Sunday, September 22, 2013

စက်ရုံများနှင့် တက္ကသိုလ်ချိတ်ဆက်ခြင်း

September 22, 2013 at 12:07am


ယနေ့ ကျွန်တော်တို့နိုင်ငံမှာ  ပညာရေးနဲ့ ပတ်သက်ရင် အသံတွေ တော်တော်စုံအောင် ကြားနေရပါသည်။ ကောင်းလာပြီ၊ ဟုတ်ပါ့မလား၊ မထင်ပါဘူးကွာ၊ ဒီလိုပဲ ထူးမခြားဘဲနေမှာပါ၊ နိုင်ငံခြားက တက္ကသိုလ်တွေနဲ့တောင် စာချုပ်တွေချုပ်ထားပြီ၊ ပညာသင်ဆုတွေလည်း ပေးနေပြီ၊ စသည်ဖြင့် အသံပေါင်းစုံလှပါသည်။
ကြားရတာတွေက အားတက်စရာတွေရှိသလို၊ အားတက်စရာမဟုတ်တာတွေလည်းရှိနေပါသည်။

အထူးသဖြင့်ကြား ရတာတွေက တက္ကသိုလ်တွေမှာ သင်ထောက်ကူ ပစ္စည်းမစုံဘူး။ လက်တွေ့လည်း မသင်ကြားပေးဘူး။ လက်တွေ့မပါတဲ့ ပညာရေးဟာ ဆားမပါတဲ့ဟင်းလိုပဲ၊ ဘာညာပေါ့ဗျာ။ သိတော့ သိကြတယ်ဗျ။ သိကြတဲ့အတိုင်းလည်း ဘယ်လိုလုပ်သင့်တယ်၊ ဘယ်နိုင်ငံတွေမှာ ဘာတွေလုပ်နေတယ်၊ ငါတို့နိုင်ငံအတွက်ဆိုရင်တော့ ဘယ်စနစ်က ကောင်းတယ်စသည်ဖြင့် သေချာချင့်ချိန်နှိုင်းယှဉ်သင့်သော အချိန်ဟုလည်းထင်ပါသည်။ ပြောမယ့်သာ ပြောရသည်၊ အခုမှ နှိုင်းယှဉ်အဆင့်ပဲဆိုလျှင် အတော်ကို နောက်ကျနေပါပြီ။ နောက်ကျတာမှန်ပေမယ့် အရှည်ကောင်းဖို့အတွက် ရေရှည်စီမံကိန်းတစ်ခုကိုတော့ မြန်မြန်အကောင်အထည်ဖော် ဆောင်ရွက်သင့်ပြီဟု ယူဆပါသည်။

အထက်မှာပြောခဲ့သလိုပဲ တက္ကသိုလ်တွေမှာ သင်ထောက်ကူ  ပစ္စည်းမရှိဘူး။ လက်တွေ့ပိုင်းမပါဘူးပေါ့။ တကယ်တော့ သီအိုရီနဲ့ လက်တွေ့ဆိုတာ ဇနီးမောင်နှံတွေလို့တောင် ဆိုရမလိုဖြစ်နေပါသည်။ ဇနီးမောင်နှံဆိုသည့် အတိုင်း အတူတကွနေထိုင်ပြီး ဖြစ်လာသမျှကို လက်တွဲရင်ဆိုင်ဖြေရှင်းမှသာလျှင် သား၊သမီးအတွက်၊ မိသားစုအတွက် သာယာလှပါမည်ဟုထင်ပါသည်။ ထို့အတူ ပညာရေးနယ်ပယ်မှာလည်း သီအိုရီနဲ့ လက်တွေ့ အချိုးကျကျပေါင်းစပ်ထားမှသာလျှင် ကြုံလာတဲ့ နည်းပညာအခက်အခဲတွေကို ဖြေရှင်းနိုင်မှာဖြစ်သလို၊ ယနေ့ ကမ္ဘာ့နိုင်ငံတွေမှာလို ခေတ်မီနည်းပညာရပ်တွေကို တီထွင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဟိုတလောက ဂျပန်နိုင်ငံ CHIBA UNIVERSITY က ပါမောက္ခ ဒေါက်တာ Kazuo Maeno မြန်မာနိုင်ငံကို လာသွားပါတယ်။ သူက သူတို့နိုင်ငံရဲ့ တက္ကသိုလ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို အကျယ်တ၀င့်ရှင်းလင်းပြသွားပါသည်။ သူတို့နိုင်ငံတွေရဲ့ တက္ကသိုလ်တွေမှာ (LBE- Laboratory- Based Education) စနစ်ကျင့်သုံးကြောင်းရှင်းလင်းပြောကြားသွားပါသည်။ အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါသည်။ (LBE) စနစ်မှာဆိုရင် ဘာသာရပ်ဆိုင်ရာ လက်တွေ့စမ်းသပ်ခန်းတစ်ခုမှာ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ပါမောက္ခ၊ ဒုတိယ ပေါမောက္ခက ခေါင်းဆောင်အဖြစ်ရှိပြီး သူ့အောက်မှာမှ သက်ဆိုင်ဘာသာရပ်ရဲ့ ကထိက၊ လက်ထောက် ကထိက၊ အဲဒိနောက်မှာမှ ဘာသာရပ်နဲ့ဆိုင်တဲ့ ဒေါက်တာဘွဲ့  အတွက်ကျမ်းပြုကျောင်းသား၊ မဟာတန်းကျောင်းသား နဲ့ စိတ်ပါဝင်စားတဲ့ under graduate ကျောင်းသားတွေဆိုပြီးပါဝင်ပါသည်။ သီအိုရီသင်တဲ့ အချိန်ကလွဲရင် အဲဒိအဖွဲ့က လက်တွေ့ခန်းထဲမှာ လက်တွေ့တွေလုပ်ကိုင်ကြကြောင်း ပြောပြပါသည်။ သက်ဆိုင်ရာ လက်တွေ့ခန်းတစ်ခုမှာ ဆရာ၊မ နဲ့ ကျောင်းသား၊ သူ စသည်ဖြင့် အားလုံးပါဝင်သောကြောင့် သုတေသနတွေကို အတူတကွပေါင်းစပ်လုပ်ကိုင်နိုင်သလို၊ တစ်ယောက်ရဲ့တွေ့ရှိချက်တွေကို အခြားတစ်ယောက်ကို အလွယ်တကူလက်ဆင့်ကမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် under graduate ကျောင်းသားတွေအနေနဲ့လည်း မဟာဘွဲ့၊ ဒေါက်တာဘွဲ့အတွက် ကျမ်းပြုစုသည့်အခါ လက်တွေ့စမ်းသပ်ခန်းအတွေ့အကြုံရရှိပြီးဖြစ်လို့ ပိုပြီး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြောပြပါသည်။

ဒါတင်မကသေးပဲ လက်တွေ့စမ်းသပ်ခန်းတွေကို အခြေခံတဲ့ပညာရေးစနစ်ဟာ စက်ရုံအလုပ်ရုံတွေနဲ့ ချိတ်ဆက်ထားပါသေးသည်။ လက်တွေ့စမ်းသပ်ခန်းတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ပေးမှုတွေကို အစိုးရနဲ့ လုပ်ငန်းရှင်တွေက ပေးကြပါသည်။  ထိုငွေကြေးဖြင့် သုတေသနတွေလုပ်ကြပြီး  ရရှိလာတဲ့ သတင်းအချက်အလက်တွေ၊ တွေ့ရှိချက်တွေကို ပြန်လည်မျှဝေပေးခြင်းကိုလည်းလုပ်ဆောင်ပါသည်။ ဒါ့ကြောင့် အစိုးရ ၊ စက်ရုံတွေနဲ့ တက္ကသိုလ်တွေဟာ အပြန်အလှန်အမှီပြုရပ်တည်နေကြတာကို တွေ့ရပါသည်။ အဲဒီလိုရပ်တည်နေလို့လဲ အစိုးရနဲ့ စက်ရုံတွေရဲ့ လိုအပ်တဲ့နည်းပညာတွေကို တက္ကသိုလ်တွေက လက်တွေ့စမ်းသပ်ခန်းတွေကတဆင့် ဖြည့်ဆည်းပေးနိုင်တာဖြစ်ပါသည်။
ဒါ့အပြင် လက်တွေ့ခန်းတွေမှာ ပါဝင်တဲ့လူအားလုံးအတွက် သက်ဆိုင်ရာ အခန်းတွေဖွဲ့စည်းထားကြောင်းရှင်းပြပါသည်။ ဒီလိုလုပ်လို့ သူတို့နိုင်ငံက နည်းပညာအသစ်တွေရရှိနေတာဖြစ်ကြောင်း ပြောပြတယ်ဗျ။ ဒါ့အပြင် ကျွန်တော်တို့ဆီမှာလည်း သူပြောသလိုစနစ်အကောင်အထည်ဖော်ဖို့ အကြံပေးပါသည်။ စိတ်ထဲကတော့ သူတို့အောင်မြင်လို့ပြောတာပါလို့ တွေးမိပါသည်။ သို့ပေမယ့် သူပြောတာမှန်ပါသည်။ မအောင်မြင်ဘဲ ဘယ်လိုလုပ်တာကောင်းတယ်၊ ဘယ်လိုမလုပ်ပါနဲ့လို့ ပြောဖို့ရန်ခက်ခဲမှာပါ။ ဒီစနစ်က ကျွန်တော်တို့နိုင်ငံနဲ့ တိုက်ရိုက်ကိုက်ညီမှု မရှိရင်တောင်မှ အချို့သောအချက်လေးတွေကတော့ လိုက်လံတုပ လုပ်ဆောင်သင့်သည်ဟု ယူဆပါသည်။ ဒါကတော့ သူတို့နိုင်ငံရဲ့ တက္ကသိုလ်တွေက လက်တွေ့အတွက် သင်ထောက်ကူပစ္စည်း အစုံအလင်ရှိသည့်အတွက် အဲဒိလိုလုပ်နိုင်ခြင်းဟု မှတ်ယူပါသည်။

ဒါ့ဖြင့် တက္ကသိုလ်မှာ လက်တွေ့လုပ်ဆောင်ဖို့အတွက် စက်ပစ္စည်းတွေ အစုံအလင်မရှိဘဲ လက်တွေ့ကို သီအိုရီနဲ့  ပေါင်းစပ်သင်ကြားပေးနေတဲ့ တက္ကသိုလ်တွေလည်းရှိပါတယ်။ ကျွန်တော်သိတဲ့ တက္ကသိုလ်တစ်ခုက ရုရှားနိုင်ငံ ဘောင်းမန်းတက္ကသိုလ်( Bauman Moscow State Technical University) ဖြစ်ပါတယ်။ ကျွန်တော်တို့ ရောက်ခါစက စာသင်ခန်းတွေထဲမှာ သင်ထောက်ကူ ပစ္စည်းတွေအများကြီးထည့်ထားတာတွေ့ရတော့ အားကျခဲ့မိပါသည်။ ဒါပေမယ့် အဲဒိပစ္စည်းတွေက သီအိုရီသင်ကြားရေးမှာ အင်မတန်အထောက်အကူ ပြုပါသည်။ မျက်စိထဲ မမြင်ဘူးသည့် စက်ပစ္စည်းတစ်ခုအကြောင်းရှင်းလို့ နားမလည်တဲ့အခါ သင်ထောက်ကူပစ္စည်းနဲ့ ရှင်းလင်း သင်ကြားခြင်းဖြစ်ပါသည်။ ဒါပေမယ့် လက်တွေ့ကိုကျတော့ ဘယ်မှာများသွားလုပ်လဲဆိုတာ အထူးစိတ်ဝင်စားမိပါသည်။

ဒါနဲ့ ကျွန်တော်လည်း ဒီကကျောင်းတွေက လက်တွေ့မလုပ်ရဘူးလားမေးတော့ ဆရာက ပြုံးပါသည်။ လုပ်ရတာပေါ့ ကျောင်းသားတိုင်းလုပ်ရတယ်။ မလုပ်လို့မရဘူး၊ မလုပ်ရင်နားမလည်နိုင်ဘူးလေလို့ပြောပြီး မင်းရောလုပ်ချင်လို့လားဆိုတော့ ဟုတ်ကဲ့လုပ်ချင်တယ်ပြောတော့ ဒုတိယနှစ်က စပြီးလုပ်ရမယ်ပြောပါတယ်။ သူတို့ဆီမှာက အတန်းတိုင်းက ကျောင်းသားတွေက နှစ်ဝက်ပြီးတိုင်း စက်ရုံတွေကို ၁ လ လက်တွေ့သွားဆင်းရပါသည်။ ပြီးလျှင် ကိုယ်လုပ်ခဲ့တဲ့ လက်တွေ့နဲ့ ပတ်သက်ပြီး ဆရာတွေကို ပြန်ပြီး lab report ရေးရပါသည်။ ဒါ့ကြောင့် ကျောင်းသားတစ်ယောက်က စာသင်နှစ် တစ်နှစ်ပြီးတိုင်း လက်တွေ့ အတွေ့အကြုံ ၂ လရရှိပြီးဖြစ်နေပါပြီ။ မဟာအင်ဂျင်နီယာဘွဲ့အတွက် ၆ နှစ်တက်ရသောကျောင်းဖြစ်တာကြောင့် ကျောင်းပြီးသွားတဲ့ကျောင်းသားမှာ လက်တွေ့ ၁ နှစ်ရရှိပြီးဖြစ်ပါသည်။ ဒါ့ကြောင့် ဒီကျောင်းသားတွေ ကျောင်းပြီးလို့ အလုပ်လုပ်တဲ့အခါ လက်တွေ့ပါ တတ်ပြီးဖြစ်သွားပါသည်။ ဒီစနစ်ကလည်း အင်မတန် အတုယူသင့်သော စနစ်ဟု ယူဆပါသည်။ အဲဒိလို စနစ်ကောင်းလေး အကောင်အထည်ဖော်နိုင်ခဲ့ရင် အင်မတန် အကျိုးရှိနိုင်ပါသည်။

ကျွန်တော်နေခဲ့ရတဲ့ မြို့မှာဆိုရင် စက်ရုံတွေတော်တော်များရှိပါသည်။ ကားထုတ်လုပ်သည့်စက်ရုံ၊ တာဘိုင်စက်ရုံ စသည်ဖြင့် စက်ရုံကြီးကြီးတွေ တော်တော်များများရှိပါသည်။ တက္ကသိုလ်မှာပညာသင်ယူနေတဲ့ ကျောင်းသားတွေက သူတို့ရဲ့ အထူးပြုဘာသာရပ်နဲ့ သက်ဆိုင်တဲ့ စက်ရုံတွေမှာ လက်တွေ့သွားရောက်လုပ်ကိုင်ကြပါသည်။ ဒါ့အပြင် စက်ရုံတွေမှာ အချိန်ပိုင်းအလုပ်လုပ်ရင်း ကျောင်းတက်နေတဲ့ ကျောင်းသားတွေလည်း ရှိကြပါသည်။ အဲဒိမှာ ကျွန်တော်သထိထားမိတာတစ်ခုက စက်ရုံတွေမှာ အလုပ်လုပ်ရင်းကျောင်းတက်နေတဲ့ ကျောင်းသားတွေကို ဆရာတွေကအနည်းငယ်ပိုစိတ်ဝင်စားတယ်လို့တောင်ထင်မိပါသည်( ကျွန်တော့်ကိုယ်ပိုင်ယူဆချက်သာဖြစ်ပါသည်။) ဆရာက စာသင်နေရင်း အကြောင်းအရာတစ်ခုတိုက်ဆိုင်လာလျှင် မင်းတို့စက်ရုံမှာရော အဲဒိလိုကြုံဖူးလားဟု မေးတတ်ပါသည်။ ကြုံဖူးသည့်ကျောင်းသားရှိလျှင် အပြန်အလှန်ဆွေးနွေးကြပြီး စာသင်ခန်းကနေ ဆွေးနွေးခန်းပုံစံဖြစ်သွားတတ်ပါသည်။ ဒီဆွေးနွေးချက်တွေဟာ လက်တွေ့ကိုအခြေခံထားတဲ့ ဆွေးနွေးချက်တွေဖြစ်တာကြောင့် အခြားနားထောင်ရသော ကျောင်းသားများအတွက်လည်း တန်ဘိုးရှိလှသော အတွေ့အကြုံကောင်းများစွာကိုရရှိပါသည်။
နောက်တစ်ချက်က သူတို့နိုင်ငံမှာ National lab တွေထားရှိကြကြောင်းသိရှိရပါသည်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်(မင်းသော်ထွန်း ၊ မျိုးမင်းသန်းနဲ့  ကျွန်တော်) တို့ကိုဆရာက လိုက်ပြပေးပါသည်။ အဲဒိမှာ လက်တွေ့လုပ်ဆောင်ရမယ့်  ပစ္စည်းအစုံရှိသလို မြို့တွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းသား၊သူတွေက သက်ဆိုင်ရာဘာသာရပ်ပြဆရာနဲ့အတူ လက်တွေ့လာလုပ်ကြပါသည်။ စက်ရုံအချို့က ပစ္စည်းအသစ်တွေကိုလည်း အဲဒိမှာလာရောက် စမ်းသပ်ကြပါသည်။ ကိုယ့်ဌာန၊ ကိုယ့်မေဂျာနဲ့ဆိုင်တဲ့ လက်တွေ့ကို သွားရောက်လုပ်ဆောင်ကြရပါသည်။ ဒါ့အပြင်ကျောင်းသားတွေ စာတမ်းပြုစုတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေကို အဲဒိ National Lab ကနေရယူနိုင်ပါသည်။ ထူးခြားချက်ကတော့ တကယ့်အဆင့်မြင့်နည်းပညာတွေဖြစ်တဲ့ လေယာဉ်အင်ဂျင်အစိတ်အပိုင်းလိုမျိုး ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံကတော့ နိုင်ငံခြားသားတွေပေးမ၀င်တာပါ။ ကျွန်တော်တို့က သွားရောက်လေ့လာခွင့်ရဖို့တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ဆိုလိုတာက ကျွန်တော်တို့နိုင်ငံမှာလည်း သူတို့ဆီကလို National Lab တွေတည်ထောင်ပြီး လုပ်ကိုင်မယ်ဆိုရင် လက်တွေ့လုပ်ကိုင်ခြင်းအတွက် အဆင်ပြေနိုင်မည်ဟုထင်ပါသည်။

နောက်တစ်ချက်က တက္ကသိုလ်မှာ သင်ကြားနေတဲ့ဆရာတွေဖြစ်ပါသည်။ ဆရာတွေတော်တော်များများက ငယ်ရွယ်တဲ့ဆရာတွေရှားပါတယ်။ အများစုက သက်ကြီးပိုင်းတွေဖြစ်ကြပါသည်။ သက်ကြီးပိုင်းတွေဖြစ်ကြသလို အတွေ့အကြုံတွေကလည်း အင်မတန်များလှပါသည်။ အထင်ရှားဆုံး ဥပမာပြောရလျှင် ကျွန်တော့်တို့ကို အစစအရာရာ ကူညီပေးခဲ့တဲ့ ကျွန်တော့်ရဲ့ supervisor ဆိုလျှင် အသက် ခြောက်ဆယ်ကျော် ရှိတာတောင် ဆရာလုပ်နေတုန်းပါ။ အသက်အရွယ်ကြီးလို့ မလုပ်နိုင်လောက်ပါဘူးလို့တော့ အလွယ်တကူမဆိုစေချင်ပါ။ ကိုယ့်တွေ့မို့ပြောခြင်းဖြစ်ပါသည်။ အသက်က ခြောက်ဆယ်ကျော် ဆိုပေမယ့်  ပညာရပ်နဲ့ ပတ်သက်လာလျှင် မည်သူ့ကိုမျှ အလျှော့မပေးတတ်တဲ့ဆရာလည်းဖြစ်ပါသည်။ ကျွန်တော်က ဆရာအသက်ကြီးပြီ ဘာလို့မနားသေးတာလဲမေးတော့ ငါသိထားတာတွေ ဒီအတိုင်းထားရမှာ နှမြောလို့ဟုပြောပါသည်။ တကယ်လည်းပြောထိုက်သည်ဟု ယူဆပါသည်။ သူက ကျောင်းကဒေါက်တာဘွဲ့ ပြီးပြီးချင်း ဆရာလုပ်တာမဟုတ်ဘဲ လေယာဉ်ထုတ်လုပ်တဲ့စက်ရုံမှာ ၁၅ နှစ်အလုပ်လုပ်ပြီးမှ ဆရာပြန်လုပ်တာဖြစ်ပါသည်။ ဒါ့ကြောင့် သူမှာစာတွေ့ရောလက်တွေ့ပါ များပြားလှတဲ့ အတွေ့အကြုံကောင်းတွေများစွာရှိနေပါသည်။ အရင်တုန်းကလုပ်ခဲ့တာဆိုတော့ အရမ်းတိုးတက်နေတဲ့နည်းပညာတွေနဲ့ လိုက်လျောညီထွေရှိပါ့မလားလို့ မေးစရာရှိပါသည်။ ဟုတ်ပါတယ် လိုက်လျောညီထွေရှိအောင် သူတို့လုပ်ဆောင်ပုံကလည်း လေးစားလောက်စရာဖြစ်ပါသည်။ ကျွန်တော်ပြောတဲ့ဆရာအပါအ၀င် တက္ကသိုလ်မှာ အလုပ်လုပ်နေကြတဲ့ ဆရာတော်တော်များက ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ စက်ရုံတွေမှာ အကြံပေးအဖြစ်လုပ်ဆောင်နေကြပါသည်။ ဒါ့ကြောင့် ဒီနေ့ခေတ်နည်းပညာတွေမှာ ဘယ်လိုအခက်အခဲတွေကြုံနေရတယ်၊ ဘာတွေလိုအပ်နေတယ်ဆိုတာကို အမြဲသိရှိနေပြီး ကျောင်းသားတွေကို သင်ကြားရာမှာလည်း သီအိုရီနဲ့ပေါင်းစပ်ပြီး အရင်ကရခဲ့တဲ့အတွေ့အကြုံ၊ ယခုရတဲ့နေတဲ့ အတွေ့အကြုံစတာတွေကို ပေါင်စပ်သင်ကြားနိုင်ပါသည်။ ဒါဟာလည်း အင်မတန်အားကျ အတုယူစရာကောင်းတဲ့ အချက်မျိုးဖြစ်ပါသည်။

ကျွန်တော့် အမြင်ကိုပြောရလျှင် ကျွန်တော်တို့နိုင်ငံမှာ စက်ရုံတွေနဲ့ တက္ကသိုလ်တွေ ချိတ်ဆက်လုပ်ဆောင်မှု အားနည်းနေသေးတယ်လို့မြင်မိပါသည်။ ကျွန်တော်တွေ့ခဲ့ရတာက တက္ကသိုလ်ကျောင်းသားတွေလာလျှင် စက်ရုံတွေက လိုလိုချင်ချင်ကြိုဆိုကြသလို၊ ကျောင်းသားတွေကလည်း လက်တွေ့ကောင်းတွေရရှိရန် စက်ရုံတွေကို သွားဖို့အမြဲတမ်းတက်ကြွလျှက်ရှိနေပါသည်။ ဒါ့ကြောင့်လည်း နည်းပညာနယ်ပယ်မှာ ထိပ်ဆုံးရောက်ရှိနေခြင်းဟု ထင်မြင်မိပါသည်။

ဒီနေရာမှာ တစ်ခုထပ်မံပြီးပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာ အပြောများတဲ့ generation gap ကြီးမားမှုနဲ့ သက်ဆိုင်တာလေးပါ။ အဲဒါကတော့ သူတို့ဆီမှာ အတွေ့အကြုံရှိ ဆရာကြီးတွေက ဆရာအငယ်တွေကို လက်တွဲခေါ်ယူသင်ကြားပြသပေးခြင်းဖြစ်ပါသည်။ သိပ်မဝေးတော့တဲ့အချိန်မှာ ကိုယ်ထမ်းဆောင်နေတဲ့တာဝန်ကို လွှဲပြောင်းယူမယ့် လူငယ်ဆရာတွေကို သူတို့ရဲ့အတွေ့အကြုံတွေကို စိတ်ရှည်စွာနဲ့ ပြန်လည်ဝေမျှကြပါသည်။ ကျောင်းသားက မေးခွန်းတစ်ခုမေးလာသည့်အခါ မေးသည့်မေးခွန်းရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး ဆရာအငယ်တွေကိုပြန်လည်မျှဝေပေးတာဟာလည်း အင်မတန်ချစ်စရာကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါသည်။
ယခုဆိုလျှင် အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့နိုင်ငံဟာလည်း နောက်ကျကျန်ခဲ့တဲ့ ပညာရေးစနစ်ကို ပြန်လည်ပြုပြင်ပြီး ခေတ်မီနည်းပညာရပ်တွေကို အများနည်းတူ တီထွင်ကြံဆနိုင်ရန် အားထည့်ပြင်ဆင်နေချိန်ဖြစ်ပါသည်။ ဒီလိုအချိန်မျိုးမှာ အများမျှော်လင့်နေကြသလို သီအိုရီနဲ့ လက်တွေ့ကို စနစ်တကျသာပေါင်းစပ်သင်ကြားနိုင်ခဲ့လျှင် သိပ်မကြာခင်အချိန်အတွင်းမှာ အများနည်းတူ ခေတ်မီနည်းပညာတွေကို တီထွင်ကြံဆနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ ဒါ့ကြောင့် ကျွန်တော်သိသလောက်လေးတွေဖြစ်တဲ့ လက်တွေ့စမ်းသပ်ခန်းအခြေပြု ပညာရေး စနစ်၊ စက်ရုံတွေမှာ လက်တွေ့သွားရောက်လုပ်ကိုင်စေချင်းဖြင့် ကျောင်းသားတွေအတွက် ကျောင်းလည်းပြီး လက်တွေ့ အတွေ့အကြုံလည်းရပုံစံ၊ National Lab၊ တက္ကသိုလ်များပိုင်လက်တွေ့စမ်းသပ်ခန်းများ တည်ထောင်ပြီး တက္ကသိုလ်တွေက ကျောင်းသားတွေကို လက်တွေ့လုပ်ဆောင်စေပ၊ုံ စတဲ့အချက်တွေကို   ရေးသားဖော်ပြလိုက်ရပါသည်။    

 ဖြိုးဝေမြင့်(စက်မှုအင်ဂျင်နီယာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...