Tuesday, September 3, 2013

''အစီအစဉ်ကျမှု နဲ့ ပညာရှိမှု ''

September 1, 2013 at 9:33pm

တခါက ဗဟုသုတ သိပ်နှံ့စပ်ပြည့်စုံတဲ့ ပညာရှိကြီးတစ်ယောက်နဲ့ လူငယ်လေး တစ်ယောက် ရထားပေါ်မှာ ဆုံမိကြသတဲ့..။

စကားစမြည်ပြောကြည့်ရင်းကနေ တစ်ယောက်နဲ့တစ်ယောက် ဥာဏ်စမ်းမေးခွန်းတစ်ခု အပြန်အလှန်မေးဖို့ သဘောတူကြတယ်..။

လောင်းကြေးက.. နှစ်အချိုး တစ် သတ်မှတ်လိုက်တယ်..။

ပညာရှိကြီးက.. လူငယ်လေးမေးတဲ့မေးခွန်းမဖြေနိုင်ရင် ငွေငါးဆယ်ပေး
ရမယ်..။ ပညာရှိကြီးအမေးကို လူငယ်လေးက မဖြေနိုင်ရင်တော့ ငွေအစိတ်ပေးရမယ်..။


အဲ့ဒီမှာ လူငယ်လေးက.. မေးခွန်းကို အရင်မေးခွင့်ရတယ်..။ ပညာရှိကြီးဆိုတော့..လူငယ်ကို ဦးစားပေးတဲ့ သဘောပေါ့..။

ချာတိတ်က အဲ့ဒီမှာ အခုလို မေးတယ်..။

'' မေးစေ့မှာ ချို ကြီးနဲ့ .. မျက်စိက နဖူးမှာ.. ခြေထောက်သုံးဖက်.. လက်တစ်ဖက်နဲ့ လမ်းလျှောက်ရင် ခုန်ဆွခုန်ဆွ နဲ့.. အဲ့ဒီအကောင် ဘာကောင်လဲ '' တဲ့..။

ပညာရှိကြီးခမျာ့.. နဖူးကချွေး-ခြေမကျသည်အထိ စဉ်းစားပေမယ့် အဖြေမရတော့.. ငွေငါးဆယ် ပေးလိုက်ရတယ်..။

အဲ့ဒီနောက် ပညာရှိကြီး မေးခွန်း-မေးရမယ့်အလှည့်..။ ခုနက အကောင် ဘာကောင်လဲဆိုတာ.. သူသိပ်သိချင်နေတယ်..။ အဲ့ဒါနဲ့ပဲ.. ချာတိတ်ကို သူမေးတယ်..။

'' ခုနက မောင်ရင်ပြောတဲ့အကောင်က  ဘာကောင်လဲ '' တဲ့..။

ချာတိတ်က.. '' ကျွန်တော်လည်း မသိဘူး.. ရော့အစိတ် '' ဆိုပြီး ငွေအစိတ်ပြန်ပေးလိုက်တယ်..။ ဟဲဟဲဟဲ..။

စားပြီး သောက်ပြီး ငွေအစိတ် ကျန်သွားတာပေါ့..။

မှတ်မှတ်ရရ အဲ့ဒီအကြောင်းကို မိုးသောက်ပန်းထဲမှာ ခုနှစ်တန်းနှစ်လောက်က ဖတ်ဖူးတာ.. အခုထိမှတ်မှတ်ထင်ထင် ရှိနေတယ်..။

ဖတ်စတုံးကတော့.. ဟာသသဘောနဲ့ ခံစားနှစ်သက်ခဲ့တာပဲ..။

ဒါပေမယ့်.. နောက်ပိုင်း အဲ့ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး ဆက်စပ်တွေးတောနိုင်တာ- ချဲ့ထွင်သင်ယူနိုင်တာတွေ မြင်လာတယ်..။

မျက်စိ-နား-ချို-ခြေထောက်-လက် စတာတွေဟာ ကျွန်တော်တို့သိတဲ့ အရာတွေပဲ..။ ဒါပေမယ့် အဲ့ဒီ အရာတွေကို သူ့နေရာနဲ့သူ အစီအစဉ်တကျ နေရာချနိုင်မှသာ အဓိပ္ပါယ်ရှိတဲ့.. ကျွန်တော်တို့သိတဲ့နောက်အရာတစ်ခု ရုပ်လုံးပေါ်လာတာ..။

ဆိုလိုတာက.. ကိုယ်သိတဲ့အရာတွေနဲ့ တည်ဆောက်ထားတိုင်း အစီအစဉ်မကျရင်..ကိုယ်သိချင်မှ သိမယ်.. ကိုယ်လိုချင်တဲ့ရုပ်လုံး ပေါ်ချင်မှပေါ်မယ် ဆိုတာပဲ..။ puzzles game လိုပေါ့..။

ုရုပ်လုံးပေါ်ဖို့ဆိုတာ.. အစီအစဉ်ကျဖို့ လိုတယ်..။ တစ်နဲ့နှစ်နဲ့ကို သူ့အစီအစဉ်အတိုင်း သွားရတယ်..။ ကျော်ခွသွားလို့.. ကျော်ခွထားလို့ မရဘူး..။ တစ်ပြီး နှစ်လာ ရမယ်ဆိုတဲ့ အစီအစဉ်အတိုင်း ပုံဖော်ရမယ်ဆိုရင် အဲ့ဒီအတိုင်း ပုံဖော်နိုင်မှ.. ရုပ်လုံးပေါ်မှာ..။

ဒီထက် ကြီးကြီးကျယ်ကျယ်ပြောရရင်.. သယံဇာတတွေရှိတယ်- အရင်းအမြစ်တွေရှိတယ်- လူ့စွမ်းအားတွေရှိတယ်- ခြိမ်းခြောက်မှုတွေ ရှိတယ်- အခွင့်အလမ်းတွေရှိတယ်- စတဲ့ အရာတွေအားလုံးကို သူ့နေရာနဲ့သူ အံဝင်ခွင်ကျ စီမံနိုင်မှ ဒီမိုကရေစီ ရုပ်လုံးက ကြွလာမှာ..။ ပုံက ပေါ်လာမှာ ပဲ..။

နို့မို့ဆိုလို့ကတော့.. ဘာကောင်မှန်းမသိတဲ့ အကောင်တစ်ကောင်ကို မွေးထုတ်တာနဲ့ အဆုံးသတ်ဖို့ ရှိတယ်..။

ဒီထက်ဆိုးတာက.. ကိုယ့်အခြေအနေက သူထက်သာတိုင်း.. လောင်းကြေးနိုင်ချင်မှ နိုင်မယ်ဆိုတာကိုလည်း မမေ့သင့်ဘူး..။ ဘာကိုလောင်းမှာလဲ..လောင်းကြေးကဘယ်လိုလဲ စတာတွေကိုပါ မှန်းဆစေ့ငုနိုင်မှ.. ပညာရှိမည်ပါတယ်..။

အဲ့သလိုမဟုတ်ရင်တော့.. ပညာရှိကြီး ငွေအစိတ်ရှုံးသတဲ့ ဆိုတဲ့ သတင်း.. ကျော်မကောင်းကြားမကောင်း ထွက်လာဖို့ ရှိတယ်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...