကြမည်။ ဝေယျာဝစ္စကုသိုလ်ကိုလည်း ရယူကြမည်။ သူတော်ကောင်းတရားကိုလည်း တည်တံ့ပြန့်ပွါးထွန်းကားစေချင်သည်။ ထိုသို့သော ကုသလဆန္ဒတို့ကြောင့် တရားဟောကာ ဆွမ်းဘုန်းပေးသောအားဖြင့် ပြည်သူပြည်သားများအား ချီးမြှောက်တော်မူပါရန် ဒီပင်္ကရာဘုရားရှင်နှင့်တကွ သံဃာတော်များကို ပင့်ဖိတ်ခဲ့ကြသည်။

  ထိုပင့်ဖိတ်အချက်အရ မြတ်စွာဘုရားရှင်နှင့်တကွ ရဟန္တာသံဃာတော်အပေါင်း နှစ်သောင်းကြွချီတော်မူလာမည်ဖြစ်သောကြောင့် လူအများစုပေါင်း၍ လမ်းပြင်ခြင်း၊ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ အခမ်းအနားပြင်ဆင်ခြင်း၊ ဆွမ်းချက်ပြုတ်ခြင်းစသော လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်းကို သုမေဓာရှင်ရသေ့သည် စုံစုံစေ့စေ့ သိရှိရလေတော့သည်။ ထိုသို့ သိရှိလာသောအခါ သူသည်လည်း သဒ္ဓါတရားဖြစ်ပွါးလာသောကြောင့် ကုသိုလ်အမှုကို ပါဝင်ဆောင်ရွက်လိုပါကြောင်း၊ လမ်းပြုပြင်ရန် နေရာတစ်ခုကို ပေးစေလိုပါကြောင်း သဒ္ဓါတရားထက်သန်စွာဖြင့် မေတ္တာရပ်လေသည်။ ပြည်သူပြည်သား အများကလည်း လမ်းပြုပြင်ရန်နေရာတစ်ခုကို ကျေကျေနပ်နပ်ပင် သတ်မှတ်ပေးလေသည်။ သို့သော် သူပြုပြင်ရမည့်လမ်းပိုင်းသည် ရွှံ့  ညွန်များဖြင့်ပြည့်လျှက်ရှိသောကြောင့် အချိန်မီမပြီးစီးခဲ့ပေ။ မပြီးစီးမီပင် ဘုရားရှင်နှင့်တကွ ရဟန္တာသံဃာတော်များ ကြွချီတော်မူလာရာ မပြီးစီးသေးဘဲ ကြွင်းကျန်နေသည့် ရွှံ့ ညွန်များဖြင့် ဖုံးအုပ်နေသော လမ်းပေါ်ဝယ် ရှင်ရသေ့သည် သူ၏ခန္ဓာကိုယ်ကို ဝမ်းလျားထိုး၍ တံတားခင်းကာ ဤသို့လျှောက်ထားခဲ့လေတော့၏။

  လောကသုံးပါးတို့၏ ကိုးကွယ်ရာသခင် သဗ္ဗညုတဥာဏ်တော်ရှင် ရှင်တော်မြတ်ဘုရား တပည့်တော်၏ ခန္ဓာကိုယ်ကို တံတားအဖြစ်လှုဒါန်းပါ၏၊ တပည့်တော်၏ ခန္ဓာကိုယ်ကို တံတားပြု၍ ကြွချီတော်မူပါဘုရား၊ ဤသို့လျှောက်ထားလိုက်သောအခါ ဘုရားရှင်နှင့်တကွ ရဟန္တာ သံဃာတော်အပေါင်း နှစ်သောင်းတို့သည် သုမေဓာရှင်ရသေ့၏ ကျောကုန်းကို မနင်းဘဲ လက်ယာဘက်မှကပ်၍ ကြွချီတော်မူကြလေ၏။ ထို့သို့ စည်ကားကြီးကျယ် ဝင့်ထည်ခမ်းနားလှသည့် ဒီပင်္ကရာဘုရားရှင်အား ကြိုဆိုပွဲနှင့် ဆွမ်းကပ်လှုပွဲတွင် အရည်အချင်းပြည့်ဝ နှလုံးလှသည့် အမျိုးကောင်းသမီးလေးတစ်ယောက်သည် မထင်မရှား အညတရအဖြစ်ဖြင့် ပါဝင်လာခဲ့သည်။ သူမသည် ဘုရားရှင်ကို ကြိုဆိုမှုနှင့် ဆွမ်းကပ်သည့်အခမ်းအနားမတိုင်မီအထိ မထင်မရှားဖြစ်နေခဲ့သော်လည်း ထိုအခမ်းအနားပြီးသည့်အချိန်မှစ၍ နောက်နောင်ဘဝဆက်တိုင်းတွင် ထင်ရှားကျော်ကြားသူ ဖြစ်လာလေတော့သည်။ အကြောင်းမှာ ဘုရားအလောင်းတော်နှင့် ဘဝအဆက်ဆက် ပေါင်းဖက်ကာ ပါရမီတော်များကို ဖြည့်ဆည်းခဲ့ရသူဖြစ်သောကြောင့်ပင်တည်း။

   ပါရမီဖြည့်ဆည်းတော်မူရာ ကမ္ဘာအဆက်ဆက် ဘဝအဆက်ဆက်ဝယ် အသက်ကိုပင် ပဓာနမထားဘဲ ချစ်မေတ္တာအားနှင့် သဒ္ဓါတရားကို စွဲစွဲမြဲမြဲလက်ကိုင်ထားလျှက် အလောင်းတော်အား အားသစ်များပေးကာ ပါရမီဖြည့်ဆည်းခဲ့လေသည်။ လောကသတ္တဝါအများကို ကယ်တင်ရန်အတွက် ဘုရားအလောင်းတော် ပါရမီဖြည့်ဆည်းရာ ကာလတစ်လျှောက်လုံးဝယ် ဘဝနှင့်နှလုံးသားကို ရက်ရက်ရောရော စတေးခဲ့ရသည်။ သူမ၏ ရင်တွင်းဆန္ဒမှန်သမျှကို ချုပ်တည်းခဲ့ရသညိ။သူမ၏ဘဝ၊ သူမ၏နှလုံးသား ဆန္ဒနှင့် သူမ၏ တမ်းတချက်တို့ကို ဦးစားမပေး အလေးမထားဘဲ ပေးဆပ်အနစ်နာခံခဲ့ရမှုတို့သည် အလွန်တရာကြီးကျယ်များပြားလှပါသည်။ ပါရမီကို ကူညီဖြည့်ဆည်းပေးရသည့် ရှည်လျားလှသော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလအတွင်းဝယ် ဆင်းရဲနှင့်ချမ်းသာ၊ အခြွေအရံများခြင်းနှင့်နဲခြင်း၊ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်း၊ ပေါများခြင်းနှင့် ရှားပါးခြင်းဟူသော လောကဓံတို့၏ ရိုက်ချက်တို့ကို အများနှင့်မတူဘဲ ပို၍ရိုက်ခတ်ခံခဲ့ရလေသည်။ မည်သို့သော လောကဓံနှင့်ကြုံသည်ဖြစ်စေ သူမသည် မမှုရေးချ မမှု၊ မဖြုံရေးချ မဖြုံခဲ့ချေ။

      စိတ်ဓါတ်ရေးရာအရ အလွန်တရာတည်ကြည်ခိုင်ခံ့၍ ကမ္ဘာ့အမျိုးသမီထုကြီးတရပ်လုံး၏ စံပြအားထားလောက်သည့် အမျိုးသမီးကောင်းလည်းဖြစ်လေသည်။ ပါရမီလုပ်ငန်းဟူသမျှကို ကျရာနေရာ ကြုံရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။ အမှန်စင်စစ် မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်တော်ကိုရခြင်း၌ သူမ၏ကျေးဇူးသည် အလွန်တရာကြီးမားလှပါသည်။ လောကသားများအနေဖြင့်လည်း သူမ၏ကျေးဇူးကို
သိသင့်နားလည်သင့်လှသည်။ သူမကား အခြားမဟုတ်၊ မိမိတို့ဗုဒ္ဓဘာသာဝင်များ သိရှိထားပြီးဖြစ်သော တော်လေးဝဝင်သည့် ယသောဓရာပင်တည်း။ သို့သော် သူမသည် ပါရမီဖြည့်ဖက်အဖြစ် စတင်ပါဝင်စဉ်ကို ထိုနာမည်မဟုတ်ခဲ့။ သူမ၏ နာမည်ကား........
( ဆက်လက်ဖေါ်ပြပါမည် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...